စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ၀င်းမောင်းကျေးနယ်တွင် အခြေစိုက်သော အစိုးရစစ်တပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခလရ(၉၆)သည် KNLA တပ်များ၏ မကြာခဏ ချုံခိုတိုက်ခိုက်ခံရ၍ ထိုဒေသရှိ ရွာသူရွာသားများအား ညနေ ၆နာရီမှစ၍ အပြင်မထွက်ရန် မေလ ဒုတိယပတ်ကတည်းက စတင် အမိန့်ထုတ်ထားခဲ့သည်။
မေလ ၈ရက်နေ့က KNLA တပ်သားတစ်ဦးသည် ကျွန်းပင်ဝင်းရွာသားတဦးနှင့်အတူ ၀င်းမောင်းကျေးရွာရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် ဆိုက်ကယ်ဖြင့် လာရောက်၍ လက်ဖက်ရည်သောက်နေစဉ် ဆိုင်တွင်းရောက်ရှိနေသည့် အစိုးရစစ်သားတစ်ဦးကို ပစ္စတိုဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း ရွာသားများအား အခုလို အပြင်မထွက်ရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
“လက်ဖက်ရည်ဆိုင်ထဲမှာ အပစ်ခံရတဲ့စစ်သားဟာ ခြေဖ၀ါးပေါက်သွားတယ်။ ပစ်တဲ့သူကတော့ တခါတည်း ဆိုင်ကယ်မောင်း ထွက်သွားတာပဲ။ သူတို့(စစ်တပ်)တွေ ဒီလို အပစ်ခတ်ခံရတော့ ၀င်းမောင်းကျေးနယ်အုပ်စုထဲက ရွာကလူတွေကို ညနေ ၆နာရီ ကစလို့ အပြင်မထွက်ရလို့ အမိန့်စထုတ်တော့တာပဲ။”ဟု ၎င်းဒေသခံက ပြောဆိုသည်။
ထိုအဖြစ်အပျက်ကို အခြေခံ၍ အဆိုပါစစ်တပ်က မိမိတို့ရဲဘော်တစ်ဦးသေလျှင် ကျွန်းပင်ဝင်းရွာသားလည်း တစ်ဦးသေရမည်ဟု ကြိမ်းဝါးခဲ့သည့်အပြင် လက်ရှိအချိန်၌ အစိုးရစစ်တပ်မှ ၀င်းမောင်းရွာရှိ ၎င်းတို့၏ လက်နက်ကြီးများကို ကျွန်းပင်ဝင်းရွာဘက်သို့ ဦးတည်ထားလျှက်ရှိပြီး တစုံတရာဖြစ်ပါက ရွာအတွင်း အချိန်မရွေး ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။
ထို့အပြင် ၀င်းမောင်းရွာ အခြေစိုက် အစိုးရစစ်တပ်သည် ၎င်းတို့တပ်ဖွဲ့ အပစ်ခံရစဉ် ၎င်းလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေသည့် ၀င်းမောင်းရွာသားတစ်ဦးကိုလည်း ဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရ သည်။
ဖာပွန်မြို့နယ်၊ ကျွန်းပင်ဝင်းကျေးရွာတွင် အစိုးရစစ်တပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ၀င်ထွက်သွားလာလျှက်ရှိပြီး အဆို ပါပစ်ခတ်မှုအပေါ် ကေအဲန်အယ်လ်အေ တပ်မဟာ(၅)ကို ကေအိုင်စီမှ ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။
ပြီးခဲ့သည့်အပတ်က မလေးကျောက်ရွာအောက်ဘက် တောယော်ထာ့နေရာတွင် တပ်မှူးတစ်ဦး မြေမြှုပ်မိုင်းတစ်လုံးနင်းမိ သေ ဆုံးပြီး ထိုနေ့တဆက်တည်းပင် ကျွန်းပင်ဝင်း(ဖို့ခဲထာ့)ကျေးရွာဘက်သို့ ပြန်အဆင်း ထို့တလေးထာ့နေရာတွင် KNLA တပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုခံရကာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည့်အပေါ် ဒေသခံများအား ယခုလို အကြပ်ကိုင် ဖိအားပေးမှု များပြား လာခြင်းဖြစ်သည်။
၎င်းဒေသတွင် လှုပ်ရှားနေသည့် ခလရ(၉၆)သည် ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလကုန်အထိ ဖာပွန်မြို့နယ်အတွင်းရှိ ၀င်းမောင်း (၀ါ့မူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိကျောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ညာဆာ့ဝေါ်ထာ့)၊ ၀ါ့မီခို့၊ ၀ါးဘိုးတော(၀ါ့သိုးကလား)၊ မလေးကျောက်(မလေးလယ်)၊ မဲချို၊ သေ့ဆာခီးနှင့် မဲတယ် ကျေးရွာများကို တပ်ရိက္ခာများ ထမ်းပေးရန်အတွက် အဓမ္မခိုင်းစေခဲ့ သည်။
ရွာသူရွာသားများ ညနေ ၆နာရီစ၍ အပြင်မထွက်ရ အမိန့်ထုတ်ခံရ
အစိုးရ သစ် ကလေး အရွယ် များ ကို ပင် ပေါ်တာ ဆွဲ
Freedom News Group မှ......
