ကွယ်ကလူ မှ.......
ကရင်ဒေသထိုးစစ် ပိုများလာဖွယ်ရှိ
ဧရာဝတီ သတင်းမှ.........
ကရင်ပြည်နယ်အတွင်း အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုမို များပြားလာဖွယ်ရှိသဖြင့် ပြောက်ကျား စစ်ဆင်ရေး အတွက် ပြင်ဆင်ထားကြောင်း ကရင်လက်နက်ကိုင် အဖွဲ့များက ပြောသည်။
အစိုးရက အပစ်အခတ် ရပ်ရေး ထပ်မံ ညှိနှိုင်းဖွယ် မရှိကြောင်း ယူဆရသည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်မှုးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။
“တပ်မ၂၂ က စစ်သားတွေကို ကျနော်တို့ ဒေသတွေမှာ ထပ်တိုး ချထားတယ်၊ လက်နက်ကြီးတွေလည်း ပါတယ်” ဟု သူက ပြောသည်။
တိုက်ပွဲငယ်များက ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက်ရှိသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။
မကြာသေးမီက မြ၀တီ၊ ဘုရားသုံးဆူမြို့များအတွင်း ၀င်ရောက်တိုက်ခိုက်ဖူးသော DKBA က နောင်တွင်လည်း အလားတူ ပြုလုပ်ဦးမည်ဟု ဆိုသည်။
"လာမယ့်နွေရာသီမှာ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စတဲ့ မြို့တွေမှာ မြို့တွင်းတိုက်ပွဲ စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ ရှိတယ်" ဟု DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ဧရာဝတီကို ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
DKBA သည် ၁၉၉၅ တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ DKBA တပ်တချို့သည် အစိုးရ၏စီစဉ်မှုဖြင့် မကြာသေးမီက နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းသွားသည်။
ကရင်ပြည်နယ်အတွင်း KNU နှင့် DKBA အဖွဲ့များ၊ အဖွဲ့ငယ်များ လှုပ်ရှားနေပြီး ၎င်းတို့ကို အစိုးရတပ်များက ချေမှုန်းလျက်ရှိသည်။ ထိုသို့ ချေမှုန်းရာတွင် ကရင်နယ်ခြားစောင့်တပ်ကို အသုံးပြုနေသည်။
ဤအတောအတွင်း KNU က ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် မာနယ်ပလော ဌာနချုပ်အနီး တပ်ဖွဲ့များ စေလွှတ်ထားသည်ဟု ဆိုသည်။
“မာနယ်ပလောခွင်ကိုတော့ ပိုပြီးတော့ လှုပ်ရှားလာနိုင်တယ်၊ ဟိုတုန်းက တလက်မလောက် လှုပ်ရှားနိုင်ရင် အခုတော့ တလက်ဝါးလောက်တော့ လှုပ်ရှားလာနိုင်ပြီ” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ဧရာဝတီသို့ ပြောကြားသည်။
တိုက်ပွဲများကြောင့် ဒေသခံတို့က တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်နေရသည်။ ထိုင်းနိုင်ငံဘက်ခြမ်းဒုက္ခသည်စခန်းများသို့ သွားရောက်ခိုလှုံသူများလည်း ရှိသည်။
တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ကရင်နီပြည်သူများကို KNPP တိုက်တွန်း
စောခါးစူး(ကေအိုင်စီ)
အမျိုးသားရေးအတွက် ရှေးရှု၍ တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ယနေ့ သြဂုတ်လ ၁၇ရက်နေ့၌ ကျရောက်သော ၆၃နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့တွင် ကရင်နီပြည်သူများအား ကရင်အမျိုးသား တိုးတက်ရေးပါတီ-KNPP က တိုက်တွန်ပြောကြားလိုက် သည်။
