ပြီးခဲ့သော ၄လ အတောအတွင်း(ဇန်နဝါရီ မှ ဧပြီ လအထိ) KNU ၏တိုက်ခိုက်မှုကြောင့် နအဖတပ်မှ ၆၆၁ ယောက်သေ၊ ၈၄၈ယောက်ဒဏ်ရာ ရကြောင်း သိရှိရသည်။ ထို၎လလုံး တိုက်ပွဲများ KNU၏ တပ်မဟာ(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)နှင့်(၇) များတွင်တိုက်ပွဲကြီးငယ်များ ၆၅၄ကြိမ် ဖြစ်ပွားခဲ့ရာ တပ်မဟာ(၅)တွင်တိုက်ပွဲများပြင်းထန်ခဲ့တဲ့အပြင် နအဖတပ်အများဆုံးသေကြေ ဒဏ်ရာရကြောင်း KNUမှ ထုတ်ပြန်သောသတင်းများအ ရသိရှိရသည်။
ကရင်လွတ်မြောက်ရေးတပ်(KNU/KNLA) မှ ၆ဦးကျဆုံးပြီး ၇ဦးဒဏ်ရာရရှိကြောင်းကိုလည်းဖော်ပြထားသည်။
အဆိုပါ ၄လအတောအတွင်းမှာ နအဖတပ်မှလာရောက်လက်နက်ချခဲ့သူ စုစုပေါင်း၁၂ဦး အပြင် KNU ဘက်မှ လက်နက်ငယ် ၄၀လက်၊ စကားပြော စက် ၉ လုံး၊ မိုင်း လက်ပစ်ဗုံးနှင့် ကျည်ဆံများကိုလည်းရရှိကြောင်းကိုလည်းဖော်ပြထားသည်။
ထို့အပြင် နယ်ခြားစောင့်တပ်သို့ပြောင်းသွားသော DKBA နှင့် အဆိုပါ ၄လအတွင်းတိုက်ပွဲများဖြစ်ပွားရာနယ်ခြားစောင့်တပ်မှ ၂၀ဦး သေ၊၄၇ဦးဒဏ် ရာရပြီး ၁၃ဦးအရှင်လက်ရဖမ်းမိခဲ့သည်။ဒါ့အပြင် မိခင်KNU နှင့်ပြန်လည်ပေါင်းစည်းခဲ့သော နယ်ခြားစောင့်တပ်ဦးရေမှာ ၈၄ဦးဖြစ်သည်။
ဒါတင်မကသေးပါ....လက်နက်ငယ် ၈၇လက်နှင့် RPG၊မော်တာ အစရှိသောလက်နက်ကြီး ၁၄လက်၊ စကားပြောစက် ၁၃လုံး တို့အပြင် လက် ပစ်ဗုံး ကျည်ဆံများ စသည်တို့ကိုရရှိခဲ့ကြောင်းသတင်းရရှိခဲ့သည်။
Kwekalu သတင်းကိုကညောဖိုးမှဘာသာပြန်ထားသည်။
၎လအတွင်းKNU၏ တိုက်ခိုက်မှုကြောင့် နအဖတပ် ထောင်ကျော်ထိခိုက်သေဆုံး
ကရင် နယ်ခြားစောင့် အချင်းချင်း ပစ်ခတ်
ဧရာဝတီ သတင်းမှ.......
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBAတပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့ သည့် အင်္ဂါနေ့ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှု ဖြစ်ပွားသူများသည် နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၂ မှ ဗိုလ်ဘိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ထိုပစ်ခတ်မှုများကြောင့် ယင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း KNU ဘား အံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။
မြဝတီမြို့ အနီးမှာလက်နက်ကြီးသံတွေ ကြားနေရ
နေ့သစ်မှ........
ဒီကနေ့ မြဝတီမြို့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးသံတွေ ကြားရနေရတယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။
“နေ့လည်က ကြားတာ ၁၀ ချက်လောက်ရှိတယ်။ ကျောက်လုံးကြီးဘက်ကလည်း သေနတ်သံတွေ ကြားနေရတယ်။ မြို့ထဲမှာတော့ လူရှင်းနေတာပဲ။ မြို့ကလူတွေ ထိခိုက်တာတော့ မကြားရသေးဘူး။ ဒီနေ့ ကြံ့ဖွံ့ရုံးကို ဝင်တိုက်မယ် ဘာညာနဲ့ ကြားထားတာတယ်လေ။ ဒီနေ့က ကလေးတွေ ကျောင်းသွားအပ်တယ်လေ၊ အဲဒါ အသံတွေကြားတာနဲ့ အိမ်မှာ ပြန်နေကြရတယ်” ဟု ဒေသခံကုန်သည်တဦးက ပြောပြပါတယ်။
မြဝတီမြို့မှာ မေလ ၂၅ ရက် မနေ့ကတည်းက မြို့ထဲမှာ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံပြည်သူများ အနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ရပါတယ်။
မြဝတီမြို့က ကြံ့ဖွံ့ရုံးကို ဒီကေဘီအေတပ်ဖွဲ့ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်
နေ့သစ်မှ.........
