Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

မီးလျှံကြားမှာ ပြည်သူ့ရင်ခွင် ခိုလှုံသူ ဗိုလ်ကြီးစိုင်းဝင်းကျော်

VOA သတင်းမှ.....(တပ်မှူးတပ်သားပြောစကား)

မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်းအပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံးလူထုအုံကြွမှု အရေးတော်ပုံကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အ ပတ်စဉ်ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ်နှိမ်နင်းဖို့အတွက် အမှတ် (၂၂)ခြေမြန်တပ်မ လက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့လုပ်ရပ်တစ်ခုလို့ မြင်တဲ့အတွက်ကြောင့် ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းခဲ့တယ်ဆိုတဲ့အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုးကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီးဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ်(၁)ဆက်သွယ်ရေးတပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြုနေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံ အကူပစ်လက်နက်ကြီးတပ်ခွဲ စိန်ပြောင်းကြီးတပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့အချိန်မှာ သူတို့က စစ်အာဏာသိမ်းဖို့အတွက် အသင့်ပြင် ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက်တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အ စည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြားထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းလိုက်ပါပြီ။ ရုတ်သိမ်းပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်”ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်းထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကားပြောကြည့်တဲ့အခါမှာလည်း၊ သူတို့က လက်ရှိအခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာသွားကြသလဲ၊ ဒီလောက်ထိ နားလည်မှုလွဲသွားကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ်ဝေဖန်မှုတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီးထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့တပ်ထဲမှာ အတိုင်းအတာတစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ဟိန်းရဲ့အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည် သူ့ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလအစိုးရပြုတ်ကျရေးကို ဦးတည်တဲ့ တောင်း ဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။
(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံးလူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေးအတွက် လူထုသဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင်ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ်ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါသွားပြီးတော့မှ နဖူးစည်းအနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရပြုတ်ကျရေး၊ အစိုးရပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။
ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့လူအုပ်ကြီးတွေက အုပ်လိုက်အုပ်လိုက် သူတို့ မြို့တွင်းကိုချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက်များပြားတဲ့လူတွေ ထောင်နဲ့သောင်းနဲ့ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်းနေ့စဉ်လိုလို စီတန်းလှည့်လည်ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့်ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက်တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာတိုက်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်လိုနေရာမျိုးမှာ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာမှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော်ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီးမေးပါရစေ ခင်ဗျ။ လူထုရဲ့ရင်ခွင်ကို ကူးပြောင်းတဲ့အခါမှာ ဗိုလ်ကြီး ဘယ်လိုအခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီတစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီမတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ထုတ်ပေးထားတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်းမီးကျောက်တွေကို စနစ်တကျသိမ်းဆည်းပြီး ကျနော် တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယစေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော်ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ်ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်)ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ်အဖွဲ့စည်းလဲဆိုတာ ကျနော် မမှတ်မိတော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ်တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့မေတ္တာကို စပြီးခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေမမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ(၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင်ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၅၄)၊ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြားခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လိုအကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးဖြစ်ပါသလဲ ခင်ဗျ။
ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီအာဏာရှင်ခေါင်းဆောင်တွေကလည်း မြန်မာပြည်ရဲ့ အသွင်ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အားလုံးအဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ်တက်ကြွနေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ်ဆိုရင်၊ အားလုံးက နိုင်ငံသစ်တည်ထောင်ဖို့အတွက် စိတ်တူကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ ကျနော့်အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကိုလိုလားတဲ့ အင်အားစုတွေ အများကြီးရှိပါတယ်။ လူထုဘ၀ကို စာနာနားလည်တဲ့အင်အားစုတွေ အများကြီးရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင်ပြောင်းလဲမှုတွေကို လိုလားတယ်ဆိုတဲ့အကြောင်း ကျနော်ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့အခါကျတော့ သရက်တောကျောင်းတိုက်ကို ပို့ပေးပါတယ်ခင်ဗျ၊ သရက်တောကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော်တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက်သုံးယောက်လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တောကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ)အကူအညီနဲ့ လသာအထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာရှင်းလင်းပွဲအတွေ့အကြုံတွေလည်း နောက်လူတွေ သိ ရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်နေထိုင်သူ ရှစ်လေးလုံးကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံအနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တောကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး”ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထမြောက်သွားတာပါ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတဲ့အချိန်လောက်မှာလည်း ကိုမိုးသီးဇွန်(ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များသမဂ္ဂ”၏ အထွေထွေအတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံစကားပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တပ်မတော်သားတွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်းပါပဲ၊ ပြည်သူလူထုနဲ့အတူ တပါတီအာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့တပ်မတော်သားတွေဟာ ပြည်သူနဲ့အတူ မျှဝေပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ်တပ်သားတွေအားလုံးကလည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လိုလားတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ်ဝင်ခိုင်းပြီးမှ အရံပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း၊ တင်းပြည့်ပါတီဝင်တွေ အနေနဲ့သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထုအများစု သွေးထွက်သံယို ဖြစ် ပြီးတော့မှ အသက်များစွာဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေးအကျပ်အတည်းမှာ တပါတီအာဏာရှင်စနစ်ရဲ့လက်ကိုင်ထုတ်အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝလက်သင့်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံးနည်းလမ်း၊ အကောင်းဆုံးနည်းလမ်း၊ ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သားအများစုကိုလည်း မဆလပါတီဝင်အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါဆိုပြီးတော့ သတင်းစာရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆိုပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး နှင့် ဒုတိယသမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးအေးကို)ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော်သားတွေကို မဆလပါတီဝင်အဖြစ်ကနေရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင်ကြည့်တဲ့အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်းလာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော်သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲတစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့အချိန်မှ၊ာ ဗိုလ်ကြီးက တပ်မတော်အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လိုမြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော်ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင်စနစ်ပြုတ်ကျရေးအထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လိုဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေးအတွက်ပေါ့နော်၊ ကျောင်းသားတွေအကူအညီနဲ့ နေရာအနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ်ခင်ဗျ။ အာဏာသိမ်းမှုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီလုပ်ဆောင်ပေးလို့ ပြည်သူလူထုတွေကြား၊ ရပ်ကွက်တွေကြားထဲမှာပဲ၊ နေထိုင်ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော်မြင်တာကတော့ အဲဒီ အာဏာမသိမ်းခင်ကာလ၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းအထိလည်း လူထုရဲ့စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီးပါ။ အမျိုးသားရေးဆိုင်ရာလှုပ်ရှားမှုကြီး ဖြစ်တဲ့အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့ကအစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော်မြင်တာကတော့၊ အဲဒီအချိန်ကသာ ပြုပြင်ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန်ယူနိုင်တဲ့ ခေါင်းဆောင်တစ် ယောက်ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ်ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ်တစ်ခုကို အောင်မြင်အောင်ကြံဆောင်နိုင်မယ့် ခေါင်းဆောင်တစ်ယောက်သော်လည်းကောင်း၊ တစ်ဖွဲ့သော်လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည်နိုင်ငံရေးအကြပ်အတည်းက အချိန်တိုတိုအတွင်းမှာ အများကြီးပြောင်းလဲသွားနိုင်တဲ့ အခြေအနေရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကိုဖြိုခွင်းဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရတဲ့ ခြေမြန်တပ်မ(၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးစိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးအကျဉ်းသားဘ၀အထိ ရောက်ရှိသွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

Read More...

ကရင်ပြည်သူ့ပါတီ (KAYIN PEOPLES PARTY) အထွေထွေ အတွင်းရေးမှူး စောစေးဝါးနှင့် တွေ့ဆုံခြင်း

ဖတ်ကြည့်ပြီးတော့ ဒီလိုလူတွေရဲ့ လူမျိုးအပေါ်ထားတဲ့စိတ်ဓာတ်..ခံယူချက်တွေကို ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်..ပြီးတော့ ဘယ်လိုမြင်လဲဆိုတာ အားရင် comment ထားခဲ့ပါ.........

