ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချုပ် ငြင်းပယ်

Friday, 26 February 2010 ကိုထွေး(ဧရာဝတီ)

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရမှု အယူခံအတွက် ဒီဇင်ဘာလတွင် တင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို ဗဟိုတရားရုံးချုပ်က ယနေ့ ငြင်းပယ် လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။အယူခံလွှာ တင်သွင်းရန် အဆင့်တခု ရှိသေးသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။


ဦးဉာဏ်ဝင်းက “အစိုးရက တက်တဲ့ ပြင်ဆင်မှုကို လက်ခံတယ်၊ ကျနော်တို့ ဘက်က တက်တဲ့ ပြင်ဆင်မှု ၂ ခုလုံးကို ပယ်လိုက် ပါတယ်၊ အထူး အယူခံဝင်ဖို့ ကျနော်တို့ စပြီးတော့ ဆောင်ရွက် တော့မှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းကြည်နှင့် အတူ ထိန်းသိမ်း ခံနေရသည့် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့၏ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကိုလည်း ငြင်းပယ် လိုက်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် တရားရုံးက စီရင်ချက်ချမှုကိုရန်ကုန်အခြေစိုက် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျနိုင်ငံတို့မှ သံအမတ်ကြီးများက တက်ရောက် နားထောင်ကြသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် စီရင်ချက်သည် အခြေခံဥပဒေနှင့် ကိုက်ညီခြင်းမရှိဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိဒါန်းအရ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေ ရပ်ဆိုင်းသွားသည့် အတွက် မည်သူတဦးတယောက်မှ သုံးခွင့်မရှိတော့ကြောင်း အကိုး အကားများဖြင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများက လျှောက်လဲကြသည်။
အစိုးရ ရှေ့နေများက ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ဖျက်သိမ်းကြောင်း မကြေညာသေးသည့် အတွက် သုံးခွင့် ရှိသည်ဟု လျှောက်လဲချက် ပေးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အယူခံကို ကိုယ်တိုင် တက်ရောက် ကြားနာခွင့် မရပေ။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတဦးကြောင့် တရားစွဲ ခံရပြီး နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ခံထားရသည်။

Read More...

မြန်မာစစ်တပ်များ တိုက်ပွဲဝင်ရန် အဆင်သင့် အနေထားရှိရန် နေပြည်တော်ညွန်ကြား

သတင်း-ကေအင်ဂျီ
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်ရှိ မြန်မာစစ်တပ်တွေအားလုံး တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားရန် နယ်ပြည်တော်က ညွန်ကြားထားကြောင်း ခိုင်လုံတဲ့ ဒေသခံ သတင်းရပ်ကွက်က သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတွင် တွေ့ရတဲ့ မြန်မာစစ်ကားများ

အမိန့်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က သက်ဆိုက်ရာ ပြည်နယ် ၂ ခုရှိ မြန်မာစစ်တပ် တပ်မ နဲ့ တပ်ရင်းတွေအားလုံး တိုက်ပွဲအတွက် အသင့်ပြင်ဆင်ရန် နယ်ပြည်တော် စစ်ခေါင်းဆောင်များ ညွန်ကြားခဲ့တာဖြစ်တယ်လို့ အထက်က သတင်းရပ်ကွက်ကဆိုပါတယ်။
ဒါ့ပယ်မဲ့ ညွန်ကြားချက်တွင် “မည်သူကို တိုက်ရန်” ရည်ရွယ်ထားခြင်း သို့မဟုတ် “ရန်သူအမည်” အတိလင်း ဖော်ဖေါ်ပြထားခြင်း မရှိကြောင်း သိရပါတယ်။

သို့သော်လည်း ဒါဟာ စစ်အစိုးရ ညွန်ကြားထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲရန် ငြင်းဆန်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ United Wa State Army (UWSA) အဖွဲ့ကို စစ်ရေးအရ ဖိအားရေးရန် ပြင်ဆင်ထားခြင်းဖြစ်နိုင်ကြောင်းကို ဒေသခံ စစ်ရေးလေ့လာသူများ ပြောပါတယ်။
အဆိုပါ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အား ဒီလ နောက်ဆုံး ထားကာ နယ်ခြားတပ်ဖွဲ့ပြောင်းလဲဖွဲ့စည်းရေးကိစ္စ ပေါ် လက်ခံ၊ လက်မခံ အဖြေပေးရန် မြန်မာ စစ်အစိုးရက အကြောင်းကြားထားပါတယ်။

Read More...

UWSA ခေါင်းဆောင် စစ်အစိုးရနှင့် တွေ့မည်

Thursday, 25 February ရန်ပိုင် (ဧရာဝတီ)

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့သို့ ယနေ့ ရောက်ရှိလာကြောင်း တရုတ် မြန်မာ နယ်စပ် အရေး စောင့်ကြည့်သူများက ပြောသည်။

 
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)


တပ်အသွင် ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်သူဟု စစ်အစိုးရက ယူဆထားသည့် ဦးပေါက်ယူချန်းသည် ဆွေးနွေးပွဲ တက်ရောက်ရန် ဖိအားပေး ခံနေရသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။
“အရင်က ( ဦးပေါက်ယူချန်း) ကျန်းမာရေး မကောင်းလို့ မတွေ့နိုင်ဘူးလို့ ပြောထားတာ အခု တရုတ်က ဖိအားပေးလို့ သွားတယ်လို့ ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဦးစိန်ကြည်က ဧရာဝတီကို ပြောသည်။

တန့်ယန်းတွင် ဦးပေါက်ယူချန်းနှင့် တွေ့မည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် မကြာသေးမီက ယူနန်ပြည်နယ်သို့ သွားရောက်၍ UWSA ကို ဖိအားပေးရန် တရုတ်အစိုးရကို အကူအညီ တောင်းခံခဲ့သည်ဟု အတည် မပြုနိုင်သည့် နယ်စပ်သတင်းများ အရ သိရသည်။
သို့သော်လည်း စစ်သည် အင်အား ၃၀၀၀၀ ၀န်းကျင် ရှိသည်ဟု ယူဆရသည့် UWSA တပ်ဖွဲ့ အသွင်ပြောင်းရေးကို ဦးပေါက်ယူချန်း တဦးတည်း သဘောဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း တရုတ် မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော်ခေါင်းဆောင်များက အပစ်ရပ်အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) အဖွဲ့မှ ဥက္ကဋ္ဌ ဦးလွယ်မောင်း နှင့် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးကြီး လှမြင့်တို့သည် အင်္ဂါနေ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် ဆွေးနွေးခဲ့ကြောင်း ဦးစိန်ကြည်က ပြောသည်။ သို့သော်လည်း မည်သည့် ရလဒ်ထွက်ပေါ်ခဲ့သည်ကို မသိရသေးပေ။

ရှမ်းပြည်နယ် အခြေစိုက် မိုင်းလား တပ်ဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မကြာမီ တွေ့မည်ဟု သိရသည်။

ပြီးခဲ့သည့် လကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရြဲမင့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များကို မြစ်ကြီးနားမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

KIA အဖွဲ့က ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်သည့် အချက်အလက်များအတိုင်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဆိုလျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်ဟု တုံ့ပြန်ထားသည်။

စစ်ရေးတင်းမာမှု ဖြစ်ပွားနေချိန်တွင် KIAက အပစ်အခတ် ရပ်စဲသည့် ၁၆နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အင်္ဂါနေ့က ပြုလုပ်ရာ စစ်ရေးပြပွဲများ ပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ဗိုလ်ချုပ်ထိန်မောင် ဦးစီးသော ကရင်ငြိမ်းချမ်းရေးကောင်စီ တို့သည် အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ယခုလအတွင်း တွေ့ဆုံခဲ့သည်ဟု DKBAတာဝန်ခံ တဦးက ပြောသည်။

စစ်အစိုးရနှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် DKBA အဖွဲ့ခေါင်းဆောင် အများစုက နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံလိုခြင်း မရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခုလကုန်တွင် အပြီးသတ် အကောင်အထည်ဖော်ရန် စစ်အစိုးရက အချိန်ကာလ သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ် အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့် တပ်များ အဖြစ် ပြောင်းလဲခဲ့သည်။

ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့် လက်နက်ကိုင် တပ်များကို ၂၀၀၉ သြဂုတ်လက စစ်အစိုးရ တပ်များ ၀င်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကိုးကန့် အထူးဒေသ(၁) သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

နယ်ခြားစောင့် အစီအစဉ်ကို လက်ခံခြင်း မပြုသည့် တိုင်းရင်းသား တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးနည်းဖြင့် ဖြေရှင်းဖွယ်ရှိသည်ဟုလည်း အကဲခတ်တချို့က ခန့်မှန်းကြသည်။

မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟူသော လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများမှာ စစ်ရေး ပြင်ဆင်ခြင်း၊ နယ်မြေခံလူထုအား စည်းရုံးခြင်း ဖြစ်သည်ဟု အကဲခတ်များက ပြောသည်။

Read More...