“၂၆ ရက်နေ့ ဝင်တိုက်မယ်လို့တော့ ကြားတာပဲ ဟုတ်မဟုတ်တော့မသိဘူး။ ခုပဲ ရပ်ကွက် ၅ မီးသတ်ပိုင်းက ဖုန်းဆက်သတိပေးတာ။ မီးသတ်နားမှာက ကြံ့ဖွံ့ရုံး ရှိတယ်လေ။ အဲဒီ ရုံးကို တိုက်မယ်လို့ ကြားတာ။ ဒီရုံးနားနီးတဲ့ လူတွေကတော့ စိတ်ပူနေကြတယ်။ ကျနော်တို့ နေတဲ့ နေရာနဲ့ တော့ နဲနဲလှမ်းတယ်။ တကယ်လို့ ဖြစ်လာရင်တော့ အိမ်အောက်က ကျင်းထဲ ဝင်ပုန်းကြမှာပေါ့။ ဟုတ်။ ဒီလိုပဲ ဝင်တိုက်မယ် ဝင်တိုက်မယ် ဆိုတဲ့ သတင်းတွေကတော့ ခဏခဏ ကြားတာပဲ၊ ဗုံးတွေလည်း မကြာမကြာကွဲတယ်၊ အမြောက်ပစ်သံခတ်သံတွေလည်း မကြာခဏဆိုသလို ကြားနေရတာပဲ။ စိုးရိမ်းတာတော့ ဖြစ်တာပေါ့၊ ပြေဟယ်လွှားဟယ် ရွှေ့ရယ်ပြောင်းရယ်တော့ မရှိကြပါဘူး။ ဈေးရောင်းဈေးဝယ်တွေလဲ ပုံမှန်ပါပဲ။ ဒီနေ့က ကားတန်း အတက်နေ့လေ။ ကားတွေလည်း လူသိပ်မပါပါဘူး။ သတင်းတွေ ကြားထားပုံရတယ်”
ဒါကတော့ မြို့ခံတဦးက ဒီကနေ့ ဖြစ်နေတတဲ့ မြဝတီမြို့ အခြေအနေကို ပြောပြသွားတာ ဖြစ်ပါတယ်။
ဒီကနေ့ မြဝတီမြို့မှာ ဒီကေဘီအေ တပ်ဖွဲ့တွေက မနက်ဖြန် မေလ ၂၆ မှာ ကြံ့ဖွံ့ရုံးကို ဦးတည်တိုက်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေအရ မြို့ခံပြည်သူများ စိုးရိမ်နေကြပါတယ်။ မြဝတီမြို့ ကြံ့ဖွံ့ရုံးတည်ရှိရာ ရပ်ကွက် ၅ မှာ နေထိုင်ကြတဲ့ ပြည်သူများမှာတော့ အထူးစိုးရိမ်နေကြပြီး ကြံ့ဖွံ့ရုံးနဲ့ ဝေးရာ နေရာတွေကို တချို့ရပ်ကွက်သူ ရပ်ကွက်သားများ ပြောင်းရွှေ့နေကြတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ မနက်ကလည်း မြဝတီမြို့မှာ ချိန်ကိုက်ဗုံးတလုံးပေါက်ကွဲခဲ့ပြီး တဦးတယောက်မှ ထိခိုက်မှုမရှိခဲ့ပါဘူး။ ဗုံးမကွဲခင် မေလ ၁၈ ရက်နေ့ ကတည်းက ဗုံးထောင်သမားတွေ မြို့ထဲရောက်နေတယ်ဆိုပြီး မြဝတီ တမြို့လုံးကို ရဲနဲ့ ရပ်ကွက်လုံခြုံရေးတွေ မွှေနှောက်ရှာဖွေခဲ့ကြပေမယ့် ဗုံးထောင်သမားကို မတွေ့ရှိကြပါ၊ ဒါပေမယ့် မေလ ၁၉ ရက်နေ့မနက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အလားတူ မေလ ၁၈ ရက်နေ့တုန်းကလည်း နေပြည်တော်နားက ဆင်သေဘူတာမှာ လူစီးမီးရထားတစီး ဗုံးပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး ခရီးသည် ၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မေလ ၁၄ ရက်နေ့ကလည်း မုဒုံမြို့ ဆက်သွယ်ရေးရုံးကို မိုင်းထောင်ဖေါက်ခွဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က တိုက်ခိုက်သွားကြောင်း ပြည်ပသတင်းမီဒီယာများမှာ ဖေါ်ပြခဲ့တာ သိရှိခဲ့ရပါတယ်။
ယခုလို တိုက်ပွဲဖြစ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ခဏခဏဖြစ်နေတာ၊ ဟိုနေရာ ဒီနေရာ ဗုံးတွေ ခဏခဏကွဲနေတာတွေဟာ အထွေထွေ မကျေနပ်ချက်တွေကို သူ့နည်းသူ့ဟန်နဲ့ ဖေါ်ပြနေကြတာဖြစ်ပြီး၊ လူထုအုံကြွမှုဖြစ်လာနိုင်တဲ့ အခြေအနေကို ဖေါ်ပြနေခြင်းသာ ဖြစ်တယ်လို့ စောင့်ကြည့်အကဲခတ်နေသူ တချို့က သုံးသပ်နေကြပါတယ်။
အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို
စောသိန်းမြင့်(ကေအိုင်စီ)
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ကေအဲန်ယူက တုန့်ပြန်ပြောဆိုလိုက်သည်။
ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မလိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။
ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ယနေ့ဖော်ပြသည်။
ပြီးခဲ့သည့် မေလ ၂၃ရပ်နေ့ မနက် ၇နာရီခွဲခန့်တွင် ရေးမှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသော ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်း၊ ရာဇာမင်းယာဉ်လိုင်းများမှ ခရီးသည်တင်မှန်လုံ ယာဉ် ၅စီးအနက် ရှေ့ဆုံးမှ မောင်းနှင်လာသော ရွှေမြင်းပျံခရီးသည်တင်ယာဉ်၏ ဘီးအား အင်အား ၃၀ခန့်ရှိ KNU တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖော်ခွဲ၍ ယာဉ်တန်းကို ရပ်တန့်စေပြီး ဆက်ကြေး ကောက်ခံခဲ့ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် KNU တပ်ဖွဲ့ဝင်များက ထားဝယ်-ရန်ကုန် မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၁၀ သိန်းနှင့် ထားဝယ်-မော်လမြိုင်မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၃သိန်းဖြင့် ဆက်ကြေး အဖြစ်ကောက်ခံခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်မြေခံ အစိုးရစစ်ကြောင်း၏ လိုက်လံရှင်းလင်းမှု ကြောင့် ဖမ်းဆီးခံရသူများအနက် ၄ဦးသည် ထွက်ပြေးလွှတ် မြောက်လာခဲ့ပြီး ၂ဦးသာကျန်ရှိသည်ဟု ဖော်ပြသည်။
KNU တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ဆန်စပါးအပါအ၀င် ရိက္ခာ များအဓမ္မတောင်းခံခြင်းစသည့် အကြမ်းဖက်လုပ်ရပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် လျှက်ရှိ သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံ့ရှာလျှက် ရှိသည်ဟု ရေးသားဖော်ပြချက်သည် သတင်းဖြစ်စဉ်မဟုတ်ဘဲ အစိုးရ၏ အာဘော်သာဖြစ်သည်ဟု KNU က တုန့်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ခုနှစ်မှစ၍ ယနေ့အချိန်ထိ မြန်မာအစိုးရ အဆက် ဆက်ကို ခုခံတော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
တပ်စခမ်းပြုပြင်ရေးအတွက် ကရင်ရွာသားများကို အဓမ္မလုပ်အားပေးစေခိုင်း
ကောင်းဝါသတင်းငှာန မှ.........
