ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

Read More...

စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကေအဲန်ယူထံ လက်နက်ချ

ကောင်းဝါ သတင်းဌာန မှ.........

မြ၀တီမြို့နယ် သင်္ကန်းညီနောင် ကျေးရွာ အခြေချသည့် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၆) မှ တပ်သားတစ်ဦးသည် ဖေဖေါ်ဝါရီ(၁၃) နေ့လည်ပိုင်းတွင် သေနတ် တစ်လက်နှင့်အတူ ကေအဲန်ယူထံသို့ လက်နက်ချခဲ့သည်ဟု ကေအဲန်ယူ စစ်ဘက်အရာရှိ တစ်ဦးမှ ပြောပါသည်။

ခမရ (၃၅၆)တပ်ရင်းမှ တပ်သားသက်နိုင်ဝင်း(၁၉)နှစ် ကိုယ်ပိုင်အမှတ် (တ ၊ ၃၄၈ ၈၄၄)သည် (၂၀၀၆)ခုနှစ်တွင် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ပါသည်ဟုပြောပါသည်။ အဖအမည် ဦးစိန်တင် အမိအမည် ဒေါ်အုန်းတင်ဖြစ်ပြီး ပဲခူးတိုင်း ပဲခူးမြို့ဇာတိဖြစ်ကာ အသက်(၁၄)နှစ်ကျော်ကျော်တွင် တပ်ထဲသို့ ၀င်ရောက် ခဲ့သည်ဟု တပ်သားသက်နိုင်ဝင်း မှပြောပါသည်။ ကလေးအရွယ်ဖြစ်သော်လည်း တပ်သားသစ်စုဆောင်းရေး စခမ်းမှ ငြင်းဆန်ခြင်းမပြုဘဲလက်ခံခဲ့သည်ဟုဆိုသည်။

တပ်သားသက်နိုင်ဝင်းသည် မြ၀တီမြို့နယ်သင်္ကန်းညီနောင်မှ ဖလူး၊ဝေါ်လေစစ်မျက်နှာသို့ ရောက်ရှိခဲ့ သည်မှာ (၂)လကျော်ရှိပြီး အဆိုပါစစ်မြေပြင်တွင်မြန်မာစစ်တပ်မှ ဒီကေဘီအေစခမ်းများကို အကျအဆုံး များစွာကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည်ဟုပြောပါသည်။ ၄င်းအနေနှင့်စစ်၏ဒဏ်ကိုမခံနိုင်၍ ထွက်ပြေးလာခဲ့ သည်ဟုဆိုသည်။ ကေအာန်ယူဘက်မှလည်းသူ့ကိုကောင်းမွန်စွာဆက်ဆံကြပြီး ၄င်းအနေနှင့် နယ်စပ်ဘက်တွင် အလုပ်လုပ်ရန်ဆန္ဒရှိကြောင်းပြောပါသည်။

ခမရ (၃၅၆)တပ်ရင်းတွင် တပ်အင်အား(၃၀)သာရှိပြီးဖွဲ့စည်းပုံအရ အင်အားပြည့်မီခြင်းမရှိဟု၎င်းမှ ပြောသည်။ တပ်ရင်းအတွက် ရိက္ခာသယ်ဆောင်ရန် အကျဉ်းသားပေါ်တာ(၂၅၀)ယောက်ခန့် ရှိသည်ဟုလည်း တပ်သားသက်နိုင်ဝင်း မှပြောပါသည်။

ကေအာန်ယူ၊ ဒီကေဘီအေနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်အစိုးရမှ အကျဉ်းသားပေါ်တာ များကိုအသုံးပြုယုံမက ညှင်းပမ်းနှိပ်စက်ခြင်း၊ လေးပင်သောရိက္ခာ ကျည်ဆံများကိုထမ်းခိုင်းခြင်း ထွက်ပြေးသော ပေါ်တာများကိုပစ်သတ်ခြင်းပြုလုပ်ခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာများမှပြောပါသည်။ အလားတူ မြန်မာစစ်တပ်မှလည်း စစ်၏ဒဏ်ကိုမခံနိုင်၍ နယ်စပ်ဘက်သို့၎င်း ကရင်လက်နက်ကိုင်အဖွဲ့များ ထံသို့၎င်း ထွက်ပြေးလာခဲ့သည်မှာများပြားနေသည်ဟု ကေအဲန်ယူ စစ်ဘက်အရာရှိတစ်ဦးမှ ပြောပါသည်။

Read More...

လူမဆန်မှုနှင့်တိုက်ပွဲသတင်း

25.2.2011

Read More...

လူမဆန်မှုနှင့်တိုက်ပွဲသတင်း

24.2.2011

Read More...

မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး

ဧရာဝတီ မှ..............

ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာ
ဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။
DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြ၀တီမြို့နယ်ခွဲ ချူးကလိမြို့သစ်သည် မြ၀တီတောင်ဘက် မိုင် ၃၀ ကျော်အကွာ မြ၀တီနှင့် ကြာအင်းဆိပ်ကြီး မြို့နယ် အစပ်တွင် တည်ရှိပြီး လက်ရှိလုံခြုံရေး တာဝန်ကို ရဲ ၀န်ထမ်း ၁၀၀ ကျော်က တာဝန်ယူထားသည်ဟု သိရသည်။

“ကျနော်တို့ရဲ့ အဓိက ပစ်မှတ်က နအဖပဲ ဖြစ်တယ်၊ ဒါပေမယ့် စစ်ဆင်ရေး လုပ်တဲ့အချိန်မှာ အရပ်သား တချို့ကို ထိခိုက် ခဲ့တာတွေရှိတဲ့ အတွက် ကြိုတင်အသိပေးရတာ ဖြစ်တယ်”ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

DKBA ၏ အဆိုအရ ၎င်းမြို့သစ်တွင် ထိုင်းနိုင်ငံဘက်၌ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များအား မြန်မာဘက်ကပြန် လည်လက်ခံမည့် အစီအစဉ်ကို နှစ်ဘက် အာဏာပိုင်များ သဘောတူညီမှု ရရှိထားသည်ဟုလည်း သိရသည်။

မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ထိုင်းနိုင်ငံက အားပေးမည်မဟုတ်ကြောင်းနှင့် ထိုင်း နယ်မြေကိုလည်း ခြေကုတ်ယူခွင့်မပြုဟု ထိုင်းအာဏာပိုင်များက မကြာသေးမီက ထုတ်ဖော်ပြောဆိုမှုများနှင့် ပတ်သက် ၍လည်း DKBA က လက်မခံနိုင်ကြောင်း ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က“ကျနော်တို့တော်လှန်ရေး လုပ်တာက ကိုယ့်အားကိုယ်ကိုးပဲ၊ ထိုင်းကိုမှီခိုပြီး လုပ်နေတာမဟုတ်ဘူး၊ ထိုင်းဆီကလည်း ဘာမှအလကားမရဘူး၊ နအဖ ကို တော်လှန်နေတဲ့အဖွဲ့တွေကို တင်းကျပ်မှုတွေလုပ်နေတာက သူ့အကျိုးစီးပွားနဲ့ မြ၀တီတံတားပြန်ဖွင့်ဖို့ အတွက် နအဖ ကို မျက်နှာလုပ်တာဖြစ်တယ်”ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပိတ်သည့်ပြဿနာသည် နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် အတွင်း ထိုင်းဘက်မှ ကမ်းထိန်းနံရံတည်ဆောက်ရာ မြန်မာဘက်ကမကျေနပ်၍ ချစ်ကြည်ရေးတံတားကိုပိတ်လိုက်ခြင်း ဖြစ်ပြီး DKBA အပါအ၀င် မည်သည့်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တစုံတရာပတ်သက်မှုမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင် က ပြောဆိုသည်။

ဖေဖော်ဝါရီ လလယ်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်းမပြုလုပ်ရန် DKBA က သတိပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းပေါ်ရှိ ကျောက်တလုံးစခန်းကို တိုက်ခိုက်မှုကြောင့် မြ၀တီ မှ ကော့ကရိတ်သို့ ထွက်ခွာသည့် ယာဉ်တန်းများ၏ ထက်ဝက်ခန့်မှာ မြ၀တီသို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဆိုပါ DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ် အတွင်းရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

Read More...

နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ၁၀ဦးကျော် ထိခိုက်သေဆုံးခဲ့သည်ဟု သိရှိရသည်။

DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်း တို့ ယမန်နေ့နှင့် ယနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုများ မရှိသော်လည်း နအဖဘက်မှ ၇ဦး ကျဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီကို ယခုလို အတည်ပြု ပြောဆိုသည်။

“မနေ့ညနေ ၆နာရီ မိနစ်၂၀ ဖောမုဘောထာ့မှာ ကျနော်တို့နဲ့ ခမရ(၅၆၃)တို့ ဖြစ်တဲ့တိုက်ပွဲက ၁၀မိနစ်လောက်ပဲကြာမယ်။ အဲဒီ တိုက်ပွဲမှာ နအဖဘက်က ၄ယောက်သေတယ်။ ၆ယောက် ဒဏ်ရာရတယ်။ ဒီနေ့ နေ့လည် ၁၂နာရီ ၅မိနစ်မှာ ခမရ(၄၀၄)နဲ့ တခါ ထပ်ဖြစ်တယ်။ ၃ယောက်သေ၊ ၃ယောက် ဒဏ်ရာရတယ်။ နောက် ဒီနေ့လည် ၁၁နာရီ ၅၅မိနစ်မှာ နအဖတပ်သား တယောက် မိုင်းနင်းမိတာရှိပေမဲ့ ဘယ်တပ်ရင်းလဲဆိုတာတော့ စုံစမ်းဆဲပဲ။”ဟု သူက ပြောသည်။

လက်ရှိအချိန်တွင် ကနဲလေးဂွင်အတွင်း လက်ရှိလှုပ်ရှားနေသည့် နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်းနေရာ ကို စကခ(၅) လက်အောက်ခံ ခမရ(၃၄၆)တပ်ရင်းက ယနေ့ လာရောက်ကာ တပ်အပြောင်းအလဲလုပ်ပေးနေသည်ဟု သိရ သည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တာလပတ်များ ဖုံးအုပ်ထားသည့် ကား ၃စီး အပါအ၀င် ဆန်အိတ်များ၊ ဆီပေ ပါများ တင်ဆောင်ထားသည့် နအဖ TE ကားအစီးရေ ၃၀ခန့် မြ၀တီမြို့တွင်းမှ ဝေါ်လေ၊ ကနဲလေးဂွင်ဘက်သို့ ထွက်ခွာသွားခဲ့ ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါတိုက်ပွဲများ ဖြစ်ပွားရာဒေသတွင် နယ်မြေခံ ရွာသူရွာသားများ နေထိုင်ခြင်းမရှိတော့သဖြင့် လူထုထိခိုက်မှု၊ ထွက်ပြေး တိမ်းရှောင်မှုများ မရှိကြောင်း သိရသည်။

သို့သော် ထိုဒေသတွင် ၀င်ရောက်လှုပ်ရှားနေသည့် နအဖ တပ်ဖွဲ့ဝင်များမှာ ကရင်တပ်ဖွဲ့ဝင်များ၏ ပြောက်ကျားတိုက်ခိုက်မှုကို နေ့စဉ် ရင်ဆိုင်နေရသည့်အတွက် ထိခိုက်ကျဆုံးမှုဦးရေ တစထက်တစ ပိုမိုများပြားလာသည်ဟု ကရင်တပ်ဖွဲ့ဝင်များက ပြော သည်။

Read More...