လက်ရှိ ဖြစ်ပွား နေသည့် ကရင်ပြည်နယ်တွင်း ရှိတိုက်ပွဲများအတွင်းစစ်အစိုးရ တပ်ဖွဲ့ ဝင်များက ကရင်ပြည်နယ်ဖာပွန် နှင့် ကော့ကရိတ် မြို့ နယ် များ မှ ကျောင်းနေအရွယ် ကလေးငယ်များကို ရိက္ခာ ချက်ပြုတ်ခြင်း၊လက်နက်ခဲယမ်းများသယ်ဆောင်ခြင်းလုပ်ငန်းများအတွက်ပေါ်တာဆွဲနေကြောင်း FNG မှ သတင်းရရှိသည်။
ခလေးငယ်များကို ပေါ်တာဆွဲ ခြင်းမှာကော့ကရိတ်၊ဖာပွန် နှင့် ရွှေဂွန်း မြို့ နယ်များတွင်ဖြစ်ပြီးယခုနယ်စပ်တစ်လျှောက် ဖြစ်ပွားနေသည့်စစ်ပွဲများ အတွက် ဖြစ်သည်။
ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသများတွင်ကျောင်းနေအရွယ်ကလေးငယ်များကို ပေါ်တာဆွဲမှု များမှာအများဆုံး ဖြစ်သည်။
ဘားအံမြို့ နယ် တွင်းမှငါးတန်းကျောင်းသားအရွယ်သားဖြစ်သူ ပေါ်တာဆွဲ ခံရသည့် မိဘတစ်ဦးက"သူတို့ သင်္ကြန်တွင်းတုန်းကလျှောက်လည် ကြတာ နောက်ဆုံး နေ့ (အတက်နေ့ )မှာငါးနာရီ ကျော်ထိ ရေပက်တယ်ဆိုပြီး စစ်တပ်ကခေါ်သွားတာကျွန်မ တို့ ကဘယ်ကိုလိုက်ရှာ ရမှန်း မသိဘူး ၊ ရဲက လည်း နောက် နေ့ ပြန်လာမှာပါဆိုပြီး ပြောတယ်။ အခု တစ်လ ပြည့် မှ တစ်သိန်း နဲ့  မြိုင်ကြီးငူနားမှလိုက်ရွေးရတယ်ဟုFNGသို့ ပြောသည်။
မြန်မာစစ်အစိုးရသစ် လက်ထက်တွင်ဖိနှိပ်ညှင်းပန်း မှုများပပျောက်သွား မည်ဟု အာဆီယံနိုင်ငံ အချို့ ကထင်မြင်ကြသော်လည်း ပို၍ပင် တိုးလာသည် ဟု ၁၉၉၈ မျိုးဆက် ကျောင်းသားတစ်ဦးက ပြောသည်။
ကရင် ရွာပေါင်း ၁၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်
ဧရာဝတီ သတင်းမှ..........
ကရင်ပြည်နယ် ဖာပွန် ခရိုင် လူသော မြို့နယ်ရှိ ရွာပေါင်း ၁၀၀ ကျော်မှ လူဦးရေ ၉၀၀၀ နီးပါး စားနပ် ရိက္ခာ အကျပ် အတည်း ကြုံတွေ့နေရကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG)က ပြောသည်။
“အခု လောလောဆယ် တချို့ မိသားစုတွေဆိုရင် အစားအစာတွေ မရှိတော့ဘူး၊ တခြားရှိတဲ့ လူတွေဆီက ချေးငှားစား၊ ၀ယ်စားနေ ကြရတယ်၊ အရင်ကဆို ထမင်း သုံးနပ် စားတယ်၊ အခုဆိုရင် တစ်နပ်ပဲ စားတော့တယ်၊ တခြား ဟင်းသီး ဟင်းရွက် တွေနဲ့ရော ပြီးတော့ ချက်စားတာတို့ အဲဒီလိုမျိုးတွေ ဖြစ်နေကြတယ်”ဟု ၎င်းက ဆိုသည်။
မိသားစုဝင်တချို့မှာမူ ၎င်းတို့၏ ကလေးငယ်များကိုသာ အစားအသောက်များ ကျွေးရပြီး မိဘများက အငတ်ခံနေရကြောင်း သိရသည်။
စောအယ်လ်ဘတ်က“မိသားစု တွေက အစာရေစာတွေ ပြတ်တောက်နေတယ် ဆိုတာရယ် နောက်နှစ် ရိတ်သိမ်းချိန်အထိ ရိက္ခာ တွေထားလို့ မရတော့ ဘူးဆိုတာတွေကို ကျနော့်တို့ အဖွဲ့အစည်းကို လာပြောကြတယ်”ဟု ပြောသည်။
“အစာရေစာ ပြဿနာက ရှောင်ပုန်းနေရတဲ့ ရွာသားတွေ အတွက် စိန်ခေါ်မှု တခုပါ”ဟု ၎င်းက ဆက်ပြောသည်။
ကရင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(KORD) အတွင်းရေးမှူး ထူးခလိကမူ တချို့သော ရွာ များက အစာရေစာအတွက် တောထဲတွင် အမဲလိုက်ရကြောင်း၊ နေစဉ်ဘ၀ ရပ်တည်ရေးအတွက် အခြားသော ရွာများသို့ သွား ရောက်ကာ အလုပ်အကိုင်ရှာဖွေရကြောင်း ဆိုသည်။
စောအယ်လ်ဘတ်နှင့် အဖွဲ့သည် အချက်အလက် ရရှိရန် ၂၀၁၁ ဖေဖော်ဝါရီလမှ မတ်လ အထိ အစာရေစာရှားပါးနေသော ဒေ သ များ၌ အင်တာဗျူး အမြောက်အမြား ပြုလုပ်ခဲ့ပြီး မေလ ၁၁ ရက်က အစီရင်ခံစာ တစောင်လည်း ထုတ်ပြန်ထားသည်။
KHRG ကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဝေးလံခေါင်းပါးသော ဒေသများရှိ မြို့ရွာများနှင့် ပတ်သက်၍ ဓာတ်ပုံ သက်သေ အထောက် အထားများဖြင့် မှတ်တမ်းတင်နေသော လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်သည်။