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီဖိုးသံကျေးရွာမှာအခြေချထားသည့် ခမရ(၂၀၈)စစ်ကြောင်း (၂) တပ် စခန်းကို ခုတ်ထွင်ရှင်းလင်းရန်အတွက် ဒေသခံရွာသားများအပေါ် နယ်မြေခံစစ်တပ်မှယခု ရက်ပိုင်းတွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများပြုလုပ်ခဲ့သည်ဟု တဒေသခံရွာသားများကပြောပါ သည်။ ယခုလို လုပ်အားပေးစေခိုင်းခံရသည့်အထဲတွင် အမျိုးသမီးအများစုပါဝင်သည်ဟုဒေသခံတစ်ဦးမှ ယခုလိုပြောပါသည်။
“ထီဖိုးသံရွာရဲ့ဥက္ကဌသူကြီးမကိုမှာလိုက်တယ်။ (၁၇)ရက်နေ့မှာ တစ်အိမ်တစ်ယောက်သွားခုတ်ရမယ်။ အဲတာလူက(၂၀၀)လောက်ဘဲသွားနိုင်တယ်။ ကျန်တဲ့(၁၈၀)ကမသွားနိုင်ဘူးပေါ့။ မနက် (၆) နာရီက (၁၂)နာရီအထိ တပ်စခမ်းတွေသွားခုတ်ရတယ်။ မိန်းခလေးက(၁၅၀) ယောက်ျားက(၅၀)။ ဗသသေချာချာ ရှင်းရတယ်။ ရွာရဲ့အရှေ့ဘက် အဲဒီတပ်စခမ်းကတော့ ဧရိယာအကျယ်အ၀န်းကတော့(၁၀)ဧကရှိတယ်။ ပြီးလို့ရှိရင်ခြံရဲ့အပြင်ကို(၁၅)ကိုက် အဲတာခုတ်ပေးရတယ်။ ပါတ်ပါတ်လည်ဘဲ။”
ထီးဖိုးသံကျေးရွာစခန်းထိုင် ခမရ(၂၀၈) စစ်ကြောင်း (၂ )မှ ဗိုလ်ကြီးနေမျိုးအောင် ဦးဆောင်သည့် တပ်ဖွဲ့ကိုကရင်အမျိုးသားလွတ်မြောက်ရေးအမှတ်(၆)တပ်မဟာ စစ်ဗျူဟာလက်အောက်ခံအဖွဲ့ မှ ၀င်ရောက် ပတ်ခတ်မှုပြုလုပ်ပြီး နောက်နေ့မနက်တွင် ယခုလိုရွာသားများကိုတပ်စခန်းသို့ခုတ်ထွင် ရှင်းလင်းခိုင်းစေသည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါသည်။ အဆိုပါထီဖိုးသံဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်လက်နက် ကိုင်အဖွဲ့များအကြား မကြာခနတိုက်ပွဲတွေဖြစ်ပွါးနေသည်ဟုအဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
ထီးဖိုးသံကျေးရွာတွင် အိမ်ခြေပေါင်း(၃၈၀)ရှိပြီး ပြီးခဲ့သည့်မာတ်ခ်ျလတုန်းကလည်းခမရ(၂၀၈) တပ်စခန်း ပြုပြင်ဆောက်လုပ်ရန်အတွက် ၀ါးအလုံး(၁၀၀၀) အမိုးအတွက်ဖက်ဗျစ်(၂၀၀)၊ တစ်အိမ်ကို ခြံစည်းရိုးတိုင်(၁၅)ချောင်းကိုမပျက်မကွက်သွားပို့ရန်စစ်တပ်မှတောင်းဆိုခဲ့သည်ဟုကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကပြောသည်။
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရ အစိုးရအသစ်ပေါ်ပေါက်လာသော်လည်း အတင်းအဓမ္မလုပ်အား ပေးစေခိုင်းမှုအပါအ၀င် လူ့အခွင့်အရေးချိုးဖေါက်မှုများရှိနေဆဲဟု လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းမှပြောပါသည်။
“လူ့အခွင့်အရေးချိုးဖေါက်မှုကတော့ ကျွန်တော်တို့ဆက်လက်ရှိနေတုံးဘဲလို့ပြောလို့ရပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့အခုအချိန်အထိကျွန်တော်တို့ ကရင်ပြည်နယ်ရှမ်းပြည်နယ်နဲ့တခြားတိုင်းရင်းသားဒေသ တွေမှာ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေရှိနေတယ်။ အဲဒီလိုမျိုးကြိုတင်ပြင်ဆင်မှုရဲ့ရလာဒ်ကြောင့် တိုင်းရင်း သားပြည်သူတွေဘေးကင်းရာကိုထွက်ပြေးလာရတယ်။ ထိုင်းနိုင်ငံဘက်ကိုခိုလှုံလာရတဲ့ ကရင်ဒုက္ခ သည်တွေရှိနေတယ်။ အဓမ္မလုပ်အားပေးစေခိုင်းမှုအရပြောမယ်ဆိုလို့ရှိရင်တော့ ILOနဲ့နောက် ထပ်သဘောတူ စာချုပ်တွေ နားလည်မှု စာချွန်လွှာတွေထိုးထားတယ်ဆိုပေမဲ့အဓမ္မလုပ်အားပေး စေခိုင်းမှုကိုနည်းအမျိုးမျိုးနဲ့ဆက်လက်ကျင့်သုံးတာ ရှိနေသေးတယ်။လူ့အခွင့်အရေးတိုးတက်လာတယ် လို့ပြောပေမဲ့တကယ်တန်းအောက်ခြေမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆက်လက်ရှိနေတုန်းဘဲ။”
နိုင်ငံရေးပြသနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်အဖြေရှာမရှာဘဲ စစ်ရေးနည်းလမ်းနှင့်ဖြေရှင်းခဲ့ သောကြောင့် ပြည်တွင်းစစ်ကြီးဖြစ်ပွါးလာကာ ဒေသတွင်းမတည်ငြိမ်မှုအပြင် စစ်ပြေးဒုက္ခသည်များ များပြားလာပြီး လူ့အခွင့် အရေးချိုးဖေါက်မှုများဆက်လက်ရှိနေဆဲဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ပြောပါသည်။
ကားလမ်းဘေးချုံရှင်းရန် ဒေသခံများ အဓမ္မခိုင်းစေခံရ
စောခါးစူးညား (ကေအိုင်စီ)