နအဖတပ် ၏ လူမဆန်မှုသတင်း

23.2.2011 News

Read More...

DKBA နယ်ခြားစောင့် တပ်ပြေးများကို မက်လုံးပေး စည်းရုံး

ဧရာဝတီ မှ...........

ကရင်ပြည်နယ် အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများနှင့်အတူ ထွက်ပြေးမှု အရေအတွက် များပြားလာသည့်အတွက် ပြန်လည် စည်းရုံးမှုပြုလုပ်နေ ရသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။
DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တာဝန်ရှိသူများက ပြောဆိုသည်။

"နယ်ခြားစောင့်တပ်က လူတွေ တပ်ကနေ ထွက်ပြေးပြီး KNU နဲ့ DKBA (နယ်ခြားစောင့်တပ်ဖွဲ့ရန် လက်မခံသည့်အဖွဲ့) အဖွဲ့တွေဆီ သွားပေါင်းတာတွေ အခြားနည်းတွေနဲ့ တပ်ကနေထွက်ပြေးတာတွေက တလ တလမနည်းဘူး၊ တချို့တပ်တွေဆိုရင် ဖွဲ့စည်းပုံ မပျက်တပျက်ပဲ၊ ဒါကြောင့် အထက်အမိန့်နဲ့ မက်လုံးပေး စည်းရုံးမှုတွေ လုပ်နေကြတယ်”ဟု မြ၀တီခရိုင်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော DKBA တပ်မှူးတဦးက ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များကို မက်လုံးပေးစည်းရုံးရာတွင် အစိုးရအသစ်မှ မကြာမီလစာများ အဆပေါင်းများစွာ တိုးပေး မည် ဖြစ်ပြီး ရေမီးအစုံပါရှိမည့် နေအိမ်တန်းလျားများနှင့် သားသမီးများအတွက် အခမဲ့ပညာသင်ကြားခွင့် အပါအ၀င် တခြား ခံစားခွင့်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် အစီအစဉ်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

နယ်စပ်သို့ ထွက်ပြေးလာသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးက“အောက်ခြေရဲဘော်က လက်ရှိ ကျပ် ၃ သောင်း ခွဲ ရတယ်၊ တပ်ရင်းမှူး ပြောတာက အစိုးရအသစ်ကနေ လစာ ၅ ဆ တိုးပေးမယ်လို့ပြောတယ်၊ မင်းတို့ ၁ သိန်းခွဲရမယ် လို့ပြောတယ်၊ သူ့စကားကို ဘယ်သူမှ မယုံဘူး၊ ဒါကြောင့် ထွက်ပြေးလာတာ"ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်များကို ခေတ်မီတပ်ရင်း တပ်ဖွဲ့များတည်ဆောက်ရန် နေပြည်တော်မှ တပ်ရင်း တရင်းလျှင် ကျပ် သိန်း ၁၀၀၀ ကျော်နှုန်းဖြင့် DKBA ၉၉၉ ဗျူဟာမှူးဟောင်း ဗိုလ်ချစ်သူနှင့် ကရင်နယ် နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်မောသိုတို့ကို လုပ်ပိုင်ခွင့်နှင့် ငွေကြေးများ ချပေးထားကြောင်း သိရသည်။

လက်ရှိအခြေအနေအရ DKBA နယ်ခြားစောင့် တပ်များတွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်ဟု ကရင်ပြည်နယ် အခြေစိုက် ဆောက်လုပ်ရေးအဖွဲ့ တခု၏ အငယ်တန်း အင်ဂျင်နီယာ တဦးက ပြောပြသည်။

“ကျနော်တို့အဖွဲ့ကို ဗိုလ်ချစ်သူ တို့ ဗိုလ်မောသိုတို့က တဆင့် ကန်ထရိုက်ပေးတယ်၊ အခု လက်ရှိဆောက်နေတဲ့ ဦးစားပေး တဲ့ အထဲမှာတော့ အိမ်ထောင်သည် လိုင်းခန်းတွေ မဆောက်ရသေးဘူး၊ စုပေါင်းနေထိုင်လို့ရမယ့် ဘားတိုက် လိုမျိုးတော့ ဆောက်တဲ့ အထဲမှာ ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆောက်လုပ်ရေး စီမံကိန်းကြောင့် အကျိုးအမြတ်များရရှိ ခံစားရမည့် သူများမှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ မဟုတ် ဘဲ လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူများသာ ဖြစ်လိမ့်မည် ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ပြောကြသည်။