ဟာသကြက်ဥကြော်လား

ဘွဲ့ဖြူ(ခေတ်ပြိုင်)၂၅/ ဖေဖော်ဝါရီ ၂၀၁၀

နွေရာသီရဲ့ ရှေ့ပြေးဖြစ်တဲ့ ဥသြတွန်သံမှ လှိုင်လှိုင်မကြားရသေးဘူး၊ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအခြေအနေက အတော်ကလေး ဆိုးဆိုးရွားရွား ဖြစ်နေပြီဆိုတဲ့ အသံတွေ ကြားနေရတယ်။ တချို့မြို့နယ်တွေမှာဆိုရင် တရက်ကို မီးလာချိန် (၃) နာရီတောင် မပြည့်ဘူးလို့ သိရတယ်။ မြို့ငယ်ကလေးတွေ မပြောပါနဲ့လေ။ ရန်ကုန်မြို့တော်ကြီးမှာတောင် မြို့လယ်တခုလုံးဟာ မီးစက်မောင်းသံတွေနဲ့ နေ့စဉ် ငရဲပွက်နေသလိုပါပဲလို့ ပြောကြတယ် (တချို့ကတော့ အဲဒီမီးစက်သံတွေကို ဒီမိုကရေစီ တောင်းဆိုသံတွေလို့ တင်စားကြသတဲ့)။
နအဖက သူ့လက်ထက်မှာ ရေအားလျှပ်စစ် ကီလိုဝပ် ဘယ်လောက်ထုတ်လုပ်နိုင်တဲ့ ရေကာတာကြီး ဘယ်နှခု တည်ဆောက် ပြီးစီးခဲ့ပြီ၊ နောက်ထပ်လည်း ဘယ်နှခု တည်ဆောက်ဦးမယ်ဆိုပြီး အမြဲတမ်း ကြွားလုံးထုတ်လေ့ရှိတယ်။ ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေကို ကခိုင်း ဆိုခိုင်း သရုပ်ဆောင်ခိုင်းပြီး အဲဒီဆည်မြောင်း တာတမံ ရေကာတာကြီးတွေကို ‘ပွဲထုတ်’ လေ့ရှိတယ်။

ဒါပေမယ့် သဘာဝဓာတ်ငွေ့တွေ အလျှံပယ်ထွက်ရှိလို့ ထိုင်းတို့၊ တရုတ်တို့ကိုတောင် ရောင်းချပြီး ဒေါ်လာ သန်းထောင်ပေါင်းများစွာရရှိနေတဲ့ ငါတို့နိုင်ငံ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ ဆည်မြောင်းတာတမံ ရေကာတာကြီးတွေ အဲသလောက်များများရှိနေတဲ့ ငါတို့နိုင်ငံဟာ နွေတောင်မရောက်သေးဘူး၊ တနေ့ (၃) နာရီတောင် မီးမရတော့တဲ့ အခြေအနေကို ဘာကြောင့်ရောက်နေရတာလဲဆိုတာကို ပြည်သူတွေ နားမလည်နိုင်ဖြစ်နေကြတယ်။

အဲသလိုပဲ တချိန်က အာရှရဲ့ ‘ဆန်အိုးကြီး’ ဖြစ်ခဲ့ဖူးတဲ့၊ အခုလက်ရှိမှာလည်း (နအဖရဲ့ ထုတ်ပြန်ပြောဆိုချက်တွေအရ) စပါးစိုက်ဧကတွေ တနှစ်ထက်တနှစ် ကြောက်ခမန်းလိလိ တိုးလာနေတဲ့ ဒီနိုင်ငံမှာ ပြည်သူတွေဟာ အနှစ်အသားသိပ်မပါတဲ့ ဆန်ကြမ်းကိုတောင် ဈေးသက်သက်သာသာနဲ့ ၀၀လင်လင် မစားနိုင်ကြဘူးဖြစ်နေတယ်။ မကြာသေးမီကလည်း ဆန်ဈေးတွေ ခုန်တက်သွားတယ်လို့ ကြားရတယ်။ အခြေခံလူတန်းစားက အိမ်ရှင်မတွေရဲ့ ချူသံပါအောင် ညည်းတဲ့ အသံတွေ ပိုမိုကျယ်လောင်လာတာကို သတိပြုမိတယ်။

မြန်မာပြည်သူတွေရဲ့ လူမှုဒုက္ခတွေအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပဲ။

ပြည်သူတွေ အဲသလို ‘ချဉ်သီးပင်အောက် ချဉ်သီးရှား’ နေကြချိန်မှာ နအဖကတော့ လူထုဆီက ‘တိုက်ရာပါပစ္စည်း’ ဖြစ်တဲ့ အာဏာကို ထာဝရသိမ်းပိုက်ထားနိုင်ဖို့ကိုပဲ ‘ဆင်ကြံကြံ’ နေတယ်။ သူတို့ရဲ့ လမ်းပြမြေပုံဆိုတာထဲက အဆင့်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပမယ်လို့ ရပ်ကျော်ရွာကျော် ကြေညာထားပြီး ဖြစ်နေပြီမို့ ပြည်သူလူထုကလည်း လက်မခံ၊ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း အသိအမှတ်ပြုဖွယ်မရှိတဲ့ အဲဒီ ‘ခဲမူးစေ့’ ကို ဘယ်လိုပွဲထုတ်ရမလဲဆိုတာ အကြံထုတ်ရင်း အခုဆိုရင် ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ၂၀၁၀ ခုနှစ်ထဲကို တရက်ပြီးတရက် နက်သထက်နက်အောင် ၀င်ရောက်လာခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ထုတ်ပြန်သင့်တဲ့ အချိန်ထက် အများကြီးတောင် ကျော်လွန်လာခဲ့ပြီဖြစ်တဲ့ ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ … စတာတွေကတော့ အခုအထိ ပေါ်မလာသေးဘူး။

ကြားဖြတ်ရုပ်သေးအစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲကိစ္စ အဲဒီအစိုးရလက်ထဲကိုပဲ အလုံးစုံ လွှဲအပ်ပေးတော့မယ့်ပုံမျိုး လေသံလွှင့်ရင်း အဲဒီဥပဒေတွေ ထုတ်ပြန်ပေးဖို့ နောက်ကျနေမှုအတွက် ‘အလီဘိုင်’ ပြနိုင်ဖို့ ကြိုးစားနေတယ်။ တချိန်တည်းမှာ ဗိုလ်သန်းရွှေရဲ့ ‘လူပြက်အလီ’ ဗိုလ်ကျော်ဆန်းက အကယ်ဒမီပေးပွဲမှာ ဘာမှမဆီမဆိုင် ရွေးကောက်ပွဲအကြောင်း ကြော်ငြာဝင်ခဲ့တာကိုကြည့်ရင် ဘယ်လိုမှ မဆီလျော်မှန်းသိပေမယ့် အကြံကုန် ဂဠုန်ဆားချက်ဆိုသလို လမ်းတံတားတွေ၊ တက္ကသိုလ်တွေ၊ ဆည်မြောင်းတာတမံ ရေကာတာတွေလို ‘အနှစ်ဗလာ အကာပြဲ့ပြဲ့’ အဲဒီရွေးကောက်ပွဲကိုလည်း ရုပ်ရှင်မင်းသမီးလေးတွေ၊ အဆိုတော်လေးတွေ၊ မော်ဒယ်လေးတွေနဲ့တွဲပြီး ပွဲထုတ်ဖို့ ကြံစည်နေပုံရတယ်။

တချိန်တည်းမှာ နအဖရဲ့ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ရေးလုပ်ငန်းစဉ်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ သွယ်ဝိုက်တနည်း၊ တည့်တိုးတလမ်း ရှေ့နေလိုက်ပေးနေကြတဲ့ ‘နိုင်ငံပြုဂျာနယ်လစ်’ ကြီးများလည်း အခုတော့ နည်းနည်းမောသွားကြပုံရတယ်။ ‘လက်အားလုံး ထုတ်ပြခြင်းသည်သာ’ ဆရာလေးလည်း ခပ်စပ်စပ်ကလေး အတွယ်ခံလိုက်ရလို့ အခုနောက်ပိုင်း ကလောင်သိပ်မရမ်းရဲတော့တာပဲလား၊ စကားလုံးပဉ္စလက်ဆရာ ကွန်မြူနစ်လူထွက်ကြီးလည်း ပစ်လွှတ်စရာ ဝေါဟာရမီးရှူးမီးပန်းအသစ်တွေ ခန်းခြောက်သွားလို့ပဲလားမသိ၊ ဒါမှမဟုတ် သူတို့က ကန့်လန့်ကာရှေ့က ခွန်းထောက်တွေ၊ ဆိုင်းဆင့်တွေ၊ လေပြည်တွေ ဘယ်လိုဘယ်လောက်ပဲ ထိုးနေပေမယ့် ကန့်လန့်ကာနောက်က သူတို့မင်းသား နအဖက ထွက်ချိန်တွေ အများကြီးလွန်သွားတာတောင် မထွက်သေးတော့ သူတို့ကိုယ်တိုင် ကိုယ့်မင်းသားကိုယ် ဇဝေဇ၀ါ ဖြစ်နေကြလေသလားမသိ။ သူတို့ရဲ့ လိုင်စင်ရ စာမျက်နှာတွေပေါ်မှာ ရွှေဂုံတိုင်ကြေညာချက်ဘက်တော်သားတွေကို ချော့မြှူခြိမ်းခြောက် ကြိမ်းမောင်းတာတွေထက် ယေဘုယျ နိုင်ငံရေးသဘောတရားဆိုင်ရာ သြ၀ါဒတွေကိုပဲ ပိုပြီးအတွေ့များလာရတယ်။