ပဲခူးတိုင်းအတွင်းရှိ အစိုးရလှုပ်ရှားတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ခလရ(၃၄၉)တပ်ရင်းသည် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၀ရွာကျော်မှ ရွာသူရွာသားများကို နံ့သာကွင်း-ကျောက်ကြီးမြို့နှင့် ကျောက်ကြီးမှ ကျောက်မော်သို့သွားသည့် ကား လမ်းတစ်ဖက်တချက်ကို ခုတ်ထွင်ရှင်းလင်းရန် ယခုလ တတိယအပတ်မှစ၍ အဓမ္မခိုင်းစေခဲ့သည်ဟု သိရသည်။
အဆိုပါတပ်များသည် ထိုဒေသတွင် လှုပ်ရှားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တိုက်ခိုက်မှုကို မခံရရန်အတွက် ယခုလို ကားလမ်းရှင်းခိုင်းခြင်းဖြစ်ကြောင်းကို ရွာသားတစ်ဦးက ယခုလို ပြောသည်။
“ကားလမ်းဘေးက ချုံတွေကို ရှင်းခိုင်းတာပဲ။ ကျနော်တို့ခုတ်တာ အခုလ ၁၈ရက်မှ ပြီးတယ်။ ကားလမ်းကို ရှင်းလို့ရှိရင် ကော် သူးလေတပ်တွေက ကားလမ်းတနေရာရာမှာ ဖြတ်လာရင် အဝေးကနေ မြင်နိုင်တဲ့အတွက် ကျနော်တို့ကို သူတို့(အစိုးရတပ်) က ဒီလိုခိုင်းတယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။
ကားလမ်းခုတ်ထွင် ရှင်းလင်းရေးတွင် ညောင်တန်း၊ အင်းနက်၊ မတောကူး၊ နို့ဖိုး၊ သူးကဘီးကျေးရွာလူထုက ခြေလျင်ဖြင့် ၂နာရီ ခရီးသွားရသည့် နံ့သာကွင်း-ကျောက်ကြီးကားလမ်းကိုလည်းကောင်း၊ ပတ္တလား၊ ဟိဖိုးဒဲ၊ တောခို့၊ ပအောတော၊ ထိပ်ပေါက်၊ ဓါး ကုလားနှင့် ၀က်လာတောကျေးရွာလူထုက ခြေလျင်ဖြင့် ၃နာရီခရီး သွားရသည့် ကျောက်ကြီး-ကျောက်မော်ကားလမ်းကိုလည်း ကောင်း အဓမ္မလုပ်အားပေးခဲ့ရသည်ဟု သိရသည်။
အစိုးရစစ်တပ်အတွက် လုပ်အားပေးသွားခဲ့ရသည့် အဆိုပါ ကျေးရွာလူထုများသည် အသက် ၁၀နှစ်အရွယ် ကလေးမှ အသက် ၆၀နှစ်အရွယ်အထိ ပါဝင်ပြီး ပျမ်းမျှအားဖြင့် ထက်ဝက်ခန့်စီရှိသည်ဟု ဒေသခံလူထုက ပြောသည်။
ထို့အပြင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အစိုးရလှုပ်ရှားတပ် ခလရ(၃၄၉)တပ်ရင်းသည် ၎င်းတို့တပ်စခန်းတခုဖြစ်သည့် ဘုရား လေးကုန်းစခန်းအမိုးအတွက် ထိုဒေသရှိ ပတ္တလား၊ သူးကဘီး၊ အင်းနက်၊ မူဂေါ်နှင့် ၀က်လာတော ကျေးနယ်အုပ်စုတို့ကို အိမ် မိုးဖက်ကယ် ၁၅၀ပျစ်စီ တောင်းခံခဲ့ပြီး မေလ ၁၆ရက်၌ အရောက်ပို့ပေးခဲ့ရသည်။
ခလရ(၃၄၉)သည် ဒေသခံလူထုများကို အဓမ္မခိုင်းစေမှုများ ရှိသလို အဓမ္မတောင်းခံမှုများ မပြတ်တမ်း လုပ်ဆောင်နေသည့်အ ပေါ် ဒေသခံလူထု၏ ကိုယ်ပိုင်အလုပ်ကို များစွာ ထိခိုက်ကြောင်း KNU ကျောက်ကြီးမြို့နယ် ဥက္ကဌ ပဒိုစောနဲထူးဗျိုင်းက ပြော သည်။
သူက “မေလ ၁၅ရက်နေ့ကစလို့ လူထုတွေကို လယ်တဲဖျက်ခိုင်း၊ ကားလမ်းချုံခုတ်ခိုင်း၊ အိမ်မိုးဖက်ကယ် ပို့ခိုင်း။ လူထုက ဒါ ကို တခုချင်း လိုက်လုပ်နေရတာ။ ကျနော်တို့က ဒီမှာနေတော့ ကိုယ့်လူထုရဲ့ အခြေအနေကို သိတယ်လေ။ ဖြစ်နိုင်ရင် နိုင်ငံတ ကာက ဒါကို အလေးအနက်ထားပြီးတော့ လုပ်သင့်တာ လုပ်ပေးစေချင်တယ်။”ဟု ပြောဆိုသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အစိုးရစစ်တပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ခမရ(၃၄၉)၊ ခမရ(၅၉၉)၏ အစားထိုး တပ်(တပ်နံပါတ် မသိရသေး)၊ ခလရ(၂၆၄)၊ ခလရ(၃၅၁)နှင့် ခလရ(၆၀)တို့ အခြေစိုက် လှုပ်ရှားလျှက်ရှိပြီး ဒေသခံလူထုများ အနေဖြင့် သစ်ခုတ်၊ ၀ါးခုတ်၊ တပ်စခန်းကာရန်နှင့် ကားလမ်းပေါက်သည့် အဓမ္မ လုပ်အားပေးခိုင်းစေမှုများကို အမြဲ လုပ်ဆောင် ပေးနေရသည်ဟု ကျောက်ကြီးမြို့နယ် သတင်းရပ်ကွက်အရ သိရသည်။
မြ၀တီမြို့တွင် ဗုံးတစ်လုံး ပေါက်ကွဲ
မေလ ၁၉ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့မနက် မြန်မာစံတော်ချိန် ၈နာရီခွဲခန့်အချိန်၌ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံ အမျိုးသမီးတဦးက “ဒီမနက်မှာ မြ၀တီမြို့ စာတိုက်ဝင်းထဲက အများသုံးဖုန်းရုံထဲမှာ ဗုံးတ လုံး ပေါက်ကွဲသွားတယ်။ အဲဒီနားက သံဇကာတံခါးတော့ ပေါက်ကွဲတဲ့အရှိန်နဲ့ လွှင့်ထွက်သွားပြီး ပစ္စည်းတွေ နည်းနည်းပျက်စီးသွားတယ်။ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိ ဘူး။”ဟု ပြော သည်။
အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာမှာ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဌာန၀င်းအတွင်း ဖြစ် ပြီး မြ၀တီမြို့ ရဲစခန်းနှင့် နီးသည်ဟု သိရသည်။
အထိန်းသိမ်းခံ မျိုးချစ်တော်လှန်ရေးသမား ၃၁ ဦး အိန္ဒိယအစိုးရ လွှတ်ပေးပြီ
ဧရာဝတီ သတင်းမှ.......