ထို့အပြင် စည်းရုံးမှုများကို တပ်ဖွဲ့ဝင်များက အယုံအကြည်မရှိသည့်အပြင် တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုမှာ လျှော့နည်းသွားခြင်း မရှိကြောင်း၊ ယခုရက်ပိုင်း အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ သို့ ထွက်ပြေးလာသည့် နယ်ခြား စောင့်တပ်မှ တပ်မှူး တဦးက ပြောသည်။

“နယ်ခြားစောင့်တပ်က လူတွေကို တိုက်တန်းလျားတွေပေးမယ် ဆိုပြီးပြောတယ်၊ အခုသူတို့ဆောက်နေတာတွေက တပ် ရင်း တပ်ဖွဲ့ရုံးတွေ သင်တန်းခန်းမတွေ လေ့ကျင့်ရေးတွေပဲ ဆောက်နေကြတယ်၊ သူတို့ ပြောနေတာနဲ့ လက်တွေ့ တခြားစီပဲ၊ လက်တွေ့မှာက ရှေ့တန်းက ရဲဘော်တွေ စားစရာ ရိက္ခာမရှိလို့ ရွာသားတွေဆီက တောင်းနေရတယ်၊ အခေါက်ပေါင်းများတော့ ရွာသားတွေလည်း မပေးနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ကရင်နယ် ခြားစောင့်တပ်ဖွဲ့များမှ ထွက်ပြေးသည့်တပ်ဖွဲ့ဝင်အများစုမှာ အောက်ခြေတပ်သား အများစုဖြစ်ပြီး ၎င်းတို့နှင့်အတူ တပ်မှူးငယ်တချို့သာပါရှိကြောင်း၊ တပ်ဖွဲ့အတွင်း အထက်နှင့်အောက် အကျိုးခံစားခွင့် ကွာခြားမှုကြီးမားခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်မမျှတခြင်း၊ ကရင်တိုင်းရင်းသားချင်းပြန်လည်တိုက်ခိုက်မှု မပြုလုပ်လိုခြင်းများကြောင့် ထိုသို့ထွက်ပြေးကြခြင်းဖြစ် ကြောင်း သိရသည်။

အသက် ၅၀ ကျော်၍ DKBA အဖွဲ့မှ ထုတ်ပယ်ခံရပြီး မြ၀တီမြို့တွင် နေထိုင်သူ တဦးက“နအဖ မဟုတ်တာ DKBA လည်း သိတယ်၊ နယ်ခြားစောင့်တပ်လည်း သိတယ်၊ ခက်တာက ပိုင်ဆိုင်မှုနဲ့ မိသားစုအရေးက အမှန်တရားကို မမြင်နိုင်ကြတော့ ဘူး၊ ဗိုလ်ချစ်သူတို့ မောသိုတို့ဆိုရင် ကရင်ပြည်နယ်မှာ လူချမ်းသာတွေ ဖြစ်ကုန်ပြီ၊ ကရင်တွေရဲ့အားနည်းချက်ကို နအဖ ကောင်းကောင်း သိတယ်”ဟု ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက် မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။

Read More...

အကျဉ်းသားပေါ်တာများ စစ်မြေပြင် ဆက်ပို့ရန် စီစဉ်

ဧရာဝတီ မှ...........

နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ပေါ်တာ (စစ်ဆင်ရေးလုပ်သား) အဖြစ် မကြာမီရက်ပိုင်း၌ ရန်ကုန် အင်းစိန် အကျဉ်းထောင်မှ တဆင့် စစ်မြေပြင်သို့ ပို့ရန် စီစဉ်လျက်ရှိကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန ထောင်မှူးတဦးက ပြောသည်။
အကျဉ်းသားများကို ရဲဘက် စခန်း ထုတ်သည်ဟု အကြောင်းပြ ပို့ဆောင်မည်ဖြစ်ပြီး မည်သည့်ထောင်၊ အကျဉ်းသားဦးရေ မည်မျှ ၊ ပို့ဆောင်မည့် နေ့ရက် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာ လလယ်ခန့်က ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ မြောင်းမြ အကျဉ်းထောင်များမှ အကျဉ်းသား ၂၀၀ သည် အင်းစိန် အကျဉ်းထောင်သို့ ရောက်ရှိလာပြီး မြ၀တီ ရှေ့တန်း စစ်မြေပြင်သို့ ပေါ်တာ အဖြစ် ပို့ဆောင်ခဲ့သည်ဟု မကြာမီ ရက်ပိုင်းက လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် အကျဉ်းသား တဦး က ပြောသည်။

၎င်းက“သူတို့အားလုံးကို ၂-ဆောင်၊ တိုးချဲ့-၃ မှာ တခန်းတည်းထားတယ်။ ဘယ်သူမှ တွေ့ခွင့် မရှိဘူး။ အပြာဝတ်၊ ခြေကျင်းတွေ နဲ့ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေ ချည်းပဲ။ မြ၀တီမှာ လမ်းဖောက်ရမယ် ဆိုပြီး နောက်တနေ့ မနက် ၅ နာရီမှာ ရဲဘက် ထုတ် တယ်။ ဟိုရောက်တော့ ရှေ့တန်း ပို့လိုက်တယ်။ အဲဒီအထဲက အယောက် ၂၀ လောက်ပဲ ခြေပြတ် လက်ပြတ် ဒဏ်ရာတွေနဲ့ အင်း စိန် ထောင်ဆေးရုံ ပြန်ရောက်လာတယ်”ဟု ပြောပြသည်။