မေး။ ။ ဆရာတို့ ပါတီရဲ့ အလံ အကြောင်းလေး ပြောပါဦး။
ဖြေ။ ။ ပါတီ အလံက အခုထက်ထိ တရားဝင် မတင်ရသေး ဘူးလေ။ စီအီးစီ အတွင်းမှာပဲ စိစစ်တဲ့ အဆင့်ပဲ ရှိသေးတယ်။ မကြာခင် တရားဝင် တင်တော့ မှာပါ။ ရွေးချယ် ထားတဲ့ အလံက ကရင် အမျိုးသား အလံနဲ့ ဘာမှ မဆိုင်ဘူး။ ဘာမှ မပတ်သက်ဘူး။ ဆင်တူ ရိုးမားလည်း မရှိဘူး။ တစ်ခု ရှိတာက ကရင် အမျိုးသားကို ကိုယ်စားပြုတဲ့ ဖားစည်ကို အလယ်မှာ ထားတယ်။ နောက်တစ်ခါ အရောင်ကျတော့ အဖြူရယ်၊ အနီရယ်၊ အပြာရယ်။ သုံးရောင်ခြယ် ပါတာပေါ့။ ဒါပဲရှိတယ်။ ကရင် အမျိုးသားအလံနဲ့ ဘာမှဆက်စပ်မှုမရှိဘူး။ ဆင်တူရိုးမားလည်းမဖြစ်ဘူး။ အဲဒါကြောင့် ပေါ်လာတဲ့သတင်းတွေက တို့နဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒါပဲ ပြောလို့ ရမယ်။


မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရတဲ့ ကရင်ပြည်သူ့ပါတီရဲ့ အဓိက အကြောင်းရင်းကို ပြောပြပေးပါဦး။
ဖြေ။ ။ အဓိကကတော့ နိုင်ငံတော် တည်ဆောက်ရေးမှာ တို့လည်း တတ်အား သရွေ့ ကာယ၊ ဥာဏ၊ စွမ်းအားရှိ သလောက် ပါဝင်ချင်တယ်။ ပါဝင်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဝင်ရခြင်းဖြစ်တယ်။ အားလုံးက ဒီလိုပဲယုံကြည်တယ်။ ကိုယ် တတ်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ ဝိုင်းဝန်းပြီး တည်ဆောက်ကြရမယ်။ အဲဒီလို ဝိုင်းဝန်းတည်ဆောက်ကြမှသာလျှင် ဒီနိုင်ငံ ကြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်တယ်။

မေး။ ။ ဒါဆို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလည်း ဆရာတို့ အတွက် ဘာပြဿနာမှ မရှိဘူးပေါ့။
ဖြေ။ ။ ဒါနဲ့ ပတ်သက် လို့လည်း တို့မှာ ဘာ ပြဿနာမှ မရှိဘူး။ လျှောက်လွှာတင် ပြီးကတည်းက အားလုံးက ပါပြီး သားပါ။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံတယ်။ ယုံကြည်တယ်လို့ ပါပြီးသား ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ တို့ ဘာမှ မပြောလိုဘူး။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မယ့် လူတွေက ပြောနြေ ကတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လတ်တလော လက်ခံ လိုက်မယ်။ ပြီးရင် လွှတ်တော်ထဲ ရောက်ရင် ပြင်ခွင့်ရရင် ပြင်မယ်။ အန်ကယ်တို့ သဘောထား ကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဒီမိုကရေစီကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်ကြရမှာ မဟုတ်လား။ တို့ပါတီရဲ့ အခြေခံမူထဲမှာလည်း ပါပါတယ်။ အစိုးရအပြောင်းအလဲတစ်ခုကို ပြည်သူ လူထုက လိုလားနေပြီလို့ ယူဆတယ်။ တို့တွေကိုယ်တိုင်လည်း ဒီလိုပဲ ခံယူတယ်။

မေး။ ။ ဆရာတို့ အဖွဲ့ထဲမှာ ကေအင်န်ယူနဲ့ စေ့စပ် ဆွေးနွေး ပေးခဲ့တဲ့ သူတွေ ပါတယ်လို့ ကြားရတယ် ဟုတ်ပါသလား။
ဖြေ။ ။ ဒေါက်တာ စောဆိုင်မွန်သာ တို့ကတော့ ဟိုတုန်းက ပါခဲ့ ဖူးတယ်လေ။

မေး။ ။ ကရင် ပြည်သူ့ ပါတီကို အဓိက ငွေကြေး ထောက်ပံ့တဲ့ သူက ဘယ်သူတွေလဲ ဆရာ။
ဖြေ။ ။ ပထမကတော့ တို့ပါတီထဲက အမာခံ (၁၅) ယောက် ပေါ့ကွာ။ စီအီးစီ တွေပေါ့။ နောက် ပြည်သူ လူထုပေါ့။ နောက် တို့ပါတီကို အားပေးတဲ့၊ ထောက်ခံတဲ့ ငွေရှင် ကြေးရှင် တွေပေါ့။ သိပ်များများ စားစားလည်း မဟုတ်ပါဘူး။ တတ်နိုင် သရွေ့၊ စေတနာ ရှိသရွေ့ပါ။


မေး။ ။ ဆရာတို့ ပါတီက ဘယ်နယ် တွေကို အခြေခံပြီး အရွေး ခံမှာလဲ။
ဖြေ။ ။ ဘယ်နယ်တွေလဲဆိုတော့ လူမျိုးစု လွှတ်တော်က ဘယ်နှစ် နေရာ ရမလဲ ဆိုတော့ နေရာ (၅) ခုပေါ့။ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန် အဲဒီနေရာ တွေကို မလွဲမသွေ ရအောင် လုပ်မယ်။ နောက် တိုင်းနဲ့ပြည်နယ် လွှတ်တော်။ အဲဒီလွှတ်တော် နေရာတွေ အတွက်လည်း အခြေ အနေ ပေးသ လောက် ဝင်မယ်။

မေး။ ။ ဆရာတို့ ပါတီရဲ့ ရည်ရွယ်ချက်က ဆရာတို့ လူမျိုးစုတွေ အများစု ရှိတဲ့ နေရာတွေ ကနေ အဓိကထား ဝင်မယ်ပေါ့။
ဖြေ။ ။ ဒီသဘောပါပဲ။ နောက်တစ်ချက်က တို့နဲ့ ရည်မှန်းချက်တူ၊ သဘောထား တူတဲ့ တခြား တိုင်းရင်းသားတွေ၊ ဗမာ အမျိုးသားတွေ ထောက်ခံမှု ရှိနိုင်တဲ့ နေရာတွေမှာ ဝင်မှာပေါ့။

မေး။ ။ သေချာတဲ့ နေရာတွေ ကနေ ဝင်ပြိုင်မယ် ဆိုတဲ့ သဘောလား။
ဖြေ။ ။ သေချာတဲ့နေရာတွေကိုပဲ ဦးစားပေး ရမှာပေါ့။ တို့က အခုမှ ပါတီအသစ် ဖြစ်တဲ့ အတွက် ရန်ပုံငွေ အပို သိပ် မရှိဘူးလေ။ သေချာတဲ့ နေရာတွေကိုပဲ အဓိက ထားရမယ့် သဘော ရှိပါတယ်။ ဒါပေမယ့် အားပေး ထောက်ခံမှု များလာရင်တော့ အများကြီး တိုးချဲ့ပြီး ဝင်မယ့် သဘောတော့ ရှိပါတယ်။

မေး။ ။ ဆရာတို့ ပါတီမှာ ပါတဲ့ စီအီးစီ (၁၅) ယောက် လုံးက ရန်ကုန်က ပဲလား။
ဖြေ။ ။ ဧရာဝတီ၊ ရန်ကုန်၊ မွန်ပြည်နယ်တွေကပါ။

မေး။ ။ ဆရာက ဝန်ထမ်း လုပ်ခြဲ့ ပီးတော့ အခုမှ နိုင်ငံရေးေ လာကထဲ ဘယ်လို ရောက်လာ တာလဲ။
ဖြေ။ ။ တို့က နိုင်ငံရေးသမား မဟုတ်ဘူး။ တစ်သက်လုံး ဝန်ထမ်းပဲ လုပ်ခဲ့တာ။ နိုင်ငံတော်ရဲ့ အခြေအနေကို ကြည့်ပြီးတော့ အခွင့် အရေး တစ်ရပ် ပေါ်ပေါက် လာတယ်လို့ ယူဆတယ်။ အဲဒါကြောင့် နိုင်ငံတော် တည်ဆောက်တဲ့ အပိုင်းမှာ ဝန်ထမ်းဟောင်းတွေ၊ ပင်စင်စားတွေ အနေနဲ့ တစ်ခန်း တစ်ကဏ္ဍ လုပ်ပေး နိုင်မယ်လို့ မျှော် လင့်တဲ့ အတွက် ဝင်လာ ရခြင်း ဖြစ်တယ်။

မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ ထဲမှာ ဘာတွေ ထူးခြားချက်တွေ ပါလဲဆရာ။ ဆရာ လေ့လာထား သလောက် ပြောပြ ပါလား။
ဖြေ။ ။ ထူးခြား ချက်တွေက အများကြီးပါပဲ။ အများကြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေပါပါတယ်။ အနှစ်သာရတွေ အများကြီးပါ။