မြန်မာ အစား မြန်မာနိုင်ငံသား သို့မဟုတ် မျိုးချစ်တော်လှန်ရေးသမား များလို့သုံးသင့်ပါသည်။
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးတို့ ယနေ့ နေ့လယ်က အမှုမှ ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
လွတ်မြောက်လာသူ ၃၁ ဦးထဲတွင် အပါအဝင်ဖြစ်သော ရခိုင်အမျိုးသား ကိုဓညလင်းက “နေ့လည် ၁ နာရီ ၅၅ က လွတ်ပါတယ်။ ရခိုင် ၂၂ ယောက်၊ ကရင် ၉ ယောက် လွတ်ပါတယ်။ ကျန်တဲ့ ရခိုင် ၂ ယောက်နဲ့ ကရင် ၁ ယောက် ကတော့ ပေါ့ဘလဲကို ပြန်သွားရပါဦးမယ်။ ကျနော်တို့ အခု လေယာဉ်ကွင်းသွားတဲ့ လမ်းမှာ ရောက်နေပါပြီ။ ဒေလီကိုတော့ ည ၁၁ နာရီလောက် ရောက်မယ်ထင်ပါတယ်” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သည့်အတွက် အိန္ဒိယအစိုးရအပါအဝင်၊ ကူညီပေးသူများ၊ အဖွဲ့အစည်းများကို ကျေးဇူးတင်သည်ဟု ဆိုသည်။
“သူတို့ ဒီလို မကူညီပေးရင် ကျနော်တို့ လွတ်လာမှ မဟုတ်ပါဘူး။ ထောင်ထဲမှာ နေရတာကြာတော့ ပင်ပန်းလွန်းလှပါပြီ အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း ကျနော်တို့ မသိတော့ဘူး။ ဒေလီရောက်မှပဲ အပြင်က အခြေအနေတွေ လေ့လာပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားမယ်” ဟု သူက ပြောသည်။
မြန်မာ ၃၄ ဦး၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေကလည်း မလွတ်မြောက်သေးသည့် ၃ ဦးမှာ ပေါ့ဘလဲကျွန်းတွင် တခြား အမှုအနည်းငယ် ကျန်ရှိနေသေးကြောင်း ဧရာဝတီကို ရှင်းပြသည်။
အဆိုပါ ၃ ဦးသည်လည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိပြီးသား ဖြစ်သောကြောင့် မကြာမီ ပြန်လည် လွတ်မြောက် လာနိုင်သည်ဟု သိရသည်။
လွတ်မြောက်လာသည့် ၃၁ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ အိန္ဒိယနိုင်ငံတွင် နေထိုင်ခွင့်အဆင့်အထိ ရမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာတင့်ဆွေက ပြောသည်။
“သူတို့လွတ်လာရင် သူတို့ကို ဘယ်သူက ကူညီစောင့်ရှောက်မလဲဆိုတာ အိန္ဒိယအစိုးရက စိုးရိမ်တော့ ဒေလီမှာရှိတဲ့ မြန်မာ အသိုင်းအ၀န်းကနေ ကျနော်တို့ တာဝန်ယူပါတယ်လို့ ကာလကတ္တား တရားရုံးအထိကို တင်ထားတာရှိတယ်။ အဲဒါကြောင့် ဒီက ဗမာအဖွဲ့အစည်းတွေဆီကို ရောက်လာမယ့် သဘောပါ” ဟု သူက ဆိုသည်။
နယူးဒေလီရှိ ဘားမားစင်တာ ဒေလီက လွတ်မြောက်လာသူတို့၏ စားဝတ်နေရေး၊ ကာလကတ္တားမှ နယူးဒေလီ သွားရန်အတွက် ခရီးစရိတ် စသည်တို့ကို အာမခံ ကူညီပေးမည်ဖြစ်ကြောင်း တရားရုံးသို့ တင်ပြထားခဲ့သည်ဟု ဘားမားစင်တာဒေလီမှ ကိုကင်မ်က ပြောသည်။
တတိယနိုင်ငံများတွင် ၎င်းတို့ အခြေချနေထိုင်နိုင်မည့် လုပ်ငန်းစဉ်များအတွက်ကိုမူ အဆင့်ဆင့် ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း၊ ထိုသူတို့ လွတ်မြောက်လာချိန်တွင် အခြေချ နေထိုင်ခွင့်ပေးရန် ချက်သမ္မတ နိုင်ငံက ကမ်းလှမ်းခဲ့ဖူးကြောင်း သိရသည်။
ဒေါက်တာတင့်ဆွေက “ဒါကတော့ ကာယကံရှင်တွေရဲ့ သဘောလည်းပါမယ်။ သူတို့ ဆန္ဒအပေါ် မူတည်ပြီးတော့ ဒီက အသိုင်းအ၀န်းက အကုန်လုံး ၀ိုင်းလုပ်ပေးကြရမှာပါ” ဟု ဆိုသည်။
ဆက်လက်၍ သူက “အိန္ဒိယအစိုးရက ဒုက္ခသည်တွေနဲ့ ပတ်သက်ရင် စာနာမှုအပြည့်နဲ့ ကူညီထားတာ အင်မတန်မှ ကျေးဇူး တင်ပါတယ်။ နှစ်နိုင်ငံရဲ့ အစိုးရချင်း ဆက်ဆံရေးက တပိုင်းပေါ့လေ။ သက်ရောက်မှု ရှိတဲ့ အပိုင်းလည်း ရှိပေမယ့် အခုလို စာနာမှု ထားတဲ့အတွက် အင်မတန် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
၁၉၉၈ ခုနှစ်က အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့၏ သဘောတူညီချက်အရ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင်တိုင်းရင်းသားများ ပါဝင်သည့် အဆိုပါ ၃၄ ဦးကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့သည်။
ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပေါ့ပ်ဘလဲမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း ၎င်းအဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ ကွပ်မျက်ခံခဲ့ရပြီး ကျန်သူများကိုမူ ကာလကတ္တား အကျဉ်းထောင်သို့ ပို့ဆောင်၍ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက်အတွင်း တရားမ၀င် ခိုးဝင်မှုတို့ဖြင့် အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုများကို စီရင်ချက်ချချိန်က သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁ နှစ် ၃ လ နှင့် ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် ၃ လနှင့် ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ လက်နက်မှုပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေရူပီး ၂၀ဝ၀ ချမှတ်ခဲ့ရာ ထိန်းသိမ်းခံ ရက်များကို လျှော့ရက် ခံစားခွင့်ဖြင့် လွတ်မြောက်ရမည် ဖြစ်သော်လည်း အိန္ဒိယနိုင်ငံအတွင်း နေထိုင်ခွင့် မရှိသောကြောင့် လွတ်မြောက်ရန် ကြန့်ကြာ နေခဲ့ရသည်။
နောက်ပိုင်းတွင် UNHCR နှင့် အိန္ဒိယပြည်ထဲရေး ၀န်ကြီးဌာနအပါအ၀င် တခြားသော ကူညီဆောင်ရွက်သူ များကြောင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီး ယခုကဲ့သို့ လွတ်မြောက်လာရခြင်း ဖြစ်သည်။
သံတောင်မြို့နယ်တွင် အစိုးရ စစ်တပ်က စပါးမျိုးစေ့များနှင့် တဲအိမ်များကို မီးရှို့ဖျက်ဆီး