ဗိုလ်သန်းရွှေကတော့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ မဖြစ်မနေ မပျက်မကွက် ကျင်းပမယ်ဆိုတဲ့ ဂါထာကို လွတ်လပ်ရေးနေ့မှာ တကြိမ်၊ ပြည်ထောင်စုနေ့မှာ တကြိမ် ရွတ်ဆိုပြီး ယောင်တောင်တောင်ဖြစ်နေတဲ့ သူ့လူတွေဘက်က မဲတင်းပေးနေတယ်။ မြန်မာပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရွှေဂုံတိုင်ကြေညာချက် အကြောင်းကိုလည်း တခွန်းမဟ၊ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပထမဆုံး မဖြစ်မနေ လှမ်းရမယ့် ခြေလှမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပျော့ပျောင်း ညွတ်နူးယဉ်ကျေးစွာ ကမ်းလှမ်းဖိတ်ခေါ်ထားမှုကိုလည်း အကြောင်းမပြန်ဘဲ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ စကားတခွန်းကိုပဲ မျက်စိမှိတ်ပြောနေပုံထောက်တော့ ဗိုလ်သန်းရွှေတယောက် မျက်ကန်းတစ္ဆေမကြောက် ကြမ်းတော့ရမ်းတော့မယ့်ပုံ ရှိနေတယ်။

ဆိုရိုးစကားတခု ကြားဖူးတယ်။ “ပညာရှိများသည် သူတပါး၏ အမှားမှ သင်ခန်းစာယူကြ၏။ သာမန်လူများသည် မိမိအမှားမှ သင်ခန်းစာယူကြ၏။ လူမိုက်များသည်ကား မည်သည့် သင်ခန်းစာမျှယူနိုင်ခြင်း မရှိကြကုန်” တဲ့။

ဗိုလ်သန်းရွှေဟာ ကျေးဇူးရှင် ဗိုလ်နေ၀င်းကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ သူ့ခေါင်းဆောင် သူ့အထက်အရာရှိ ဗိုလ်စောမောင်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ … စသည်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ ညာလက်ရုံး ဗိုလ်ခင်ညွန့်ကိုလည်း ဖယ်ရှားရှင်းလင်းခဲ့တယ်။ အဲသလို ဖယ်ရှားရှင်းလင်းခဲ့တဲ့အတွက် တိုင်းပြည်က စည်ပင်ဝပြော ငြိမ်းချမ်းသာယာပြီး ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ဝင့်ဝင့်ကြွားကြွား ရပ်တည်နေနိုင်တယ် ဆိုရင်တော့ အဲဒီဖယ်ရှားရှင်းလင်းမှုတွေကို ရင်နာနာနဲ့ လုပ်ခဲ့ရတယ်ဆိုရင်တောင် ထိုက်တန်ပါသေးတယ်။ ရင်နာရကျိုး နပ်ပါသေးတယ်။

အခုတော့ တိုင်းပြည်အခြေအနေက အားလုံးသိကြတဲ့အတိုင်းပဲ။ ဗိုလ်သန်းရွှေတယောက် သူ့ရဲ့ ‘မှန်ပါ့ဘုရား’ အသိုင်းအ၀ိုင်း အပြင်ဘက်ကိုထွက်ပြီး ကြည့်ရဲ၊ နားထောင်ရဲမယ်ဆိုရင် ဗမာပြည်ရဲ့ ပကတိအခြေအနေကို မြင်ရကြားရမှာ ဧကန်ဖြစ်တယ်။ သူ့ရဲ့ကျေးဇူးရှင်ကြီး ဗိုလ်နေ၀င်း အပင်းသွင်း သင်ကြားပေးခဲ့တဲ့ ‘ငါနဲ့မတူ ငါ့ရန်သူ’ မျက်မှန်စိမ်းကို ရဲရဲချွတ်ပြီး ကြည့်မယ်ဆိုရင် ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အထွေထွေ ဘယ်လိုရှိသလဲဆိုတာကို ဗိုလ်သန်းရွှေ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မှာဖြစ်တယ်။

သူ့လူတွေ သူ့ကို တလျှောက်လုံး လိမ်ညာလာခဲ့တယ်ဆိုတာကို (၂၆) နှစ်ကြာမှ သိသွားခဲ့ရပါတယ်ဆိုတဲ့ ဗိုလ်နေ၀င်းဟာ အဲဒီအမှားကို ပြင်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုတယ်။ ဒါပေမယ့် သူကျွေးမွေးပြုစု မြေတောင်မြှောက်ပေးခဲ့တဲ့ သရဲတွေရဲ့ဒဏ်ကို ‘ဖွတ်ကော့ ပတတ်ကော့’ ကော့အောင် ခံစားခဲ့ကြရပြီးဖြစ်တဲ့ ပြည်သူတွေအတွက် သူ့ရဲ့ ‘ပုံရိပ်ပြင်’ ကုသချက်တွေ ဆေးမမီတော့ဘူး။ နောက်ဆုံးတော့ သူဟာ သူ့ရဲ့နောက်ဆုံးခရီးကို အထီးကျန်စွာ ထွက်ခွာသွားခဲ့ရပြီး သမိုင်းမှာလည်း နာမည်ဆိုးနဲ့ တွင်ကျန်ရစ်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်။ ဗိုလ်သန်းရွှေအနေနဲ့ ဒါတွေကို သင်ခန်းစာယူနိုင်ခဲ့မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ သိပ်ကောင်းမှာ သေချာတယ်။

နအဖလက်ထက် အနှစ်နှစ်ဆယ်နီးပါးကာလအတွင်းမှာရော ဗမာပြည်ရဲ့အခြေအနေဟာ ဘယ်လိုရှိခဲ့၊ ရှိနေသလဲ။ နအဖအစိုးရဟာ ဗမာ့သမိုင်းတလျှောက် ဘယ်အစိုးရမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာအစိုးရကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံနယ်နိမိတ်အပြင်ကို ရောက်သွားတာနဲ့တပြိုင်နက် နိုင်ငံတကာဆက်ဆံရေးစစ်မျက်နှာမှာ လုံးလုံးလျားလျား ခံစစ်သမားတွေ ဖြစ်သွားကြတယ်။

ဒါဆိုရင် ပြည်တွင်းမှာရော အခြေအနေဘယ်လိုရှိသလဲ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေးအဖွဲ့ (၁၇) ဖွဲ့တောင်ရှိတယ်ဆိုပြီး ကြုံတိုင်း ကြွားလုံးထုတ်လေ့ရှိပေမယ့် အဲဒီငြိမ်းချမ်းရေးဆိုတာတွေဟာ ‘လက်နက်အသင့် ငြိမ်းချမ်းရေး’ သာဖြစ်တယ်။ အဲဒီညီညွတ်ရေးဆိုတာတွေဟာ ‘တံတွေးနဲ့ ကပ်ထားတဲ့ ညီညွတ်ရေး’ သာဖြစ်တယ်ဆိုတာ ဗိုလ်သန်းရွှေရော သူ့ဗိုလ်ချုပ်တွေပါ အကုန်လုံးသိကြတယ်။

‘ပင်လုံခေတ်က ကုန်သွားပြီ’ လို့ ယူဆနေကြတဲ့ စစ်ဗိုလ်ချုပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်စွမ်း မရှိသူတွေ ဖြစ်တယ်ဆိုတာ တိုင်းရင်းသားတွေက ကောင်းကောင်းသိကြတယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့လည်း နအဖခေတ်ဟာ သမိုင်းတလျှောက် နိုင်ငံရေးအကျဉ်းသားအများဆုံးခေတ်ဖြစ်တယ်ဆိုတာ နအဖဗိုလ်ချုပ်တွေကိုယ်တိုင် မငြင်းနိုင်ဘူး။
နိုင်ငံရေးသမားတွေရဲ့ ဒုက္ခပရိဒေ၀နဲ့ သူတို့မိသားစုတွေရဲ့ သောကဗျာပါဒတွေဟာ မြန်မာပြည်သူလူထု အများစုကြီးရဲ့ဘ၀တွေနဲ့ တခြားစီပဲ၊ ဘာမှမဆိုင်ဘူးလို့ ခံယူရင် ပြောဆိုရင် ဆင်သေကောင်ပေါ်က ကျီးမိုက်လို အမှားကြီး မှားသွားလိမ့်မယ်။ အဲဒီ ဒုက္ခပရိဒေ၀သောကဗျာပါဒတွေဟာ ရေမျက်နှာပြင်ပေါ် ပေါ်နေတဲ့ ရေခဲတောင်ကြီးရဲ့ အဖျားပိုင်းကလေး တပိုင်းသာဖြစ်တယ်ဆိုတာ စိတ်ဓာတ်ပုံမှန်ရှိသူတိုင်း သိကြတယ်။ ဒါတွေအားလုံးဟာ နအဖရဲ့ မူဝါဒအမှားတွေရဲ့ အကျိုးဆက်ဖြစ်တယ်။ ဗိုလ်သန်းရွှေဟာ အဲဒီသူကိုယ်တိုင် မှားခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အခုအချိန်မှာ ဂငယ်ကွေ့ ကွေ့နိုင်မယ်ဆိုရင် သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အချိန်မီသေးတယ်။
ဒါပေမယ့် အခုအထိတော့ ကံမကောင်းအကြောင်းမလှစွာဘဲ ဗိုလ်သန်းရွှေဟာ သင်္ဘောကြီးကို ဧရာမကျောက်ဆောင်ကြီး တခုဆီ ဦးတည်ပြီး အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းနေတယ်။ ကျောက်ဆောင်ပေါ်မှာ မီးပြတိုက်ကြီး ထီးထီးမားမား ရှိနေတာကို ကျန်တဲ့သူအားလုံး မြင်နေကြပေမယ့် ဗိုလ်သန်းရွှေနဲ့ သူ့လူတသိုက်ကတော့ ‘အင်းသူကြီး ဘုရားမမြင်’ တဲ့ ကိန်းဆိုက်နေတယ်။