ထို့အပြင် ဇန်န၀ါရီ ဒုတိယ အပတ်ကလည်း အင်းစိန်ထောင် အကျဉ်းသား ၂၀၀ ကို မြ၀တီစစ်မြေပြင်သို့ ပေါ်တာအဖြစ် ထပ်မံ စေ လွှတ်ကြောင်း၊ လက်နက်ကြီးများဒဏ်ကြောင့် အကျဉ်းသားပေါ်တာ ၇ ဦးသာ အသက်ရှင် ကျန်ရစ်ကြောင်း၊ ၎င်းတို့သည် ဒဏ်ရာ အသီးသီးနှင့် အင်းစိန်ထောင်ဆေးရုံ၌ လက်ရှိ တက်ရောက်ကုသနေဆဲဖြစ်ကြောင်း သိရသည်။

“အရပ်သား အကျဉ်းကျတွေဆိုတော့ ဗုံးဆန်၊ ကျည်ဆန်တွေကြားမှာ ကြောက်တာပေါ့။ ဒီအထဲက တချို့ကြောက်လို့ပြေးတယ်။ စစ်တပ်က ပြန်မိတော့ ရိုက်နှက်ထားလိုက်တာ မြင်လို့တောင် မကောင်းဘူး”ဟု အင်းစိန်ထောင်ဆေးရုံ၌ ဆေးကုသခံခဲ့ရသူ တဦး က ပြောသည်။

၎င်း၏ အဆိုအရ အင်းစိန်ထောင် ဆေးရုံတွင် အကျဉ်းသားလူနာ ၈၀ ထက် မနည်း တက်ရောက်လျက်ရှိသော်လည်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိကြောင်း သိရသည်။

အင်းစိန် အကျဉ်းဦးစီးဌာန တာဝန်ရှိသူသို့ လာဘ်လာဘ ငွေကြေးပေးနိုင်သူ အကျဉ်းသားများသည် ရန်ကုန်တိုင်းအတွင်းရှိ လှည်း ကူး - လှေလှော်အင်း၊ တွံတေး - တောကြီးတန်း အပြင် တခြား ကျောက်ထု ရဲဘက် စခန်းများသို့သာ ပို့ဆောင်ခံရပြီး ငွေကြေး မတတ်နိုင်သည့် အကျဉ်းသား အများစုမှာ လတ်တလော၌ ကရင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်မှုများ ရှိနေကြောင်း အင်းစိန် အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။

၂၀၁၀ ဒီဇင်ဘာလ မှ ၂၀၁၁ ဇန်န၀ါရီ အတွင်း ကရင်ပြည်နယ် စစ်မြေပြင်သို့ အကျဉ်းသား ပေါ်တာ(၂) ကြိမ်တိုင် ပို့ဆောင်ပြီး ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းကလည်း အင်းစိန် ထောင်မှ အကျဉ်းသားများကို စစ်မြေပြင်၌ ပေါ်တာ အဖြစ် သုံးရန် ၁၀ ဘီး ကား ၅ စီးဖြင့် ခေါ်ထုတ်သွားသည်ဟု နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ(DVB)သတင်း၌ ဖော်ပြထားသည်။

Read More...

သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ

နေ့သစ်မှ.........

အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။
ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ် ပြည်ကအိမ်ကို ၀ယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ပါက ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။

နေပြည်တော်ရှိ သူရဲ့ အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ် ပြည်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်။ နေပြည် တော်က သူအိမ်ကို မောင့်ပလဲစန့် (Mt. Pleasant ) လို့ သူတို့ စကားဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ် ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။ ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့ တည် ဆောက်ခဲ့ပြီး ဥရောပက အကောင်းဆုံး ပရိဘောဂတွေကို တပ်ဆင်အသုံး ပြုခဲ့တဲ့အတွက် သန်း ၇၀ လောက် ကုန်ခဲ့တယ်လို့ သိရတယ်။
စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း ဖယိုဖရဲ အကွဲကွဲ အပြားပြားနဲ့ ရှုတ်ထွေးနေတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိတာ တွေ့ရှိနေရပါတယ်။

Read More...

ကော့ကရိတ်အနီး တရုတ်ဖြူတောင် ဝါးစခန်းအား ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

နေ့သစ် မှ............

ဖေဖော်ဝါရီလ ၁၂ နေ့က စတင်ပြီး မြဝတီ ကော့ကရိတ်ကားလမ်းကို ဒီကေဘီအေဘက်က ပြည်သူလူထု ထိခိုက်ဒဏ်ရာ ရမှု မရှိရလေအောင် သွားလာခွင့်တွေ ပိတ်ပင်လိုက်ပြီးနောက် မြဝတီ ကော့ကရိတ်ကားလမ်းပေါ်မှာ နေ့စဉ်ရက်ဆက်လို လို တိုက်ပွဲထိတွေမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။
ဒီကနေ့ ကော့ကရိတ်မြို့အနီး မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က ဝါးစခန်း တရုတ်ဖြူတောင်မှာရှိတဲ့ နအဖ လမ်း ကင်းတပ်တွေကို ဒီကေဘီအေ ဗိုလ်ဂျပန် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ နေ့လည် ၁၂ ခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲက နေ့လည် ၁၂ နာရီလောက်ကဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။ မြဝတီမြို့က မြို့ခံမျက်မြင်တွေ့ရှိသူတွေ ပြောပြတာကတော့ ဒီနေ့ နေ့လည်လောက်က ကော့ကရိတ်ဘက်ကနေ နအဖ တပ်က ဒဏ်ရာရ လူနာတွေကို မြဝတီဆေးရုံးကို သယ်လာတာတွေ့ရတယ်လို့ ပြောပြပါ တယ်။ ဘယ်နေရာမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတာလဲ သေချာ မသိဘူးလို့လည်း ရှင်းပြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကချောဝါးလေးတောင်ကုန်းနားက သုံးထပ်ကွေ့ နေရာမှာ ဒီကေဘီအေဘက်က မိုင်း စစ်ဆင်တိုက်ခိုက်လိုက်တဲ့အတွက် နအဖ တပ်မ (၂၂) လက်အောက်ခံ ခမရ (၃၅၇) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂၀ ကျော် ထိ ခိုက်သေဆုံးခဲ့ပြီး၊ အဲဒီအထဲမှာ ဗိုလ်ကြီး ၁ ဦး၊ အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၆ ဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ DKBA တပ်မဟာ (၅) နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ (၉၉၉) မှ တပ်ရင်း (၅) မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ပြောပြတယ်လို့ ကေအိုင်စီ သတင်းမှာ ဖေါ်ပြထားပါတယ်။
အလားတူ ဒီလ ၁၃ရက်နေ့ကလည်း ကော့ကရိတ်မြို့က တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) ရုံးကို DKBA တပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ နအဖ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လိုလဲ ကေအိုင်စီ သတင်းများ အရ သိရှိရပါတယ်။