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ရင်း ၂ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ တောင်ယာစပါးမျိုးစေ့များနှင့် လူနေတဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၉) လက်အောက်ခံ ခမရ(၅၄၁)နှင့် ခမရ(၃၇၆) တပ်ရင်းတို့သည် ပြီးခဲ့သည့် မေလ ၁၅ရက်နေ့က ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ စပါးမျိုးစေ့၃၃တင်းခွဲနှင့် လူနေတဲအိမ် ၆လုံးကို အကြောင်းမဲ့ ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “စကခ(၉)၊ ခမရ(၃၇၆)နဲ့ ခမရ(၅၄၁) တပ်ရင်း ၂ရင်းကနေပြီး ရေသိုးကြီးအထက်က မောင်းတိုင်ကြီး၊ ခူလောင်အဲမှာရှိတဲ့ ရွာသားတွေရဲ့ တောင်ယာခင်းထဲကိုဝင်ပြီးတာနဲ့ စပါးမျိုးစေ့ ၃၃တင်းခွဲ ဖျက်ဆီးပစ်လိုက်တယ်။ လူနေအိမ်တဲထဲမှာ အိုးတွေ၊ ခွက် တွေ၊ အသုံးအဆောင်တွေ ယူလို့နိုင်သလောက် ယူတယ်။ တဲခြောက်လုံးကိုလည်း မီးရှို့ပစ်လိုက်တယ်။”ဟု ပြောသည်။
ယခု စပါးမျိုးစေ့များနှင့် လူနေတဲအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်နေရာသည် ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက်ခြမ်း မိုင် ၄၀အ ကွာအဝေးတွင်ရှိပြီး ၎င်းဒေသတွင် အစိုးရစစ်တပ်ကို အတွေ့မခံသည့် ရွာပုန်းရွာရှောင်ဖြင့် နေထိုင်သော ဒေသခံ ကရင်ပြည်သူ ၃၀၀ကျော်ရှိသည်။
ထိုကဲ့သို့ စပါးမျိုးစေ့များ ဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံတောင်သူများသည် ယခုနှစ် တောင်ယာစပါး စိုက်ပျိုး၍မရသော ကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှု နှင့် ကြုံရနိုင်သည်ဟု အဆိုပါဒေသခံက ပြောသည်။
“တကယ်လို့ ရိုးရိုးဆန်ကို ဖျက်ဆီးသွားလို့ရှိရင် ပြန်ဝယ်ယူပြီးတော့ စားလို့ရသေးတယ်။ မျိုးစေ့ကျတော့ လာမယ့်တနှစ်စာအတွက် ရည်ရွယ်ထားတဲ့ မျိုးစေ့တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနည်းဆုံး တနှစ်တာကာလကတော့ ဘာမှလုပ်စားလို့မရတော့ဘူး။ နောက်နှစ်အတွက် တော်တော် ဒုက္ခရောက်မယ်။”ဟု ၎င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် ၂၀၀၆-၂၀၀၇ခုနှစ်က တောင်ငူခရိုင်တွင် အလားတူ နအဖစစ်တပ်များ၏ အကြီးအကျယ် ထိုးစစ်ဆင်မှုကြောင့် ထောင် နှင့်ချီသည့် တောင်ငူဒေသခံများသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးကာ တောတောင်များတွင် ရွာပုန်းရွာရှောင်အဖြစ် ယနေ့ အချိန်ထိ ပုန်းအောင်းနေထိုင်နေရဆဲဖြစ်သည်။
ရွာပေါင်း ၄၀ခန့်ကို BGF အိမ်မိုးဖက်တောင်းခံ
စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်များက ၎င်းတို့တပ်စခန်းအမိုးအတွက် မောလော်ကလိုးနှင့် ကမ မောင်း အနီးဝန်းကျင်ရှိ ရွာပေါင်း ၄၀ခန့်မှ တအိမ်ထောင်လျှင် အိမ်မိုးဖက် ၁၀၀ပျစ်စီ BGF စခန်းသို့ မေလကုန်အရောက် ပေးပို့ ရန် တောင်းခံခဲ့သည်။
နယ်ခြားစောင့်-BGF (၁၀၁၃)နှင့် (၁၀၁၄)တပ်ရင်းများသည် မေလဆန်းပိုင်းမှစ၍ အင်ဖက် သို့မဟုတ် ဓနိဖက်များ တောင်းခံ ခြင်းဖြစ်ပြီး မဖြစ်မနေ သွားရောက်ပို့ဆောင်ရမည်ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတဦးက ယခုလို ပြောသည်။ “ဖက်တောင်း တာက မေလ ၇ရက်၊ ၈ရက်လောက်ကတည်းကပဲ။ အရင်ကလည်း တောင်းတာရှိတယ်။ မပေးမနေရစနစ်ပဲ။ အခုတခေါက်က ဒီလကုန်အရောက် သွားပို့ပေးရမယ်လို့ ပြောထားတော့ တစ်ရက်သာသာလောက် သွားရမဲ့ခရီးနဲ့ ထမ်းပို့ပေးရအုံးမှာပေါ့။”ဟု ကေအိုင်စီကို ပြောသည်။
ထိုဒေသရှိ BGF တပ်များသည် ပြီးခဲ့သည့် ဇန်န၀ါရီလက ကတိုင်တိ(ကတဲတိ)၊ လေးဖိုးထာ့၊ ထီးသဘလုထာ့နှင့် ကျောပါး ကျေးနယ်အုပ်စုအတွင်းရှိ ရွာများကို အိမ်မိုးဖက်ပေးရန် တောင်းခဲ့သော်လည်း KNLA တပ်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသဖြင့် သွားလာရေး အဆင်မပြေဘဲ ရွာသူရွာသားများမှာ တောင်းခံထားသည့်ဖက်များကို မပေးနိုင်ဘဲ ဖြစ်ခဲ့ရသည်။
BGF တပ်များသည် ပြီးခဲ့သည့်နှစ်က အလားတူ အိမ်မိုးဖက်များကို တောင်းခံခဲ့သော်လည်း ၎င်းတို့ဝင်ငွေအတွက် တဆင့် ပြန် လည်ရောင်းချခဲ့သည်ဟုလည်း အဆိုပါရွာသူက ပြောသည်။
“ကျမတို့ကြားတာက မနှစ်ကဆိုရင် ကျမတို့ ပို့တဲ့ဖက်ဟာ သူတို့က စခန်းမိုးဖို့ မလုပ်ဘဲ ပြန်ရောင်းစားတာ ရှိတယ်။ အခုလည်း မပေးရင် သူတို့က ကျမတို့ကို ဘာလုပ်မလဲဆိုတာ မပြောပေမဲ့ သေနတ်ကိုင်ထားတော့ ကျမတို့လည်း ကြောက်ပြီး နှစ်တိုင်းလို လို ပေးလာခဲ့ရတယ်။”ဟု ဆိုသည်။နယ်ခြားစောင့်တပ်များအနေဖြင့် ရွာသူရွာသားများထံမှ အိမ်မိုးဖက်တောင်းရန် မလိုဘဲ ယခု တက်လာသည့် အစိုးရသစ်ကသာ ၎င်းတို့လိုအပ်သမျှ ဆောင်ရွက်ပေးရမည့် တာဝန်ရှိကြောင်း ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့ က ပြောဆိုသည်။
သူက “သူတို့(BGF)က မြန်မာအစိုးရစစ်တပ် ဖြစ်သွားပြီလေ။ အစိုးရကိုပဲ အားကိုးရမှာပေါ့။ ဒီလို ပြည်သူတွေဆီက တောင်း တာတွေ လုပ်ဖို့မလိုတော့ဘူး။ လူထုဟာ ၀မ်းစာအတွက် ရုန်းကန်နေရတာ အနိုင်နိုင်ပဲလေ။ သူတို့ အဲလိုလုပ်နေမဲ့အစား ကျနော်တို့နဲ့ ပြန်လာပူးပေါင်းရင် ပိုအကျိုးရှိမယ်။”ဟု ပြောသည်။
စုစုပေါင်းအင်အား ၆၀၀ ၀န်းကျင်ရှိသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းနှင့် BFF (၁၀၁၄)တပ်ရင်းကို ဗိုလ်မှူးစော လှကြိုင်နှင့် ဗိုလ်မှူးစောမောင်ချစ်က ဦးစီးခြင်းဖြစ်ပြီး ထိုဒေသရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မ ဟာ(၅) တပ်ဖွဲ့ဝင်များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်။
ကရင်ပြည်နယ်၌ ၄ လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွား
ဧရာဝတီ သတင်းမှ..........