လတ်တလော ဒေသခံများ ကြုံတွေ့နေရသော စားနပ်ရိက္ခာ အတွက် နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် အကူအညီများ ရရှိရန် တောင်းဆိုပေးခြင်း ဖြစ်ကြောင်း KHRG က စောအဲလ်ဘတ်က ပြောသည်။
“အစာရေစာ ပြတ်လတ်နေတဲ့ ရွာသားတွေကို အရေးပေါ် အကူအညီ ပေးဖို့က အရေးကြီးဆုံးပါပဲ၊ မွေးရပ်မြေမှာ ဆက်ပြီး လုပ် ကိုင် စားသောက်ချင်တဲ့ သူတွေရှိသလို အစာရေစာ ရှာဖွေမရဘဲ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ဖြစ်သွားနိုင်တဲ့ မိသားစုတွေ လည်း ရှိနေတယ်”ဟု ၎င်းက ဆိုသည်။
ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီ (CIDKP)မှ စောစတိဗ်ကလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေ သည့် ယခုနှစ်အတွင်း အစာရေစာ ပြတ်လပ်မှုများသည် ပြီးခဲ့သော နှစ်များထက် ပိုမိုဆိုးဝါးလာသည်ဟု ပြောသည်။
ကရင်တပ်ဖွဲ့ ကေါ့ကရိတ်ကို ၀င်ရောက်ပစ်ခတ် ခမရ၂၃၀ အရာရှိကျဆုံး
မေလ ၁၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့အနောက်ဘက်နားရှိ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)တပ်ရင်း အခြေစိုက်ရာနေရာကို ကေအဲန်ယူနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များက ယနေ့မနက်စောစောတွင် စတင် ၀င်ရောက်တိုက်ခိုက်ရာ အရာရှိတစ်ဦး ကျဆုံး ခဲ့သည်ဟု သိရသည်။
ယနေ့မနက် ၅နာရီခွဲကျော်၌ ကော့ကရိတ်မြို့ လှိုင်ဝဂိတ်မှ ၃မိုင်ခန့်ကွာဝေးသည့် တံတားကျိုးရွာအနီးရှိ ခမရ(၂၃၀) တပ်ဝင်း ကို ကရင်တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ဖြစ်တာက မနက် ၅နာရီခွဲလောက်က။ ကော့ကရိတ်က ကျုံဒိုးကိုအသွားဆိုရင် လှိုင်ဝကအထွက် ကားလမ်းညာဘက်က ခမရ (၂၃၀)၀င်းထဲကို ကေအဲန်ယူတွေက ၀င်ပစ်တာလေ။ ကတုတ်ကျင်းထဲက ဒုဗိုလ်တစ်ယောက် သေသွားတယ်။ အဲဒီတပ်ဝင်း က ထို့ကော်ကိုးဘက်သွားမဲ့လမ်းဘက်မှာ ရှိတယ်။ လှိုင်ဝကထွက်ရင် စကခ(၁၂)၊ ခမရ(၂၃၁)၊ ပြီးရင် ခမရ(၂၃၀)တပ်ဆိုပြီး အစဉ်လိုက် ရှိနေကြတာလေ။”ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင်လည်း လက်နက်ကြီး အတော်များများ ကျရောက်ခဲ့သော်လည်း အရပ်သားများကို ထိခိုက်မှုများ မရှိကြောင်း မြို့တွင်းနေထိုင်သူများက ပြောဆိုသည်။
ကော့ကရိတ်မြို့နေ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာက တစ်နေရာထဲ မဟုတ်ဘူး။ နေရာအတော်များတယ်။ လက်နက် ကြီးနဲ့ ပစ်ထဲ့တာ ၂၄လုံးလောက်ရှိတယ်။ မြို့အရှေ့ဘက် ချက်ပွိုင့်နားက ခင်နိမ်းမူ သချိုင်္င်းနေရာမှာလည်း ကျတယ်။ မြို့ထဲက ခလရ(၉၇)၀င်းထဲက တိုက်ဝါအနားမှာလည်း တစ်လုံးကျတယ်။ ၀င်းကြီးရပ်ကွက်မှာလည်း ကျတယ်လေ။ လူတွေကိုတော့ မထိပါဘူး။”ဟု ကေအိုင်စီကို ပြောသည်။
မြန်မာစစ်တပ်ကို ၀င်ရောက်တိုက်ခိုက်သည့် ကရင်တပ်ဖွဲ့ဝင်များ၏ အင်အားမှာ ၃၀၀နီးပါးရှိနိုင်ကြောင်း ကေအဲန်ယူ လက် အောက်ခံ ကေအဲန်အယ်လ်အေ (၁၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက ခန့်မှန်းပြောဆိုခဲ့သော်လည်း ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုမူ ၎င်းအနေဖြင့် မသိရှိရသေးကြောင်း ပြောဆိုသည်။
တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရလူနာများ အခြေအနေ သိရှိရန် ကော့ကရိတ်ဆေးရုံသို့ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။