ထိုင်း-မြန်မာနယ်စပ် KNPP ထိန်းချုပ်နယ်မြေ လိုဘာခိုခရိုင်၊ မယ်စဲမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော် မှတ်တိုင်တပ်စခန်း၌ ပြု လုပ်သည့် အခမ်းအနားတွင် KNPP က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
KNPP ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ပါဝင်တဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေဟာ ပြည် သူကြားက မွေးဖွားလာတဲ့ သားသမီးတွေ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ကျနော်တို့နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးပန်ကြားချင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ကရင်နီလူထု၏ ပူးပေါင်းပံ့ပိုးမှုကို ရယူပြီး မြန်မာအစိုးရကို လက်နက်ကိုင်နည်းနှင့် နိုင်ငံရေးနည်း နှစ်မျိုးပေါင်းပြီး မြန်မာနိုင်ငံ ဖယ်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNPP က ပြောသည်။
နိုင်ငံရေး ပဋိပက္ခ ရှိနေသည့်အတွက် ကရင်ပြည်တပ်မတော်သည် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေရသော်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမှသာ ငြိမ်းချမ်းရရှိနိုင်မည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU၏ ဒု-ဥက္ကဌ စောဒေးဗစ်သကဘောက “ကရင်နီအမျိုးသားအနေနဲ့ သူတို့(မြန်မာအစိုးရ)ကို တော်လှန်တိုက်ပွဲဝင်တဲ့အခါမှာ စွမ်းစွမ်းတမံ ပါဝင်တယ်။ KNU အနေနဲ့ KNPP နဲ့လက်တွဲပြီး တော်လှန်ရေး ဆုံးခန်းတိုင်အောင် ပူး ပေါင်းဆောင်ရွက်သွားမယ်။”ဟု ပြောသည်။
KNU နှင့် KNPP သည် ၁၉၄၈ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်း မြန်မာအစိုးရ အဆက်အဆက်ကို လက်တွဲ တော်လှန်ခဲ့သည့် မဟာမိတ်အဖွဲ့များ ဖြစ်သည်။
ဗြိတိသျှအစိုးရ မြန်မာနိုင်ငံမှ ထွက်ခွာပြီးနောက် ၁၉၄၈ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့တွင် ကရင်နီပြည်အား မြန်မာအစိုးရက စတင် ၀င်ရောက် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ကရင်နီခေါင်းဆောင်များက လူစုပြီး ပြန်လည်တိုက်ခိုက်ကာ သြဂုတ်လ ၁၇ရက်နေ့တွင် တပ်မတော်တစ်ရပ် အသွင်အဖြစ် စတင် ဖွဲ့စည်းခဲ့သည်။
ကရင်နီတပ်မတော် စတင်ဖွဲ့စည်းစဉ်က လွတ်လပ်သည့် ကရင်နီပြည်ထောင်စု တပ်မတော်အမည်ဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ခုနှစ်တွင် အမျိုးသား ကွန်ဂရက်တွင် ကရင်နီပြည်တပ်မတော်ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား
နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(ကေအဲန်အဲယ်လ်အေ)တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု ကေအဲန်အယ်လ်အေ ဘက်ကပြောသည်။