ဒီနေရာမှာ စကားမစပ် ‘သံခင်းတမန်ခင်း’ ဆိုတဲ့ ပရော်ဖက်ရှင်တခုအကြောင်း ပြောချင်တယ်။ အားလုံးသိကြတဲ့အတိုင်း အစိုးရအကြီးအကဲတွေဟာ အင်မတန် စိတ်ရှည်သည်းခံပြီး အပြောအဆိုအမူအရာမှာ အင်မတန့်ကို ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ လူမျိုးတွေကိုမှ သံတမန်အဖြစ် ခန့်ထားလေ့ရှိကြတယ်။ အဲဒီသံတမန်တွေထဲမှာမှ နိုင်ငံခြားရေးဝန်ကြီးဆိုတာတော့ အခေါင်အချုပ် အခရာပဲ။ တချို့နိုင်ငံကြီးတွေဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို နိုင်ငံရဲ့အဆင့်အမြင့်ဆုံး သံတမန်အဖြစ် တင်စားလေ့ရှိကြတယ်။

အများလက်ခံထားကြတဲ့ အဆိုတခုက အရှေ့ကမ္ဘာသား (အာရှသား) တွေဟာ အနောက်ကမ္ဘာသား (ဥရောပနဲ့ အမေရိကသား) တွေထက် အပြောအဆိုအပြုအမူမှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်ဆိုတဲ့ အဆိုဖြစ်တယ်။

ဒါပေမယ့် ခိုင်လုံ လုံလောက်တဲ့ အကြောင်းတွေကြောင့် ဖြစ်မယ်။ မကြာသေးမီကတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ သူ့ရဲ့ သံတမန်ရေးအထိန်းအချုပ် အကန့်အသတ်တွေကို ခွာချပြီး “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ မပါဘဲလုပ်တဲ့ နအဖရဲ့ ရွေးကောက်ပွဲဟာ 'ဟာသ' ပဲ ဖြစ်လိမ့်မယ်” လို့ ခပ်ပြင်းပြင်း သတိပေးခဲ့တယ်။ သူ အဲဒီလိုပြောပြီး မကြာမီမှာပဲ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အလားတူသဘောမျိုးဆောင်တဲ့ စကားကို ပြောဆိုခဲ့တယ်။

အရပ်ကတော့ ကြည့်မနေနိုင်လို့ ပြောကုန်ကြပြီ။ နအဖ ဘာလုပ်မှာလဲ။

“ကြက်ဥကို မခွဲဘဲ ကြက်ဥကြော်လုပ်၍ မရနိုင်ပါ” ဆိုတဲ့ စကားတခုရှိတယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဆိုတဲ့ ကြက်ဥကြော်လုပ်မယ်ဆိုရင် “နိုင်ငံတော်အချုပ်အခြာအာဏာသည် ပြည်သူလုထုထံမှ ဆင်းသက်သည်” ဆိုတဲ့ ကြက်ဥကို အရင်ခွဲရမှာဖြစ်တယ်။ အဲဒီသဘောတရားကို ၁၉၉၀ ရွေးကောက်ပွဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်တယ်။ အနှစ်နှစ်ဆယ် လွန်မြောက်ခဲ့ပြီးတဲ့နောက် အခုအချိန်မှာ အဲဒီသဘောတရားကို အနှစ်သာရအရ ဆက်လက်ကိုယ်စားပြုနေတာကတော့ အဲဒီတုန်းက အနိုင်ရပါတီဖြစ်ခဲ့သလို အခုအချိန်အထိလည်း ပြည်သူလူထုအများစုကြီးရဲ့ ထောက်ခံမှုကို ဆက်လက်ရရှိနေဆဲဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာချက်ဖြစ်တယ်။

အဲဒီတော့ အဲဒီရွှေဂုံတိုင်ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဆိုတဲ့ ကြက်ဥကိုမခွဲဘဲ ရွေးကောက်ပွဲကြက်ဥကြော် လုပ်မယ်ဆိုရင်တော့ နအဖရဲ့ကြက်ဥကြော်ဟာ အလုံးလိုက်ကြော်ထားတဲ့ ကြက်ဥကြော်၊ တနည်းပြောရရင် မြန်မာပြည်သူလူထုကြီးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြက်ဥကြော်လို့ လက်မခံတဲ့ ကြက်ဥကြော်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး စကားကို ငှားပြီးပြောရရင် ‘ဟာသကြက်ဥကြော်’ ပဲ ဖြစ်လိမ့်မယ်။ ။

Read More...

လက်နက်ကြီးထိမှန်၍ ကျောင်းသား ၃ဦး ထိခိုက်သေဆုံး

ဖေဖော်ဝါရီလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင် ခေးပူကျေးနယ်အတွင်းရှိ စာသင်ကျောင်းတကျောင်းအား နအဖစစ်တပ်က လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ကျောင်းသားတဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (Free Burma Ranger) က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။



ယခုလ ၁၉ရက်နေ့တွင် ခေးပူကျေးနယ်တွင် လှုပ်ရှားနေသည့် နအဖ အမှတ်(၇) နည်းဗျူဟာတပ်ဖွဲ့သည် တာယူပလော(ခေါ်) တာသူးခီးရှိ ရွာပုန်းရွာရှောင်(အိုင်ဒီပီ)နေထိုင်ရာသို့ လက်နက်ကြီး ၅လုံးထက်မနည်း လှမ်းပစ်ခတ်ခဲ့ရာ ကလေးများ စာသင် ကြားနေသည့် စာသင်ကျောင်းကို လက်နက်ကြီးကျည်တလုံး ကျရောက်သည့်အတွက် ဆယ်ကျော်သက်အရွယ် ကျောင်းသား ၃ဦး ထိမှန်ကာ တဦးမှာ သေဆုံးသွားရခြင်းဖြစ်သည်ဟု (Karen Teacher Working Group-KTWG)မှ ကျောင်းဆရာတဦးက ပြောသည်။

“တာသူးခီးနဲ့ မနီးမဝေးမှာ နအဖ အမှတ် (၇) နည်းဗျူဟာတပ်ဖွဲ့ ရှိတယ်။ အဲဒီတပ်ဖွဲ့က ဒီလ ၁၉ရက်မနက် ၉နာရီကျော် လောက်မှာ ရွာသူရွာသားတွေ ရှိနေတဲ့နေရာကို လက်နက်ကြီးနဲ့ ၅လုံး၊ ၆လုံးလောက် လှမ်းပစ်တယ်။ အလုံးများတော့ စာသင် ကျောင်းထဲကို တလုံးကျလာပြီး ကလေး ၃ယောက်ကို ထိသွားတယ်။ အဲဒီအထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်တော့ သေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။
ယင်းသို့ နအဖ စစ်တပ်၏ လက်နက်ကြီးထိမှန်သွားသည့် ကျောင်းသားလေးများမှာ စောရိုဘီမူး ၁၆နှစ်၊ စောအယ်ကော်သော ၁၂နှစ်နှင့် စောရီးရီ ၁၀နှစ်တို့ဖြစ်ကြပြီး စောရိုဘီမူးမှာမူ ၀မ်းဗိုက်တွင် ထိမှန်သည့်ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် နီးစပ် ရာဆေးခန်းသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု FBR က သတင်း ထုတ်ပြန်ခဲ့သည်။
နအဖမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအပိုင်းအစတခု

လူဦးရေ ၃၀၀ကျော် နေထိုင်သည့် တာယူပလော(ခေါ်)တာသူးခီး ပြည်တွင်းရွာပုန်းရွာရှောင်နေရာတွင် ပြီးခဲ့သည့် ရက်အနည်း ငယ်က အဆိုပါစစ်တပ်မှ မကြာခဏ လာရောက်ပစ်ခတ်ခဲ့သော်လည်း ယခုလို စာသင်ကျောင်းထိမှန်ကာ ကျောင်းသားများ ထိ ခိုက်သေဆုံးမှုမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
ဘူးသိုမြို့နယ်အတွင်းရှိ ခေးပူကျေးနယ်သည် ဖာပွန်ခရိုင်၏ မြောက်ဖက်စွန်းတွင်ဖြစ်ပြီး လွန်ခဲ့သည့် ၂နှစ်ဝန်းကျင်ကတည်းက နအဖ စစ်တပ်ကို ပုန်းရှောင်ရင်း အိုင်ဒီပီဒေသ ဖြစ်လာခဲ့ရသည်။

Read More...