ကော့ကရိတ်မြို့၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲမှာ မနက် ၁၀နာရီခန့်တွင် ခေတ္တ ရပ် နားခဲ့ပြီး ထပ်မံ၍ မွန်းလွဲပိုင်းတွင် ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
တပ်မဟာ ၄ တိုက်ပွဲ သတင်း
တပ်မဟာ ၄ အထူးတပ်ဖွဲ့ နှင့် နအဖတပ် တပ်ရင်းမှူး မျိုးမြင့်နိုင် ဦးဆောင်သောအင်အား၃၅ယောက်ရှိ ခြေမြန်တပ်၅၅၈တို့သည် မေလ ၇ ရက်နေ့မွန်းလွဲ ၂နာရီခွဲ အချိန်တွင် အမိုနှင့်မယ်သမီထါ အကြားတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ ဘက်မှ တပ်ကြပ်ကြီး၁ဦး နှင့် တပ်သား၁ဦးဒဏ်ရာရ ကြောင်း KNU တပ်မဟာ၎ သတင်းရပ်ကွက်မှ သိရှိရသည်။
ကွယ်ကလူ သတင်းကိုအကျဉ်းချုပ်ဘာသာထားသည်။
အငြိမ်းစားယူခဲ့သည့် DKBA တပ်ဖွဲ့ဝင်ဟောင်းများအား အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ် (BGF) မဖွဲ့စည်းခင် အသက်အရွယ်ကြောင့် အငြိမ်းစားယူခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်ဟောင်းများသည် ယခုအချိန်တွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရကြောင်း လွတ် မြောက်နယ်မြေသို့ ယနေ့ ထွက်ပြေးရောက်ရှိလာသည့် DKBA တပ်မှူးဟောင်းတစ်ဦးက ပြောသည်။
ယခင် DKBA တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)မှ ဗိုလ်မှူးဟောင်း စောမုဆိုး (ခေါ်) ထာကလယ်က နယ်ခြားစောင့် တပ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း သတ်မှတ်ထားသည့်အရွယ်ကျော်လွန်ကာ အနားယူခဲ့သည့် တပ်မှူးတပ်သားများနှင့် ကိုယ် လက်အင်္ဂါချို့တဲ့သူများမှာ လက်ရှိ BGF တပ်မှူးအချို့၏ မယုံသင်္ကာမှုဖြင့် စောင့်ကြည့်ခံရသည့်အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်း ခြောက်သည်အထိ ကိုယ်တိုင် ကြုံတွေ့ခဲ့ရကြောင်း ကေအိုင်စီကို ယခုလို ပြောသည်။
၎င်းက “ကျနော်တို့တွေ အသက်ပြည့်လို့ အနားယူကြပေမယ့် သူတို့တွေ မယုံကြည်ကြဘူး။ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ထဲကို သွားမ လား။ KNU နဲ့ သွားပေါင်းမလားပေါ့။ အမြဲတမ်း စောင့်ကြည့်ခံရတယ်။ ဒါတောင်မကဘူး။ လူကိုယ်တိုင်လာပြီး ခင်ဗျားတို့ ကောင်း ကောင်းနေကြနော်။ ကောင်းကောင်းမနေရင် တွေ့ပြီးသာမှတ်ဆိုပြီး လာခြိမ်းခြောက်တယ်။ အခန့်မသင့်ရင် သတ်တဲ့အထိလုပ် ကြတော့ ကျနော်လည်း ဒီဘက်ကို ထွက်ပြေးလိုက်တယ်ပေါ့။”ဟု ပြောသည်။
အဆိုပါ ဗိုလ်မှူးဟောင်း ရည်ညွှန်းသည့် တပ်မှူးများမှာ ယခင် DKBA တပ်မဟာ(၉၉၉)အောက်မှ တပ်ရင်းမှူးအချို့ဖြစ်ပြီး ၎င်းနှင့် နီးစပ်ခဲ့သည့် လက်ရှိ နယ်ခြားစောင့်(၁၀၁၆) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးမြတ်ခိုင်မှာလည်း သူ၏တပ်ဖွဲ့ဝင်များ ကေအဲန်ယူ (သို့မ ဟုတ်) ဗိုလ်မှူးချုပ်စောလားပွယ်၏တပ်ဖွဲ့ထံသို့ သွားရောက်ပူးပေါင်းခဲ့ပါက ထိုသူများ ပိုင်ဆိုင်ရာပစ္စည်းများကို သိမ်းဆည်းသည့် အပြင် ဦးစီးကွပ်ကဲသူကိုပါ သတ်ပစ်သည်ဟု စောမုဆိုးက ပြောသည်။
“ပြီးခဲ့တဲ့လတုန်းက မြတ်ခိုင်ရဲ့အဖွဲ့ တပ်ခွဲ(၃)က လူတွေ တပ်ခွဲတစ်ခွဲလုံးနီးပါး ကော်သူးလေဆီကို လက်နက်တွေနဲ့ သွားပူးပေါင်း တယ်။ ဒါနဲ့ ကိုယ့်လူကိုယ်မထိန်းရကောင်းလားဆိုပြီး တပ်ခွဲ(၃) တပ်ခွဲမှူးသိန်းရွှေကို သတ်ပစ်လိုက်တယ်။ ထွက်ပြေးသွားတဲ့သူ တွေနဲ့ နီးစပ်တဲ့သူတွေကိုလည်း လက်နက်သိမ်းပစ်လိုက်တယ်။”ဟု ပြောသည်။