မေး။ ။ ဆရာတို့ ပါတီ စီးအီးစီ ထဲမှာက ဝန်ထမ်းေ တွလဲ ပါတယ်။ စီးပွားရေး လုပ်ငန်းရှင် တွေလဲ ပါတယ်။ ဘယ်သူ တွေက ပါတီထဲကို ငွေးကြေး ဘယ်လို ထည့်ဝင် ထားကြလဲ။ ပြောလို့ ရရင် ပြောပြပေးပါ။
ဖြေ။ ။ ရပါတယ်။ တို့က မူလ ကတည်းက စီမံချက် ရေးဆွဲထား တယ်။ ပါတီ စထောင် ကတည်းကလေ။ တတ်နိုင်တဲ့ ဗဟို ကော်မတီဝင်တွေက ၅ သိန်း ထည့်တဲ့သူ ရှိတယ်။ တချို့က(၁ဝ)သိန်း ထည့်တဲ့သူ ရှိတယ်။ ငွေစာရင်း သုံးစွဲ မှုလည်း စနစ် တကျ ထားရှိတယ်။ အဲဒါနဲ့ ပထမဆုံး မတည် ထားတာပေါ့။ သိန်း(၅ဝ) ပတ်ဝန်းကျင် လောက်တော့ ရှိတာပေါ့။

မေး။ ။ ကရင်ပြည်သူ့ပါတီ အနေနဲ့ အလှူခံမယ့် အစီအစဉ်ကော ရှိလား။
ဖြေ။ ။ လုပ်ရမှာပေါ့။ ရှိတယ်။ တို့ကို ပေးနိုင်မယ့်ပုဂ္ဂိုလ်၊ ထောက်ခံမယ့်ပုဂ္ဂိုလ် တွေဆီကပဲ မေတ္တာရပ်ခံရမှာပေါ့။

မေး။ ။ နောက် ကရင်ပါတီ တစ်ခုရှိတယ်။ ဆရာတို့နဲ့ ပတ်သက် ဆပ်စပ်မှု ရှိလား။
ဖြေ။ ။ ဘာမှ ပတ်သက်ဘူး။ သူ့ဘာသူ သွားနေ တာပါ။

မေး။ ။ ဆရာတို့ ပါတီဝင် အင်အား ဘယ်လောက်လောက် ရှိနေ ပြီလဲ။
ဖြေ။ ။ လောလောဆယ် (၅ဝဝဝ) ကျော် လောက်တော့ ရှိနေ ပါပြီ။

မေး။ ။ ကရင်ပြည်သူ့ပါတီ အနေနဲ့ ဆရာခုနက ပြောသွားတဲ့ ထဲမှာ လှုပ်ရှားမယ့် နယ်မြေထဲ သတိထားကြည့် မိတာ ကရင်ပြည်နယ် မပါဘူး။ အဲဒီဘက်ခြမ်း ကိုကော ဘယ်လို လုပ်ထားလဲ။
ဖြေ။ ။ လုံးဝမပါတာ မဟုတ်ဘူး။ ပါပါတယ်။ ရှင်းရှင်းပြောရရင် ကရင်ပြည်နယ်မှာ ရှိတဲ့ သူ့ရဲ့ အခြေ အနေကို မူတည် ပြီးတော့ လုပ်ရ မှာလေ။ သိပ် ဦးစားတော့ မပေးဘူး။ လိုတဲ့ နေရာတွေတော့ ဖြည့်ပေး မှာပါ။

မေး။ ။ ဆရာတို့ ပါတီမှာ နိုင်ငံရေး သမားတွေ ဘယ်သူတွေပါသေးလဲ။
ဖြေ။ ။ တစ်ယောက်မှ မပါဘူး။ အားလုံးက ဝန်ထမ်းတွေ၊ စီးပွားရေးသမားတွေပါ။

မေး။ ။ ကရင်ပြည်သူ့ပါတီက အစိုးရရဲ့ စည်းရုံးမှုနဲ့ ရွေးကောက်ပွဲ ဝင်တာလား။
ဖြေ။ ။ လုံးဝ မဟုတ်ပါဘူးဗျာ။

မေး။ ။ ဆရာတို့ရွေးကောက်ပွဲဝင်မယ့် အဓိကကြွေးကြော်သံက ဘာလဲ။
ဖြေ။ ။ အများကြီးပေါ့ဗျာ။
လာမယ့် အနာဂတ် ပိုမို တိုးတက် သာယာရေး။
အမှန်တရားက အမြဲတမ်း အောင်မြင်ရမည်။
စည်းရုံးရေးသည် အင်အား။
ပြည်သူ့ အစိုးရသို့။ ဒါပဲ။ ဒါတွေက တို့ရဲ့ကြွေးကြော်သံတွေပဲ။

မေး။ ။ ဆရာက ဘယ်နေရာကနေ အရွေးခံမှာလဲ။
ဖြေ။ ။ တောင်ငူက အရွေးခံရမှာပါ။

မေး။ ။ မဲထည့်မယ့် ပြည်သူလူထုကို ဆရာဘာပြောချင်လဲ။
ဖြေ။ ။ ပြည်သူ လူထု ကတော့ အမှန် တရားကို မြတ်နိုး ကြတယ်လေ။ ငြိမ်းချမ်းမှုကို မြတ်နိုးကြတယ်။ နောက်တစ်ခါ အပြောင်း အလဲ တစ်ခု ကိုလည်း လိုချင် နေကြတယ်။ အားလုံး ပြည်သူ လူထုရဲ့ ဆန္ဒ အတိုင်း ဖြစ်သွား မှာပါ။

မေး။ ။ လွှတ်တော် သုံးရပ်စလုံးမှာ ဆရာတို့ ပါတီ အနေနဲ့ အမတ်နေရာ ရာခိုင်နှုန်း ဘယ်လောက်လောက် ရမယ်လို့ မှန်းဆထားလဲ။
ဖြေ။ ။ ၁ဝ ရာခိုင်နှုန်းေ လာက်တော့ ရမယ်လို့ မျှော်မှန်း ထားတယ်။ အားလုံးတော့ ရမှာ မဟုတ်ဘူးလေ။ နိုင်ငံတော် အာဏာ အထိ ကိုတော့ မမျှော်မှန်း ထားပါဘူး။ အမျိုးသားရေး ကိစ္စတွေကို အရင် လုပ်မှာပါ။ အခြေ အနေပေးရင် ပေးသလို လုပ်ရမှာပေါ့။

[ ကညောဖိုး အနေဖြင့် ဤ အင်တာဗျူး ကို ထောက်ခံခြင်း ၊ မထောက်ခံခြင်း ကို ကိုယ်စားမပြုဘဲ စာဖတ် ပရိတ် သတ်များ သတိ ပြုမိ သိစေလို ၍ ကူးယူ ဖော်ပြ ပေးခြင်းသာ ဖြစ်ပါသည်။
၁၂ . ၅ . ၂၀၁၀ | မင်းအောင်အောင် | လျှပ်တပြက်ဂျာနယ် ]

Read More...

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး

မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာမလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်းကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင်ပြောသလို မြန်မာပြည်ဒီမိုကရေစီရေးအတွက် အောင်ပွဲတခုဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယသွေးထိုးစကားတွေ ပြောနေစရာမလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။



