သျှမ်းသံတော်ဆင့် သတင်းမှ.....
မကြာမီ မြန်မာနိုင်ငံတွင် ပေါ်ထွန်းလာမည့် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “က” ကြိုးအတိုင်း “က” ရမည့် ပါလီ မန် အရေခြုံ စစ်အာဏာရှင်စနစ် ဖြစ်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့ ယနေ့ ပြောကြားသည်။
“လာမဲ့ ၂၀၁၁ ခုနှစ်ထဲမှာ ပေါ်လာမဲ့ အစိုးရသစ်ဟာ ပါလီမန်မျက်နှာဖုံးစွပ်ရင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကကြိုးအတိုင်း ကရမဲ့ အစိုးရတစ်ခုဖြစ်တယ် ဗီဇစရိုက်ကတော့ စစ်အာဏာရှင်စနစ်ပဲ ” ဟု သူက ပြောသည်။
၎င်းအစိုးရသစ် ပေါ်လာရုံဖြင့် မြန်မာနိုင်ငံသားများ ဆုံးရူံးနေသည့် လွတ်လပ်မှု ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ၊ ငြိမ်းချမ်း ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့် အရာများ ရရှိမည်ဟု မယုံကြည်ကြောင်း သူက ဆိုသည်။
“မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်သစ်တစ်နှစ်ရောက်တိုင်း ဆုတောင်းရုံ နူတ်ခွန်းဆက်ရုံဆိုတဲ့ အခြေအနေကနေ မလွတ် မြောက်သေးဘူး ၂၂ နှစ်ကြာစစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းထဲမှာ အလုပ်မဖြစ်တာတွေ အများကြီးရှိတယ် ဒီနေ့ ၂၀၁၁ ထဲမှာ ခွန်အားသစ်မွေးပြီး ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ဆက်လက်ချီတက်ရအုံးမှာပဲ” ဟု သူ့အမြင်ကို ဆက်ပြောသည်။
ထို့အပြင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က နအဖ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေအပေါ် ABSDF အဖွဲ့က ကန့်ကွက်သည့် ကြေငြာချက်ကို ယနေ့ထုတ်ပြန်မည်ဟု သိရသည်။
အဆိုပါ ဥပဒေပြဋ္ဌာန်းချက်သည် တပ်မတော်တစ်ခုတည်းနှင့် ဆိုင်သည့် အရာမဟုတ်ပဲ နိုင်ငံသားအားလုံး၏ ဘ၀နှင့် တိုက်ရိုက် ပတ်သက် သဖြင့် လွတ်တော်အတွင်း ဥပဒေပြဋ္ဌာန်းရုံဖြင့် မလုံလောက်ကြောင်း ပြည်သူ့ဆန္ဒခံယူဖို့ လိုအပ်ကြောင်း သိရသည်။
ယင်းဥပဒေသည် နအဖ၏ စစ်တပ်ဗဟိုပြု စဉ်းစားချက်ဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးနှင့် တည်ငြိမ်ရေးကို မဆောင်ရွက် နိုင်ကြောင်း ပြည်တွင်း စစ်ကာလ နိုင်ငံမတည်ငြိမ်သည့်ကာလတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို အပြင်းအထန် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF သည် နအဖစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေ သည့် ထိုင်း- မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။
ပါလီမန် အရေခြုံ စစ်အာဏာရှင် စနစ်ဟု ABSDF ဥက္ကဋ္ဌ ပြော
တိုက်ပွဲသတင်း
ဆုံဆည်းရာ မှ....
နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ(၂၉၉)နှင့် စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ ယာယီစခန်းအား ယမန် နေ့လည် ၁၂ နာရီကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီးပါးခန့် ပစ်ခတ်ခဲ့သည်။ ယခုလက်တလောတွင် စစ်ရေးအခြေအနေအရ ဒီကေဘီအေ ဘက်မှ အူးကလော့ထာ့ စခန်းမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရှိရသည်။
မြန်မာဘက်ခြမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ မြန်မာစစ်ပြေးဒုက္ခသည် ၂၀၀ နီးပါး ထိုင်းဘက်ကမ်းရှိ ငေါင်ဖိုင်ရွာ၊ ကျောက်ခက်ရွာ၊ ဟွေးနန်းနပ်ရွာ တွေဆီကို ယမန်နေ့က ထပ်မံထွက်ပြေးလာတယ်လို့ သိရှိရပါတယ်။
နအဖစစ်တပ် ဘက်မှ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ တပ်ဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁နာရီကျော် အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အကျဉ်းသားပေါ်တာ ၄ဦး ထပ်မံ လွတ်မြောက်လာ
KIC သတင်းမှ............
ကရင်ပြည်နယ် KNU တပ်မဟာ(၇)အတွင်း ၀င်ရောက်လှုပ်ရှားလာသည့် နအဖ တပ်မ(၂၂) တပ်ဖွဲ့စစ်ကြောင်းများ နှင့်အတူ လိုက်ပါရသည့် အကျဉ်းသားပေါ်တာ ၄ဦးသည် ယနေ့တွင် နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ထံသို့ ထပ်မံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရှိရသည်။
ဇန်န၀ါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အတွင်း နအဖ တပ်မ(၂၂)မှ အကျဉ်းသား ပေါ်တာ ၅ဦး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၇)လက်အောက်ခံ KNLA ထံတွင် ထွက်ပြေးရောက်ရှိလာခဲ့သလို ယနေ့တွင် အကျဉ်းသားပေါ်တာ ၄ဦး ထပ်မံ ရောက် ရှိလာခြင်း ဖြစ်သည်။
ယခု ထွက်ပြေးလွတ်မြောက်လာသည့် အကျဉ်းသား ၄ဦးမှာ ကရင်ပြည်နယ်၊ တောင်ကလေးထောင်မှ စောစိန်အေး ၃၉နှစ်၊ ဘိုဘို ဇော် ၂၃နှစ်၊ မင်းမင်းစိုး ၂၄နှစ်နှင့် ပဲခူးတိုင်း ယာသာဝတီထောင်မှ အသက် ၄၅နှစ်အရွယ် အေးလွင်တို့ ဖြစ်ပြီး ၎င်းတို့သည် နအဖ တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၁)တပ်ရင်းနောက်ကို ၀န်ထမ်းအဖြစ် KNU တပ်မဟာ(၇)နယ်မြေတွင် ယခုလဆန်းပိုင်းက ရောက်ရှိလာခဲ့ရာမှ ယခုလို ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း တောင်ကလေးထောင်မှ စောစိန်အေးက ပြောသည်။