Read More...

နအဖ တပ်ဖွဲ့ဝင် ၇ဦး DKBA ရှေ့ထွက်မိုင်းကြောင့် ထိခိုက်ကျဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယနေ့မနက် ၈နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေသေည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီ ကို ပြောသည်။

“ဖူးခါ့ဆူ့(ဗိုလ်နှုတ်ခမ်းမွှေး)ကတော့ သူ့လူတွေကို လွှတ်ပြီး ဒီမှာလာလှုပ်ရှားတဲ့ နအဖတပ်မှန်သမျှ နည်းအမျိုးမျိုးနဲ့ တိုက်ခိုက် ဖို့ ညွှန်ကြားထားပြီးသားပဲလေ။ ဒါကြောင့် နအဖက ဒီနေရာမှာ ရှိနေသရွေ့တော့ DKBA ရဲ့ တိုက်ခိုက်မှုကို နေ့တိုင်းလိုလို ဆက်ခံရအုံးမှာပဲ။ အထူးသဖြင့် သူတို့ကို ဒီလိုရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်တာ ပိုအထိနာတယ်လေ။”ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့၌လည်း ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ (ပလော တပို့)တွင် DKBA တပ်မဟာ(၅) တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။

Read More...

တိုင်းရင်းသား လက်နက်ကိုင် တပ်မတော် ၁၂ ခု စုပေါင်း၍ Union Army ဖွဲ့စည်း

သျှမ်းသံတော်ဆင့်သတင်း မှ.....

ယခုလ ၁၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနယ်စပ် တနေရာ၌ ကျင်းပသော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (United nationality Federal Council) UNFC ပထမညီလာခံမှ Union Army တပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ညီလာခံ တက်ရောက်ခဲ့သူတဦးက ပြောပြသည်။
UNFC ညီလာခံအား Committee for Emergence of Federal Union (CEFU )၊ National Democratic Front (NDF) ၊ United nationality League for Democracy- Liberty Area (UNLD-LA ) တို့ ကမကထ ပြုကျင်းပ၍ ဖက်ဒရယ်ကောင်စီဆိုင်ရာ ဖွဲ့စည်းပုံကိုလည်း ချမှတ်နိုင်ခဲ့၏။

ညီလာခံမှ သဘောတူဖွဲ့စည်းလိုက်သည့် ဖက်ဒရယ်ကောင်စီ အောက်၌ (၁) နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau – (၂) ဗဟိုကော်မတီ Central Committee နှင့် (၃) ဗဟို အလုပ်အမှုဆောင် ကော်မတီ Central Executive Committee ဟူသောအဓိက ၃ ရပ် ထပ်မံဖွဲ့စည်းပြီး ဗဟိုအလုပ်အမှုဆောင် C E C အောက်တွင် နိုင်ငံရေးဌာန Political Department နှင့်ကာကွယ်ရေးဌာန Defense Department ထားရှိကြောင်း သိရသည်။

C E C ဉက္ကဌ အဖြစ် KNU မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒု ဥက္ကဌ ( ၁ )အဖြစ် KIO မှဒု-ဗိုလ်ချုပ်ကြီး ကောရီဇော်ဆိုင်း၊ ဒု ဥက္ကဌ ( ၂ )အဖြစ် KNPP မှ ဗိုလ်ချုပ် အေပယ်ရတွိတ်၊ အတွင်းရေးမှူးအဖြစ် NMSP မှ နိုင်ဟံသာ၊ ဒု အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ PNLO နှင့် ဒု-အတွင်း ရေးမှူး(၂) ရွှေမျိုးသန့် တို့ဖြစ်ကြသည်။

နိုင်ငံရေးဦးဆောင်အဖွဲ့ Political Leading Bureau တွင် KIO မှ ဒု-ဗိုလ်ချုပ်ကြီး အဲန်ဘန်းလှအောင်၊ CNF မှ ဇင်ကျုံးနှင့် NMSP ဥက္ကဌနိုင်ထောမွန် တို့ တာဝန်ယူ ကြသည်။