နောက် မိုးမခမှာပဲ နောက်ဆောင်းပါးတခုမှာ (မိုက်ခဲစိန်) က အင်န်အယ်ဒီပါတီရဲ့ ပြည်သူလူထုထံ ပြန်ကြားချက် ( အနှစ် ၂၀ လုံးလုံး ဒီမိုကရေစီရေးကို စွန့်လွှတ်အနစ်နာခံပြီး ဆောင်ရွက်ခဲ့ကြတဲ့ အင်န်အယ်ဒီပါတီဟာ ပြည်သူလူထုကို တောင်းပန်ပါတယ် ဆိုတဲ့စာ) ကို ပြန်ပြီး သုံးသပ်ပြရာမှာ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရကမ်းလှမ်းခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး စစ်အစိုးရရဲ့ စကားအတိုင်း ရွေးကောက်ပွဲဝင်ခဲ့တယ်၊ အနိုင်ရတဲ့နောက်ပိုင်းမှာလည်း စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အမြဲကြိုးစားတယ်။ အနှစ် ၂၀ လုံးလုံး မှာ စစ်အစိုးရချပေးတဲ့ ရွေးကောက်ပွဲလမ်းကြောင်းဟာ မအောင်မြင်တဲ့ လမ်းကြောင်း၊ ဆုံးရှုံးနစ်နာမှုနဲ့ ထိခိုက်ပျက်စီးစေတဲ့ ငရဲလမ်းကြောင်းပဲ ဖြစ်တယ်ဆိုတာကို အင်န်အယ်ဒီက မီးမောင်းထိုးပြပြီးတော့ သတ္တိရှိရှိနဲ့ စစ်အစိုးရရဲ့ ငရဲလမ်းကြောင်းကနေ လမ်းခွဲလိုက်တာဖြစ်လို့ တောင်းပန်နေစရာမလိုပါလို့ ဆိုထားခဲ့ပါတယ်။
အဲသည်အချိန်ကာလ မတ် ၂၉ ကနေ ယခု ဧပြီ ၁၀ ရက်အတွင်း ၁ ပတ်ကျော်ကာလအတွင်းမှာ အင်န်အယ်ဒီပါတီရဲ့ ခြေလှမ်းအပေါ်မှာ အမျိုးမျိုးသော တုန့်ပြန်ချက်တွေ၊ ဝေဖန်မှုတွေ၊ အာဘော်တွေ မျိုးစုံ တွေ့ရ ကြုံရ ကြားရပါတယ်။ အဓိကကတော့ အင်န်အယ်ဒီဟာ စစ်အစိုးရ ဖြစ်စေချင်သလို ကိုယ့်တပ်ကို ကိုယ် ဖျက်သိမ်းလိုက်တယ် ဆိုတဲ့ အသံတချို့လည်း ပါဝင်ပါတယ်။
ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် အင်န်အယ်ဒီက ပါတီခေါင်းဆောင်အချို့ကနေပြီးတော့ ပါတီကို စနစ်တကျဖျက်သိမ်းနိုင်ရေးအတွက် ဦးတင်ဦးဦးဆောင်ပြီး စီမံခန့်ခွဲရေး အထူးကော်မီတီဖွဲ့လိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။ အတိုက်အခံခေါင်းဆောင်ဦးတင်ဦးကလည်း ပါတီပိုင် ပစ္စည်းတွေ၊ စာရင်းတွေကို စနစ်တကျဖြစ်အောင် ပြင်ဆင်တယ်လို့ ဆိုလိုက်ပါတယ်။ အဲသည်မှာ ပါတီကို ဖျက်သိမ်းဖို့ ပြင်ဆင်တာမဟုတ်၊ ပါတီက ဆက်လက်မှတ်ပုံတင်မှာ မဟုတ်လို့ ပြေပြေလည်လည်ဖြစ်အောင် ဆိုပြီး ပြင်ဆင်တာလို့ ပြောထားတော့ အဲသည်ကိစ္စဟာ တဖက်က ထောက်ပြစရာ၊ အင်န်အယ်ဒီရဲ့ တည်ရှိမှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။
အဲသည်အတွက် ပါတီရဲ့ ခေါင်းဆောင်များထဲက လွတ်လပ်ပွင့်လင်းစွာ ပြောဆိုလေ့ရှိသူ ဦးဝင်းတင်အတွက် မေးခွန်းတွေကို မေးမြန်းပြီး အဖြေရှာကြရန် ကြိုတင်ပြင်ဆင်ကြပါတယ်။ ပါတီက မေလ ၆ ရက်တောင် မရောက်သေးခင်မှာ အစောကြီးကတည်းက ကြိုပြီးတော့ ပစ္စည်းစာရင်းတွေ လုပ်နေရပြီလား။ ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းပါ။ ပါတီဟာ ၁၉၉၀ မတိုင်ခင် ၁၉၈၈ စက်တင်ဘာ ၂၇ မှာကတည်းက မှတ်ပုံတင်ထားတဲ့ ပါတီဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အတိုက်အခံပါတီကြီးတခုလည်း ဖြစ်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲဥပဒေက တောင်းဆိုနေတဲ့အတိုင်း မှတ်ပုံ ထပ်မံတင်နေစရာမလိုဘူးလို့ သဘောထား ထုတ်ပြန်ထားတာမျှသာ ဖြစ်ပါတယ်။ ဥပဒေစကားအရ ကပ်ပြီး ပြောကြကြေးဟေ့ ဆိုရင် မှတ်ပုံထပ်တင်စရာ မလိုလို့ ပြောရုံနဲ့ တင်ပြီးသား မှတ်ပုံတင်ကို ပြန်အပ်လိုက်ပြီ၊ ရုတ်သိမ်းလိုက်ပြီ ဆိုတာမျိုး ပြောဆိုတာမျိုးလည်း မသက်ရောက်ပါ။ ဒါတွေက ဘာသဘောလဲ။ ပါတီဝင်တွေနဲ့ ပြည်သူတွေက ဘယ်လို နားလည်မှာလဲ ဆိုတဲ့ မေးခွန်းပါ။
ဆရာကို မေးခွန်းမေးဖို့ တွေ့ဆုံရန် ကြိုးစားနေစဉ်ကာလမှာပဲ မိုးမခရဲ့ အတည်မပြုနိုင်တဲ့ သတင်းအရ အဲသည် စီမံခန့်ခွဲရေးကော်မီတီကို စေခိုင်းသူက ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ ဖြစ်တဲ့အကြောင်း၊ ပစ္စည်းစာရင်းလုပ်ဖို့ သိမ်းကြ ဆည်းကြဖို့အတွက် ဦးတင်ဦးနဲ့ အဖွဲ့တဖွဲ့ ထူထောင်ပြီး လုပ်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အချို့သော ပါတီခေါင်းဆောင်တွေက သဘောထားပေးကြရာမှာ နိုင်ငံရေးပါတီတရပ်ဟာ စတင်ဖွဲ့စည်းထားစဉ်ကအတိုင်း မူလအတိုင်းရပ်တည်မယ်လို့ ဆိုထားတဲ့အတွက် ဒီအလုပ်တွေ လုပ်နေစရာ မလိုဘူး၊ ပါတီဟာ လက်ရှိ လုပ်ငန်းစဉ်များ၊ လှုပ်ရှားမှုများ၊ အလံတော်များ၊ ဆိုင်းဘုတ်များအတိုင်း ဆက်လက် ရပ်တည် ရှိမြဲ နေမြဲအတိုင်း နေရမှာ ဖြစ်တယ်လို့ ၀ိုင်းဝန်းပြောဆိုကြတဲ့အတွက် အဲသည် စီမံခန့်ခွဲမှုကော်မီတီစခန်းလည်း ရပ်တန်းက ရပ်သွားတယ် ဆိုတဲ့အကြောင်း ကြားသိရပါတယ်။
ဆရာ့ကို အထက်က မေးခွန်းကို မေးရန် ရည်ရွယ်ထားတဲ့အတိုင်း မေးတဲ့အခါမှာတော့ ဆရာက ဒီကိစ္စတွေကို အကျယ်တ၀င့် အသေးစိတ်မပြောနေတော့ဘဲ အခုလို သဘောထားကို ပေးပါတယ်။
“အခုအချိန်မှာ အင်န်အယ်ဒီဟာ အဖွဲ့အစည်းအမည်အားဖြင့် ဒီ/ချုပ် - ဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်တယ်။ ဒီ/ချုပ်မှာ ပါဝင်ကြတဲ့သူတွေဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ - ဒီ/လှုပ် တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီ/ချုပ် ပဲ ဖြစ်ဖြစ်၊ ဒီ/လှုပ် ပဲ ဖြစ်ဖြစ် ဒီမိုကရေစီအရေးအတွက် လုပ်စရာတွေက အများကြီး ရှိနေပြီး ဖြစ်တယ်။ ပါတီရဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို မူတည်ပြီးတော့၊ ပြီးတော့ ပါတီရဲ့ မူလရပ်တည်ချက်တွေဖြစ်တဲ့ ဒီမိုရေစီရေး၊ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးအတွက် ထောက်ရမယ့် ဒေါက်တွေကိုလည်း ဆက်လက် တည်တံ့ခိုင်ခန့်အောင် လုပ်နေရမှာ ဖြစ်တယ်။