“ဒီရှေ့တန်းကို ပေါ်တာလာထမ်းရတာ တောင်ကလေးထောင်က အကျဉ်းသား ၁၀၀ ပါတယ်။ အခု ထွက်ပြေးတာက သုံးယောက် ပေါ့နော်။ ကျန်တယောက်ကတော့ တယောက်ပဲ ထွက်ပြေးလာတာ။ ကျနော်က လှိုင်းဘွဲမြို့နယ်က တကောရွာကပါ။ ဘာအမှု၊ အပြစ်မှ မရှိဘဲ ထောင်ကျတာ။ ၂၀၁၀၊ ဆယ်လပိုင်းတုန်းက ရာဘာခြံတခုမှာ မြက်ရှင်းရင်း ဗိုလ်ဘသိန်း ဦးဆောင်တဲ့ BGF တပ် ဖွဲ့က ကျနော့်ကိုဖမ်းပြီး စစ်တပ် လက်ထဲအပ်လိုက်တော့ တောင်ကလေးထောင်ကို အပို့ခံရတာပဲ။ ထောင်မှာ ၁လနဲ့ ၆ရက်အ ကြာမှာ ပေါ်တာအဖြစ် ရှေ့တန်းနယ်မြေကို အပို့ခံရပြီး အခု ဒီလိုထွက်ပြေးလာတာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
နအဖ စစ်ကြောင်းနောက်ကို လိုက်ပါခဲ့ရစဉ် စစ်သားများ၏ ထိုးကြိတ်ရိုက်နှက်ခြင်းခံရသည့်အပြင် မိုင်းနင်းမိသည့် အကျဉ်းသား များရှိသလို တိုက်ပွဲအတွင်း ဒဏ်ရာရသူများလည်း ရှိသည်ဟု ထွက်ပြေးလွတ်မြောက်လာသူ မင်းမင်းစိုးက ပြောသည်။
မင်းမင်းစိုးကလည်း “သူတို့ (နအဖ)နောက်လိုက်ရင် သူတို့ခိုင်းသမျှ လုပ်ရတဲ့အပြင် ထိုးကြိတ်ကန်တာ၊ သေနတ်ဒင်နဲ့ အထုခံရ တာ ရှိတယ်။ ကျနော်တော့ အဲလိုခံရတာ မရှိဘူး။ ဒီလ ၉ရက်က ကျနော်တို့နဲ့ ပါလာတဲ့ ပေါ်တာတယောက် မြေမြှုပ်မိုင်း နင်းမိ တော့ သူ့ကို ဆေးတိုက်ကျွေးတာတော့ တွေ့တယ်။ အဲလို မိုင်းအပြင် သေနတ်ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ကို နအဖတပ် ခမရ(၉၁၃)စခန်းမှာ ပို့တယ်လို့ ကြားတယ်။ ဘယ်မှာလဲတော့ မသိဘူး။” ဟု ပြောသည်။
ရှေ့တန်းအထမ်းသမားအဖြစ် နအဖ အသုံးပြုသည့် အကျဉ်းသားများသည် လူသတ်မှု၊ လူရိုက်မှု၊ မှောင်ရိပ်ခိုမှု၊ နှစ်လုံးထီရောင်းမှု စသည့် ပြစ်မှုကျူးလွန်ထားကာ ထောင်ကျနေသူများ ဖြစ်ကြပြီး နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
ထွက်ပြေးရောက်ရှိလာသည့် နအဖ တပ်၏ အကျဉ်းသားပေါ်တာများပတ်သက်၍ KNLA တပ်မဟာ (၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစော မျိုးမင်းသူက “သူတို့(ပေါ်တာ)တွေ ကျနော်တို့ဆီ ထွက်ပြေးရောက်ရှိလာတယ်ဆိုတော့ ဆန္ဒရှိရာကို သွားနိုင်ဖို့ အကောင်းဆုံး တော့ ကူညီပေးတာပါပဲ။ နောက်ထွက်ပြေးလာအုံးမဲ့ ပေါ်တာတွေ အများကြီး ရှိအုံးမှာပဲ။”ဟု ဆိုသည်။
လက်ရှိ KNU တပ်မဟာ(၇)နယ်မြေတွင် နအဖ စစ်တပ် တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၀၁)၊ (၂၀၂)၊ (၂၀၄)၊ (၂၀၅)၊ (၂၀၉) တပ်ရင်းများနှင့် နဂိုရှိထားသော စကခ(၁၉)လက်အောက်ခံ တပ်ရင်း ၄ရင်းနှင့် တိုင်းတပ်ရင်း တရင်းတို့ လှုပ်ရှားလျှက်ရှိသည်ဟု နယ်မြေခံ KNLA တပ်ရင်းများ၏ ပြောပြချက်အရ သိရသည်။
ဝေါ်လေဒေသ တိုက်ပွဲ ပြင်းထန်လာ
KIC သတင်းမှ........
ကရင်ပြည်နယ၊် မြ၀တီခရိုင် ဝေါ်လေဒေသ၌ နအဖနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဝင်တို့အကြား ယနေ့တနေ့လုံးနီးပါး အ ပြန်အလှန်ပစ်ခတ်မှုအခြေအနေသည် ယခင်ရက်များထက် မိုပိုပြင်းထန်လျှက်ရှိသည်ဟု ကရင်တပ်ဖွဲ့များ ဘက်က ပြောသည်။
စစ်သည်အင်အား ၁၈၀ကျော်ရှိသည့် နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ (၂၉၉)နှင့် စကခ (၈)လက်အောက်ခံ ခမရ (၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ DKBA တပ်ဖွဲ့ဝင်များး၏ ယာယီစခန်းအား ယနေ့ နေ့လည် ၁၂ကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီး ပါးခန့် ပစ်ခတ်ခဲ့သည်ဟု DKBA ဘက်က ပြောသည်။
DKBA တပ်မဟာ(၅) လက်နက်ကြီးတပ်ဖွဲ့မှ ဗိုလ်ကြီး စောစမင်းက “ ဒီနေ့ ၁၂နာရီခွဲကနေ ညနေ ၆နာရီ ကျော်အထိ နအဖဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ မရေတွက်နိုင်လောက်အောင် ကျနော်တို့စခန်းကို ပစ်ခတ်ကြတယ်။ ကျနော်ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ စခန်းကို တက်သိမ်းဖို့ သူတို့ (နအဖ) သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် သူ့လူတွေအထိနာလို့ ပြန်ဆုတ်လိုက်ရတယ်။”ဟု ပြောသည်။
ယနေ့ တိုက်ပွဲတွင် နအဖဘက်က ထိခိုက်ဒဏ်ရာရှိရသူ အရေအတွက် အတိအကျ မသိရှိရသော်လည်း ကရင်တပ် ဖွဲ့ဝင်များဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ကရင်တပ်ဖွဲ့ဝင်များက ပြောသည်။
အလားတူ ဖလူးကျေးနယ်ဘက်တွင်လည်း နအဖစစ်တပ်က ဗိုလ်မှူးကြီး စောကျော်သက်ဦးဆောင်သည့် DKBA တပ်ဖွဲ့အား မွန်းလွဲ ၁နာရီကျော်အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် တ ဖက်သတ် ပစ်ခတ်ခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
ပြီးခဲ့သည့် ၁၂ရက်နေ့က ဖလူးကျေးနယ်တွင် နအဖတပ်ဖွဲ့မှ လက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီးစောကျော်သက်ထိုင်သည့် ကဆောဝါးလေး ယာယီခံစစ်စခန်းအား နေရာဖယ်ပေးခဲ့ရသည်ဟု သိရှိရ သည်။
လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတရက်အလွန် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဗိုလ်မှူးချုပ် စောလားပွယ်ဦးဆောင်သည့် DKBA တပ်မဟာ (၅) တပ်ဖွဲ့တို့ကြား ပြစ်ခတ်မှုသည် လက်ရှိအ ချိန်ထိ တိုက်ပွဲအခြေအနေ ပြင်းထန်လျှက်ရှိပြီး DKBA ဘက်မှ KNLA၊ ABSDF တပ်ဖွဲ့တို့က စစ်ရေး ပူးပေါင်းလာသလို နအဖဘက်ကလည်း နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းထိုးစစ်ဆင် လာသည်ဟု သိရသည်။
နအဖ စစ်ကားအစီး ၅၀ကျော် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် ဘက် ၀င်ရောက်လာ
KIC သတင်းမှ.................
နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၅)လက်အောက်ခံ တပ်ရင်းများသည် ယခုဇန်န၀ါရီလ ၁၂ရက်နေ့က စစ်ကားအစီး (၅၀) ကျော်ဖြင့် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းသို့ ၀င်ရောက်လှုပ်ရှားလာကြောင်း ထိုဒေသမှလာသည့်သတင်းအရ သိရသည်။
နအဖ စကခ (၅)လက်အောက်ခံ တပ်ရင်းများသည် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများနှင့်အတူ ဇန်န၀ါရီလ ၁၂ရက်နေ့က စစ် ကားအစီး(၄၄)စီးဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိလာခဲ့သလို ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း စစ် ကား ၁၅စီးဖြင့် ၀င်ရောက်လှုပ်ရှားလာသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ပြီးခဲ့တဲ့ ၁၂ရက်နေ့က စကခ (၅)လက်အောက်ခံ တပ်တွေပေါ့။ စစ်ကား (၄၄)စီးနဲ့ ချောင်းနှစ်ခွကနေ ကြာအင်း ဆိပ်ကြီးမြို့ကို တက်လာတယ်။ ဒီတပ်တွေက အသစ်ဝင်လာတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုနေ့တရက်တည်းတွင် စကခ(၅)လက်အောက်ခံ၊ အင်အား ၁၇၀ခန့်ရှိသော ခမရ(၅၆၃)တပ်ရင်းသည် စစ်ကားကြီး ၁၅စီးဖြင့် ကော့ကရိတ်မြို့နယ် နန်းရွှေမှုန်၊ ဒေါက်ပလန်မှာ ရောက်ရှိလာခဲ့ပြီး နောက်တနေ့ ဇန်န၀ါရီလ(၁၃)ရက်နေ့၌ ဒေါက်ပလန်ရွာအ ပြင်ဘက်တွင် ဒေသခံ KNLA တပ်ရင်း(၁၈)တပ်ဖွဲ့ဝင်များ၏ ပြောက်ကျားတိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ၎င်းတို့တပ်ဖွဲ့ဝင် ၂ဦးသေဆုံး ကာ ၂ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထိုဒေသခံက ပြောသည်။
ထိုဒေသသို့ ရောက်ရှိလာသည့် အဆိုပါ စကခ(၅)တပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနယ်သို့ ဦးတည်သွားရန်ရှိ ပြီး ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်မြေမှ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်အတွင်းသို့ ၀င်ရောက်လှုပ်ရှားလာခြင်းမှာ မည် သည့်အစီအစဉ်ကြောင့်ဆိုသည်ကို အတိအကျ မသိရသေးသော်လည်း လက်ရှိ ၎င်းတို့နှင့် DKBA တပ်ဖွဲ့၏ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်ဘက်သို့ အားဖြည့်ရန် ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟု KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန် က ယခုလို ခန့်မှန်းပြောဆိုသည်။
သူက “သူတို့တပ်တွေ(နအဖ)က ကြာအင်းကနေ ကျိုက်ဒုံကို ဦးတည်သွားဖို့ ရှိတယ်။ ကျိုက်ဒုံမှာ တပ်စခန်းရှိတာကိုး။ သူတို့မှာ ဘာအစီအစဉ်တွေနဲ့ လာသလိုဆိုတာကို ကျနော်တို့ စုံစမ်းနေပါတယ်။ သူတို့ တပ်အပြောင်းအလဲ လာလုပ်တာလား။ ဒါမှမဟုတ် ရှင်းလင်းမှုတွေ လုပ်မှာလားတော့ ကျနော်တို့ အသေအချာမသိရသေးဘူး။ အခု ဖလူးဘက်က ဒီကေဘီအေနဲ့ တိုက်ပွဲဖြစ်နေတာ ကို အဲဒီကျိုက်ဒုံဘက်က လမ်းကြောင်းနဲ့ တချို့ပို့မှာဖြစ်သလို ကျိုက်ဒုံဘက်ကနေတဆင့် ချူကလိ၊ ကွီးတာဟိုးဘက်ကိုသွားတဲ့ လမ်းကြောင်းလည်း ရှိတယ်လေ။ ကျိုက်ဒုံကနေတဆင့် အဲဒီဘက်ကို အားဖြည့်သွားဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။”ဟု ပြောသည်။
နအဖ စကခ (၅)တပ်ဖွဲ့သည် ပြီးခဲ့သော ၂၀၀၆မှ ၂၀၀၉ခုနှစ်အထိ ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်ဘက်တွင် KNU တပ် မဟာ(၂)ကို ချေမှုန်းစစ်ဆင်ရေးအဖြစ် ၀င်ရောက်လှုပ်ရှားခဲ့စဉ် ဒေသခံလူထုအပေါ် နှိပ်စက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ လုပ်အားခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သလို ၎င်းတို့၏ စကခ မှူးဟောင်း ဗိုလ်မှူးချုပ်ကောင်းမြတ်မှာ ကေအဲန်ယူ၏ တိုက်ခိုက်မှုကြောင့် ၂၀၀၉ခုနှစ်တွင် တောင်ငူဒေသ၌ ကျဆုံးသွားခဲ့သည်။
အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်
VOA သတင်း မှ.......
အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ်လာခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ဆုတ်ယုတ်လာခဲ့ရတာဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ဝေဖန် ဆန့်ကျင်မှု အားနည်းလာတဲ့အတွက် အာဏာရှင် အစိုးရတွေက အာဏာပိုရှိလာတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ဒီအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာမှာ နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ အခွင့်အရေး လွတ်လပ်မှု အဆိုးတကာ့ အဆိုးဆုံးနိုင်ငံ ၄၇ နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဆိုထားပါတယ်။
မနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအဖွဲ့ရဲ့ နှစ်စဉ် အစီရင်ခံစာမှာ Freedom House အဖွဲ့ကြီးက ၂၀၁၀ မှာ ကမ္ဘာပေါ်မှာ လွတ်လပ်မှုတွေ ဆုတ်ယုတ်လာတယ်၊ အခုလို ဆုတ်ယုတ်လာတာဟာ ၅ နှစ်ဆက်တိုက် ရှိလာပြီလို့ ဆိုထားပါတယ်။
ဒီအဖွဲ့ရဲ့ သုတေသန ညွှန်ကြားရေးမှူး အက်ရှ် ပရက်တင်တန်က ဒီလိုဖြစ်ခဲ့တဲ့ အဆိုးဆုံး ဖြစ်ရပ်ထဲမှာ မနှစ်က တရုတ်နိုင်ငံဟာ သူ့နိုင်ငံ အတိုက်အခံ ပညာရှင် လျူရှောင်ဘို (Liu Xiaobo) ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရတာကို ဒေါသတကြီး တုံ့ပြန်ခဲ့တာလည်း ပါတယ်လို့ ဆိုပါတယ်။
ကြေညာချက် တခုထဲမှာတော့ ဘယ်အစိုးရကမှ ဆိုဗီယက်တို့၊ နာဇီ ဂျာမနီတို့တုန်းကတောင်မှ ဒီ နိုဘယ်လ်ဆုပေါ်မှာ အခုလို ရိုင်းရိုင်းပြပြ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ရုရှားနိုင်ငံမှာလည်း စိတ်ပျက်စရာ ဖြစ်ခဲ့တယ်၊ ရုရှား ရေနံသူဌေးကြီးနဲ့ အစိုးရ ဝေဖန်သူ မစ်ခေး ကိုဒိုကော့စကီးကို ထောင်ချတာက သက်သေပြနေတယ်လို့ ဆိုပါတယ်။
ဗင်နီဇွဲလား သမ္မတ ဟူဂို ရှာဗက် (Hugo Chavez) က သမ္မတ အမိန့်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဥပဒေပြု အဖွဲ့က ခွင့်ပြုလိုက်တာကိုလည်း ဝေဖန် ဆန့်ကျင်ထားပါတယ်။