သြဂုတ်လ ၁၄ရက်နေ့တွင် ဗိုလ်ကြီးစောသယူ့ထူး ဦးဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ကော့ကရိတ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခိုကျေးရွာအနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူးဗိုလ်မှူး စောအယ်စဲစဲက ကေ အိုင်စီကို ပြောသည်။
၎င်းက “မနေ့က ကျနော်တို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့ ဝင်တွေနဲ့ စစ်တပ်တို့ ခလဲ့ခို့ ရွာဘက်မှာ ပစ်ခတ်မှုဖြစ် ပွားပြီး ရန်သူ့ဘက်က ၁ဦးဒဏ်ရာ ရရှိသွားတယ်။ တိုက်ပွဲက သိပ်တော့မကြာလိုက်ဘူး၊ ခဏလေးနဲ့ ပြီးသွားတယ်”ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ် ခမရ (၂၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅၀ဦး နီးပါးရှိပြီး KNLA အခြေချသည့် နယ်မြေ အတွင်းသို့ ၀င်ရောက်ကျူးကျော်လာခဲ့သောကြောင့် ယခုလို ချုံခိုတိုင်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး စောအယ်စဲစဲက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့တွင်လည်း ကေအဲန်အယ်လ်အေ (၂၁)တပ်ရင်းက စကခ(၁၂)လက်အောက်ခံ ခမရ ၅၄၈ တပ်ရင်းအား ၀ါးခို့လော်တယ်ကျေးရွာအနီးတွင် ချုံခိုက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက် ၃ဦးဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၁၁ရက်နေ့တွင်လည်း ကမားထာ့တွင် ကေအဲန်အယ်လ်အေ ၂၁တပ်ရင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ခမရ ၃၃၉ တပ်ရင်းအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၂ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ကေ အဲန်အယ်လ်အေ တပ်မဟာ (၇)က ပြောသည်။
အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်းထုတ်ဖော်ပြော ကြားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုချက်မရရှိပေ။
လှိုင်းဘွဲမြို့နယ်တွင် အစိုးရစစ်တပ်ဘက်မှ ရတခ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၃၁၀၊ ၃၃၈၊ ၃၃၉၊ ခ လရ ၂၈ တပ်ရင်းနှင့် စကခ (၁၂)လက်အောက်ခံ ခလရ ၂၃၁တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသလို ကေအဲန်ယူ (၇)တပ်မ ဟာ(၇) လက်အောက်ခံ ကေအဲန်အယ်လ်အေ ၂၁တပ်ရင်း လှုပ်ရှားလျှက်ရှိသည်။
ကြံ့ဖွံ့အစိုးရစစ်တပ် အရာရှိတဦး ကျဆုံးတဲ့ အဇင်းရွာ တိုက်ပွဲ
ကရင့်အာဇာနည်နေ့ ကေအဲန် အယ်လ်အေနဲ့ ဒီကေဘီအေ ပူးပေါင်းကျင်းပ
စောသိန်းမြင့် (ကေအိုင်စီ)
ယနေ့ကျရောက်သည့် ၆၁နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNL A)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကေ အဲန်ယူ ထိန်းချုပ်ရာ နယ်မြေတနေရာတွင် စုပေါင်း ကျင်းပကြသည်။
ဒီကေဘီအေတပ်ဖွဲ့များသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းသွား ခဲ့သည့် ၁၅နှစ်တာကာလအတွင်း ကရင့်အမျိုးသားအာဇာနည်နေ့ကို ကျင်းပခွင့်မရှိဘဲ ယခုနှစ်မှသာ KNLA နှင့်အတူ ပထမဦးဆုံး ကျင်းပနိုင်ခြင်း ဖြစ်သည်။