ဟွန်ဒေးနဲ့ ဒေ၀ူး မြန်မာ့သဘာဝဓာတ်ငွေ့ ရှာဖွေရေး ဒေါ်လာ ကုဋေချီ စာချုပ် ချုပ်ဆို

စစ်ခွေးတွေကတော့ ပွပေါက်ထပ်တိုးပြန်ပြီး။ ဒီခွေးကောင်တွေ သူတို့ရတဲ့ဒေါ်လာသန်းပေါင်းများစွာကို ဘယ် လိုခွဲဝေစားကြမလဲဆိုတာ ကိုစောင့်ကြည့်ကြတာပေါ့။

23 February 2010(VOA)
မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ အတွက် တောင်ကိုရီးယားနိုင်ငံ ဟွန်ဒေး ကော်ပိုရေးရှင်းနဲ့ ဒေ၀ူး ကုမ္ပဏီကြီးအကြား ဒေါ်လာသန်းပေါင်း ၁,၄၀၀ တန်ဖိုးရှိတဲ့ သဘောတူစာချုပ်ကို ဒီနေ့ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။
ဟွန်ဒေး အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းနဲ့ ဒေ၀ူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးတို့ ပူးတွဲပြီး မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၃ ခုနှစ် မတ်လမှာ စတင် အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

မန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာရော ကုန်းတွင်းမှာပါ စီမံကိန်းတွေချပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ပူးတွဲ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မေလမှာ မြန်မာ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းတွေကတဆင့် တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် ဒေ၀ူး နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးက သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကြီးကနေ လာမယ့် ၂၅ နှစ်ကနေ အနှစ် ၃၀ အကြား တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၅ သန်းနှုန်းနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေကနေ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ ရယူရေးအတွက် ဒေါ်လာသန်း ထောင်နဲ့ချီ သုံးစွဲနေကြတာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်သူတွေကတော့ ဒီ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကြောင့် ဒေသခံတွေ အများအပြား အဓမ္မ ပြောင်းရွှေ့ခံနေရတာတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ် ဆိုတဲ့ နှစ်စဉ် အစီရင်ခံစာတွေ ထုတ်ပြန်ထားတာ ရှိပါတယ်။

Read More...

နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

23 February 2010 သန်းထိုက်ဦး(ဧရာဝတီ)

စစ်အစိုးရ တာဝန်ရှိသူ များနှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် တချို့တို့က နယ်ခြားစောင့် တပ်အသွင် ပြောင်းရေး အတွက် မူအားဖြင့် သဘောတူညီ ထားသော်လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် နှစ်ဘက် တင်းမာ နေကြသည်။
စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ၀တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူ ချမ်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ လားရှိုးမြို့တွင် လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့ပြီး ၀တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။
အလားတူပင် ၀တပ်ဖွဲ့ကလည်း ၎င်းတို့ ဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့သို့ ယခုလ ၂၀ ရက်နေ့တွင် လာရောက် တွေ့ဆုံနိုင်ရန် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြန်လည် ဖိတ်ကြား ထားသည်ကို ယမန်နေ့ အထိ အကြောင်း ကြားခြင်း မရှိဘဲ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။


“အစိုးရ ဘက်က ပန်ဆန်းကို ဖုန်းနဲ့ ပြောတယ်၊ လာရှိုးမြို့ အထိ ဥက္ကဌ ပေါက်ယူချမ်းကို လာတွေ့ဖို့ ပြောတယ်၊ အဲဒါကို ဥက္ကဌ ပေါက်ယူချမ်းက ကျနော် နေမကောင်းဘူး၊ မသွားနိုင်ဘူး၊ ခရီးက ဝေးတယ်၊ လမ်းက ကြမ်းတယ်၊ ဖြစ်နိုင်ရင် ပန်ဆန်းဌာနချုပ်ကို လာပါ ၂၀ ရက်နေ့ လာနိုင်တယ်ပေါ့၊ ဆွေးနွေးမယ်၊ အဲဒါကို ယနေ့ အထိ အစိုးရ ဘက်က တစုံတရာ အကြောင်း မပြန်ဘူး”ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။
ယင်း သို့တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှု နှင့် ပတ်သက်ပြီး ၀တပ်ဖွဲ့ဝင်များက အမေရိကန်နိုင်ငံမှ အလိုရှိနေသည့် ၀ခေါင်းဆောင် ၈ ဦးထဲတွင် ဥက္ကဌ ပေါက်ယူချမ်း ပါဝင်နေသည့် အတွက် စစ်အစိုးရအပေါ် သံသယရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအားလုံး နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုလကုန် နောက်ဆုံးထားပြီး ပြုလုပ် ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။
အပစ်ရပ် အဖွဲ့များတွင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း သဘောထား ပေးထားသည်။

ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခု အဖြစ် သတ်မှတ်ပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို စစ်အစိုးရက ပယ်ချထားသည်။
UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ ယမန်နှစ်က အတည်ပြုခဲ့သည့် “ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့် သွင်း ပြဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ အဆိုပါ သံလွင်မြစ် အရှေ့ ဘက်ခြမ်းမှ မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (က လလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Read More...

ရှားတောမြို့နယ်တွင်းရှိ ရွာသားများ ရွာသူကြီး မဖြစ်ရဲကြ

သတင်း - ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - ပါးရယ်

ကရင်နီပြည် ရှားတောမြို့နယ်တွင်းရှိ ကျေးရွာများမှ ကရင်နီတော်လှန်ရေးတပ်မတော်များအား အထောက်အကူနှင့် ထောက်ခံမှုများ မပေးနိုင်ရန် စစ်အစိုးရတပ်မှ ရွာသူကြီးများအား ဖိနှိပ်ထိန်းချုပ်ထားကြောင်း ရွာသားများက ဆိုသည်။
ရွာအနီးတ၀ိုက်တွင် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားပါက ရွာသူကြီးနှင့် ရွာအတွင်းရေး မှူးအား ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းကာ ရိုက်နက်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ရွာထဲသို့ ၀င်လာသော ကရင်နီတပ်မတော်များအား လက်ခံပါက ရွာသူကြီးများအား အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီးနှိပ်စက်သောကြောင့် ယခုအချိန်၌ ရွာတိုင်းလိုလိုက ရွာသူကြီးအဖြစ် မည်သည့်ရွာသားမှ မလုပ်ချင်ကြကြောင်း ရှားတောမြို့နယ် ကလာလဲရွာသားတဦးက ပြောသည်။

၎င်းက“ရွာသူကြီး တယောက်ယောက် လုပ်ပြီဆိုရင် အကယ်၍ နအဖတပ်တွေက တစုံတခု ထိခိုက်နစ်နာပြီဆိုရင် ပြန်လာနှိပ်စက်တယ် အဲလို လုပ်တယ်လေ။ သူတို့ ရွာသူကြီးအပေါ် စိတ်နာအောင် ထားလိုက်တယ်။ ပြန်လာ ဖမ်းဆီးမလား၊ ပြန်လာရိုက်နှက်မလား အဲလိုလုပ်တယ်လေ။ အဲဒါကြောင့် အခု ရွာသူကြီး လုပ်မယ့် သူတွေ မရှိတော့ဘူး” ဟု ပြောသည်။
ရှားတောမြို့နယ်အတွင်း ကရင်နီတပ်မတော်တို့၏ လှုပ်ရှားမှုများကို ရွာသူကြီးများမှ စစ်တပ်များထံ လစဉ်အစီရင်ခံတင်ပြကြရပြီး စစ်တပ်မှ ခေါ်ယူသည့် အရေးပေါ် အစည်းအဝေးတိုင်း ရွာသူကြီးများမှ မပျက်မကွက် တက်ရောက်ပေးရသည်ဟု ရှားတောမြို့နယ် ကျေးရွာတရွာမှ ရွာသူကြီးဖြစ်ခဲ့ဖူးသူ ဒေသခံရွာသားတဦးက ပြောသည်။

၎င်းက “အစည်းအဝေးမှာ သူတို့မှာလေ့ရှိတာက ခင်ဗျားတို့ ရွာတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ၊ သာယာလှပအောင် ဖန်တီးကြ အဲဒါတွေကို အမြဲပြောတယ်။ ဒါပေမဲ့ အကယ်၍ သူပုန်တွေ ခင်ဗျားတို့ ရွာထဲမှာ ၀င်အိပ်မယ်ဆိုရင် ပေးမအိပ်နဲ့။ တောထဲမှာ သွားပို့အိပ်လိုက်၊ သူတို့ကို ထမင်းမကျွေးနဲ့ အဲလို ပြောတယ်လေ” ဟု ပြောသည်။
ရှားတောမြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဒေါလဲဒူ၊ ဒေါအီဟော၊ တေလဲ၊ သရီးဒါး၊ တနော်ကလု၊ လဲဒူခေါ၊ ထောကေဘို့လဲ၊ ဒေါတငူး စသည်တို့ဖြစ်ကြပြီး ယခုနှစ် ဖေဖေါ်ဝါရီလက ကရင်နီတပ်မတော်ကို ထောက်ခံသော ရွာသားများအား စစ်တပ်မှ လိုက်လံဖမ်းဆီးရာ အိမ်ထောင်စုအချို့ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

Read More...