ပါတီအဖွဲ့အစည်းရဲ့ ပါတီတွင်း ပြန်လည်တည်ဆောက်ရမယ်၊ တိုးတက်အောင်လုပ်ရမယ်။ ပါတီရဲ့ မဟာမိတ်တွေဖြစ်တဲ့ စီအာရ်ပီပီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မိတ်ဆွေတွေနဲ့လည်း ဆက်လက် လက်တွဲ ဆောင်ရွက်သွားရမယ်။ ပြီးတော့ နိုင်ငံတကာက မိသားစုတွေ၊ သံတမန်တွေ အားလုံးနဲ့ အရှေ့ အနောက် အားလုံးနဲ့ အပြုသဘောအဖြစ် ဆက်ဆံသွားရမယ်။ တိုးချဲ့ရမယ်။ တပြိုင်နက်တည်းမှာပဲ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ အရေးကိစ္စတွေအတွက်လည်း ပိုပြီးတော့ ထဲထဲဝင်ဝင် ရင်းရင်းနှီးနှီးနဲ့ ၀ိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါတွေကို ခွင်လေးခွင်၊ ဒေါက်လေးဒေါက်လို့ ပြောပြချင်ပါတယ်။”
အဲသည်မှာ ထပ်မေးတဲ့ မေးခွန်းကတော့ - အဆုံးစွန်ဆုံး တွေးကြတာက ပါတီခေါင်းစဉ်မရှိတော့ဘူး။ ပါတီအလံတော် မရှိတော့ဘူး။ ပါတီဖွဲ့စည်းပုံတွေ၊ ခေါင်းဆောင်မှု အဆင့်ဆင့်တွေ မရှိတော့ဘူးလို့ လူတွေက ယူဆလိုက်တဲ့အခါမှာ အင်န်အယ်ဒီနဲ့ အင်အယ်ဒီအဖွဲ့ဝင်တွေရဲ့ လမ်းကြောင်းက ဘာလဲ ဘယ်လဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရေးသမိုင်းမှာ အစဉ်အမြဲ ပြောဆိုကြတဲ့ လှုပ်ရှားမှု - ယူဂျီ ဆိုတဲ့ မြေအောက်လှုပ်ရှားမှုတွေ ဖြစ်သွားမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒီ/ချုပ် ရဲ့ ဒီ/လှုပ်တွေထဲမှာ အထင်ရှားဆုံး ဥပမာကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ပါတီ ရှိနေတာ၊ မရှိတာက သူ့အတွက် အရေးမကြီးဘူး။ သူ့ရဲ့ ရပ်တည်မှုနဲ့ ဆောင်ရွက်ချက်တွေကပဲ အရေးကြီးတယ်။ ဒါကိုပဲ ပြည်သူတွေနဲ့ နိုင်ငံတကာက ထောက်ခံရပ်တည်ကြတာ ဖြစ်တယ်။ အခု အဲဒီသဘောက ပါတီနဲ့ ပါတီဝင်တွေအားလုံးပေါ်ကို အဲသည်လိုအခွင့်အရေး ညီတူညီမျှ ကျရောက်လာပြီ ဖြစ်တယ်။ အဲသည်လိုမျိုး ပါတီခေါင်းစဉ်တွေ၊ ပါတီအလံတော်တွေ ရှိနေတဲ့ကြားက သူတို့သဘောနဲ့ သူတို့ ရပ်တည်ပြီးတော့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ လုပ်ကြတဲ့သူတွေ ပါတီဝင်တွေ ရှိကြတယ်။ စုစုနွေးတို့၊ ဖြူဖြူသင်းတို့၊ ဥပဒေပညာရှင်အစုအဖွဲ့တွေ။ တချို့ဆိုရင် ပါတီကို ထိခိုက်မှာစိုးလို့ဆိုပြီး ပါတီနဲ့ ခပ်ခွာခွာနေပြီး လုပ်ကိုင်ကြရတာတွေရှိတယ်။ အရင်တုံးကဆိုရင် အဲသည်လို အပြုအမူတွေအတွက် ပါတီရဲ့ အရေးယူခံရတာတွေတောင် ရှိတယ်။ အခုချိန်မှာ သည်လိုမျိုး အတားအဆီးတွေ၊ အဟန့်အတားတွေ မရှိတော့ဘူးပေါ့။ ဒီ/ချုပ်က ဒီ/လှုပ်တွေ တစုတစည်းတည်း ညီညီညွတ်ညွတ်နဲ့ ပိုပြီး လုပ်ကိုင်နိုင်ကြဖို့သာ ရှိပါတယ်။ အဲသည်လူတွေမှာ ပြီးခဲ့တဲ့ အဲသလိုအချိန်တွေမှာတုံးက ပါတီခေါင်းစဉ်တွေ၊ ပါတီရုံးခန်းတွေ၊ ပါတီကျောထောက်နောက်ခံတွေ ရှိခဲ့သလား။ မရှိဘူး။ ဒါပေမယ့် ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ခဲ့ကြတာဖြစ်တယ်။ အကြမ်းဖက်လုပ်ငန်းတွေ မလုပ်ဘူး။ နေ့စဉ် ပုံမှန် သွားလာရင်း လုပ်ကိုင်ကြတာဖြစ်တယ်။ ခုချိန်နဲ့ ဘာမှထူးခြားသွားတာ၊ ပြောင်းလဲသွားတာတွေ မရှိတဲ့အတွက် မြေအောက်လှုပ်ရှားမှုတို့၊ ယူဂျီတို့ ဖြစ်သွားစရာလည်း မရှိဘူး လို့ ပြောချင်ပါတယ်။”
ဆရာဦးဝင်းတင်ရဲ့ ဖြေကြားချက်ထဲမှာ ဒီ/လှုပ်တွေ ဆိုတဲ့ အသုံးအနှုံးအသစ်တခု ပါလာပါတယ်။ အဲသည် ဒီ/လှုပ် ဆိုတာက နိုင်ငံတကာမှာ ခေတ်စားတဲ့ Activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူ ဆိုတဲ့ သဘောထားနဲ့များ တူသွားသလား။ အဲဒါကို ထပ်မေးဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက Activist နဲ့ အဖွဲ့တွေဆိုတာက နိုင်ငံရေးပါတီဆိုတဲ့ အဆင့်မှာ မရှိဘူး။ အာဏာရှိ၊ သြဇာရှိတဲ့ အစိုးရ သို့မဟုတ် လုပ်ငန်းရှင်ကျောရိုးကြီးများရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်တွေရဲ့ အချက်တခုသို့မဟုတ် အချက်အချို့တွေပေါ်မှာ သဘောမတူသည့်အပေါ်မှာဖြစ်စေ၊ သဘောတူသည့်နေရာတွင်ဖြစ်စေ ကန့်ကွက်တဲ့ အလုပ်၊ ထောက်ခံတဲ့ အလုပ်တွေ ဆောင်ရွက်ခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ခြင်း၊ အစီရီခံစာများ၊ ရန်ပုံငွေလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့နဲ့ ၎င်းတို့ အာဘော်တွေကို ခေတ်စားအောင်လုပ်တဲ့ နေရာကဏ္ဍမှာသာ ရပ်တည်တွက်အတွက် Activist ဆိုတဲ့ တက်ကြွလှုပ်ရှားသူ အဆင့်ကို မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေးပါတီကြီးက ပြောင်းလဲသွားပြီလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“အခုချိန်မှာ အင်န်အယ်ဒီက ဆုံးဖြတ်ချက်ချပြီး ထုတ်ပြန်တာက နိုင်ငံရေးပါတီအဖြစ် ထပ်မံ မှတ်ပုံမတင်တော့ဘူးဖြစ်တယ်။ အတိုက်အခံနိုင်ငံရေး အင်အားစုတခုအနေနဲ့ မူလကတည်းက ချမှတ်ထားပြီးသား မူဝါဒတွေ၊ သဘောထားတွေနဲ့ ကြေငြာချက်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီမူဝါဒတွေ၊ လမ်းကြောင်းတွေကို ဖော်ဆောင်ရတာ။ ဒါ့ထက် အရေးကြီးတာက တိုင်းပြည်တပြည်လုံးရဲ့ လူထုအားလုံးကို ကိုယ်စားပြုတဲ့ လူ့အရေး၊ နိုင်ငံ့အရေးတွေ လုပ်နေတာ ဖြစ်တယ်။ အဲသည်အလုပ်တွေဟာ ၂၀၀၉ ခုနှစ် ဧပြီ - ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်စဉ်က ပြောခဲ့တဲ့ ကျနော့်ရဲ့ စကားအတိုင်းပြောရရင် ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အခုလည်းပဲ အဲသည်အတိုင်း ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေက ရပ်တည်နေကြတာကို မြင်တွေ့နိုင်ပါတယ်လို့ ပြောချင်ပါတယ်။”
ဆရာဦးဝင်းတင်နဲ့ စကားပြောခဲ့သမျှထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ဆရာဦးဝင်းတင်နဲ့ မေးခွန်းများ ဆက်မေးဖြစ်သေးရင် ဆက်လက်ဖော်ပြပါဦးမယ်။