ကော့ကရိတ်မြို့နယ်တွင် ကျင်းပပြုလုပ်သည့် ၆၁နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒီကေဘီအေ၊ ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ ၄၀၀ဦးခန့် တက်ရောက်ခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူးစော ကြည်အောင်က ပြောသည်။
“အခမ်းအနားကို မနက် (၇)နာရီမှာ စတယ်။ ဒီကေဘီအေဘက်ကလည်း တက်ရောက်ကြတယ်။ ဒေသခံရွာသူရွာသား အပါအ၀င် ဆိုရင်တော့ ၄၀၀နီးပါးလောက် တက်ရောက်တယ်။ အခမ်းအနားမှာတော့ စစ်ရေးပြအစီအစဉ်ရှိတယ်။ ဥက္ကဌကြီး မိန့်ခွန်းဖတ်ကြား တယ်။ မဟာမိတ်က ပို့လာတဲ့ သ၀ဏ်လွှာတွေ၊ ကေ၀ိုင်အို၊ ကေဒဗလျူအို သ၀ဏ်လွှာတွေကို ဖတ်ကြားတယ်။”ဟု ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ(၇)တွင်လည်း ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်သည့် နယ်ခြားစောင့်တပ်မှူးတပ်သားအ ချို့နှင့် ပူးပေါင်း၍ အာဇာနည်နေ့ သမိုင်းကြောင်းများအပြင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်နှင့် ပတ်သက် သည့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။
ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည် သည့် နယ်ခြားစောင့်(၁၀၂၀)တပ်ရင်း၊ တပ်ခွဲ(၃)မှ ဒုတပ်ခွဲမှူး တပ်ကြပ်ကြီး စောဒို့စေးက “အခုလို ကျနော်တို့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြန်ပြီး ဂုဏ်ပြုခွင့်ရတဲ့အတွက် ကျနော် အရမ်းပဲ ၀မ်းသာတယ်။ ကျနော့်အ တွက် ပထမဦးဆုံးအကြိမ်ပဲ။ ဒီကေဘီအေမှာနေတုန်းက ဒီလိုနေ့ရက်မျိုးကို အစိုးရက ကျင်းပခွင့်မပြုဘူးလေ။ ဒီဟောပြောပွဲလုပ် တဲ့အတွက် အစိုးရကို ပြန်လည်တော်လှန်ဖို့ အများကြီး စိတ်အားထက်သန်လာတယ်။”ဟု ပြောသည်။
ကရင့်အာဇာနည်နေ့ကို ကျင်းပရခြင်းမှာ ကရင်တမျိုးသားလုံးအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်စောဘဦးကြီးနှင့် အခြားသော တပ်ဗိုလ်တပ်မှူး ရဲဘော်နှင့် ပြည်သူတို့၏ မျိုးချစ်စိတ်ဓာတ်၊ ယုံကြည်ချက်နှင့် ပေးဆပ်မှုတို့ကို အောက်မေ့ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ စောတာမလာဘောက အာဇာနည်နေ့မိန့်ခွန်းတွင် ပြောဆိုသည်။
ထို့အပြင် ကေအဲန်ယူ ဥက္ကဌက တော်လှန်ရေးသမားများနှင့် ကရင်ပြည်သူတရပ်လုံး တော်လှန်ရေး၊ နိုင်ငံရေးသတိဖြင့် အတိတ်မှ အတွေ့အကြုံများကို သင်ခန်းစာယူပြီး ရန်သူ၏ သွေးထိုးလှုံ့ဆော်များ၊ တော်လှန်ရေးပြိုကွဲအောင် ၀ါဒဖြန့်ချိမှုများနှင့် ကရင်လူထု ကို ထိပါးစေသော မည်သည့်လုပ်ရပ်ကိုမဆို ၀ိုင်းဝန်းတွန်းလန်သွားရင်း ဘ၀တူ တိုင်းရင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့်အ တူ စည်းလုံးညီညွတ်စွာဖြင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။
အလားတူ ဗိုလ်မှူးချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီမှလည်း ကရင့်အာဇာနည်များ ကျဆုံးခဲ့သည့် ကော့ကရိတ် မြို့နယ်၊ ထို့ကော်ကိုးကျေးရွာတွင် အခြေစိုက်ကာ ကရင့်အမျိုးသားအာဇာနည်နေ့ကို ယနေ့ ပြုလုပ်ခဲ့သလို တတိယနိုင်ငံရောက် ကရင်လူမျိုးများကလည်း အလုပ်ပိတ်ရက်များတွင် အသီးသီး ကျင်းပပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈၀ကျော် KNLA ထံ လာရောက် ပူးပေါင်းခဲ့