နိုင်ငံရေးဌာန Political Department နှင့် ကာကွယ်ရေးဌာန Defense Department ကို C E C မှ ဒု ဥက္ကဌ (၁) နှင့် ဒု ဥက္ကဌ (၂) တို့ တာဝန်ယူကြမည်ဟုလည်း ဖွဲ့စည်းပုံတွင်ပါရှိသည်။

နိုင်ငံရေးဌာန Political Department တွင်လည်း ဥပဒေရေးရာ၊ ပြည်ထဲရေး နှင့် နိုင်ငံခြားရေး ကဏ္ဍ၊ကာကွယ် ရေးဌာန Defense Department တွင် မြောက်ပိုင်းစစ်ဒေသ (တရုတ်-မြန်မာနယ် စပ်)၊ အရှေ့ပိုင်းစစ်ဒေသ
(ထိုင်း-မြန်မာ နယ်စပ်)၊ အနောက်ပိုင်းစစ်ဒေသ( အိန္ဒိယ-မြန်မာနယ်စပ်)နှင့် အထူးစစ်ဒေသဟူ၍ သတ်မှတ်ပြီး Union Army ပြည်ထောင်စုတပ် မတော်ဟု သတ်မှတ်ကြောင်း သိရသည်။

ဖက်ဒရယ်ကောင်စီဌာနချုပ်ရုံးလက်အောက်၌ ပြန်ကြားရေးအဖွဲ့နှင့် ဘဏ္ဌာရေးအဖွဲ့ထားရှိရန်လည်းသဘောတူ ကြောင်း ညီလာခံ တက်ရောက် သည့်အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့အပြင် ၁၆ မျက်နှာ ၊ ၉ ခန်းနှင့် ပုဒ်မ ၃၂ ရှိ UNFC ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံမူကြမ်း ကိုလည်းရေးဆွဲ နိုင်ခဲ့သည် ဟုဆို၏။

တက်ရောက်သူ ၅၃ ဦးရှိသည့်ညီလာခံတွင် အဖွဲ့ဝင် ၁၂ ဖွဲ့ ပါဝင်သော UNFC ကိုဖွဲ့စည်းလိုက်ခြင်းဖြစ် ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

၎င်း ၁၂ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ၊ ကရင်အမျိုးသားအဖွဲ့ချုပ် KNO ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး LDU ၊ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ NUPA ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးPSLF၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO ၊ သျှမ်းပြည်တိုးတက်ရေးပါတီ- သျှမ်းပြည်တပ်မတော် SSPP-SSA နှင့် ၀ အမျိုးသားအဖွဲ့ချုပ် WNO တို့ ဖြစ်ကြသည်။

UNFC ၏ထူးခြားချက်တခုမှာ အဖွဲ့အစည်း နှင့် ပြည်နယ်အခြေခံအပြင် တိုင်းရင်းသားလူမျိုးစုအခြေခံဖြင့်ဖွဲ့စည်း ထား ကြောင်း (တပ်ပေါင်းစုအခြေခံကိုမူ လက်မခံသေးကြောင်း) သိရသည်။

UNFC ၏ အတွင်းရေးမှူးလည်းဖြစ်၊ ညီလာခံဉက္ကဌလည်းဖြစ်သော နိုင်ဟံသာက - UNFC ၏ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံဥပဒေ ကိုလက်ခံသည့် မည်သည့် အဖွဲ့အစည်းမဆို အဖွဲ့ဝင်အဖြစ် ကြိုဆိုကြောင်း ညီလာခံ၌ ပြောကြားခဲ့သည်ဟု ဆိုသည်။

Read More...

ဆွဲမိုင်းကြောင့် နအဖ ၂၀ကျော် ထိခိုက်၊ သေဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျောက်ခက်နှင့် ဖလူးလေးအကြား ပဒူအုံ(ပလောတပ၀ို)တွင် ဖေဖော်ဝါရီလ ၁၅ရက် နေ့က DKBA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့၏ ဆွဲမိုင်းကြောင့် နအဖ တပ်မ(၂၂)လက်အောက်ခံ ခမရ(၃၅၇) တပ်ရင်း ၂၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ထိုနေ့ည ၈နာရီ ၁၅မိနစ်အချိန်၌ ဆွဲမိုင်းဖြင့် အဆွဲခံရသည့် အဆိုပါ နအဖတပ်ဖွဲ့ဝင်များထဲတွင် ဗိုလ်ကြီး ၁ဦး၊ အရာခံဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦး၊ ဒုတပ်ကြပ် ၁ဦးနှင့် တပ်သား ၆ဦး အပါအ၀င် စုစုပေါင်း ၁၀ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)နှင့် ပြန်လာပူးပေါင်းသည့် DKBA တပ်မဟာ(၉၉၉)မှ တပ်ရင်း(၅)မှူးဖြစ်သူ ဒုဗိုလ်မှူးကြီးစောဖိုးခလိက ကေအိုင်စီကို ပြောသည်။

သူက “ကျနော်တို့လူ(DKBA)တွေ သူတို့(နအဖ)ကို ဆွဲမိုင်း ၂လုံးနဲ့ ဆွဲတာ။ ၂လုံးဆိုတော့ ပိုပြီးတော့ပြင်းသလို ဆွဲတာလည်း နေရာမှန်တော့ နအဖတွေ ဒီလို အထိအခိုက်များတာပဲ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ဘာဖြစ်လဲဆိုတော့ ဆွဲပြီး တာနဲ့ နောက်ဆုတ်တာပဲလေ။”ဟု ပြောသည်။

ဆွဲမိုင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် နအဖ ခမရ(၃၅၇)မှ တပ်ဖွဲ့ဝင်များကို မြ၀တီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ မြ၀တီမြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ယခုလ ၁၃ရက်နေ့၌လည်း ကော့ကရိတ်မြို့ရှိ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ရုံးကို DKBA တပ်ဖွဲ့ က လက်ပစ်ဗုံးဖြင့် သွားရောက်လှမ်းပစ်ခဲ့ရာ နအဖ ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Read More...