အသက် ၅၃နှစ်ရှိ စောမုဆိုး (ခေါ်) ထာကလယ်သည် ယခင်က ဒီကေဘီအေ တပ်မဟာ ၉၉၉မှ တပ်ရင်း(၃)တွင် ဒုရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး နယ်ခြားစောင့်တပ် မပြောင်းခင်ကတည်းက တာဝန်မှ အနားယူခဲ့သည့်နောက်ပိုင်း ၎င်းကိုယ်တိုင်လည်း ဗိုလ်မှူး မြတ်ခိုင်၏ ကြံစည်သတ်ဖြတ်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု၊ ခက်ခဲကြပ်တည်းမှုကြောင့် ထွက်ပြေးရောက်ရှိလာသည့် ဒီကေဘီအေ တပ်မှူးတပ်သားများကို အမြဲကြိုဆိုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက ထုတ်ဖော်ပြောဆိုသည်။
DKBA တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လအတွင်း နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းသူများ၊ အနားယူသွားခဲ့ သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါပျက်စီးသွားသူများ၊ နိုင်ငံရေးပါတီတွင်း ပါဝင်သွားသူများအပြင် စစ်တပ်ကို ပြန် လည်တိုက်ခိုက်နေသည့် ကလို့ထူးဘော အခြေစိုက် ဒီကေဘီအေတပ်ဖွဲ့ဟူ၍ ကွဲပြားသွားခဲ့သည်။
KNLA ၏ ပစ်ခတ်မှုကြောင့် အစိုးရ စစ်တပ် ၁၃ဦး ထိခိုက်ကျဆုံး
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်အား ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)က ပစ်ခတ်တိုက်ခိုက်ရာ အစိုးရစစ်တပ်ဘက်က ၆ဦးကျဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု KNLA ဘက်က ပြောသည်။
ယမန်နေ့က မွန်းလွဲ ၂နာရီကျော်တွင် KNLA (၂၀၁)တပ်ရင်းက အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၅) လက်အောက်ခံ ခမရ(၃၇၂)တပ်ရင်းအား ဝေါ်လေဒေသ ဖောမုဘောထာ့ကျေးရွာအနီးတွင် မိနစ် ၂၀ကျော်ကြာ ၀င်ရောက်တိုက်ခိုက်ရာမှ ယခုလို အစိုးရဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်ကြောင်း တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။
“မနေ့က မွန်းလွဲ ၂နာရီခွဲမှာ ကနဲလေးလှုပ်ရှားတပ် (၃၇၂)တပ်ရင်းကို ဝေါ်လေနဲ့ ကနဲလေးကြား ဖောမုဘောထာ့မှာ ကျနော်တို့လူ တွေဝင်ပစ်တော့ ရန်သူဘက်က ၆ဦး သေတယ်။ ၇ဦး ဒဏ်ရာရတယ်ဆိုပေမယ့် လက်နက်တလက်မှ မရလိုက်ဘူး။ ကျနော်တို့ ဘက်က ထိတာတော့လည်း မရှိဘူး။”ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ပွဲ ဖြစ်ပွားရာဒေသတွင် လွန်ခဲ့သည့် ၆လက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သည့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) တပ်မဟာ(၅)နှင့် အစိုးရစစ်တပ်တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ထောင်နှင့်ချီ သည့် ဒေသခံရွာသူရွာသားများသည် ထိုင်းနယ်စပ် ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ယင်းသို့ထွက်ပြေးခိုလှုံခဲ့ကြသည့် ဒေသခံရွာသူရွာသားများအနက် တချို့သည် ယခုအချိန်တွင် မိမိနေရပ်ရင်းသို့ ပြန်လည်အခြေချ နေထိုင်ကြသော်လည်း အချို့မှာ နယ်စပ်တွင်သာ အဆင်ပြေသလို ခိုလှုံနေထိုင်နေဆဲ ဖြစ်သည်။
မြ၀တီမြို့တောင်ဘက် မိုင် ၂၀ကျော် ကွာဝေးသည့် ဝေါ်လေဒေသ၌ ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ (၅)တပ်ဖွဲ့၊ KNLA (၂၀၁)တပ်ရင်းနှင့် အစိုးရစစ်တပ် စကခ(၅)လက်အောက်ခံ ခမရ(၅၄၄)၊ ခမရ(၃၇၂) လှုပ်ရှားတပ်ရင်းများနှင့် ခလရ(၅၄၃)၊ ခလရ(၃၁၀) အခြေစိုက်တပ်များ စခန်းထိုင်လျှက်ရှိသည်။
ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ
ဧရာဝတီ သတင်းမှ.....