နန်းသူးလေ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၈၀ကျော်သည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၁)နှင့် တပ်မဟာ(၇)နှစ်ခုသို့ ပြီးခဲ့ သည့် ရက်သတ္တပတ်က လာရောက်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဖက်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ လာရောက်ပူးပေါင်းသည့် အဖွဲ့များအနက် သြဂုတ်လ ၃ရက်နေ့က တပ်မဟာ(၇)နယ်မြေတွင် ဗိုလ်အဆင့်ရှိသူ အပါအ၀င် နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၀ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြုပြောဆိုခဲ့သည်။
“နယ်ခြားစောင့်တပ်ရင်း(၁၀၁၄)က ဗိုလ်စောတာဘော့ အပါအ၀င် စစ်သည် ၁၀ဦးဟာ ပြီးခဲ့တဲ့ ၃ရက်နေ့က KNLA တပ်မဟာ(၇) ဌာနချုပ်မှာ လာပူးပေါင်းတာ။ သူတို့နဲ့အတူ ၉ မီလီမီတာ ၁လက်၊ ကာဘိုင် ၂လက်၊ AR ၁လက်၊ HK ၁လက်၊ MA ၂လက်၊ AK ၁လက် ကျည်ဆံ ၁၀၇၅ တောင့် ပါတယ်။”ဟု ပြောသည်။
နယ်ခြားစောင့်တပ်ရင်း(၁၀၁၄)သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိလူမျိုး အချင်းချင်း တိုက်ခိုက်နေရသည်ကို မလိုလားတော့ဘဲ KNLA တပ်ဖွဲ့အနေဖြင့် တဖွဲ့တည်းသာ ဆက်လက် တိုက်ပွဲဝင်သွားလို၍ လာရောက် ပူးပေါင်းကြ ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းအပြင် ကေအဲန်အယ်လ်အေ တပ်မဟာ(၁)နယ်မြေဖြစ်သည့် သထုံခရိုင်၊ ဖားအံမြို့နယ်တွင် အခြေစိုက် လှုပ်ရှားနေသည့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၇၀ကျော်သည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ပြီးခဲ့သည့်အပတ်က နှစ်သုတ်ခွဲကာ KNLA တပ်ရင်း(၁)တွင် လက်နက်ခဲယမ်းများ နှင့်အတူ သွားရောက်ပူးပေါင်းခဲ့သည်ဟုလည်း ကေအဲန်ယူ ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူ ဗဟို အမြဲတမ်း ကော်မတီဝင် ပဒိုစောသောသီဘွဲက “ကျနော်တို့ တပ်မဟာ(၁)ဘက်မှာတော့ နယ်ခြားစောင့်တပ်(BGF) ၇၀ကျော် လာရောက်ပူးပေါင်းတယ်လို့ သြဂုတ်လ ၅ရက်နေ့မှာ သထုံခရိုင်ကနေ သတင်းပို့လာတယ်။ ပထမတစ်သုတ်မှာ BGF ၄၂ဦးက မိသားစုတွေနဲ့အ တူ ရောက်လာတယ်။ နောက်တခေါက်မှာတော့ အယောက် ၃၀ ထပ်များလာတယ်လို့ သတင်းရတယ်။ ဒါပေမဲ့ ဘယ်တပ်ကလည်းဆိုတာနဲ့ နေ့ ရက်အတိအကျကို မသိရသေးဘူး။”ဟု ဆိုသည်။
ထိုသို့ လာရောက်ပူးပေါင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစောဘိ ဦးစီးသည့်အဖွဲ့မှဖြစ်သည်ဟု ယူဆရပြီး ၎င်းနှင့်အတူ ထွက်ခွာ လာခဲ့သည့် မိသားစုဝင် ၁၈၆ဦးမှာလည်း ယခုအချိန်တွင် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ယာယီ နေထိုင်လျှက်ရှိသည်ဟု သိရှိရသည်။
ပစ်ခတ်မှုကြောင့် ကလေးနှစ်ဦး ဒဏ်ရာရသည့် အစိုးရ၏ စွပ်စွဲချက်ကို KNU ငြင်းဆို
စောခါးစူး (ကေအိုင်စီ)