အဖွဲ့ဥက္ကဋ္ဌ ပရက်တင်တန်က ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေက ဝေဖန်ထုတ်ဖော်မှုတွေ မလုပ်ရင် အာဏာရှင်တွေ ပိုပြီး အရှိန်ရလာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။
ဖာပွန်ဒေသတွင် နအဖတပ်ရိက္ခာထမ်းရန် အရပ်သား ၄၀၀ ကို BGF အဓမ္မတောင်းခံပေးနေ
စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာပေါင်း ၃၀ကျော်ရှိသော ကျေးရွာအုပ်စု ၃ခုမှ ဒေသခံအရပ်သား ၄၀၀ဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်းပေးရန် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်န၀ါရီလ ၇ရက်နေ့ကတည်းက အဓမ္မတောင်းခံနေဆဲဖြစ်သည်ဟု သိရသည်။
အဆိုပါ BGF တပ်ရင်းသည် ကမမောင်းမြို့မှ လှိုင်းဘွဲမြို့နယ် မာနယ်ပလောဂွင် မယ်ပရွာ(ရွာပျက်)သို့သွားမည့် အင်အား ၇၀၀ခန့်ရှိ နအဖ ခြေမြန်တပ်ရင်း(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းများ၏ ကျည်ဆံနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေး ရန်အတွက် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသားများကို ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုရန် ရွာသူကြီးများထံမှ ယခုလို တောင်းခံခဲ့ခြင်းဖြစ်သည်။
အင်အား ၂၀၀ ၀န်းကျင်ရှိ ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သော BGF (၁၀၁၃) တပ်ရင်းသည် အရပ်သား ပေါ်တာထမ်းသမား များကို စုဆောင်းရာတွင် ရွာကြီးလျှင် ကြီးသလို လူဦးရေ သတ်မှတ်ထားပြီး လက်ရှိအခြေအနေတွင် ပေါ်တာအထမ်းသမား ၂၀၀ခန့်ကို စုဆောင်းရရှိခဲ့သည်ဟု ဖာပွန်ခရိုင်မှ ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလို ပြော သည်။
၎င်းက “ကတိုင်တိကျေးရွာအုပ်စုထဲက နို့ဖောထီးရွာဆိုရင် အယောက် ၂၀ပေါ့။ တချို့ရွာက ၁၅ယောက်။ ငယ်တဲ့ရွာဆိုရင် ၇ ယောက်၊ ၈ယောက်၊ ၅ယောက် အဲလိုတောင်းတယ်။ တချို့ရွာက သူကြီးတွေ ပေါ်တာအထမ်းသမားတွေ မစုပေးနိုင်တဲ့အတွက် တွေ့သမျှ အရွယ်ရောက် ယောက်ျားတွေကို လိုက်ဖမ်းတော့တာပဲ။ ရွာသူကြီးဆိုရင်လည်း သူတို့(BGF)စုခိုင်းတာမရဘူးဆိုရင် အကြပ်ကိုင်ခံရတယ်။”ဟု ပြောဆိုသည်။
ဇန်န၀ါရီလ ၉ရက်နေ့က ပေါ်တာအထမ်းသမား မစုဆောင်းပေးနိုင်သည့် လေးဖိုးထာ့ကျေးရွာအုပ်စု ပိုကာရွာသူကြီး စောဖား ကျိုးနှင့် ကတိုင်တိကျေးရွာအုပ်စုမှ ပိုမာ့ဟဲရွာသူကြီး စောလှအေးနဲ့ မော့ချီးနူကို ဖမ်းဆီးထားကာ လက်ကို ကြိုးနှင့်ချည် ထိုး ကြိတ်ကန်ကျောက်ကာ သေနတ်ဒင်နှင့်ထုသည့်အပြင် ယခုအချိန်ထိလည်း ပြန်မလွှတ်မပေးသေးကြောင်း သိရသည်။
ဖာပွန်ခရိုင်နှင့် နယ်နီးစပ်ထိကပ်နေသည့် မာနယ်ပလောဂွင် မယ်ပရွာသို့သွားရောက်မည့် အဆိုပါနအဖတပ်များသည် လက်ရှိ အချိန်တွင် ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ယွန်းစလင်းချောင်းအရှေ့ဘက်ခြမ်းရှိ မဲ့ညောခီးရွာ တောင်ခြေတနေရာတွင် ရောက်ရှိနေသည်ဟု ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များက ဆိုသည်။
BGF တပ်ဖွဲ့ ယခုလို အတင်းအဓမ္မ ပေါ်တာစုဆောင်းမှုနှင့် ပတ်သက်၍ ဒေသခံရွာသားတဦးက “အလုပ်အကိုင် အဆင်မပြေတဲ့ ကြားမှာ ဒီလို ပေါ်တာဖမ်းတော့ ကျနော်တို့ မိသားစုအတွက် အလုပ်တွေပျက်တယ်။ နောက် ပေါ်တာလိုက်ထမ်းမယ်ဆိုရင် ဘယ်နှစ်ရက်အထိ ထမ်းရမလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးလေ။ တခေါက် ထမ်းရမယ်လို့ပဲ ပြောတယ်။ သွားမယ်ဆိုရင် လည်း လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲက ဘာတွေဖြစ်လာမလဲ ကြိုမှမသိထားတော့ ကြောက်တယ်။”ဟု ပြောသည်။
ယင်းသို့ BGF (၁၀၁၃)တပ်ရင်း၏ ပေါ်တာအထမ်းသမား စုဆောင်းခံရသည့် ကျေးရွာများမှာ တတိုင်တိကျေးရွာအုပ်စုမှ ကတိုင် တိ၊ နို့ဖောထီး၊ ဘောကျုလယ်(တ၀က်ပါတယ်)၊ ဖားလိုးဒို့၊ ဖားလိုးဖိုး၊ တောသူးကလား၊ ထီးသဲလေး၊ ပိုမာဟဲကျေးရွာများ၊ လေး ဖိုးထာ့ကျေးရွာအုပ်စုမှ ဘောကျုလယ်(တ၀က်ပါတယ်)၊ ပိုကာ၊ လေးဖိုးထာ့၊ ကျိုးဒေး၊ တရောပူ၊ မဲကြည်ခီး၊ ၀ါးဒူး၊ သာ့အော့ပ လေ၊ ၀ါ့တမူ၊ ပဟိကလား၊ ကျေးရွာများနှင့် ထီးသဘလုထာ့ကျေးရွာအုပ်စုမှ ထီးသဘလုထာ့၊ ထီးလော်သေထာ့၊ နို့ဂေါ်၊ ၀ါ့ သိုးကလား၊ ကပေခီး၊ ထီးဖဒို့ခီး၊ ထီးချောမဲ၊ ဘလယ့်ကယ်ရွာများ ဖြစ်သည်။
၁၉၉၄ခုနှစ်၊ ကေအဲန်ယူ၏ ဗဟိုဌာနချုပ် မာနယ်ပလောကျပြီးနောက်ပိုင်း ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဒေသခံ အရပ်သား များကို ပေါ်တာအထမ်းသမား အများဆုံး ဖမ်းဆီးခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး နအဖမှ မာနယ်ပလောဒေသကို စစ်အင်အားတိုးချဲ့ကာ ရှင်းလင်းရာတွင် စစ်ကူအဖြစ် အသုံးပြုရန်ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။
တိုက်ပွဲသတင်း
ဆုံဆည်းရာ မှ.........
နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းမှ လှိုင်းဘွဲ့မြို့နယ်မာနယ်ပလောဂွင်ကို နယ်ခြားစောင့်တပ်နှင့် နအဖ စစ်တပ်တို့မှ ပူးတွဲ ထိုးစစ်ဆင်ရန်အတွင် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသား ၄၀ ကျော်ကို စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများ ထမ်းခိုင်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
နအဖ စစ်တပ်မှ လှိုင်းဘွဲ့ မြို့နယ် မာနယ်ပလောဂွင်သို့ ထိုးစစ်ဆင်ရန် နည်းဗျူဟာ (၂၂၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် နအဖ စစ်တပ် ခမရ(၂၁၂)၊ ခမရ (၂၁၄)၊ ခမရ (၂၁၆)နှင့် ခမရ (၂၂၀)တပ်ရင်းများနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း အင်အား ၅၀၀ ခန့်ဖြင့် ထွက်ခွာသွားကြောင်းသိရှိရသည်။
နအဖ၏ အကျဉ်းသားပေါ်တာ ၅ဦး ထွက်ပြေးလွတ်မြောက်လာ
KIC သတင်းမှ.........