မိုးမခ မှပြန်လည်ကူးယူတင်ပြထားသည်။

Read More...

မြန်မာပြည် ရွေးကောက်ပွဲက လိမ်လည်လှည့်ဖျားမှုပဲ

ဧရာဝတီ

လူ့အခွင့် အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံက ခရစ်ယာန် ဂုဏ်းချုပ် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးကို ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် မြန်မာပြည် အရေးနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်မေး မြန်းခဲ့ပါတယ်။


ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ၂၀၁၀ ရွေးကောက် ပွဲကို “လိမ်လည် လှည့်ဖျားမှု” တခု အဖြစ် ပယ်ချခဲ့ကာ“ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံ ခေါင်းဆောင်ကို ဖယ်ထုတ် ထားပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တွေကို အာဏာရှင်က စိတ်ကြိုက် ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီ နည်းကျ ကျင်းပ ပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ”လို့ မေးခွန်း ထုတ်လိုက်ပါတယ်။

သူ့လိုပဲ ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ကိုလည်း ဘုန်းတော်ကြီး တူးတူးက သူ့အနေနဲ့ ရန်ကုန်မြို့ကိုသွားပြီး “ညီမငယ်ရေ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ စောင့်မျှော်နေမယ်”ဆိုတဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။
ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို အကြမ်းမဖက်လှုပ်ရှားမှု နဲ့ ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေး နိုဗဲလ် ဆု ချီးမြှင့်ခံရပြီး အဲဒီဆုကို အာဖရိက ရဲ့ ဒုတိယမြောက် ရရှိသူ ဖြစ်ပါတယ်။

မေး။ ။ သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမယ့် မူဝါဒ ကို ချမှတ်ခဲ့ပါတယ်။ ဒီမူဝါဒအောက်မှာ စစ်အစိုးရနဲ့ တွေ့ဆုံမှုတွေ အကြိမ်ပေါင်းများစွာ ရှိခဲ့ပေမယ့် အခုထိ တိုးတက်တဲ့ အရိပ် လက္ခဏာ မတွေ့ရသေးပါဘူး။ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်။ အဲဒီအမေရိကန်အစိုးရရဲ့ မူဝါဒအပေါ်မှာ ဘုန်းတော်ကြီးရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်တဲ့မူဝါဒ တလျှောက်လုံး သုံးလာတာမို့ နောက်ပိုင်းမှာ အခုလိုမျိုး ပျော့ပြောင်းတဲ့ မူဝါဒ တခုကို ပြောင်းသုံးလာတာ ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ မူဝါဒ အသစ်ပေါ်မှာ တစုံတရာ သံသယရှိပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မှာလည်း ကျနော့်လိုမျိုး သံသယတွေ ရှိနေပါတယ်။ ကျနော်တို့ လိုချင်တာက အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေ မြန်မာပြည်မှာ
ဖြစ်ပေါ်လာဖို့ပါပဲ။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီး မြန်မာ ပြည်မှာ ဒီမိုကရေစီစံနစ်တခု အမှန်တကယ် တည်ဆောက်ခွင့်ရလာတဲ့အချိန်မှာ ကျနော်တို့ “ဟာလေလူးယာ”လို့ (ခရစ်ယာန် ကျေးဇူးတော် ဓမ္မသီချင်း) ဟစ်ကြွေးပါ့မယ်။ ဒါ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲ။

မေး။ ။ မြန်မာစစ်အစိုးရကို ကြမ်းကြမ်းတမ်းတမ်း ဒဏ်ခတ်အရေးယူဖို့ ဘုန်းတော်ကြီးအနေနဲ့ အတော်ကြာကြာ စည်းရုံးလှုပ်ရှား ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းကလည်း ဘုန်းတော်ကြီးနဲ့ ချက်နိုင်ငံ သမ္မတဟောင်း ဗားကလပ်ဟာဗယ် တို့ ပူးပေါင်းပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို အစီရင်ခံစာတစောင် တင်သွင်းပြီးတော့ စစ်အစိုးရကို အရေးယူဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒါပေမယ့် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကတော့ စစ်အစိုးရနဲ့ ထိတွေ့ပြီး ကုန်သွယ်မှုတွေ ဆက်လုပ်ကြပါတယ်။ အနောက်နိုင်ငံတွေ၊ ကုလ သမဂ္ဂ နဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအပါအ၀င် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို ဘာများ အကြံပြုလိုပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ရည်မှန်းချက်က မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ရရှိပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ရှင်သန်တိုး တက်လာရေးပဲ။ တောင်အာဖရိကမှာ ဘာတွေဖြစ်ခဲ့သလဲ အားလုံးမှတ်မိကြမယ် ထင်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ စနစ်ကို ကျင့်သုံး တဲ့ အစိုးရက ခေါင်းမာလွန်းတာမို့ အဲ့ဒီအစိုးရကို ဒဏ်ခတ်အရေးယူဖို့ ကျနော်တို့ တောင်းဆိုခဲ့ကြတယ်။ ရေဂင်ရဲ့ အစိုးရအပါအ၀င် အနောက်နိုင်ငံ အစိုးရ အတော်များများက ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို အရေးမစိုက်ခဲ့ကြဘူး။ ဒါပေမယ့် အမေရိကန်အစိုးရ က ဒဏ်ခတ်အရေးယူမှုတွေ လုပ်တဲ့အခါကျတော့ လူမျိုးရေးခွဲခြားတဲ့စနစ် တစတစနဲ့ ပြိုလဲပျက်စီးတာပဲ။ ဒဏ်ခတ်အရေးယူမှုတွေက စိုက်လိုက်မတ်တတ် လုပ်မယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။ ဒီနည်းက ဖိနှိပ်မှုတွေအဆုံးသတ်စေမယ့် အကြမ်းမဖက်တဲ့ နည်းလမ်း တခုပဲလေ။ အစိုးရတွေအနေနဲ့လည်း ဘယ်ဘက်ကရပ်မှာလည်းဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖို့ လိုလိမ့်မယ်။ တကယ်လို့ မြန်မာ အတိုက်အခံတွေက စစ်အစိုးရကို ဒဏ်ခတ်အရေးယူဖို့ တောင်းဆိုလာခဲ့ရင် အပြင်ကလူတွေအနေနဲ့“ဒဏ်ခတ်အရေးယူမှု တွေက ကျနော်တို့ ကူညီချင်တဲ့ ပြည်သူတွေကို ထိခိုက်မှာပေါ့လို့” ပြောကောင်းပြောလိမ့်မယ်၊ ဒါပေမယ့် အတိုက်အခံရဲ့ တောင်း ဆိုချက်က ပိုအရေးကြီးတယ်လို့ ကျနော်ယူဆတယ်။

မေး။ ။ စစ်အစိုးရရဲ့ လက်နက်ကိုင် အင်အားစုတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေကြတဲ့အကြောင်း အစီရင်ခံ စာတွေ ပုံမှန်ထွက်နေပါတယ်။ စစ်မက်ဖြစ်ပွားရာနဲ့ တိုင်းရင်းသားဒေသတွေမှာ မုဒိန်းကျင့်တာတွေ၊ ဘာသာရေးအရ ခွဲခြားဖိနှိပ် တာတွေ၊ ကလေးတွေကို စစ်သားအဖြစ် အဓမ္မ စုဆောင်းတာတွေ စတဲ့ ကျူးလွန်မှုတွေကို သိရပါတယ်။ ဒီလို ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် ဘယ်လိုဖိအားမျိုးတွေ ပိုသုံးနိုင်မယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ လူမဆန်တဲ့ စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ပစ်ပါ၊ ပြီးတော့ ဗိုလ်ချုပ်ကြီးတွေကိုလည်း သူတို့ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ တရားစွဲခံရမယ်ဆိုတာကို သံမှိုနဲ့ နက်ထားသလို သိအောင် လုပ်ပါ။

မေး။ ။ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်၊ ရွေးကောက်ပွဲဥပဒေကိုလည်း ကြေညာသွားပြီး ပါပြီ။ လူအတော်များများကတော့ လာမယ့်ရွေးကောက်ပွဲရဲ့လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်နိုင်မှုတွေအပေါ်မှာ သံသယ
ရှိကြပါတယ်။ ဘုန်းတော်ကြီးကရော ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲက လွတ်လပ်တဲ့ ရွေးကောက်ပွဲမှ မဟုတ်တာ၊ အဲဒါ လိမ်လည်လှည့်ဖျားမှု ပဲလေ။ ပြီးခဲ့တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရခဲ့တဲ့ အဓိက အတိုက်အခံခေါင်းဆောင်ကို ဖယ်ထုတ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို အာဏာရှင်က စိတ်ကြိုက်ရွေးချယ်ပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ကျင်းပပါတယ်လို့ ခင်ဗျား ဘယ်လို အခိုင်အမာ ပြောနိုင်မလဲ။ ဒီဗိုလ်ချုပ်တွေက ဘယ်သောအခါကများ မျှမျှတ တ လုပ်တာ ရှိဘူးလို့လဲ။ ကျနော်ထင်ပါတယ် အခုလိုအခြေအနေမျိုးမှာ မြန်မာပြည်မှာ လွတ်လပ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို လိုက်ရှာနေမယ့်အစား ငရဲပြည်မှာ နှင်းရှာတာကမှ ပိုဖြစ်နိုင်ဦးမယ်လို့ ထင်တယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်နဲ့ စစ်အစိုးရလက်ထဲမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်က အဖိနှိပ်ခံ သန်းပေါင်းများစွာအတွက် ဘာများပြောချင်ပါသလဲ။ မြန်မာပြည် ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် လှုပ်ရှားမှုကို နိုင်ငံတကာမိသားစုက ခိုင်ခိုင်မာမာ ထောက်ခံအားပေးခဲ့ပေမယ့် စစ်အစိုးရကို ဆန့်ကျင်ရာမှာ ထိရောက်မှု မရှိသလို ဖြစ်နေပါ တယ်။ ဘုန်းတော်ကြီးရဲ့တောင်အာဖရိက အကြမ်းမဖက်လှုပ်ရှားမှု အတွေ့အကြုံကို ပြောပြပေးနိုင်မလား။