သြဂုတ်လ ၈ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်ရှိ ကျေးရွာတရွာမှ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားခြင်းမှာ မဟုတ်မှန်ပဲ၊ ၎င်းတို့၏ လက်ချက်မ ဟုတ်ဟု KNU က ငြင်းဆိုလိုက်သည်။
သြဂုတ်လ ၅ရက်နေ့က ဖာပွန်မြို့နယ် ၀ါးသိုးခိုရွာအနီးရှိ မြန်မာအစိုးရ ခြေလျင်တပ်ရင်း (ခလရ-၂၁၄) အခြေစိုက်စခန်းကို ၎င်းတို့ က ၀င်ရောက်ပစ်ခတ်စဉ် အစိုးရတပ်ဘက်မှ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့်သာ ၉နှစ်အရွယ် မိန်းကလေးတဦးနှင့် ၁၀ နှစ်အရွယ် ယောက်ျားလေးတဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ် ဒို့က ပြောသည်။
“အခု မြန်မာအစိုးရ ဖော်ပြတာနဲ့ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်ပဲ။ ကျနော်တို့က ရွာသားတွေကို ၀င်ပစ်တယ်လို့ စွပ်စွဲတာဟာ လုံးဝ အခြေအမြစ်မရှိဘူး။ ရွာသားတွေဟာ အပြစ်မဲ့သူတွေပါ။ နောက် ၀ါးသိုးခိုရွာသားတွေဟာ ကရင်ပြည်သူတွေလည်း ဖြစ်တယ်။”ဟု သူက ကေအိုင်စီကို ပြောသည်။
အစိုးရသတင်းစာများတွင် KNU တပ်မဟာ(၅)၊ တပ်ရင်း(၁၀၁)တပ်ရင်းမှ အင်အား ၃၀ခန့်ရှိ တပ်ခွဲမှူး ဖားစတီး(အမည်မှန်မှာ ဗိုလ် ကြီးစောစတီး) ဦးဆောင်အဖွဲ့က ၀ါးသိုးခိုရွာအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်မှုကြောင့် ၀ါးသိုးခိုရွာ မူလတန်းကျောင်းရှိ ပထမတန်း ကျောင်းသားကျောင်းသူနှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
အမှန်မှာ လက်နက်ကြီး ကျရောက်ခဲ့သည့် ၀ါးသိုခိုကျေးရွာသည် မြန်မာတပ်စခန်းနှင့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များအကြားတွင် မရှိဘဲ KNU တပ်ဖွဲ့ဝင်များ၏ နောက်ကျောဘက်တွင်သာ ရှိနေသည့်အတွက် ရွာတွင်းသို့ လက်နက်ကြီး ကျည်ကျခဲ့ခြင်းမှာ KNU တပ်ဖွဲ့များ၏ လက်ချက် မဟုတ်ဘဲ အစိုးရဘက်က ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကြောင့်သာ ဖြစ်သည်ဟု KNU မှ အဆိုပါ ရုံးထိုင်မှူးက ပြောသည်။
၎င်းက ဆက်လက်ပြီး “သူတို့(အစိုးရ)ဖော်ပြတဲ့ တပ်ရင်း(၁၀၁)ဆိုတာ မှားတယ်။ တပ်ရင်း(၁၀၂)ပါ။ နောက် ကျနော်တို့ ပြောက် ကျားစနစ်နဲ့ ပစ်ခတ်မှုလုပ်တာ အင်အား ၃၀အထိ မသုံးဘူး။ လက်နက်ကြီးလည်း သူတို့လောက် မသုံးဘူး။”ဟု ပြောသည်။
မြန်မာအစိုးရတပ်နှင့် KNU တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသည့် ထိုကလေးနှစ်ဦးအား ၀ါးသိုးခိုကျောင်းအုပ် ဆရာက ကမမောင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။
ချောင်းရေကျသွားသော်လည်း ဒုက္ခသည်စခန်းမှ ရေဘေးသင့် သူများ ယာယီနေရာတွင် ရှိနေဆဲ
စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းကို ယခုလဆန်းပိုင်းက နစ်မြုပ်ခဲ့ သည့် မှိုင်းလုံကြီး(မူယူ)ချောင်းရေသည် ယခုရက်ပိုင်းအတွင်း လျော့ကျသွားသော် လည်းရေဘေးဒုက္ခသည်များမှာ မိမိနေအိမ် သို့ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ရေတော့ ပြန်ကျသွားပါပြီ။ ဒါပေမယ့် လောလောဆယ် ဒုက္ခသည်တွေ သူတို့အိမ်ကို လုံးဝ ပြန်နေလို့မရသေးဘူး။ သူတို့အိမ် တွေ အကုန်လုံး ပျက်စီးသွားတယ်လေ။ အထူးသဖြင့် ရပ်ကွက် ၆နဲ့ ရပ်ကွက် ၇ပေါ့။ အခု ဆေးရုံ၊ ကျောင်း၊ ဘုရားကျောင်းတွေ မှာ ခိုလှုံနေရတုန်းပဲ။ ရေလျော့ကျသွားပေမယ့် မိုးဆက်တိုက် ထပ်ရွာလို့ရှိရင် စိုးရိမ်ရတဲ့ အခြေအနေမှာရှိတုန်းပဲ။”ဟု စခန်း တွင်းရှိ Karen Refugee Committee Education Entity (KRCEE) အတွင်းရေးမှူး စောကော်မူက ပြောသည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်း၍ မူယူချောင်းရေကြီးမှုကြောင့် လူနေအိမ်၊ ရိက္ခာဂိုဒေါင်များသာ ပျက်စီးပြီး လူအသေအ ပျောက်မရှိကြောင်း ဒုက္ခသည်တာဝန်ရှိသူများက ပြောဆိုကြသော်လည်း ထိုင်းသတင်းများ၏ ရေးသားဖော်ပြချက်အရ မယ်လ အူးဒုက္ခသည်စခန်းနှင့် မဲ့စလဲ့ကျေးရွာကြားတွင် ဒုက္ခသည်မဟုတ်သူ ၃ဦးသေဆုံးပြီး ၅ဦးပျောက်ဆုံးနေသည်ဟု ဆိုသည်။
ထိုသို့ ရေများ လျော့ကျလာသော်လည်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အနည်းဆုံး ၂ပတ် သို့မဟုတ် ၃အထိအ ချိန်ယူရမည်ဖြစ်သလို ရေနစ်မြှုပ်မှုကြောင့် ဒုက္ခသည်များသည် မိုးထဲရေထဲတွင် သွားလာလှုပ်ရှားနေရသောကြောင့် ကျောင်း နေအရွယ်ကလေးငယ်များမှာ ဖျားနာမှုများရှိသည်ဟု စောကော်မူက ပြောသည်။
၎င်းက “ပျက်စီးသွားတဲ့ အိမ်တွေ၊ တံတားတွေကို ပြန်လည်ပြုပြင်ရမယ်ဆိုတော့ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့က အနည်းဆုံး အချိန် ၁လလောက် ယူရအုံးမယ်။ ကလေးတွေလည်း မိုးထဲရေထဲမှာ သွားလာနေရတော့ တချို့ဖျားနာတာလည်း ရှိသလို နောက်ဆက်တွဲအဖြစ် ၀မ်းလျောတာတွေ လည်း ရှိတယ်။”ဟု ပြောသည်။
ယခုအချိန်တွင် မယ်ရာမိုနှင့် မယ်လအူးစခန်းများမှ ၎င်းရေဘေးဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်သည့် အကူအညီများ ကို ဦးစွာ လုပ်ဆောင်ပေးနေသည်ဟု ကရင်ဒုက္ခသည်ကော်မတီ(KRC)ဥက္ကဌ စောရောဘတ်ထွေးက ကေအိုင်စီကို ပြောသည်။
သူက “ကားလမ်းကတော့ သွားလို့ရပြီဆိုပေမယ့် ပစ္စည်းတွေကို ခက်ခက်ခဲခဲ ယူသွားရတာပေါ့။ အိမ်ပျက်စီးသွားတဲ့လူတွေအ တွက် အရေးပေါ်အဖြစ် တာလပတ်အမိုးအကာတို့ သွားပေးတယ်။ အ၀တ်အစားတချို့လည်း ပါတယ်။ စခန်းနဲ့နီးတဲ့ ထိုင်း ကျေးရွာတချို့လည်း ရေနစ်မြှုပ်တာ ခံရတာ။ အသေအပျောက်လည်း ရှိတယ်လို့ သိရတယ်။”ဟု ပြောသည်။
ဒုက္ခသည်စခန်း ၂ခုတွင် ဒုက္ခသည် ၂,၀၀၀ကျော် ရေဘေးသင့်ခဲ့ပြီး မယ်ရာမိုဒုက္ခစခန်းမှ လူနေအိမ် ၄၀၆လုံး၊ မူယူချောင်းကို ဖြတ်ကျော်သည့် ကြိုးတံတားကြီး အပါအ၀င် စခန်းရှိ တံတားငယ် ၁၀စင်း၊ ရိက္ခာဂိုဒေါင် ၃လုံးမှ ဆန်အိတ် ၂၉၇၀အိတ်၊ ဆား ၆၃အိတ်၊ ပဲ ၃၃၂အိတ်၊ စားသုံးဆီ ၁၃၆ပုံး၊ Asia Mix (ဂျုံမှုန့်) ၂၅၅အိတ်၊ ငါးပိ ၆၅ပုံး ပျက်စီးသွားခဲ့ပြီး မယ်လအူးစခန်းတွင်မူ နေအိမ် ၅၉လုံးနှင့် စာသင်ကျောင်း ၂ကျောင်း ပျက်စီးခဲ့သည်ဟု (KRC)၏ မှတ်တမ်းအရ သိရသည်။
ကရင်အချင်းချင်း မတိုက်ရန် DKBA သတိပေး
ဧရာဝတီ သတင်းမှ........