ကရင်ပြည်နယ်ရှိ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းသို့ နအဖ တပ်မ(၂၂) လက်အောက်ခံတပ်များနှင့် ပါလာသည့် ပေါ်တာများမှ အကျဉ်းသားပေါ်တာ ၅ဦး ယခုရက်ပိုင်းအတွင်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)ထံ ထွက်ပြေး လွတ်မြောက်လာခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
မွန်ပြည်နယ်၊ တောင်စွန်းထောင်မှ ၀င်းအောင်ဇော်၊ ရန်ကုန်တိုင်း အင်းစိန်ထောင်မှ ငြိမ်းချမ်း၊ စံပေါ၊ ၀င်းကျော်နှင့် အေးမင်းတို့ သည် ဇန်န၀ါရီလ ၄ရက်နေ့မှ ၁၁ရက်နေ့အတွင်း တပ်မ(၂၂)လက်အောက်ခံ တပ်ရင်းများမှ ထွက်ပြေးကာ ထိုဒေသတွင် လှုပ် ရှားနေသည့် KNLA တပ်ရင်း(၂၀၂) ဒုရင်းမှူး ဗိုလ်မှူးစောတာမလာတပ်ဖွဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်မဟာ (၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ပြောသည်။
နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်ရင်း ၅ရင်းသည် အကျဉ်းသားပေါ်တာများနှင့်အတူ ကေအဲန်ယူတပ်ဖွဲ့ဝင်များ နေရာယူ လှုပ်ရှားနေသည့် လှိုင်းဘွဲမြို့နယ်၊ မာနယ်ပလောဒေသသို့ ရောက်ရှိလာရာ ၎င်းတို့၏ တပ်စခန်းထိုင်ရာ ကြယ်ပြောင်ကုန်းအ ရောက်တွင် ခေါ်ဆောင်လာသည့် ပေါ်တာအထမ်းသမားများကို တောင်တက်လမ်းအတိုင်း လက်နက်၊ ကျည်ဆံ၊ ဆန်ရိက္ခာ များ သယ်ဆောင်ခိုင်းခဲ့ပြီး မထမ်းနိုင်သူများကို စစ်သားများက ရိုက်နှက်နှိပ်စက်သည့်အတွက် ထွက်ပြေးရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။
တောင်စွန်းထောင်မှ ၀င်းအောင်ဇော် ၃၀နှစ်က “ကျနော်တို့ထွက်လာတာ အကျဉ်းသားချည်းပဲ ၇၀၀ရှိတယ်။ ကျနော်တို့ တောင်စွန်းထောင်က ထောင်သား ၁၀၀။ ပေါ်တာထဲမှာ အရပ်သားတွေလည်း ၁၂၀လောက်ပါတယ်။ ကျနော်လိုက် ရတဲ့တပ် က (၂၀၈)တပ်ရင်း။ ပေါ်တာတွေက လူတစ်ယောက်ကို အလေးချိန် ၄၀-၅၀လောက်ရှိတဲ့ ဆန်တို့ ဗုံးသီးတို့ အစုံသယ် ရပါ တယ်။ ကျနော်ဆို အလေးချိန်ပိဿာ ၅၀လောက်ရှိတဲ့ ကျည်ဆံအကြီးတွေ သယ်ရတယ်။ အခု ထွက်ပြေးလာရတာကလည်း ထမ်းရတဲ့ဝန်တွေက မနိုင်လို့ သူတို့က ရိုက်ပုတ်နှိပ်စက်ပြီး သေနတ်ဒင်နဲ့ထုလို့ ကျနော်တို့ မခံနိုင်လို့ ထွက်ပြေးလာတာပါ။”ဟု ဆိုသည်။
အသက် ၂၀အရွယ် အင်းစိန်ထောင်မှ ငြိမ်းချမ်းက “၀န်ထမ်းတွေက ထမ်းရတာအတူတူပါပဲ။ သူတို့က ပေါ်တာတွေကို ၀န်ထမ်း လို့ ခေါ်တယ်။ သူတို့စားတဲ့ ရိက္ခာ ဆန်တွေ၊ ဆီတွေ၊ လက်နက်ကျည်ဆံတွေ၊ ဗုံးတွေထမ်းရတယ်။ ကျနော်ထမ်းရတာက အလေးချိန်အားဖြင့်တော့ ဆန်အိတ် တစ်အိတ်ခွဲလောက် ရှိတယ်။ သားလည်း နှစ်ရက်ပဲ ထမ်းပြီး အားတင်းထားတာ မထမ်း နိုင်တော့ဘူး။ ပုခုံးတွေလည်း နာပြီ။ ခြေထောက်တွေကလည်း မရတော့ဘူး။ ညဘက်ကျတော့ ၀န်ထမ်းတွေ အိပ်ချိန် ချောက် ထဲလှိမ့်ချပြီး ထွက်ပြေးလာလိုက်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
နအဖ စစ်တပ်သည် အကြောင်းပြချက်မရှိဘဲ အင်းစိန်၊ သာယာဝတီ၊ မန္တလေး၊ သရက်၊ တောင်စွန်း၊ မော်လမြိုင်နှင့် ဖားအံ ထောင်များမှ အကျဉ်းသားများကို ၈၀၀ကျော်ကို ခေါ်ထုတ်လာခဲ့ပြီး ဖားအံ(တောင်ကလေး)ထောင်သို့ ရောက်ရှိလာကာ ထိုမှ တဆင့် မာနယ်ပလောနှင့် ဖလူး၊ ဝေါ်လေဒေသများသို့ နယ်မြေခွဲကာ စစ်ကားတစ်စီးလျှင် လုံခြုံရေးစစ်သား ၈ဦး၊ ပေါ်တာ ၂၀ခန့်စီ တင်ဆောင်ရောက်ရှိလာခြင်းဖြစ်သည်။
မောင်ငြိမ်းချမ်းက “ကျနော်က ၁ရက်နေ့မှာ စစ်တပ်နဲ့ပါလာတာ။ လမ်းမှာကတည်းက လွတ်ရက်စေ့တာကို ပြန်မလွှတ်ပေးဘူး ခင်ဗျ။ ထောင်ကနေ လာထုတ်သွားတုန်းက ထောင်ပြောင်းမလိုလို၊ လမ်းဖောက်မလိုလို ဘာမှမပြောဘဲ ရဲတွေက ခေါ်လာ တာ။ အင်းစိန်ထောင်ကနေ ဖားအံကို တိုက်ရိုက်ပို့ပါတယ်။ ဖားအံထောင်မှာ တစ်ညအိပ်ပြီး မနက်ကျ စစ်ကားကိုမြင်တော့မှ ပေါ်တာမှန်းသိတာ ခင်ဗျ။ ကျနော် မသိလို့ မေးချင်တာက တရားရုံးကလည်း ထောင်သားတွေကို တရားမစီရင်ဘဲ ဘာလို့ တောထဲကို ပေါ်တာပို့ရတာလဲပေါ့။”ဟု ပြောသည်။
နအဖတပ်များသည် အကျဉ်းသားပေါ်တာများကို တပ်ပစ္စည်းရိက္ခာများ ထမ်းပိုးခိုင်းသည့်အပြင် ၎င်းတို့တပ်ဖွဲ့၏ရှေ့မှ မိုင်းရှင်း ကိရိယာသဖွယ် သွားခိုင်းနေသည့်အတွက် မိုင်းနင်းမိသူများလည်း ရှိနေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ အေးမင်း ၂၅နှစ်က “ပေါ်တာတွေက မိုင်းကွင်းထဲ သွားလာနေရတော့ မိုင်းနင်းမိတာတွေလည်း အများကြီးပဲ။ ပေါ်တာထဲက မိုင်းမိတဲ့သူကို ကျနော် ကိုယ်တိုင်တွေ့တာ ၃ယောက်ရှိပြီ။ ဘယ်သူမှလည်း ဆေးမကုပေးဘူး။ သေလူလိုပဲ ထားတယ်။”ဟု ဆိုသည်။
နအဖ တပ်များ ခေါ်ဆောင်လာသည့် ပေါ်တာများမှာ အကျဉ်းသား အများစုဖြစ်သော်လည်း ဖားအံမြို့အ၀င်နှင့် အထွက်တွင် အရပ်သားအချို့ကို ပေါ်တာအဖြစ် အတင်းအကြပ် ရိုက်နှက်ခေါ်ဆောင်လာခဲ့သေးကြောင်း အကျဉ်းသားပေါ်တာများက ပြော သည်။
စစ်အစိုးရတပ်များသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဒေသများသို့ ထိုးစစ်ဆင်ရန် ပေါ်တာများကို စစ်မြေပြင်သို့ ခေါ်ဆောင်လာလေ့ရှိကြောင်း နအဖ တပ်ပြေးများ၏ ပြောပြချက်များအရ သိရသည်။
နအဖတပ်များသည် ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ရွေးကောက်ပွဲမှစ၍ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း ပြောက်ကျားလှုပ် ရှားကာ ၎င်းတို့တပ်ရင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နှင့် KNLA တပ်များကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့က အကျဉ်းသားများကို ရှေ့တန်းစစ်မြေ ပြင်သို့ ပေါ်တာအဖြစ် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