အစိုးရ စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့ အကြား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNLA ၏ သုံးလပတ် စစ်တမ်းများ အရ သိရသည်။
တိုက်ပွဲများသည် ကရင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ ၆၁၁ ဦး သေဆုံး၍ ၈၄၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။
KNLA တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက “အခုအချိန် အထိ အပြောင်းအလဲတွေ မတွေ့ရသေးဘူး၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲဖို့ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို အစိုးရအနေဖြင့် နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
နယ်မြေခံ အစိုးရစစ်တပ်မှ အထက် တာဝန်ရှိသူများထံ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ပေးပို့သော အချက်အလက်များ၌ အစိုးရတပ်ဖွဲ့ဝင်များ သေဆုံးသူ စာရင်း ပါဝင်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။
၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်က စတင်၍ မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် အစိုးရတပ်နှင့် DKBA အကြား နေ့စဉ်နီးပါး တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။
ယင်းသို့ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရကို တိုက်ခိုက်ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား ပိုမိုအင်အား ကောင်းလာကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။
စစ်အစိုးရက ဖွဲ့စည်းပေးထားသော ကရင် နယ်ခြားစောင့်တပ်ဖွဲ့ တချို့ကလည်း DKBA တပ်ဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းခဲ့ ကြကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။
KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုကမူ“ကျနော်တို့ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်၊ အရင် က ကျနော်တို့ စွန့်ခွာခဲ့တဲ့ နေရာတွေတောင်မှ ကျနော်တို့အဖွဲ့ဝင်တွေ ကင်းလှည့်နိုင်တဲ့ အခြေအနေတွေရှိပြီ”ဟု ပြောသည်။
၎င်းကဆက်လက်၍ “တကယ်လို့ အစိုးရအသစ်က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမယ် ဆိုလို့ရှိရင် တိုက်ပွဲတွေ နည်းလာမယ်၊ ငြိမ်းချမ်းရေး အတွက် အစိုးရက မဆွေးနွေးဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ၊ ဒါအခု တက်လာတဲ့ အစိုးရအသစ်အပေါ် မူတည်နေပါတယ်”ဟု ပြောဆိုသည်။v
မြန်မာသမ္မတရဲ့ လွတ်ငြိမ်းခွင့် နိုင်ငံတကာဖိအား တိုးဖွယ်ရှိ
VOA သတင်းမှ......
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) မြန်မာနိုင်ငံက ပြန်သွားခဲ့ပြီးတဲ့ နောက် ၂ ရက်အကြာ ဒီကနေ့မှာပဲ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး သေဒဏ်ကနေ တသက်တကျွန်းဒဏ်ကို ပြောင်းလဲတာ၊ ကျန်တဲ့ ထောင်ဒဏ်ကျသူတွေကို ထောင်ဒဏ် တနှစ်စီ လျှော့ပေါ့ပေးလိုက်တာတွေကို ဒီနေ့ ညနေနဲ့ ညပိုင်း မြန်မာအစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာ အသိုင်းအ၀န်းက တိုက်တွန်းထားသလို၊ အများက မျှော်လင့်ထားသလို နိုင်ငံရေး အကျဉ်းသားတွေ အမြောက်အမြားကို ပြန်လွှတ်ပေးတာ မဟုတ်တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားကတော့ အခုထက်ပိုပြီး ကြီးမားလာနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၃ ရက် ခရီးစဉ်အတွင်း သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က သမ္မတအနေနဲ့ သင့်တော်တဲ့ အချိန်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးဖို့ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့ ညနေမှာတော့ သမ္မတရဲ့ အမိန့်အမှတ် ၂၈ လွတ်ငြိမ်းချမ်းသာခွင့်ကို သတင်းတွေမှာ ကြေညာခဲ့ပါတယ်။
“မေလ ၁၇ ရက် မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှု တခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တသက်သို့ လည်းကောင်း၊
(ခ) ထောင်ဒဏ် ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန်ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် ၁ နှစ် ထပ်မံ လျှော့ပေါ့ ရရှိစေရန်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
သေဒဏ်ကျနေသူတွေကို တသက်တကျွန်းဒဏ် ပြောင်းပေးပြီး ကျန်အကျဉ်းသားအားလုံးကို တနှစ် လျှော့ပေးမယ်ဆိုတဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ၀ိုင်းဝန်း ပြောဆိုနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်အတွက် ရည်ရွယ်ပြီး ထုတ်ပြန်တာမျိုး မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက သုံးသပ်ပါတယ်။
“အခုထုတ်တယ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးသမား၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေအတွက် ရည်ရွယ်ထုတ်တာ မဟုတ်ဘူးလို့ အဲဒါပဲ ပြောနိုင်တာ။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုခဲ့တာမို့ ဒါဟာ မျက်စိမှိတ် ငြင်းတာမျိုးလို့ ဆိုပါတယ်။