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။
ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။
မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။
ထိုင်းနယ်စပ် အုန်းဖန်မြို့နယ်ရှိ စစ်ပြေးရွာသားတချို့ နေရပ်ပြန်
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်း ဖြစ်ပွားနေသည့် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေးရောက်ရှိလာခဲ့သည့် ရွာသားတချို့သည် ယမန်နေ့က နေရပ်ပြန်သွားကြပြီဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် စစ်ပြေးဒုက္ခသည် ၃၀ဦးကျော်မှာ ယမန်နေ့မွန်းလွဲပိုင်း ၁နာရီအချိန်တွင် ဒေသခံထိုင်းအာဏာပိုင်များ၏ စီစဉ်မှုဖြင့် နေရပ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု နို့ဖိုးဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက “မနေ့က မွန်းလွဲ (၁)နာရီအချိန်မှာ လူသစ် ၃၉ယောက်ကို ထာ့ဟမ်ဖန်း၊ တောချောဒေါနဲ့ အောဆော်တို့က ကားနဲ့ လာ ကြိုပြီးတော့ ပိုင်ခလန်ကျေးရွာအထိ ပြန်ပို့တယ်။”ဟု အတည်ပြု ပြောဆိုခဲ့သည်။
အဆိုပါ နေရပ်ပြန် စစ်ပြေးဒုက္ခသည်များမှာ ကျိုက်ဒုံမြို့နယ်မှဖြစ်ကြပြီး တိုက်ပွဲများ ပြီးဆုံးပြီဖြစ်၍ ၎င်းတို့ ဆန္ဒအလျှောက် ပြန် သွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့် တပ်မှူးတစ်ဦးက ဒေသခံ သတင်းထောက်များကို ယနေ့ ပြောကြားလိုက်သည်။
ယင်းသို့ ပြန်သွားသည့် စစ်ပြေးဒုက္ခသည်များမှာ ထွက်ပြေးရောက်ရှိလာသည့် လူဦးရေ၏ ထက်ဝက်ခန့်ရှိသလို ၎င်းတို့မှာ နေ ရပ်ရင်းသို့ အပြီးပြန်လည်ရောက်ရှိသွားခြင်းမဟုတ်ဘဲ နယ်စပ်တောတွင်းနေရာများ၌သာ ပုန်းအောင်းခိုလှုံနေကြခြင်းဖြစ်သည် ဟု နယ်စပ်သတင်းရပ်ကွက်က ပြောဆိုသည်။
သို့သော် ကျိုက်ဒုံမြို့နယ်ခွဲအတွင်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုမှာ ယနေ့အထိ နေ့စဉ်လိုလို ဖြစ်နေဆဲ ဖြစ်ကြောင်း အဆိုပါပစ်ခတ်မှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဒီကေဘီအေ တပ်မဟာ (၅)မှ တပ်မှူးတစ်ဦးက ကေအိုင်စီကို ပြော သည်။
၎င်းက “ပစ်ခတ်မှုကတော့ နေ့တိုင်းပဲ ဖြစ်တယ်။ အဖိုးနှုတ်ခမ်းမွှေး ကိုယ်တိုင်ပါတယ်။ ဒီအတွက် ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ ရွာသားတွေ ပြန်လာတာတော့ ကျနော် မသိဘူး။”ဟု ကေအိုင်စီကို ပြောသည်။
ကျိုက်ဒုံမြို့နယ်ခွဲတွင် ဧပြီလ ၂၃ရက်နေ့က အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားရာ မိနန်းအပ်၊ အဇင်း စသည့်ကျေးရွာများမှ ဒေသခံရွာသား ၇,၀၀ကျော် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု ထိုင်း သတင်းဌာနများတွင် ကြေညာထားသည်။
အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ထံသို့ လာရောက်လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။
KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၂၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊ MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟု ပြောသည်။
အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း(၂၀၁) ထိန်းချုပ်ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။
ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၂၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏ ထွက်ပြေးရောက်ရှိလာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့် အစိုးရစစ်သည်များဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် စစ်သည် ၂၀ကျော်သည် လစာဖြတ်တောက်ခံရမှုနှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
စစ်ပြေးဒုက္ခသည် ၂၀၀ ခန့် ထိုင်းဘက် ထပ်မံထွက်ပြေးလာ
ဧရာဝတီ သတင်းမှ.........
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ကျိုက်ဒုံမြို့နယ်ခွဲရှိ ကျေးရွာများတွင် အစိုးရ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံရွာသား၂၀၀ ခန့် ယနေ့ ထိုင်းနိုင်ငံဘက်သို့ ထပ်မံ ထွက်ပြေးလာကြောင်း သိရသည်။
ယခုလဆန်းပိုင်းမှ စတင်၍ ၂ ရက် ဆက်တိုက် DKBA နှင့် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ် အစိုးရ တပ်ရင်းများ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းရှိ အုန်းဖျန်မြို့နယ် ပိုင်ခလန်ရွာသို့ ကျိုက်ဒုံ ဒေသခံများ ထပ်မံ ထွက်ပြေးလာကြခြင်း ဖြစ်သည်။
ယမန်နေ့ကလည်း ယင်းဒေသအတွင်းသို့ လူဦးရေ ၅၀၀ ခန့် ထွက်ပြေးလာ၍ စုစုပေါင်း ၇၀၀ခန့် ရှိပြီ ဖြစ်သည်။ အုန်းဖျန်မြို့ နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများ ခိုလှုံ နေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန်ရွာသည် အုန်းဖျန်မြို့နယ်နှင့် ကီလိုမီတာ ၃၀ခန့် ကွာဝေးသည်။