KNLA တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက “နအဖတွေက ကျနော်တို့ဘက်မှာတော့ မာနယ်ပလောဂွင်မှာပဲ ပေါ်တာတွေ ခေါ်လာတာ ၂၀၀ကျော်ရှိတယ်။ ကျန်တဲ့နေရာတွေမှာက ပြောက်ကျားလှုပ်ရှားနေတော့ မိုင်းထိမှာစိုးလို့ သူတို့မ လာဘူး။ အခုလာတဲ့တပ်တွေက ခမရ(၂၀၁)၊ (၂၀၂)၊ (၂၀၄)၊ (၂၀၅)နဲ့ (၂၀၉)တို့ပဲ။ နဂိုရှိထားတာက စကခ(၁၉)ရဲ့ တပ်ရင်း ၄ရင်းနဲ့ တိုင်းတပ်တရင်းလေ။”ဟု ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၌ နအဖ ခမရ(၃၄၃)က ယာဉ်တန်းလုံခြုံရေးနှင့် ခလရ(၆၁)က လမ်းလုံခြုံရေးကို တာဝန်ယူ နေရပြီး အကျဉ်းသားများနှင့် ရောက်ရှိလာသည့် တပ်မ(၂၂)မှာ နယ်မြေခံ စကခ(၁၉)တပ်များနှင့် မကြာခင် တပ်ချိန်းရန်ရှိ သော်လည်း လက်ရှိအချိန်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်မည်ဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရသည်။
စကခ(၁၉)၏ ကျန်တပ်ရင်းများနှင့် စကခ(၁၂) လက်အောက်ခံ တပ်များသည် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေဘက်တွင် လှုပ်ရှားနေပြီး ထိုဒေသဘက်သို့ နအဖတပ်များ ခေါ်ဆောင်သွားခဲ့သည့် အကျဉ်းသားပေါ်တာများလည်း နယ်စပ်ဘက်သို့ အလားတူ ထွက်ပြေးလျှက်ရှိသည်ဟု သိရသည်။
တယောက်လက် တယောက်ကူး .. ကရင်နှစ်သစ်ကူး
http://www.blogger.com/post-create.g?blogID=4008378868610760579
နို့ဖိုးတောင်ထိပ်ဖျားမှာ ကရင်အမျိုးသားအလံကို လွှင့်ထူထားတယ်။ လေထဲမှာ တလွင့်လွင့် လှုပ်နေတဲ့ အလံက ကရင်လူမျိုးတွေရဲ့ ရင်ထဲကခံစားမှုနဲ့ ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်။ တောပန်းတောင်ပန်း ရနံ့တွေကြား သင်းပျံ့ပျံ့ မွှေးနေတဲ့ ကောက်သစ်စပါးကို မောင်းထောင်းရင်း ကရင်လုံမငယ်တွေ တေးသီချင်း သီဆိုနေကြတယ်။
သူတို့ကရင်ဘာသာကို ကျမနားမလည်ပေမယ့် သီချင်းသံကိုနားထောင်ပြီး ပျော်ရွှင်လိုက်၊ လွမ်းမောလိုက် ဖြစ်နေတဲ့ ကရင်မိန်းကလေးကိုကြည့်ပြီး ခံစားနိုင်ပါတယ်။ စကောကရင်လူမျိုးတွေက “ထာ” ဆိုတဲ့ သီချင်းဆိုပွဲ လုပ်သလို ပိုးကရင်တွေက ဒုံးယိမ်းကပြီး နှစ်သစ်ကူးပွဲ ကျင်းပကြတယ်။
ဒုံးယိမ်းကနေသူတွေကလဲ ကရင့်နှစ်သစ်ကူး ဒုံးပြိုင်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေကြတယ်။ အားမာန်ပါတဲ့ သီချင်းသံနဲ့ စုပေါင်း ကခုန်နေတဲ့ လှုပ်ရှားသံတွေက ဟိန်းထွက်နေတယ်။ ကောက်သစ်စပါးကို မောင်းနေတဲ့ အသံကလဲ ဒုံးယိမ်းသံကြားမှာ ပျောက်မသွားဘူး။ ဒီကောက်သစ်စပါးနဲ့ “ ဖိဖိနတ်” ကို တင်မြှောက်မယ်။ ဖိဖိနတ်က ဝမ်းစာဖူလုံဖို့ စောင့်ရှောက်ကူညီမယ်ဆိုတာ သူတို့ယုံကြည်ကြတယ်လေ။ နောက်ပြီးဒီနှစ်က ထူးခြားတယ်။
၆နှစ်တကြိမ် ဝါထပ်တာမို့ ၂ဝ၁၁ ဇန်နဝါရီ၅မှာ ကရင်နှစ်သစ်ကူးတကြိမ်၊ ၂ဝ၁၁ ဒီဇင်ဘာ၅မှာ ကရင်နှစ်သစ်ကူးတကြိမ် ပေါင်း၂ကြိမ်မို့ ထူးခြားတယ်။ ဒါကြောင့် ခါတိုင်းနှစ်သစ်ကူးထက် ဒီနှစ် နှစ်သစ်ကူးမှာ အကြံအစည်တွေ ပိုပြီး အောင်မြင်မယ်လို့ မျှော်လင့်ယုံကြည်ကြတယ်။
ရှေးရှေးပဝေသဏီ လူ့ယဉ်ကျေးမှုအစအဦးထဲက လူ၊ တိရစ္ဆာန်၊ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ တိုးတက်ပွားစည်အောင် အပျက်အစီး မရှိအောင် ဆုတောင်း တင်မြှောက်တဲ့ ဓလေ့ ရှိတယ်ဆိုတာကို သက်သေ သာဓကတွေနဲ့ တင်ပြတာ ကျမဖတ်ဖူးတယ်။
အခုလဲ ကရင်နှစ်သစ်ကူးပွဲတော်မှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို “ဖိဖိနတ်” နတ်စင်ဆောက်ထားတဲ့ နေရာမှာ ပုံထားမယ်။ ကောက်သစ်စပါးနဲ့ ထမင်းချက်၊ ကြက်ကို အင်္ဂါစုံအောင် ချက်ထားမယ်။ တာလပေါဟင်း ချက်မယ်။ အားလုံးစုံအောင် လုပ်ပြီးရင် ဖိဖိနတ်ကို ပူဇော်တင်မြှောက်မယ်။ နောက်နှစ်တွေမှာ ရာသီဥတု ကောင်းအောင်၊ ကောက်ပဲသီးနှံတွေ အပျက်အစီး မရှိအောင် ဆုတောင်းကြတဲ့ ပွဲတော်လဲဖြစ်ပါတယ်။
နတ်တင်နေတဲ့ အချိန်မှာ လေတိုက်ပုံကိုကြည့်ပြီး လာမယ့်နှစ် မိုးကောင်းမယ် မကောင်းဘူးလဲ ကြိုတင် ခန့်မှန်းကြတယ်။ ပြာသိုလဆန်း ၁ရက်မှာတော့ ဖိဖိနတ်ကို တင်မြှောက်ကြပါတယ်။ ဖိဖိနတ်ကို တင်မြှောက်ပြီးတာနဲ့ နတ်တင်သူနား ဝိုင်းနေသူတွေက ဆုတောင်းပြည့်အောင် တဇွန်းလောက်၊ တဆုပ်လောက် စတိစားကြတယ်။ သပြေပန်းတွေ ခေါင်းထိုးကြတယ်။ အန္တရာယ်ကင်းအောင် ဆောင်ထားကြတယ်။
“ဖိဖိနတ်”တင်ပြီးတာနဲ့ ချောတိုင်တက်ပွဲ၊ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲတွေ၊ ဒုံးယိမ်းပွဲတွေ ကျင်းပကြတယ်။ ကရင်နှစ်သစ်ကူး မတိုင်ခင် ဒုက္ခသည်စခန်းထဲမှာ ၁ လကြိုပြီး ဘောလုံးပွဲ ကျင်းပတယ်။ နှစ်သစ်ကူးနေ့မှာတော့ ဗိုလ်လုပွဲအတွက် ကစားကြတယ်။ ဘောလုံးပွဲကို ရွာနီးချုပ်စပ်က ကရင်လူမျိုးတွေ ဒေသအခေါ် တောင်ပေါ်ကရင်တွေပါ ဝင်ပြိုင်ကြတယ်။
ဘောလုံးပွဲမှာ အားကစားကော်မတီက ကွင်းလယ်ဒိုင်၊ စည်းကျပ်ဒိုင်အတွက် ဒုက္ခသည်တွေထဲက စိတ်ပါဝင်စားသူတွေကို သင်တန်းပေးပြီး ကူညီ ဆောင်ရွက်ခိုင်းပါတယ်။ ကမ္ဘာ့ဖလားပွဲတွေမှာလို ဗီဒီယို မှတ်တမ်းတွေနဲ့ ရိုက်ထားတာမရှိတော့ အငြင်းပွားစရာတွေ အများကြီးပေါ့။ ဒါပေမဲ့လဲ ကရင်လူမျိုးတွေကို ပူးပေါင်း ပါဝင်ပေးတဲ့ ဘောလုံးအသင်းဝင်တချို့က ခွင့်လွှတ်ပေးကြပါတယ်။ ညီညွတ်ခြင်းဆိုတာ တဦးချင်း တာဝန်ကျေမှုနဲ့လဲ ဆိုင်တယ်ဆိုတာကို သိထားကြတာမို့ မုဒိတာပွားစရာပါပဲ။