ယခုလအတွင်း အစိုးရတပ်က ပြုလုပ်မည့် ကရင်ပြည်နယ် ထိုးစစ်တွင် ကရင်နယ်ခြားစောင့် တပ်များကို အသုံးပြုမည် ဆိုပါက အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းခြင်းဖြစ် လိမ့်မည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အရာရှိတဦးက ပြောလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ အမှတ် ၄ က ကရင်နယ်ခြားစောင့်တပ် တပ်မှူးများနှင့် တွေ့ဆုံပြီး ပူးတွဲစစ်ဆင်ရေးပြုလုပ်ရန် ဆွေးနွေးသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
"ကရင် နယ်ခြားစောင့်တပ်က တာဝန်ရှိသူတွေကို စဉ်းစား ချင့်ချိန်စေချင်တယ်။ သူတို့ တက်လာရင်တော့ ကျနော်တို့ဘက်က ညှာမှာတော့ မဟုတ်ဘူး" ဟု မြ၀တီခရိုင် အခြေစိုက် DKBA တပ်မဟာ ၅ မှ ဗိုလ်ကြီးကော့ဒို့စိုးက ဧရာဝတီကို ပြောသည်။
DKBA တပ်မဟာ ၅ သည် ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် အဖွဲ့ ဖြစ်သည်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည့်အချိန်က စတင်ပြီး အစိုးရတပ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
DKBA တပ်မဟာ ၅ ကို မိုးတွင်းကာလအတွင်း အပြီးသတ် ချေမှုန်းမည့် ကိစ္စမှာလည်း ဖြစ်နိုင်ခြေ မရှိကြောင်း၊ ခံစစ်ရှင် ပြောက်ကျားနည်းဖြင့် ခုခံရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်ကြီးကော့ဒို့စိုးက ပြောသည်။
အစိုးရက ထိုးစစ်ဆင်ရန် ဆုံးဖြတ်ရခြင်းမှာ DKBA တပ်မဟာ ၅ ၏ သောင်းကျန်းမှုကြောင့် ဖြစ်သည်ဟု စစ်ဆင်ရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် မြ၀တီခရိုင် အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
DKBA တပ်မဟာ ၅ အဖွဲ့သည် မြ၀တီ နှင့် ကော့ကရိတ်ကြား ၅၅ မိုင် ရှည်သော ဒေါနတောင်ကျော် ကားလမ်းပေါ်တွင် ဆက်ကြေးတောင်း၊ လူသတ်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ပြုလုပ်ခြင်း၊ မြို့များအတွင်း ၀င်ရောက် ပစ်ခတ် ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နေသည်ဟု သူက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ ၏ တပ်မှူးတဦးက "ကျနော်တို့ အခွန်ကောက်တာ မှန်တယ်၊ လူထုကို ကျနော်တို့ရဲ့ ရည်ရည်ချက်နဲ့ လုပ်ငန်းစဉ်ကို ရှင်းပြပြီးတော့မှ ကောက်တာ ဖြစ်တယ်။ မတော်မတရားတာတွေ တခုမှမလုပ်ဘူး" ဟု ရှင်းပြသည်။ အစိုးရတပ်ဖွဲ့ဝင်တချို့ကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးသည်ဟု သူက ဆိုသည်။
ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး "ကျနော်တို့မှာ မှတ်တမ်း ဗွီဒီယိုတွေ ရိုက်ထားတာတွေ ရှိတယ်။ မကြာခင် ဒီ မှတ်တမ်းစီဒီတွေကို ဖြန့်ချိမှာ ဖြစ်တယ်" ဟု အမည်မဖော်လိုသည့် တပ်မှူးက ပြောသည်။
ထိုမှတ်တမ်းတွင် အစိုးရတပ် စစ်ဗိုလ်တဦး ဖမ်းမိပုံ၊ လက်နက် နှင့် လမ်းလျှောက်စကားပြောစက်ကို သိမ်းဆည်းပြီး ထိုအရာရှိအား ပြန်လွှတ်ပေးပုံတို့ကို တွေ့ရသည်။