ထိုင်းဘက်သို့ ၀င်ရောက်လာသည့် ရွာသားများကို လတ်တလော ပြန်ပို့ရန် အစီအစဉ် မရှိသေးသော်လည်း တိုက်ပွဲများ ပြီးဆုံး ပါကမြန်မာဘက် ပြန်ပို့မည်ဟု တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့က ဒေသခံ သတင်းထောက်များကို ယနေ့ပြောကြား ခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်ချထား ကြောင်း သိရှိရသည်။
ထွက်ပြေးလာသည့် ရွာသားများကို ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ထိုင်း-မြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC)တို့က သွားရောက်တွေ့ဆုံ ကူညီနေကြောင်း သိရသည်။
နောက်ဆုံးသတင်းများ အရ ယမန်နေ့ ညက နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသေးသော်လည်း ယင်း ဒေသရှိ အစိုးရ ၀န်ထမ်း တချို့နှင့် ဒေသခံများက နီးစပ်ရာ အသိမိတ်ဆွေများထံ ယခုရက်ပိုင်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။
“အဲဒီမှာရှိတဲ့ ဒေသခံ ရွာသားတွေကတော့ မရှိသလောက် ဖြစ်သွားပြီ၊ အစိုးရ၀န်ထမ်းတွေကလည်း ကြာအင်းဆိပ်ကြီး ဘက် ကို ရောက်ကုန်ပြီ”ဟု ၎င်းက ဆိုသည်။
ကျိုက်ဒုံမြို့နယ်ခွဲနှင့် ကြာအင်းဆိပ်ကြီးသို့ ပြေးဆွဲနေသော လိုင်းကားများကိုလည်း အစိုးရက တနေ့တွင် တစ်စီး၌သာ ပြေးဆွဲခွင့် ပေးထားကြောင်း သိရသည်။
“ကားလမ်းကတော့ ပိတ်ထားသလို ဖြစ်နေတယ်၊ စစ်တပ်က တနေ့ကိုမှ ကား တစ်စီးလောက်ပဲ ကြာအင်းဆိပ်ကြီး ဘက်ကို ပေးလာတယ်၊ သူတို့ (စစ်တပ်) ခွင့်ပြုတဲ့ လက်မှတ်ပါမှပဲ ကားက လာလို့ရတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံက ဆက်ပြောသည်။
ယခုကဲ့သို့ ခရီးသည်တင် ကားများကို ပြေးဆွဲခွင့် ပိတ်ပင်ထားခြင်းသည် စစ်တပ်က အလွယ်တကူ ချောဆွဲနိုင်ရန် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
ကျိုက်ဒုံဒေသခံရွာသား ၂၀၀ကျော် တိုက်ပွဲကြောင့် နယ်စပ်သို့တိမ်း ရှောင်
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲတွင် ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ၂၀၀ကျော်မှာ ထိုင်းနယ်စပ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့က ကျိုက်ဒုံမြို့နယ်ခွဲရှိ မိတန်နှင့် မိနန်းအပ်ကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည့် ဒီကေဘီအေ တပ်မ ဟာ(၅)တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ကြား ပစ်ခတ်မှုသည် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားသောကြောင့် ရွာသားများ ယခုလို ပိုင် ခလန်ကျေးရွာနှင့် နို့ဖိုးဒုက္ခသည်စခန်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း နို့ဖိုးစခန်း အတွင်းရေးမှူး စောသူးလေ ဒိုစိုးက ပြောသည်။
က “အခု နို့ဖိုးစခန်းမှာရောက်တာ အယောက် (၃၀)ပဲရှိသေးတယ်။ ပိုင်ခလန်ရွာမှာဆို အယောက် ၂၀၀ကျော်လောက် ရှိပြီ။ လောလောဆယ် စခန်းထဲမှာ ရောက်တဲ့လူတွေကိုတော့ အရေးပေါ်အကူအညီတခုအနေနဲ့ ကျနော်ကူညီထောက်ပံ့ပေး ထား တယ်။”ဟု ပြောသည်။
အလားတူ ပိုင်ခလန်ရွာသားတစ်ဦးက “ရွာမှာ အယောက် တစ်ရာကျော်လောက်ရှိမယ် ထင်တယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းဆို တော့ ထပ်တက်လာဖို့တောင် ရှိအုံးမယ်။ ထိုင်းအာဏာပိုင်တွေကတော့ ဒီအတိုင်းပဲလွှတ်ထားတယ်။ ဘာမှ အနှောက်အယှက်ပေး တာတို့ မတွေ့ရဘူး။”ဟု ပြောသည်။
ထိုင်းနယ်စပ်တွင် ထွက်ပြေးရောက်ရှိလာသည့် ၎င်းရွာသူရွာသားသည် တိုက်ပွဲဖြစ်ပွားရာ မိနန်းအပ်နှင့် အဇင်း စသည့်ကျေးရွာများ မှ ရွာသားများဖြစ်ပြီး အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။
ထိုင်းနှင့် မြန်မာနယ်စပ်တနေရာဖြစ်သည့် ပိုင်ခလန်ကျေးရွာသည် နို့ဖိုးဒုက္ခသည်စခန်း၏ အနောက်တောင်ဘက်ခြမ်းတွင်ရှိပြီး ကား ဖြင့်သွားလျှင် ၄၅မိနစ်ခန့် မောင်းနှင်ရသည်။
မြန်မာအစိုးရစစ်တပ်နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဆက်လက် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသား ၄,၀၀၀ကျော် ထိုင်းနယ်စပ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်ဟု နယ်စပ်အခြေစိုက် ထိုင်းသတင်း ရပ်ကွက်က ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့က အစိုးရစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုအတွင်း အရပ်သား ၁ဦး သေဆုံး ပြီး ၁ဦး ထိခိုက်ကာ အစိုးရစစ်တပ်ဘက်မှ ၃၆ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒီကေဘီအေ သတင်းရပ်ကွက်က ဆိုသည်။
ဒုက္ခသည် ၅၀၀ ကျော် ထိုင်းဘက်ထပ်မံ ထွက်ပြေး
ဧရာဝတီ သတင်းမှ.....