ဘောလုံးပွဲကိုတော့ ကလေးလူကြီး အကုန်ကြိုက်ကြတယ်။ သက်ကြီးရွယ်အို၊ ကျားမ မရွေးလူစုံပဲ။ ရင်ခွင်ပိုက်ကလေးတွေ၊ ကျောပိုးအရွယ်တွေအစ မတ်တတ်ပြေးအရွယ်တွေပါ ဘောလုံးပွဲလာကြတယ်။ ကိုယ်ကြိုက်တဲ့ အသင်း၊ ကိုယ်ကြိုက်တဲ့ ဘောလုံးသမားကို “ထူး…ထူး”လို့ ကရင်လို အော်ကြတယ်။ ဗမာလို ကန်..ကန်လို့ အဓိပ္ပာယ်ရပါတယ်။ ဖိနပ်မစီးနိုင်သူရော၊ ကားဆိုင်ကယ်စီးနိုင်သူရော တပြေးညီ ရင်ဖွင့်ခံစားနိုင်တာက ဘောလုံးပွဲပါပဲ။ ဒုက္ခသည်တွေရဲ့ ရင်တွင်းခံစားချက်တွေ၊ မွန်းကျပ်မှုတွေကို ထွက်ပေါက်ပေးနိုင်တဲ့ ဘောလုံးပွဲမို့ ဘောလုံးကွင်းထဲမှာ ပရိသတ်က ဝက်ဝက်ကွဲ။
ဘောလုံးပွဲကြည့်ပြီး လက်ဝှေ့ပွဲကြည့်ရသလို ခံစားရတဲ့အခါလဲ ရှိတယ်။ ကွင်းထဲမှာ ကန်နေသူကို အားမရလို့ ကွင်းအပြင်က ကြည့်နေသူပရိသတ်က “ဘယ်လိုကန်လိုက်ပါလား”.. “ဘယ်လိုဖမ်းလိုက်ပါလား”လို့ ပြောနေကြတဲ့ အသံတွေလဲ ကြားရတယ်။ ဒီလိုပြောနေသူကို အချင်းချင်း မြှောက်ပင့်ပြီး “ဦးလေး ဝင်ကန်ပါလား” .. “ဟ.ငါအသက်ကြီးပြီ။ ကွင်းတပတ်လောက် ပြေးရင် ချွဲထလာမှာပေါ့”..“လွယ်ပါတယ်ဦးလေးရယ်။ အောက်စီဂျင်ဘူး ကျောပိုးပြီး ဝင်ကန်ပေါ့”တဲ့။ ဒီလိုဟာသတွေကလဲ ဘောလုံးပွဲကို ကူပံ့ပေးတယ်။
တောင်ပေါ်ကရင်လို့ ခေါ်ကြတဲ့သူတွေက ဒုက္ခသည်စခန်း ရွာနီးချုပ်စပ်တွေမှာ နေကြတယ်။ သူတို့က စစ်ပြေး ဒုက္ခသည်ဘဝကနေ နှစ်ကြာလာလို့ တောင်ပေါ်သားကဒ်ကို အိမ်ရှင်နိုင်ငံက ထုတ်ပေးထားတာမို့ အဆင်ပြေနေကြပြီ။ ဒါပေမဲ့ မိရိုးဖလာ ကရင်နှစ်သစ်ကူးကိုတော့ မမေ့နိုင်ဘူး။
မိခင်တို်င်းပြည်ကို စွန့်ခွာလာရတဲ့ ကရင်လူမျိုးတွေ၊ သူတို့ရဲ့ဘိုးဘွားမိဘများထဲမှာ စစ်အာဏာရှင်ရဲ့ ထိုးစစ် တိုက်စစ်ကြောင့် သားသေကျည်ခ၊ လင်ဒုက္ခိတ ဖြစ်ကြရသူတွေ။ မိဘဆွေမျိုးသားချင်းတချို့ သေကွဲကွဲကြ။ တချို့ရှင်ကွဲကွဲပျောက် ငရဲဘုံရောက်သလား၊ ကောင်းကင်ဘုံရောက်သလား မသိရတော့။ ယာမြေအိမ်မြေစွန့်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ဝင်ခိုလှုံရသူတွေ။ သူတို့သားသမီးမြေးမြစ်ရတဲ့အထိ မိခင်နို်င်ငံကို မပြန်နိုင်သေးဘူး။ သူတို့ဓလေ့ထုံးစံတွေကိုတော့ သားသမီးမြေးမြစ်တွေထိ လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒါကြောင့်လဲ ကရင်နှစ်သစ်ကူးကို ဒုက္ခသည်စခန်းထဲမှာ ကျင်းပနိုင်ခဲ့တာပါ။
မြန်မာနိုင်ငံ ကရင်ပြည်နယ်ဒေသတွေမှာ ကျွဲချိုမှုတ်သံ၊ ဖားစည်သံ၊ ဒုံးယိမ်း စည်းချက်သံတွေ သေနတ်သံဗုံးသံတွေကြားမှာ တိမ်မြုပ်ခဲ့ရတယ်။ “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး” ဆိုပြီး စစ်အာဏာရှင်က ကမ္ဘာကြီးကြားအောင် နှုတ်ဖျားမှာ ပန်းပွင့်ပြီး နှလုံးသားမှာ ရန်လိုဓားဝင့်လုပ်နေကြတယ်။ ခုတော့ ကျမတို့ ဒုက္ခသည်စခန်းနဲ့ ၂နာရီကြာသွားရတဲ့နေရာက သေနတ်သံတွေ မကြာခဏကြားနေရတယ်။ တောင်ယာလုပ်လိုက်၊ စစ်ပြေးဒုက္ခသည်ဖြစ်လိုက် ပြေးလွှားပုန်းရှောင်နေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေကို ရောဂါပိုး သယ်သူတွေဆိုပြီး ထိုင်းနိုင်ငံက လက်မခံဘဲ ငြင်းဆန်နေပါတယ်။ တွယ်ရာမဲ့ တောထဲတောင်ထဲ ပြေးလွှား ပုန်းရှောင်နေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေက ကလေးကို သယ်ရလွယ်အောင် ပလိုင်းလုပ် ကျောပိုးထားရတယ်။
ဒီကလေးတွေက သူတို့ကို ပလိုင်းထဲကချလိုက်ရင် ငိုတော့တာပဲ။ ပလိုင်းထဲမှာနေရတာ လုံခြုံတယ်လို့ ကလေးတွေက ထင်ကြတယ်လို့ ကျောပိုးအိတ် ဆေးလုပ်သားတွေက ပြောကြတယ်။ လက်ရှိ စစ်ပြေး ဒုက္ခသည်တွေကို ကာကွယ်ဆေး ထိုးပေးပေမယ့် အစာအဟာရ လုံလောက်မှု မရှိတာ၊ တောထဲတောင်ထဲ ပြေးလွှား ပုန်းအောင်းနေရတာတွေကြောင့် ရောဂါရမှာဘဲလို့ စိတ်ထိခိုက်စွာ ပြောကြတယ်။ ကလေးငယ်တွေမှာ ရောဂါအဖြစ်အများဆုံးတဲ့။
မိခင်တွေက ရင်သွေးတွေကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့ပေမယ့် ရင်သွေးတွေဘဝကိုတော့ မွေးဖွား မပေးနိုင်ပါဘူး။ ရင်သွေးကို လောကရဲ့ အကောင်းဆုံး လက်ဆောင်တွေနဲ့ ဘဝကိုမွေးဖွားပေးဖို့ ကရင်မိခင်တွေကို စစ်အာဏာရှင်စနစ်က ခွင့်မပြုခဲ့ပါဘူး။ အဲဒိစစ်အာဏာရှင် စနစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ်နဲ့ ကရင်နှစ်သစ်ကူးကို ကျင်းပနေရတာ မှုတ်လား။
ပြာသိုလဆန်း၁ရက် ကရင့်နှစ်သစ်ကူးပွဲတော်မှာ သက်ကြီးရွယ်အို ကရင့် အဘိုးအဘွားတွေကို ကန်တော့ကြတယ်။ ဒီလို အဘိုးအဘွားတွေထဲမှာ ကရင်တော်လှန်ရေးသမားကြီးတွေလဲ ပါတယ်။ ဇရာရဲ့အရေးအကြောင်းတွေ ပေါ်နေတဲ့ ခန္ဓာကိုယ်ကို သယ်ပိုးနေရတဲ့ ကရင်တော်လှန်ရေးသမားကြီး မြစ်ဝကျွန်းပေါ်သား ဦးဗလာဒူးက ကရင်နှစ်သစ်ကူး အမှတ်တရ စကားပြောခဲ့ပါတယ်။
“ကျနော်တို့ငယ်ငယ်က အမျိုးသား စိတ်လွန်ကဲမှုကြောင့် မလိုလားအပ်တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ရတယ်။ ဘုံရန်သူ ပျောက်ခဲ့ရတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မန်းဘဇံတို့က အတွေးအခေါ် လက်နက် တပ်ဆင်ပေးတယ်။ ဒီတော့မှ အမျိုးသားရေးနဲ့ လူတန်းစားအရေး ကွဲကွဲပြားပြား သိလာတာ။