ဖြေ။ ။ နိုဗဲလ်ဆုရှင် ညီမငယ် နဲ့ မြန်မာပြည်က ညီအစ်ကို မောင်နှမများ ခင်ဗျား၊ ခင်ဗျားတို့ရဲ့သတ္တိနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ကျနော်တို့ လေးစားအားကျကြောင်း ပြောလိုပါတယ်။ ခင်ဗျားတို့ ရင်ဆိုင်နေတာ အမှန်နဲ့ အမှား ပြဿနာ ဖြစ်ပါတယ်။ သူတို့မှာ သေနတ်တွေ စစ်တပ်နဲ့ ရဲအင်အားတွေ ရှိပေမယ့် တရားမမျှတမှုရဲ့တရားခံတွေဟာ ရှုံးနိမ့်နေပြီးသားလို့ တောင်အာဖရိကရဲ့ အမှောင်ထု အနက်ရှိုင်းဆုံး ကာလတွေမှာတောင် ကျနော်တို့ ပြည်သူတွေကို ကျနော်တို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒီတရားခံတွေက တရားမမျှတမှု၊ ဖိနှိပ်မှုနဲ့ ယုတ်မာမှု ဘက်ခြမ်းမှာ ရှိကြတာမို့ သူတို့က ရှုံးပြီးသားလို့ ကျနော်တို့ပြောတာပါ။

ခင်ဗျားတို့ကတော့ အမှန်တရားဘက်မှာ ရှိကြတာပါ။ ညီမငယ်ရေ တောင်အာဖရိကမှာ နယ်လ်ဆင်မန်ဒဲလား ထောင်က လွတ်လာ ပြီးတဲ့နောက် အစ်ကိုတို့ရဲ့ခေါင်းဆောင် ဖြစ်လာသလိုပဲ မင်းကို မြန်မာပြည်ရဲ့ ခေါင်းဆောင်အစစ်အမှန်အဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြှောက်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ တနေ့မှာ အစ်ကိုတို့ ရန်ကုန်ကို လာခဲ့ပါဦးမယ်။ အရှေ့က နေထွက်ပြီး အ နောက်ကိုဝင်နေသရွေ့တရားမမျှတမှုနဲ့ ဖိနှိပ်မှုရဲ့တရားခံတွေဟာ ပြိုလဲ ပျက်သုဉ်းကြရမှာပါ။ ခင်ဗျားတို့ကို ဘုရားသခင် ကောင်း ချီးပေးပါစေ။

Read More...

ကျွန်တော့်နော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး

ကျော်ခ (မဇ္ဈိမ)

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ထဲတွင် ကျန်ရစ်ခဲ့သည့် သူ့လို သက်တူရွယ်တူ ကလေးများအတွက် စိတ်မကောင်းဖြစ်ရကြောင်း မကြာသေးခင်က စစ်တပ်ထဲမှ ပြန်လွတ်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းသူက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၁ဝ တန်းပညာ သင်ကြားနေစဉ် နေပြည်တော် ဆိပ်ဖူးတောင်အခြေစိုက် အမှတ် (၆ဝ၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တဦးနှင့် တပ်သားတဦးက တလလျှင် ကျပ်တသိန်းခွဲပေးမည်ဟူ၍ သူ့ကို ဖျားယောင်းသွေးဆောင်ကာ စစ်သားအဖြစ် စုဆောင်းခဲ့သည်။

မိဘများက သိရှိသဖြင့် ကျောင်း၊ ရဲစခန်း၊ ကျေးရွာဥက္ကဋ္ဌ ထောက်ခံချက်များနှင့်အတူ ထိုတပ်ရင်းသို့ သွားရောက်အသနားခံ တင်ပြခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
စည်းရုံးသိမ်းသွင်းခံရပုံ၊ စစ်တပ်ထဲသို့ လိုက်ပါသွားပုံများအပြင် တပ်တွင်း အတွေ့အကြုံများနှင့် ကလေးစစ်သားများ ဖိနှိပ်ခံနေရပုံများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မောင်အောင်မင်းသူကို ဆက်သွယ် မေးမြန်းထားပါသည်။

နာမည်ဘယ်လိုခေါ်လဲ၊ မိဘတွေကရော ဘယ်သူတွေလဲ ညီလေး။ မိသားစုနဲ့ ကျောင်းပညာရေး အခြေအနေလေး ပြောပါအုံး။

ကျနော့်နာမည်က အောင်မင်းသူပါ။ အဖေက ဦးလှမြင့်၊ အမေက ဒေါ်ခင်စိန်။ ကျနော်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ပေါ် အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာပါ။ ၁ဝ တန်းပါ။ အသက်က ၁၆ နှစ်ပါ။ ၁၃၅၅ ခုနှစ်မှာ မွေးတာပါ။ ညီကိုမောင်နှမ ၆ ယောက် ရှိတယ်။ ကျနော်က ၄ ယောက်မြောက်ပါ။ ကျနော်က ကျောင်းပဲတက်တယ် ဘာမှမလုပ်ဘူး။

ဘယ်လိုဖြစ်ပြီး ညီလေးက စစ်တပ်ထဲကို ရောက်သွားတာလဲ။ ငါ့ညီဆန္ဒနဲ့ ကိုယ်တိုင်သွားတာလား။ သူများ ခေါ်လို့လိုက်သွားတာလား၊ ဘယ်လိုကြောင့်လဲ။

ခေါ်တုန်းက သူတို့ ကျနော့်ကိုလိမ်ပြီး ခေါ်သွားတာ။ ကျနော့်ကိုခေါ်တဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း နေပြည်တော် ဆိပ်ဖူးတောင်က တပ်ကြပ်ကြီးခင်စိုးက ကျနော်ကို လိမ်ခေါ်တာ။

ငါ့ညီကို သူက ဘယ်လိုပြောပြီး ခေါ်တာလဲ။ ဘယ်လိုပုံစံတွေပြောပြီး ခေါ်တာလဲ။

တပ်ကြပ်ကြီးဆရာခင်စိုးက ကျနော်ကို စတွေ့တုန်းက မင်း ပညာအရည်အချင်းနဲ့ဆိုရင် တပ်ထဲမှာ အရာရှိ ဖြစ်နိုင်တယ်။ မင်းလိုက်လာခဲ့ ဟိုမှာ မင်းကို ကျောင်းတွေလည်း ထားပေးနိုင်တယ်။ မင်းမိဘတွေလည်း အဆင်ပြေ၊ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ်ဆိုပြီး ကျနော့်ကို ခေါ်သွားတာပါ။ ၁၂ လပိုင်း ၁၄ ရက်နေ့ကပဲ ကျောင်းနားက သူငယ်ချင်းအိမ်မှာ သူက လာလည်ရင်းနဲ့ ပြောပြီးခေါ်သွားတာ။

အဲဒီအိမ်မှာရှိတဲ့ ကိုသန်းထိုက်ကနေပြီး ဆက်သွယ်ပေးတာပါ။ မင်း စစ်ထဲလိုက်ချင်လားဆိုပြီး ကျနော်တောင် ဘာမှ ပြန်မပြောရသေးဘူး။ သူက အဲဒီ့တပ်ကြပ်ကြီးခင်စိုးကို ခေါ်ပြီးတော့ စကားပြောခိုင်းတယ်။ ကိုသန်းထိုက်က တပ်သား ကိုနိုင်အောင်နဲ့ သူငယ်ချင်း။ သူနဲ့ရင်းနှီးပြီးတော့ ခွင့်နဲ့လာလည်တာလို့ ပြောတယ်။

အဲဒီလိုတွေပြောပြီးတော့ ဘယ်လိုခေါ်သွားတာလဲ။

၁၄ ရက်နေ့ ညနေပိုင်းက ကျနော့်ကို ခြေကျင်ခေါ်သွားတာ။ အမာမြို့နယ် အောက်စိက်ကွင်းမှာရှိတဲ့ ကိုနိုင်အောင် ယောက်ဖအိမ်ကို အရင်သွားတယ်။ အဲဒီမှာ ၂ ရက်ကြာတယ်။ အဲဒီကမှတဆင့် သူနဲ့ အမျိုးတော်တယ်လို့တော့ ပြောတယ်။ အဲဒီအိမ်မှာ ဆက်နေတယ်။