ကလေးစစ်သား စုဆောင်းသူ ၄၄ ဦး အရေးယူခံရ

Monday, 22 February 2010 လွင်ကို(ဧရာဝတီ)

အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း အရေးယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ကျော်မြင့်က ပြောသည်ဟု ဆိုသည်။ မည်သို့ အရေးယူသည်ကို ဖော်ပြထားခြင်း မရှိပေ။
အာဏာပိုင်တို့က မြန်မာ့တပ်မတော်ရှိ အသက်မပြည့်သေးသူ အများအပြားကိုလည်း မိသားစုထံ ပြန်လည် အပ်နှံလိုက်သည်ဟု ဆိုသည်။

“၂၀၀၈ ခုနှစ်အတွင်း အသက် ငယ်ရွယ်သူ ၈၃ ဦးကို မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်မြင့်က ပြောကြောင်း Weekly Eleven တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဥပဒေအရ တပ်မတော်တွင် တာဝန် ထမ်းဆောင်မည့် သူသည် အနည်းဆုံး အသက် ၁၈ နှစ် ရှိရမည် ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရသည်ဟု ဆိုသော ပဲခူးမြို့မှ ဒသမတန်း ကျောင်းသား မောင်ဝေဦးချိုနှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများ၏ ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု အာဏာပိုင်တို့က ပြောကြောင်း ရန်ကုန်မြို့ထုတ် ဂျာနယ်တချို့က ရေးသားနေကြသည်။
အာဏာပိုင်တို့၏ ဖြေရှင်းချက်မှာ ရှေ့နောက် ညီညွတ်ခြင်း မရှိဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာချုပ်တဦးကပြောသည်။

“၂၀၀၄ခုနှစ်ထဲကအရေးယူမှုတွေရှိတယ်ဆိုတော့ဒီနှစ်တွေမတိုင်ခင်ကတည်းကကလေးစစ်သားတွေဘယ်လောက် တောင် ရှိနေမလဲ စဉ်းစားစရာပဲ” ဟု သူက သုံးသပ်သည်။

တပ်မတော်တွင် စစ်သားအဖြစ် နည်းမျိုးစုံ သိမ်းသွင်းခံ ထားရသော ကလေး အများအပြား ရှိနေကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် စစ်သက် ၄ နှစ် ရှိပြီဖြစ်သည့် စစ်သားငယ် တဦးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ တပ်ထဲမှာ အသက် မပြည့်တာ အများကြီးပဲ၊ ကျနော့်ကိုပဲ ကြည့်ပါ၊ အသက် ၁၆ ကတည်းက စစ်ထဲ ရောက်နေတာ” ဟု ၎င်းက ဆိုသည်။

Read More...

ရွှေတြိဂံဒေသ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သေဆုံး

21 February 2010 (VOA)

မူးယစ်ဆေးဝါး သယ်ယူရာမှာ ဖြတ်သန်းတဲ့ နေရာတခုဖြစ်တဲ့ ရွှေတြိဂံဒေသမှာ ယမန်နေ့ နေ့လယ်ပိုင်းက ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တချို့က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အခုချိန်ထိတော့ အလောင်း ၆ လောင်းကို ရှာဖွေတွေ့ထားပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ရွှေတြိဂံဒေသ ၀မ်ပုံမြို့နယ်ခွဲက ရဲအုပ် ခင်မောင်ရင် ဦးဆောင်တဲ့ အင်အား ၁၆ ယောက်ပါ ကင်းလှည့်အဖွဲ့ကို မဲခေါင်မြစ်ကြောင်း ပါဆာနဲ့ တပ်ပူးရွာ အကြားမှာ အမည်မသိ လက်ကိုင်အဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ တာချီလိတ်မြို့ မြောက်ဘက် ကီလိုမီတာ ၃၀ ခန့် ဝေးတဲ့နေရာမှ ဖြစ်ပါတယ်။ အခုချိန်ထိ ရဲအုပ် ခင်မောင်ရင် အပါအ၀င် အလောင်း ၆ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ဒု-ရဲအုပ် စိုးလှိုင်နဲ့ တပ်သား ကြီးမူကတော့ ဒဏ်ရာအပြင်းအထန်နဲ့ တာချီလိတ်ဆေးရုံမှာ ကုသခံနေရပါတယ်။

ဆယ်ယူရရှိထားတဲ့ အလောင်းတွေကို တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းထားပြီးပြီလို့ အမည်မဖော်လိုတဲ့ တာချီလိတ်က ရဲအရာရှိတယောက်က ပြောပါတယ်။ တာချီလိတ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ မူယစ်ဆေးဝါးကိစ္စကြောင့် တိမ်းရှောင်နေသူ နော်ခမ်း ဦးဆောင်တဲ့ လားဟူ ပြည်သူ့စစ်အဖွဲ့က ခြုံခိုတိုက်ခိုက်တာဆိုပြီး မြန်မာရဲတပ်ဖွဲ့က ယုံကြည်နေတယ်လို့ ဆိုပါတယ်။

စက်လှေ ၃ စီးနဲ့ ကင်းလှည့်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ စက်လှေမောင်းတဲ့ ဒေသခံတွေလည်း ပါတယ်လို့ သိရပါတယ်။ နယ်စပ်အခြေစိုက် ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိန်ကြည်က လာအိုစစ်သားတွေက အထင်လွဲမှားမှုကြောင့် ပစ်ဟန်တူတယ်လို့ ဆိုပါတယ်။

“မိုင်းဖုန်းမြို့နယ်က ပုလိပ်တွေ၊ မူးယစ်တွေ၊ ပြည်သူ့စစ်တွေက သူတို့ တက်သွားတာ လာအိုဘက်ကို ကြိုတင် အကြောင်းကြားထားတာ မရှိဘူးနဲ့ တူတယ်။ သူတို့က ကျွန်းတခုပေါ်မှာ တက်သွားခါစပေါ့၊ ရှမ်းပြည်ဘက်ကမ်း၊ ဗမာဘက်ကမ်းက ပြည်သူ့စစ်တွေလည်း လာအိုစစ်သားတွေနဲ့ အမြဲ အ၀င်အထွက် ရှိတယ်လေ။ တချို့ကပြောတာ ပြည်သူ့စစ်တွေက လာအိုဘက်ကို လှမ်းပြီး အကြောင်းကြားတာပေါ့။ အပြည့်အစုံ မသိတော့ လာအိုဘက်က မူးယစ်ကုန်သည်အဖွဲ့တွေ အထင်နဲ့ ကြည့်တာပေါ့။ နောက်တော့ လက်နက်ကိုင်လူတစု ဖြစ်နေတာကို တွေ့တော့ သူတို့က ဘာမပြော၊ ညာမပြောနဲ့ ပစ်တာပေါ့။”

ပျောက်ဆုံးနေသူတွေကိုတော့ မြန်မာအာဏာပိုင်တွေ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်ကြောင်းဟာ မူးယစ်ဆေးဝါး သယ်ပို့ရာ အဓိက လမ်းကြောင်းတခုလို့ လူသိများပါတယ်။ ဒီနေရာမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက မကြာခဏ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတကြိမ် ပစ်ခတ်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင်တွေ သေဆုံးမှုဟာ အများဆုံး ဖြစ်တယ်လို့လည်း ဦးစိန်ကြည်က ပြောပါတယ်။

Read More...

ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း ကင်တားနားဝေဖန်

မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာလက်ခံနိုင်စရာအခြေအနေမှာ မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ Tomas OjeaQunitana က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာလူ့အခွင့်အရေးကိုလေးစားလိုက်နာခြင်းမရှိတဲ့အတွက်စစ်အစိုးရကျင်းပမယ့်ရွေးကောက်ပွဲဟာလည်း အများလက်ခံယုံကြည်နိုင်စရာ မရှိတဲ့အကြောင်း မစ္စတာကင်တားနားက ပြောလိုက်တာပါ။
မြန်မာနိုင်ငံခရီးစဉ်အတွင်းနေအိမ်အကျယ်ချုပ်ကျနေတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်မရခဲ့သလိုမြန် မာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်းတွေ့ဆုံခွင့်မရခဲ့ဘဲမစ္စတာကင်တားနားပြန်ထွက်လာရပြီးတဲ့ နောက် အဲဒီ လိုပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုကိုသိန်းထိုက်ဦးကတင်ပြထားပါတယ်။

ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ ပြန်အလာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေဆိပ်
မှာ မစ္စတာကင်တားနားက မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး
သူ့ရဲ့သဘောထားအမြင်ကို ပြောဆိုခဲ့တာပါ။

“မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာမယ့် အရိပ်အယောင်မျိုး
မတွေ့ရဘူးဆိုတာပါ။ ဒီတော့ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိ
ဘူးလို့ ပြောရပါလိမ့်မယ်။”

မစ္စတာကင်တားနားဟာ ငါးရက်ကြာခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နဲ့ ရခိုင်
ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်တွေကို သွားရောက်ပြီး နှစ်ရှည်ထောင်ဒဏ်
ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င်
နိုင်ငံရေးအကျဉ်းသားတချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒီအကျဉ်းသားတွေကို မြန်မာစစ်
အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရဘူးလို့ သူကပြောပါတယ်။

ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖမ်းဆီးထားမယ့်အတွက် စစ်အစိုးရကျင်းပ
မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခု ဖြစ်နိုင်ခြေ
အပေါ် သူ့အနေနဲ့ သံသယရှိတယ်ဆိုပြီး မစ္စတာကင်တားနားက ပြောခဲ့တာပါ။

“ယုံကြည်ချက်ကြောင့် အဖမ်းအဆီးခံနေရတဲ့သူတွေ အားလုံးကို စစ်အစိုးရက လွှတ်
ပေးမယ့်အရိပ်အယောင် မတွေ့ရပါဘူး။ ဒါက ကျနော့်ရဲ့ခရီးစဉ်အတွင်းမှာ တွေ့ရှိချက်
ပါ။ ဒီလို လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ
ကို ဆက်ပြီး ဖမ်းဆီးထားမယ်ဆိုရင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာလည်း
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်ပါဘူး။”

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ခေါင်းဆောင်တွေ၊ နိုင်ငံရေး
အကျဉ်းသားတွေအပြင် မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ဖို့
တာဝန်ပေးအပ်ခြင်းခံထားရတဲ့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊ တရားသူကြီး
ချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ်၊ နောက် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တွေ့ဆုံခဲ့ပါ
တယ်။ စစ်အစိုးရကဖွဲ့စည်းထား တဲ့ လူ့အခွင့်အရေးကော်မတီနဲ့လည်း မစ္စတာ
ကင်တားနား တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေကို လူ့အခွင့်အရေး
ကို လေးစားလိုက်နာတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်တဲ့
အကြောင်း မစ္စတာကင်တားနားက အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။

သူ့ရဲ့ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းကိုလည်း
မစ္စတာကင်တားနားက ပြောဆိုခဲ့ပါတယ်။

VOA News မှကူးယူတင်ပြထားသည်။

Read More...

တပ်မတော်ထဲမှာ မကျေနပ်မှုများဖြစ်ပွား

Sunday, 21 February 2010 ဗထူး(ရိုးမ၃)

တပ်မတော်ထဲတွင် ဆက်တိုက်ဖြစ်ပွားနေသော မကျေနပ်မှုများနှင့် တပ်မ (၇၇) လက်အောက်ခံတပ်များတွင် ဖြစ်ပွားနေသည့် မကျေနပ်မှုများ ဆက်စပ်လျှက်ရှိသည်။
အဆိုပါ မကျေနပ်မှုသည် တပ်တွင်း ရဲဘော်မိသားစုဝင်များ ကြပ်တည်းမှုများကို ဆွေးနွေးပွဲတွင် တင်ပြခဲ့မှုများကြောင့် ဖြစ်သည်။

“အဓိက အားဖြင့်အမှတ် (၇၀၄) ခြေမြန်တပ်ရင်း (ထူးကြီး) အခြေစိုက်ဖြစ်တာ၊ အလားတူအခြားခြေမြန်တပ်ရင်းများလည်း ဒီလိုတောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်” အမည်မဖော်လိုသည့် ဒုရင်းမှူးတဦးက ပြောသည်။
အလားတူဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်ရန် တိုင်းတပ်မ အလျောက် ကြပ်မက်ဆောင်ရွက်သွားရန် ညွှန်ကြားချက်များပေးပို့ထားကြောင်း ၎င်းဒုရင်းမှူးက ဆက်ပြောသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နယ်စပ်အခြေစိုက် တပ်တွင်းစောင့်ကြည့်လေ့လာသူ တဦးအဆိုအရ “ ဒီလိုမျိုးတွေက မကြာခင်ဆက်တိုက်ဖြစ်လာမှာဘဲ” ဟု ပြောသည်။
တပ်မတော်တွင်း အောက်ခြေ အကြပ်တည်းများနှင့်ပတ်သက်၍ ရင်ဆိုင်နေရပြီး အခြေခံရိက္ခာပင် မလုံလောက်တော့ကြောင်း ပြောဆိုသွားခဲ့သည်။

Read More...

သံဖြူဇရပ်မြို့နေကျောင်းသားတစ်ဦးကို DKBA ဂိတ်မှူးမှ ရိုက်နှိက်

နော်ဆာဖေါဂေ၊ ကော်ဝေး(ဖေဖေါ်ဝါရီ ၂၀၊၂၀၁၀)
ထိုင်းမြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့မှ ဆိုင်ကယ်လာဝယ်ပြီးပြန်လာသော မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာ(၂)လမ်းနေ အသက်(၁၅)နှစ်အရွယ်ကျောင်းသားတစ်ဦးကို ဖေဖေါ်ဝါရီ လ(၁၅)ရက်နေ့က ဘုရားသုံးဆူမြို့နှင့်(၁ဝ)မိုင်အကွာအဝေးသည့် သဘာဝကျေးရွာတွင် DKBA ဂိတ်မှူးမှ ရိုက်နှိက်ခဲ့သည့်အပြင် ဒဏ်ကြေးပါပေး ဆောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးမှပြောပါသည်။

DKBA ကလိုထူးဘောဗျူဟာ လက်အောက်ခံအထူးတပ်ခွဲ ဗိုလ်ကြီးအေဝမ်းဦးစီးအဖွဲ့မှ ဂိတ်မှူးပေါ်ဆန်းမွှေးက အဆိုပါကျောင်းသားကိုရိုက်နှိက်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ဂိတ်မှ ဆိုင်ကယ် တစ်စီးလျှင် ထိုင်းဘတ်(၃ဝဝ) ဖြင့်အခွန်ကောက်ယူသောကြောင့် အဆိုပါကျောင်းသားကို စည်းကမ်းမလိုက်နာဘူးဟု စွပ်စွဲပြောဆိုပြီး ထိုင်းဘတ် (၁၀ဝဝ) ဒဏ်ကြေးကောက်ခံကြောင်း အဆိုပါဒေသခံ မှပြောပါသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး အဆိုပါကျောင်းသားကို ဆက်သွယ်မေးမြန်းကြည့်ရာမှ - “ကျနော်ကသူငယ်ချင်းသုံးယောက်နဲ့အတူ ဘုရားသုံးဆူမှာ ဆိုင်ကယ်ဈေးသက်သာ တဲ့အတွက် ဒီမှာလာဝယ်ရတာပါ။ အပြန်လမ်းမှာကျတော့ DKBA ဂိတ်ကို ဖြတ်ကျော်ခဲ့ပါတယ် ဂိတ်မှန်းလည်းကျနော်မသိခဲ့ပါဘူး။ တခါမှလည်းမလာဖူးဆိုတော့ အခုလိုမျိုးဖြစ်ရတာပါ။ ကျနော့် ကိုထိုးတယ်၊ပြီးတော့ ပစ်သတ်ဖို့လည်းလုပ်တယ်။ ဒါပေမဲ့ သူတို့ထဲကအဖွဲ့ဝင်တစ်ယောက်က ဝင်တားလိုက်လို့ ကျနော်လွတ်သွားတယ်။ ကျနော့်သူငယ်ချင်းနှစ်ယောက်ကိုတော့ စစ်ဆေး မေးမြန်းတာပဲလုပ်ပါတယ်။ ကျနော့်ကိုစည်းကမ်း မလိုက်နာဘူးလို့ပြောပြီး ထိုးနှိက်ရိုက်ခဲ့ပါတယ်။ နှုတ်ခမ်းလည်းကွဲ မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေတယ်။ ပြီးတော့ ကျနော့်ဆိုင်ကယ်က နှစ်စီးဆိုတော့ ဘတ်ငွေ(၁ဝဝဝ)ပါပေးလိုက်ရသေးတယ်။ ဒီလိုအဖြစ်မျိုး ကျနော်တခါမှ မကြုံဖူးဘူးဟု” အဆိုပါ ကျောင်းသားကပြောပါသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး DKBA အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်သော်လည်း မသိရှိကြောင်း သာပြောပါသည်။

Read More...