ကရင်တော်လှန်ရေး သေနတ်သံ ပြောင်းသွားတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေး သမိုင်းလှေကားထစ်ကို ခုန်ကူးသွားတယ်။ စစ်အာဏာရှင်တွေက ကျနော်တို့ကရင်လူမျိုးတွေရဲ့ လွတ်လပ်ရေးကို လုယူခဲ့တာ မဟုတ်ဘူး။
မြန်မာတနိုင်ငံလုံးက ပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာရှိတဲ့ လူ့အခွင့်အရေးတွေ အလုခံခဲ့ရတာ။ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဒီနေ့ခေတ် စကားနဲ့ပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ဒုတိယပင်လုံဖြစ်ခဲ့ရင် ကျနော်တို့တွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ပြဿနာ၊ လူမျိုးစုပြဿနာတွေ အေးချမ်းရမှာအမှန်ပဲ။
ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ကျနော့်အသက်အရွယ်အရ မမြင်ရတော့ရင်တောင် ကျနော်တို့ လက်ဆင့်ကမ်းခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေကြောင့် မြန်မာတပြည်လုံး ချိုးငှက်တွေ ပျံသန်းနိုင်ရမယ်။ မြန်မာတပြည်လုံး သံလွင်ခက်တွေ ဝှေ့ယမ်းနိုင်ရမယ်လို့ ကရင်နှစ်သစ်ကူးမှာ ကျနော် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်”……………………………တဲ့။
စစ်မှုမထမ်း မနေ ရ အမိန့် ကို ပြည်သူတို့ အံတုရန် ပြင်ဆင်
FNG သတင်းမှ.............
၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ စစ်အစိုးရက နေ အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရအမိန့် ကို ပြည်သူတစ်ရပ်လုံးကအုံကြွှတွန်းလှန်သွား မည် ဟု Freedom News မှာမြန်မာ နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ ၏သဘောထားများကို မေးမြန်းသွားရာယခုကဲ့သို့ မှတ်ချက်ပေးကြသည်။
ထင်ရှားသည့် ရန်ကုန် အခြေစိုက် ရက်(ပ) အဆိုတော် တစ်ဦးကလည်း ” ဒီကိစ္စကိုတော့ ပြတ်ပြတ်သားသားဆန့် ကျင်ရမယ် စစ်တပ်ထဲမှာ ဘာဥပဒေမှရှိတာမဟုတ်ဘူး ၊မိုင်းရှင်းဖို့ ပေါ်တာထမ်းဖို့ ခေါ်မှာ” ဟု ဆိုသည်။
မန္တလေး မြို့ လမ်း ၈၀ တရုတ်တန်းမှလက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကမူ” ဒီပြဿနာ က ၂၀၀၇မှာစက်သုံးဆီ ဈေး တွေတက်လိုက်သလို ပြည်သူတွေ ရဲ့ ဒေါသတွေ ကို ဆွပေးတာ လူထုအုံကြွမှုဖြစ်ပြီး ပြဿနာ ဖြစ် နိုင်တယ်” သုံးသပ်ပြောကြားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲအရာ ရှိ တစ်ဦး ၏ သားဖြစ်သူက မူ ” စစ်ထဲတော့မ၀င်တော့ ကြီးနိုင်ငယ်ညှင်းများတယ်နိုင်ငံခြားဘဲထွက်တော့ မယ်” ဟု ဆိုသည်။
စစ်မှု မထမ်းမနေ ရ အမိန့် ထုန် ပြန် ပါကစစ်တပ်တွင်းသို့ မ၀င်လိုသူများကနည်းမျိုးစုံဖြင့်ဆန့် ကျင်နိုင်မည် ဖြစ်ပြီးစစ်တပ်တွင်းသို့ မ၀င်လို သူများ ငွေကြေးဖြင့် ဖျက်ဆီးမှုကြောင့်တပ်တွင်း စာရိတ္တပျက်ပြား နိုင်သည် ဟု ပျဉ်းမနား မြို့ နေ တပ်မတော် အရာရှိ ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။
မင်းဘူး မြို့ မှ နိုင်ငံရေးလှုပ်ရှားတက်ကြွှသည့် ကျောင်းသားတစ်ဦးက “နအဖ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ပြည်သူတွေစစ်တပ်ထဲ ရောက်ပြီ ဆိုရင် ဘာပဲ ပြောပြောစစ်ပညာတွေ နဲ့ ရင်းနှီးသွားတော့ ဆန္ဒပြရင် တောင် အရင်လို မဟုတ်တော့ ဘူး ၊ စစ်ပညာနဲ့ ရင်းနှီး တဲ့ နိုင်ငံတွေ မှာ နေတဲ့ ပြည်သူ တွေ ဆန္ဒပြရင် အောင်မြင် တာချဉ်းပဲ ဟု သူ၏အမြင် ကို ပြောသည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား
ဧရာဝတီ မှ..........
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။
ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။
ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လအတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်ရသည်။
၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင် အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။
နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ်ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည်ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။
ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။
အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ
ဧရာဝတီ မှ...........
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ ပါပဲ”ဟု ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။
ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။
ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့ မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။
ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃ ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းလည်း သိရသည်။
အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက် တာပါ"ဟု ပြောသည်။
ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။
ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။
“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။
အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။
ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။
ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