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ကရင်ပူးပေါင်း တပ်ဖွဲ့များနှင့် မြန်မာအစိုးရတပ်များ ဖြစ်ပွားခဲ့သည့် ၂ ရက်ကြာ တိုက်ပွဲကြောင့် ဒေသခံ ရွာသား ၅၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖျန် မြို့နယ်အတွင်းသို့ ထွက်ပြေးလာကြသည်ဟု သိရသည်။
ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းရှိ အုန်းဖျန်မြို့နယ် ပိုင်ခလန်ရွာသို့ ကျိုက်ဒုံဒေသခံများ ထွက်ပြေးလာကြခြင်း ဖြစ်သည်။
ထွက်ပြေးလာကြ သူများကို ထိုင်းဘက်မှ ယာယီလက်ခံထားပြီး တာ့ခ်ခရိုင်ဝန် စမတ်လွိုင်ဖာ့ က ၀င်ရောက်လာသူများကို လူသားချင်းစာနာသည့် အကူအညီပေးရန် သက်ဆိုင်ရာ မြို့နယ်အာဏာပိုင် များအား ညွှန်ကြားချက် ပေးထားသည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးကပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ KNLA တပ်ရင်း ၁၀၃ ထောက်လှမ်းရေးဌာနမှ ဗိုလ်ကြီးကျော်မိုးက “တိုက်ပွဲက ဖြစ်တာ ဒီနေ့ပါဆိုရင် ၃ ရက်ရှိပြီ။ ဒီမနက် ၉ နာရီမှာလည်း ထပ်ဖြစ်သေးတယ်။ KNLA နဲ့ DKBA ပူးပေါင်းအဖွဲ့နဲ့ မြန်မာစစ်တပ် ကြိုကြား တိုက်ပွဲတွေဖြစ်နေတာပါ။ မြန်မာဘက်က ရွာသားတွေ ထိုင်းဘက်ကို ထွက်ပြေးကြတယ်” ဟု ဆိုသည်။
ထိုင်းဘက် ၀င်ရောက်လာသည့် ရွာသားများကို တိုက်ပွဲများ ပြီးဆုံးပါက ချက်ချင်း မြန်မာဘက် ပြန်ပို့မည်ဟု ထိုင်းအာဏာပိုင်များက ပြောကြောင်း အုန်းဖန်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကပြောသည်။
၎င်းက “တိုက်ပွဲမရှိရင် ချက်ချင်းပြန်ပို့မယ်လို့ ပြောတယ်။ ကျိုက်ဒုံမှာရှိတဲ့ ကရင် လက်နက်ကိုင် အဖွဲ့တွေကို ဗမာအစိုးရဘက်က ဒီနွေမှာ အပြီးတိုက်မယ်လို့ သိရတယ်။ အဓိက သူတို့တိုက်မှာက DKBA က ဗိုလ်နှုတ်ခမ်းမွေးတို့အဖွဲ့ ကျိုက်ဒုံဘက်မှာ အမာခံစခန်း ပြန်လာလုပ်လို့တဲ့။ ဒီနယ်မှာ နောက်ဆိုရင် တိုက်ပွဲ တွေ ဆက်ဖြစ်ဖို့က များတယ်” ဟု ရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်ချထားကြောင်း၊ ထွက်ပြေးလာသည့် ရွာသားများကို ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဒုက္ခသည်များကို ထိုင်း - မြန်မာနယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့တို့က သွာရောက်တွေ့ဆုံ ကူညီနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အုန်းဖျန်မြို့နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေးလာသည့် ရွာသားများခိုလှုံနေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန် ရွာသည့် အုန်းဖျန်မြို့နယ်နှင့် ကီလိုမီတာ ၃၀ ခန့်ကွာဝေးသည်။
သေပြီးရင်း သေ...
ဧပြီလ ၂၄ရက် DKBA တပ်မဟာ(၅) ကလိုထူးဘော တပ်ရင်း မှ ရဲဘော်များသည် နအဖခြေမြန်တပ်ရင်း၅၄၃(စကခ ၅ လက်အောက်) ကို ကြာအင်းဆိပ် ကြီး၊ ကျိုက်ဒုံ အနီးတဝိုက်တွင် စောင့်ပစ်ခဲ့ရာ နအဖတပ် မှ ၁၉ ဦးသေပြီး ၁၇ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ကွယ်ကလူသတင်းကို ဘာသာပြန်ထားသည်။
စစ်ခွေးများအတုံးအရုံးသေ
ဧပြီလ ၂၄ ရက်တွင် သန်းရွှေဒူးမနားသားများ နအဖတပ်နှင့် KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တို့ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့ ပေါင်းချောင်းအရပ် တွင်ရင်ဆိုင်တိုက်ပွဲဖြစ် ပွားခဲ့ရာဒုစစ်ကြောင်းမှုးကိုကိုလွင် ဦးဆောင်သော ခမရ ၃၈၅ နအဖ တပ်မှ၃ဦးသေပြီး ၃ ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှုး ၁ ဦးနှင့် ဒုဗိုလ် ၁ ဦးပါဝင်ကြောင်းသတင်းရရှိသည်။ ဧပြီလ ၂၃ ရက်တွင်လည်း ခမရ ၄၀၃နှင့်ရင်ဆိုင်တိုက်ပြွဲဖစ်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၅ ဦးဒဏ်ရာရခဲ့သေးသည်။ သေဆုံးသူများထဲတွင် တပ်ကြပ်ကြီး ၁ ဦးပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။
ကွယ်ကလူသတင်း ကိုဆီလျော်အောင်ဘာသာပြန်ထားသည်။