နောက်ထပ် သူ့အဒေါ်အိမ်လို့ပြောတာပဲ၊ အဲဒီအိမ်မှာလည်း ၄ ရက် ကြာခဲ့သေးတယ်။ ဘာမှတော့ မလုပ်ခိုင်းဘူး။ အိမ်က လိုက်ရှာရင် တွေ့မှာစိုးလို့ ပုန်းခိုင်းတာပေါ့။ ဆိပ်ဖူးတောင်ကိုတော့ ၂၁ ရက်နေ့က ရောက်တယ်။

တပ်ထဲရောက်တော့ ဘာတွေလုပ်ရလဲ။ လေ့ကျင့်ခန်းသင်တန်းတွေ တက်ရလား၊ ဘာတွေလုပ်ရလဲ။

လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ မနက်ဆို အိပ်ယာက ၅ နာရီထိုး ထရတယ်။ အဆောင်သန့်ရှင်းရေးတွေ အလုပ်ခိုင်းတယ်။ မနက် ၇ နာရီထိုးကစပြီးတော့ ဘယ်၊ ညာ နင်းတာမှန်အောင် သင်တယ်။ ၁ဝ နာရီခွဲမှာ ပြီးတယ်။ ပြန်လာ ထမင်းစား၊ နေ့လည် ၁၂ နာရီကနေပြီးတော့ ၃ နာရီအထိ လက်နက်ငယ် စစ်ရေးပြ။ ကျနော်တို့ကို သေနက်ပစ်တာရော၊ အဖြုတ်၊ အတပ်တွေ အကုန်သင်ပေးတယ်။ နောက်ပြီးတော့ အလေးပြုတဲ့ပုံတွေ သင်တယ်။

ညနေပိုင်း ၃ နာရီကနေ ၅ နာရီအထိ ကြံ့ခိုင်ရေး ပြေးတယ်။ ပြီးရင် တန်းဖြုတ်ပြီးတော့ ပြန်လာ ထမင်းစား၊ ပြီးရင် တန်းစီတယ်။ သူ့စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ သူတို့ပြောစရာရှိတာ ပြောတယ်။ ၉ နာရီထိုးတာနဲ့ တန်းဖြုတ်ပြီး ဘုရားရှိခိုးပြီးတော့ အိပ်ခိုင်းတယ်။

အဲဒီမှာ အပြင်ကနဲ့မတူတာတွေ ထူးထူးခြားခြား ဘာတွေတွေ့ခဲ့ကြုံခဲ့လဲ။

ကျနော်တို့နဲ့ ခွဲအတူတူပေါ့။ ကျနော်တို့က ခွဲ ၅ ဟိုဘက်က ခွဲ ၃ ပေါ့။ စစ်သားလေးတယောက် ကျနော်တို့အရွယ်ပဲ အာဟာရ ပြတ်ပြီးတော့ သေတယ်။ နောက် ၃-၄ ရက်လောက်အကြာမှာပဲ ၁ ယောက် ထွက်ပြေးသွားတယ်။ ပြီးတော့ တခုခုမှားပြီဆိုရင် နားရင်းရိုက်တယ်။ မအေ၊ နှမတွေကို ရစရာမရှိအောင် ဆဲတယ်။ တပ်သားကစ အပွင့်ရှိတဲ့ လူတွေလည်း အကုန်ဆဲကြတယ်။ နေ့တိုင်း အဲဒီအထဲမှာပဲ ပျင်းစရာကောင်းတယ်။ ထွက်ပြေးလည်း မလွတ်ဘူး။

တပ်ထဲမှာနေတော့ တပ်အင်အားက ဘယ်လောက်ရှိလဲ။ ကိုယ်လို ကလေးစစ်သားလေးတွေ ဘယ်လောက်ရှိတယ်လို့ သိလဲ။

တပ်ခွဲတခွဲကို လူ ၂၅ဝ ရှိတယ်။ ကျနော်တို့ တပ်ခွဲမှာတင် ၁ဝ ယောက်ကျော်လောက် ရှိတယ်။ သူတို့ကတော့ အခုချိန်ထိ အဲဒီတပ်ထဲမှာပဲ ရှိနေပါသေးတယ်။ သူတို့က ကျနော်နဲ့လည်း သိတယ်။ တချို့ကောင်တွေက ထွက်ပြေးတဲ့ကောင်က ထွက်ပြေးတယ်။

ကျနော် ဒီကိုမလာခင် လေ့ကျင့်ရေးမှာတင် လေ့ကျင့်ရေးမလုပ်နိုင်တဲ့သူတွေ၊ မခံနိုင်လို့ ထွက်ပြေးတာ ၅ ယောက်လောက် ရှိတယ်။ အကုန်ပြန်မိတယ်။ ပြန်မိတဲ့ကောင်တွေ အရိုက်အနှက်ခံရတယ်။ သူတို့ အခု ၆ ပေါက်ထဲမှာပေါ့။ သူတို့ကတော့ ပြောတယ်။ မင်းတို့ ထွက်ပြေးချင်ရင် လေ့ကျင့်ရေးကွင်းမှာ ထွက်မပြေးပါနဲ့တဲ့။ မင်းတို့တပ်ရင်းရောက်မှ မင်းတို့ ကြိုက်သလိုလုပ်တဲ့။ လေ့ကျင့်ရေးမှာပြေးရင် ငါတို့မှာ တာဝန်ရှိတယ်တဲ့။

တပ်ထဲမှာ ဘယ်လိုခံစားရလဲ။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ဘာဟင်းတွေနဲ့ ကျွေးလဲ။

ဟိုမှာက ပျော်စရာမှ မရှိတာ။ စိတ်ညစ်တယ်။ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး။ မိရင်မလွယ်ဘူး။ အခက်အခဲကတော့ လေ့ကျင့်ရေးမှာတော့ နည်းနည်း ကောင်းကောင်းကျွေးတယ်။ မနက်ပိုင်းကို ကြက်ဥ၊ နေ့လည်ပိုင်းဆို ငါးခြောက်၊ ညနေပိုင်းဆို အမဲသား။ အဲဒါနဲ့ နေ့တိုင်း လည်နေတယ်။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်။ တပ်ရင်းမှာကျတော့ အစားအသောက် အဆင်မပြေဘူး။

ညီလေးက အခု ဘယ်လိုပြန်လာတာလဲ။ ဘယ်သူက ပြန်ခွင့်ပေးလိုက်တာလဲ။

မင်းအိမ်ကလည်း စာပို့နေတယ်။ ဟိုဘက်အဖွဲ့အစည်းက ကောင်တွေလည်း ပြောနေတယ်တဲ့။ ၁၈ နှစ်လည်း မပြည့်သေးတာနဲ့ အထက်က နုတ်ထွက်ခွင့်ပေးတာနဲ့ ပြန်လို့ရတာ။ အဲဒါနဲ့ ကျနော့်အဖေနဲ့ ပြန်ထည့်ပေးလိုက်တာ။ လမ်းစရိတ်တွေဘာတွေတော့ မပေးပါဘူး။ သူငယ်ချင်းတွေကိုတော့ ကျနော် နှုတ်ဆက်ခဲ့ပါတယ်။

ခေါ်သွားတုန်းက အပြောနဲ့ တပ်ထဲက အခြေအနေ ဘယ်လိုကွာလဲ။

ခေါ်သွားတုန်းက ပြောတာနဲ့ တပ်ထဲက အခြေအနေက ဘာမှမဆိုင်ဘူး၊ အရမ်းကွာတယ်။ နောင်တလည်း ရတယ်။ အပြင်ဘဝမှာနဲ့ တပ်ထဲနဲ့က ကွာတယ်။ ပြီးတော့ သူတို့က ဒါဆိုဒါပဲလေ။ ဟိုဟာ မလိုချင်ဘူး၊ ဘယ်မှ မသွားရ မလာရ ဆိုတော့ စကားပြောတဲ့အခါမှာလည်း မိုက်ရိုင်းတယ်။

ငါ့ညီက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးယဉ်ထားလဲ။

ဆရာဝန်၊ ဒေါက်တာပဲ ဖြစ်ချင်တယ်။ အဲဒါပဲ ရည်ရွယ်ပါတယ်။

လိမ်ခေါ်ခံရတယ်တော့ ငါညီအနေနဲ့ သူတို့တွေကို ဘယ်လိုမြင်လဲ။

ကျနော့်ကို လိမ်ခေါ်သွားတဲ့အတွက် သူတို့ကို စိတ်နာတယ်။ နောက်ဆို သူတို့နဲ့ လမ်းမှာတွေ့ရင် ဝေးဝေးက ရှောင်ရမှာပေါ့။ သူတို့ကိုတော့၊ မကောင်းတဲ့အကျင့်ရှိတဲ့ လူတွေဆိုတော့ မကောင်းတဲ့လူလို့ပဲ မြင်တာပေါ့။ ဒါပေမဲ့ တပ်ထဲမှာ ကျနော့်လို ကလေးတွေ၊ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူး။

Read More...