“ကျနော်တို့အမြင်ကတော့ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောတာ မျက်စိမှိတ် ပြောတာပဲ။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ရှာဖွေပြီး ပြစ်ဒဏ်ပေးထားတာက နိုင်ငံရေး အကျဉ်းသားတွေပဲ။ သူတို့ ထောင်ချခြင်တဲ့ လူတွေကို အပြစ် ပုဒ်မတွေနဲ့ စွဲပြီးတော့ တင်တယ်၊ အဲဒီပုဒ်မတွေနဲ့ ငြိသည်ဖြစ်စေ၊ မငြိသည်ဖြစ်စေ၊ အပြစ်ပေးတယ်။ ကျနော်တို့ ဒါတွေ တောက်လျှောက်တွေ့နေတာ။ တခုချင်းအလိုက် ပြောလို့လည်း ရတယ်။ အားလုံးခြုံပြီး ပြောလို့ရှိရင် သူတို့ဟာ အပြစ်ကျူးလွန်ခြင်း မရှိဘဲနဲ့ နိုင်ငံရေးအရသာ တာဝန်ရှိတယ်၊ အပြစ်ပေးတယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။ ဒါ မရှိဘူးလို့ ပြောတာက မျက်စိမှိတ်ပြောတဲ့ သဘောပဲ။ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ပဲ ပြောချင်တယ်။”
နိုင်ငံရေး အကျဉ်းသားတွေအတွက် ရည်ရွယ် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်တဲ့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စဉ်းစားတာမျိုး မဟုတ်ဘဲ နိုင်ငံတကာက မြင်ချင်တဲ့ ကြေညာချက်မျိုး မဟုတ်ဘူးလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ဦးတိတ်နိုင်က ပြောပါတယ်။
“ဒါ တော်တော့်ကို ဆိုးတဲ့ လွတ်ငြိမ်းချမ်းသာလို့ ပြောလို့ရပါတယ်။ သာမန် အကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသားတွေအတွက် ဆိုရင် ပိုပြီးတော့ ခံစားခွင့်က ပိုဆိုးတယ်။ အခုလို ပုံစံမျိုး အတည်ဖြစ်သွားပြီ၊ နောက်ထပ် ဆက်လက်ပြီး ထုတ်ဖို့ အစီအစဉ် မရှိတော့ဘူး ဆိုရင်တော့ နိုင်ငံတကာရဲ့ ဖိအားက ပိုတောင် ကြီးမားလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
“ဆိုတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး ပြစ်မှုတွေက အနိမ့်ဆုံး ၁၀ နှစ်၊ နောက်ပိုင်းမှာ အနှစ် ၃၀ တို့၊ အနှစ် ၂၀ တို့၊ ၈၈ မျိုးဆက် ကျောင်းသားတွေဆိုရင် အကုန်လုံး ၆၅ နှစ်စီ ချမှတ်ခံထားရတယ်။ ပြီးတော့ မတရားသဖြင့် ၆၅ နှစ် ချမှတ်ထားပြီးတော့မှ တနှစ်လျှော့တယ် ဆိုတဲ့ ကိစ္စမျိုးကတော့ နိုင်ငံတကာ ဖိအားတွေက ပိုပြီးတော့သာ ကြီးဖို့ ရှိပါတယ်။”
အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာအောင် ပုံသွင်းခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကလည်း အခုလို သေဒဏ်ကျခံနေရသူတွေကို တသက်တကျွန်းဒဏ် ပြောင်းပေးခဲ့တာမျိုး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး သက်ညှာမှုတော့ မရှိပါဘူး။ လက်ရှိအစိုးရသစ်ဟာလည်း စစ်အစိုးရရဲ့ မူဝါဒတွေအတိုင်း ဆက်ပြီး လုပ်ကိုင်နေတာ ထင်ရှားတာမို့ နိုင်ငံတကာရဲ့ ၀ိုင်းဝန်း ဖိအားပေးမှုတွေ ပိုပြီး တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စစ်ဘေးဒဏ်ကြောင့် ဖာပွန်ဒေသခံ ၉,၀၀၀နီးပါး စားနပ်ရိက္ခာပြတ် လပ်မှုကြုံရ
နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ စစ်ဘေးစစ်ဒဏ်ကြောင့် ထွက်ပြေးပုန်းရှောင်နေရသည့် ဒေသခံလူထု ၉,၀၀၀ဦး ခန့်သည် လက်ရှိ စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က မေလ ၁၁ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ ရွာပေါင်း ၁၁၈လုံးမှ လူထု ၈,၈၈၅ဦးခန့်သည် ဒေသတွင်း ၀င်ရောက်လာသည့် မြန်မာစစ် တပ်များ၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲ အမျိုးမျိုး ရှိနေ သည့်အတွက် ယခု စားနပ်ရိက္ခာ ပြတ်လပ်မှုပြဿနာနှင့် ကြုံတွေ့နေရသည်ဟု ကရင်လူအခွင့်အရေးအဖွဲ့(KHRG)က ဆိုသည်။
လူသောမြို့နယ်တွင် အစိုးရစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများသည် ထွက်ပြေးပုန်းအောင်းနေရပြီး ၎င်းတို့ပုန်း အောင်းသည့်နေရာများတွင် စိုက်ပျိုးစားသောက်ရန် နေရာကျဉ်းလာသည့်အပြင် စစ်တပ်စခန်း၊ စစ်တပ်လှုပ်ရှားမှုနှင့်နီးသည့် ဒေသများတွင် ဒေသခံများ၏ အိုးအိမ်၊ စပါးကျီ၊ စိုက်ပျိုးရေးလုပ်ငန်းများကို စစ်တပ်မှ ၀င်ရောက်မီးရှို့ဖျက်ဆီးမှုကြောင့် စားနပ် ရိက္ခာပြတ်လပ်မှုများ ပိုမို ဆိုးဝါးလာခြင်းဖြစ်သည်။
၎င်းအပြင် ၂၀၁၀ခုနှစ်က မိုးတွင်း၌ မိုးနည်းပြီး နွေရာသီတွင် မိုးရွာသွန်းခဲ့သဖြင့် စိုက်ပျိုးလုပ်ငန်းများတွင် သီးနှံမဖြစ်ထွန်းခဲ့ခြင်း သည်လည်း ယခုနှစ် ရိက္ခာပြဿနာ၏ အကြောင်းရင်းတစ်ခုဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ဖာပွန်ဒေသမှ စစ်တပ်လှုပ်ရှားသည့်ဒေသမှ ဒေသခံအမျိုးသမီးတဦးက “အခု ရိက္ခာအခက်အခဲတွေကတော့ တော်တော့်ကို ရှိနေ တယ်။ အရင်နှစ်က ဒေသခံတွေ တောင်ယာလုပ်ဖို့ စစ်တပ်က မကြိုက်ဘူး။ လယ်ကို ဟိုတကွက်ဒီတကွက် လုပ်ပေမယ့် မစားရ ဘူး။ ဒီနှစ် ကျမတို့ရွာမှာဆို တရွာလုံး ဆန်ဝယ်စားရတယ်။ ၀င်ငွေလည်းမရှိတော့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရတယ်။”ဟု ကေအိုင် စီကို ပြောသည်။
အဆိုပါရွာသူက သူမတို့ကျေးရွာ အနီးတ၀ိုက်တွင် ကြံ့ဖွံ့အစိုးရတပ်ဖွဲ့နှင့် ကရင်တပ်ဖွဲ့ဝင်အကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေ သောကြောင့် ရွာသူရွာသားများအနေဖြင့် မည်သည့်နေရာမျှ သွားလာမရဲတော့သည့်အပြင် စစ်တပ်၏ အလှည့်ကျ ခေါ်ယူခိုင်းစေမှု များကို နေ့စဉ် လုပ်ဆောင်ပေးနေရသည်။
ဖာပွန်ခရိုင်တွင် သောင်းနှင့်ချီသည့် ဒေသခံလူထုသည် စစ်ဘေးစစ်ဒဏ်ကြောင့် ၁၉၉၇ခုနှစ်ကတည်းက ယခုအချိန်ထိ စားနပ် ရိက္ခာပြဿနာ၊ ရွှေ့ပြောင်းနေထိုင်ရသည့်ပြဿနာများနှင့် စစ်တပ်၏ လုပ်အားခိုင်းစေမှု ပြဿနာများ ခံစားလာခဲ့ရသည်။


