Showing posts with label အာဘော်နှင့်အမြင်. Show all posts
Showing posts with label အာဘော်နှင့်အမြင်. Show all posts

ပြည်သူကို ရန်မူမှု

မဇ္ဈိမ မှ....

စ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော်သားတွေပါ။ သူတို့ဘာဖြစ်လို့ ဒီလောက်ရက်စက်ရိုင်းစိုင်းသွားကြ၊ လူစိတ်ကင်းမဲ့သွားကြသလဲ။ ပဲခူး ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေ သေနတ်နဲ့ပစ်သတ်မှုအကြောင်း အားလုံးသိကြပြီးပါ။
ရှင်းပါတယ်။စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ အတွေးအခေါ်တွေကြောင့်ပါပဲ။
စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့ဖြစ်ခဲ့ဖူးပါတယ်အညိုရောင်အမည်းရောင်သတ်မှတ်ထားတဲ့နေရာတွေမှာဆိုရင်တော့ အထူးပြောစရာမလိုပါဘူး။

၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတိုက်တွေကို စစ်တပ်က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့်တာဝန်ကျလာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ တာဝန်ကျလာတဲ့အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ခဲ့ကြပါတယ်။

တချို့ဆို အတော်ကြီး ခင်မင်လာပြီး ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာကြတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ကရင်ပြည်နယ်ရှေ့တန်းတနေရာ ထိုးစစ်တခုမှာတုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြတယ်။ သူက သံတိုင်တံခါးအပြင်က ကျနော်က သံတိုင်တံခါးအတွင်းကပေါ့လေ။ကျနော်သူပြောတဲ့ဖြစ်ရပ်ကိုနားထောင်ရင်း ကြက်သီးမွေးညှင်းထ အံ့သြ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသလို ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် ရွံရှာသွားခဲ့ရတယ်။ သူပြောပြတဲ့ဖြစ်ရပ်ကဒီလိုပါ။ ကရင်ပြည်နယ်က ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင်ရောက်စီးနင်းခဲ့တုန်းက ရွာက ကြိုတင်သတင်းရထားပုံ ရတယ်တဲ့၊ ရွာထဲရောက်တော့ ဘယ်သူမှ မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အလောတကြီးထွက်ပြေးသွားကြပုံပေါ်တယ်။ ဆန်ရွေးလက်စဆန်ကောတွေ ချက်လက်စ ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်းရှိနေဆဲလို့ဆိုပါတယ်။သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြတယ်။ တဲတလုံးထဲက ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေး တယောက် ကိုမမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ကလေးလေးက လာပြီးပွေ့တဲ့စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။ရဲဘော်တွေလည်း ကလေးလေး ကိုပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကိုမီးရှို့ရမှာမို့ကလေးကိုခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။

နောက်တရွာလုံးက အိမ်တွေစပါးကျီတွေကို မီးတိုက်ပြီး သူတို့တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြတယ်။ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျောမှာအဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့တပ်ခွဲနဲ့ခေါ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ သူတို့တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေးမလုပ်ခိုင်းတော့ပဲ နောက်ထပ်အရေးကြီးတဲ့တာဝန်တခုပေးဖို့ ရှေ့တန်း တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့အမိန့်ရလာတယ်။ရဲဘော်တွေလည်း အားရဝမ်းသာပြန်ကြဖို့ပြင်ဆင်ကြတယ်။ဒီအချိန်မှာတပ်ခွဲမှူးက ကရင်ရွာထဲက အခါလည်သားလောက်ကလေးတယောက်တွေ့လို့ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို သတင်းပို့ရတယ်။ဗျူဟာမှူးရဲ့တုန့်ပြန်အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့အပြတ်ရှင်းခဲ့”တဲ့။အမိန့်ကို တပ်ခွဲမှူးက သူ့တပ်သားတွေကိုပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေ
မျက်စိမျက်နှာပျက်ပြီး ဘာတခွန်းမှ ပြန်မပြောနိုင်ကြတော့ပါဘူး။

အချိန်တန်လို့တပ်ခွဲပြန်ခေါက်တဲ့အခါ ကလေးလေးက ရဲဘော်တယောက်ရဲ့နောက်ကျောမှာပါလာခဲ့တာပါ။ တပ်ခွဲမှူးက ကလေးကို သတ်ပြီးထားခဲ့ဖို့ဘယ်သူတာဝန်ယူမလဲလို့မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီတာဝန်ကို မယူခဲ့ဘူးလို့ဆိုပါတယ်။တပ်ခွဲမှူးကလည်းဗျူဟာမှူးရဲ့အမိန့်ကို မလိုက်နာလို့မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့အမိန့်ပေးပါတယ်။တပ်ခွဲတပ်ကြပ်ကြီးက ဘယ်သူမှ တာဝန်မယူတဲ့အတွက် တာဝန်ယူမယ့်သူကို တခြားသူတွေရတဲ့အာမီရမ် (Army Rum) ကိုပေးမယ်လို့မက်လုံးပေးသတဲ့။ နောက်ဆုံး တပ်ခွဲကလည်း
အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက ကလေးကိုအပြတ်ရှင်းခဲ့ဖို့အမိန့်ပေးလာတယ်။
ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကိုပေးဖို့တောင်းတယ်။ တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက် နီးပါးကို တခါတည်း မော့သောက်ပစ်လိုက်တယ်။ နောက်ခဏကြာတော့ ကလေးကိုသူ့ ကိုပေးခဲ့ဖို့ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကိုထားခဲ့ပြီး ခရီးဆက်ထွက်ခဲ့တယ်။ အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီးပြေးလိုက်လာတာတွေ့ရတယ်။တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန်လုပ်ပြီးပြီလားလို့မေးတဲ့အချိန်မှာ အဲဒီရဲဘော်ဟာ တခြားရဲဘော်တွေကြားမှာဒူးထောက်ချပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ဘာစကားမှမပြောနိုင်ဘဲ အကြာကြီးငိုပြီးတော့မှ သူအရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ပြောပြသတဲ့။

ကျနော်ခုတင်ပြလိုက်တဲ့အဖြစ်အပျက်က စိတ်ကူးယဉ်မဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒိတပ်ခွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက်က စိတ်မကောင်းခြင်းကြီးစွာနဲ့ကျနော့ကိုပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြဘူး။ ဒီအမိန့်ကိုပေးရက်ခဲ့သူက ဗျူဟာမှူးတယောက်ပါ။

လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ကျနော်တို့ပြည်သူ တဦးချင်းအနေနဲ့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ မိမိတို့ရဲ့ရင်သွေး သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသလို အမှန်တရား နဲ့လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန် ရှိပါတယ်။ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေကိုပဲ အားကိုးပြီး တို့ကဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေးရေး အတွေးအခေါ်ကို ကိုင်စွဲထားကြမယ်ဆိုရင်တော့ ကျနော်တို့ လူထုတရပ်လုံး မျိုးဆက်နဲ့ချီပြီး စစ်ကျွန် ဖြစ်နေကြရမှာပါ။

အကြောက်တရားတွေ ဖယ်ရှား ထိန်းချုပ်ပြီး မတရားတဲ့စစ်အာဏာရှင်စံနစ်ကို တညီတညွတ်တည်း တွန်းလှန်ကြရအောင်ပါ။ ။

Read More...