နေရွှေသွေးအောင် အာဏာဆက်ခံရေး သဘောမတူသည့် ဗိုလ်ချုပ်များ ထပ်မံဖယ်ရှားခံရ

FNG မှ..........

သြဂုတ် လ အတွင်းက ရာထူးမှ အနားယူခဲ့ရသည့် ယခင် မြောက်ပိုင်း တိုင်းမှုးဟောင်း နှင့်စစ်တက္က သိုလ် ကျောင်း အုပ်ကြီး ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်း မှုး ဟောင်းတစ်ဦး ပင် ဖြစ်သည့် ဗိုလ်ချုပ် စိုးဝင်း တို့ နှစ် ဦး သည် ယခု နှစ် ဖေဖေါ်ဝါရီ လဆန်း ပိုင်းက နေပြည်တော်ပြုလုပ် ခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အာဏာဆက်ခံ ရေး အစီအစဉ် ကို ပြန်လည်ဝေဖန်မှု ပြုမိသောကြောင့်နေအိမ် အကျယ်ချုပ် ကျခံနေရသည် ဟု Freedom News Group မှ သတင်းရရှိသည်။

မြန်မာ စစ်ခါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ၎င်း ၏ အသက် ၂၀ ကျော်အရွယ် မြေး ဖြစ်သူနေရွှေသွေးအောင် ကို အာဏာလွှဲပြောင်းပေး အပ်ရန် စီစဉ်မှု အား ဒုဗိုလ်ချုပ်မှုးကြီး မောင်အေးအပါအ၀င် ဗိုလ်ချုပ်ကြီး ရဲမြင့် ၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ၊ ဗိုလ်ချုပ် ကြီး ဟောင်း တင်အေး၊ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဗိုလ်ချုပ် ဝေလွင်၊ ဗိုလ်ချုပ်ကြီး ကိုကို ၊ ဗိုလ်ချုပ် ကြီး သီဟသူရ တင်အောင်မြင့်ဦး စသူ တို့ ကို ခေါ်၍ သဘောထား မေးမြန်းကြရာ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့ က အပြင်းအထန် ကန့် ကွက် ခဲ့ပြီး ၊ ဗိုလ်ချုပ်ကြီး ဟောင်းအုန်းမြင့် နှင့် ဗိုလ်ချုပ် စိုးဝင်း တို့ က သဘောမတူ ဟု သိရှိရသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ၎င်း ၏ မြေး ဖြစ် သူ အာဏာဆက်ခံ မှု ကို ကန့် ကွက် ခဲ့သည့်ဒု ဗိုလ်ချုပ်ကြီး သူရ မြင့် အောင် နှင့် ဗိုလ်ချုပ်ကြီး တင်အေး တို့  နှစ်ဦး အား အရေးမပါသောနေရာများ ပေးကာ ချောင်ထိုး ခဲ့ပြီး ပြန်လည် စောဒကတက်သည့် သူရ မြင့် အောင်ကိုမူရာထူးမှဖယ်ရှားကာအင်းစိန်ထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ဒု ဗိုလ်ချုပ်ကြီးသူရ မြင့် အောင် အဖမ်းခံရပြီး နောက်ရက် အနည်းငယ် အကြာမှပင် ဗိုလ်ချုပ်ကြီး ဟောင်း
တင်အေးလည်း ရာထူးမှ နှုတ်ထွက် ခဲ့ရသည်။

ယနေ့ နေ ပြည်တော် ရှိ စစ်အရာ ရှိများ အသိုင်းအ၀ိုင်းမှ နောက်ဆုံးကြား သိရသည့် သတင်းများအရ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် နှင့် ဗိုလ်ချုပ်စိုးဝင်းတို့ နှစ်ဦးသည်လည်း နေအိမ်အကျယ်ချုပ် ချမှတ် ခံနေရသည် ဟု သတင်းရရှိသည်။

အမှတ် (၁) စက်မှု ၀န်ကြီး ဦးအောင်သောင်း ၏ သားဖြစ်သူဗိုလ်မှုး ပြည်အောင် အားတပ်စည်းကမ်း ဖောက်ဖျက်မှု ဖြင့် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျှာထား ခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင် က ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု လည်း သတင်းများ ဖြစ်ပေါ်နေသည်။

ဗိုလ်မှုး ပြည်အောင် သည် ဒုတိယ ဗိုလ်ချုပ်မှုး ကြီး မောင် အေး ၏ သားမက် ဖြစ်ပြီး ဂေါက်ရိုက်ခြင်း နှင့်သူ၏ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များ ဖြင့်သာ အချိန် ကုန်နေတတ်သည်။ဗိုလ်မှုး ပြည်အောင် သည့် Air Innlay အမည် ရှိ လေကြောင်း လိုင်း တစ်ခု တည်ထောင်ရန်စီစဉ် နေသည် ဟု သတင်းထွက် ပေါ်နေသော်လည်း ဗိုလ်ချုပ်မှုး ကြီ သန်းရွှေ ၏ ခွင့်ပြုချက်မရ ရှိသေး ဟု သိရသည်။

Read More...