ပင်လုံဗုံးပေါက်ကွဲမှု နအဖ သတင်းမှန်ထိမ်ချန်

(သျှမ်းသံတော်ဆင့်)
ပင်လုံမြို့ လောင်းက၀ိုင်း လေးကောင်ဂျင်ခုံအနီး ဗုံးပေါက်သည်ကို နအဖ မီဒီယာက ပြည်ထောင်စုနေ့Fun Fair ဇာတ်ပွဲရုံ မီးစက်အနီး ပေါက်ကွဲသည်ဟု ၁၈ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာ၌ လိမ်လည်ဝါဒဖြန့်ကြောင်းပင်လုံသားတဦး ကပြောပါသည်။
“ပြည်ထောင်စုနေ့ပွဲ/အခမ်းအနားက ၁၂ ရက်မနက်ပိုင်းခဏလေး ဖြစ်သလိုဘဲလုပ်တာ။ လောင်းကစားဝိုင်း က အခုလ ၂ ရက်နေ့ ကစပြီး ၁၅ ရက်ခွင့်ပြုချက်ရထားတာ။ ပြည်ထောင်စုနေ့ဆိုင်တဲ့ ပျော်ပွဲရွှင်ပွဲ ဘာတခုမှ မရှိဘူး။ ဗုံးပေါက်တာကလဲ လေးကောင်ဂျင်ဝိုင်း အနောက်ခန်းက ကန်တော့ပွဲစင်မှာပေါက်တာ”- ဟု ပင်လုံမြို့ခံ တဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂ ရက် နေ့မှစ၍ ဖွင့်လှစ်ခဲ့သည့် လောင်းကစားဝိုင်း ကန်ထရိုက်ရသူသည် တပ်မဟာ ၇၅၈ SSA ခွဲထွက် ဗိုလ်မှူးကြီး မိုင်းဇင့် (ကွယ်လွန်) လက်ရှိ ကာလိန်ထွဲ့ နှင့် စိုင်းတာ့ ဦးဆောင်သည့် ၀မ့်ပန် နှင့် နားပွဲ ဒေသခံပြည်သူ့စစ် အဖွဲ့ဖြစ်ကြောင်း၊ လောင်းကစားဝိုင်းအတွေ့အကြံမရှိသောကြောင့် ဦးအောင်စိုးဝင်း (ပင်လုံ ရပ်ကွက် ၁ နေ၊ ဗမာ အမျိုးသား) က တဆင့် ထပ်ယူထားကြောင်း၊ တပ်မဟာ ၇၅၈ ခွဲထွက် အဖွဲ့အား ခွဲပေးရ မည့် အမြတ်အစွန်းကိုဝေစုမပေး သောကြောင့် ကာလိန်ထွဲ့/ စိုင်းတာ့အဖွဲ့က ဆုံးမခြင်းလည်း ဖြစ်နိုင်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတဦးကဤကဲ့သို့ ပြောပြပါသည်။
“ဦးအောင်စိုးဝင်းက ကာလိန်ထွဲ့အဖွဲ့ကို လောင်းကစားဝိုင်းအမြတ်အစွန်းခွဲမပေးတာ ပွဲစဉ်သုံးခုရှိပြီ၊ အဲ့ကြောင့် သူ့ကို လာဆုံးမတာဖြစ်နိုင်တယ်။ သေကြေမှု မရှိအောင် အဲ့ဒီ့နားသွားလုပ်တာပေါ့၊ အဓိက ပိုက်ဆံလိုချင်လို့ ခြိမ်းခြောက်တာပေါ့။”

တပ်မဟာ ၇၅၈ ခွဲထွက်အဖွဲ့( သျှမ်းပြည်တပ်မတော်မှ ခွဲထွက်ပြီး နအဖ ထံ ၂၀၀၇ က လက်နက်ချ) အား ရပခ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က လောင်းကစားဝိုင်း ကန်ထရိုက်ပေးထားကြောင်း၊ ၎င်းအဖွဲ့တွင် နားပွဲ အမှတ် ၁ နှင့် ၂ အဖွဲ့၊ ၀မ့်ပန် အမှတ် ၁ နှင့် ၂ အဖွဲ့ ဟူ၍ရှိကြောင်း သိရပါသည်။
ဦးအောင်စိုးဝင်းသည် ပင်လုံတ၀ိုက်လောင်းကစားဝိုင်းများ ကန်ထရိုက်လက်ဝါးကြီးအုပ် ဒိုင်ချုပ်ထားကြောင်း၊အခုကျင်းပ သည့် လောင်းကစားဝိုင်းအတွက် တပ်မဟာ ၇၅၈ ခွဲထွက်အဖွဲ့အား ဝေစုခွဲမပေးသော်လည်း မယက ဥက္ကဌ ဦးလှမြင့်၊ ခရိုင်ဥက္ကဌ ၊ စစ်တပ်၊ MBS၊ စရဖ ၊ ပုလိပ်၊ SB ၊ ထွေအုပ် စသည့် ဌာဆိုင်ရာ အားလုံးအတွက် ကိုမူ ကျပ်ငွေ ၅ သန်း (သိန်း ၅၀ ) ထက်မနည်း လာဘ်ထိုး ပေးကျွေးခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပြပါသည်။

Read More...

ကင်တားနား၏ အစီရင်ခံစာ ပြည့်စုံမည်မဟုတ်ဟု တိုင်းရင်းသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ဝေဖန်

ဝီရ (ခေတ်ပြိုင်)
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စာလှယ် မစ္စတာ ကင်တားနားသည် မြန်မာနိုင်ငံ (၅) ရက်ကြာခရီးစဉ်အတွင်း တိုင်းရင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့သည့်အတွက် ကုလသမဂ္ဂသို့ တင်ပြမည့်
၎င်း၏အစီရင်ခံစာသည် ပြည့်စုံမှုရှိမည်မဟုတ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲအပေါ် တိုင်းရင်းသားတို့၏ အမြင်သဘောထားများကို မစ္စတာ ကင်တားနား သိခွင့်မရလိုက်သည့်အတွက် ဝမ်းနည်းမိကြောင်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။

“၂၀၁၀ ခုနှစ်ဟာ မြန်မာပြည်သားတွေအတွက် အရေးကြီးတဲ့နှစ်လို့ ကင်တားနားက မလာခင် ပြောသွားတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ကိုလည်း သိသင့်လျက်သားနဲ့ သိခွင့်မရလိုက်ဘူး။ ဒါဟာ သူ့ခရီးစဉ် အောင်မြင်မှု ရှိ မရှိ တိုင်းတာရာမှာ လိုအပ်သွားတဲ့ အဓိက သော့ချက်တခုဖြစ်တယ်။ တိုင်းရင်းသားတွေ ဘာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတာလဲဆိုတာ ကင်တားနားအနေနဲ့ သိကိုသိသင့်တဲ့ကိစ္စပါ။ အခုဟာက တိုင်းရင်းသားတွေရဲ့ အမြင်တွေကို မမေးမြန်းဘဲ၊ မလေ့လာဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်အောင် ကုလသမဂ္ဂကလည်း တွန်းအားပေးနေသလို ဖြစ်နေတယ်” ဟု နိုင်ငွေသိန်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
မစ္စတာ ကင်တားနားသည် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော စီအာပီပီ ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီနှင့်လည်း တွေ့ဆုံခွင့် မရရှိခဲ့ပေ။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က “တိုင်းပြည်ရဲ့ အနာဂတ် ကောင်းကျိုးအတွက် တည်ဆောက်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အန်အယ်လ်ဒီ၊ ဒီမိုကရက်တစ်အင်အားစု၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုရဖို့ တပ်မတော်အစိုးရက ဒီ့ထက် လမ်းဖွင့်ပေးရမှာပါ။ ဒါမှ စစ်မှန်တဲ့ အောင်မြင်မှုလို့ ပြောလို့ရမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ဟိုတကွက် ဖွင့်ပေးလိုက်၊ ဒီတကွက် ပြန်ပိတ်လိုက်နဲ့ ဆက်သွားနေရင် ပြည်သူတွေအတွက် နစ်နာသည်ထက် ပိုနစ်နာလာတာပဲရှိမယ်။ အစိုးရတရပ်အနေနဲ့ တိုင်းပြည်အခြေအနေ တိုးတက်လာနေတယ်လို့ အမှန်တကယ် ပြသချင်ရင်တော့ မစ္စတာ ကင်တားနားနဲ့ စီအာပီပီ တွေ့ခွင့်ပေးသင့်တာပေါ့” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ကူညီဖြေရှင်းပေးနေသည့် ပဲခူးမြို့မှ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က “မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမှု အမှန်တကယ် ရှိ မရှိ သိရအောင် မစ္စတာ ကင်တားနားက လူ့အခွင့်အရေး မြှင့်တင်နေသူတွေနဲ့ တွေ့ခွင့်ရမှ ဖြစ်မှာပေါ့။ စစ်အစိုးရကလည်း တွေ့ခွင့်မပေးဘူးဆိုတော့ သူ တင်ပြမယ့် အစီရင်ခံစာက ဘယ်လောက် ပြည့်စုံမှုရှိမှာလဲ။ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာနေပါတယ်လို့ ပြောရဖို့က လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ရမှာပေါ့။ စစ်အစိုးရဘက်ကလည်း ကျနော်တို့နဲ့ တွေ့ခွင့်မပေးတာ ရိုးသားမှု မရှိတဲ့သဘော ဆောင်တာပေါ့” ဟု ပြောသည်။
ကင်တားနား ခရီးစဉ်အတွင်း တွေ့ခွင့်ရရန် သက်ဆိုင်ရာ ဌာနအသီးသီးသို့ တင်ပြထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရရှိခဲ့ကြောင်းလည်း ရှေ့နေ ဦးအေးမြင့်က ဆက်လက်ပြောကြားသည်။
၎င်းက “မစ္စတာ ကင်တားနားနဲ့ တွေ့ဖြစ်ရင် မြန်မာပြည်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံနေရမှု ဘယ်လောက်အထိ ဆိုးဝါးနေလဲဆိုတာ ပြောဖို့ ပြင်ထားပေမယ့် အကျိုးမရှိခဲ့ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ မစ္စတာ ကင်တားနား၏ ယခု (၃) ကြိမ်မြောက် ခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ကြောင်း သိရသည်။
လူ့အခွင့်အရေး ကိုယ်စားလှယ်သည် ၎င်း၏ နောက်ဆုံးနေ့ ယနေ့ခရီးစဉ်တွင် နေပြည်တော်ရှိ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနှင့် လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မောင်ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၊ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ချို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တားနားသည် လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ တနှစ်လျှင် (၂) ကြိမ် လာရောက်လေ့လာခွင့်အတွက် စစ်အစိုးရနှင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

Read More...