Showing posts with label အမြင်နှင့်သဘောထား. Show all posts
Showing posts with label အမြင်နှင့်သဘောထား. Show all posts

လိင်တူ ထိမ်းမြားခြင်း

Karen United မှပြန်လည်ကူးယူဖော်ပြထားသည်။

ဧရာဝတီသတင်းဌာန၏ ဧပြီလ ၂၉ရက်၊ ၂၀၁၀ နေ့စွဲဖြင့် ရေးသားသော အမျိုးသားချင်း လက်ထပ်သူ လူမှုရေးအဖွဲ့မှ အထုတ်ခံရ သတင်းနှင့်အတူ စာဖတ်ပုရိတ်သတ်များ၏မှတ်ချက် များကို စိတ်ဝင်စားစွာ ဖတ်လိုက်မိတော့ ကျွန်တော်၏ အမြင်သဘောထားကိုလူ့အခွင့်အရေး ရှု့တောင့် မှ ရေးသားလိုစိတ်ဖြစ်လာပါတယ်။ ဖြစ်စဉ်အကျဉ်းမှာ ကရင်အသိုင်းအ၀ိုင်းမှ လူငယ်အဆိုတော် ယူးရီ ကို အမျိုးသားခြင်းလက်ထပ် မှု့ နှင့် ကလိုနှင့်ကွယ် (Klo & Kwe) တေးဂီတအဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ လိင်တူထိမ်းမြားခြင်း ကို ရှု့တောင့်သုံးခုဖြင့် ကြည့်ရှု့ သုံးသပ်ချင်ပါတယ်။ ဘာသာရေးရှု့ တောင့်၊ အမျိုးသားယဉ်ကျေးမှု့ရှု့တောင့် နှင့် လူ့အခွင့်အရေးရှု့တောင့် များဖြင့် မျှတစွာသုံးသပ်ဖို့ အရေးကြီးပါသည်။


မြန်မာနိုင်ငံတွင်နေထိုင်သောလူမျိုးများအနေဖြင့်အများစုမှာဗုဒ္ဓဘာသာင်များဖြစ်ကြပြီးအခြားဘာသာများမှာခရစ်ယာန်၊ မူစလင် နှင့် ရိုးရာနတ်ကိုးကွယ် ခြင်းများဖြစ်ပါတယ်။၎င်း
မြန်မာနိုင်ငံရှိဘာသာအားလုံးသည်လိင်တူထိမ်းများခြင်းနှင့်ပတ်သက်ပြီးအသိအမှတ်ပြုထားခြင်းမရှိဘဲတားမြစ်ထား ကြောင်းတွေ့ရှိရသဖြင့်အကျယ်တင့်ရေးစရာမလိုတော့ပါ။မြန်မာနိုင်ငံရှိလူမျိုးများအားလုံး၏ရိုးရာယဉ်ကျေးမှု့များတွင်လည်းလိင်တူဆက်ဆံခြင်း၊ထိမ်းများခြင်း၊အတူနေထိုင်ခြင်းသည်ရွံရှာဖွယ်တစ်ခုအဖြစ်သတ်မှတ်လက်ခံထားပါတယ်။ထိမ်း များလက်ထပ်ခြင်းနှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ၏ ဥပဒေ ပြဌာန်းချက်မှာ ထိမ်းများလိုသူ ကာယကံရှင် များ၏ ယုံကြည် ကိုးကွယ်ရာ ဘာသာ ထုံးတမ်းစဉ်လာကိုသာတရားဝင်သိမှတ်ပြုလက်ခံထားပါတယ်။

တတိယရှု့တောင့်ဖြစ်သော လူ့အခွင့်အရေး ရှု့တောင့်ဖြင့် ဆက်လက် ဆွေးနွေးတင်ပြခြင် ပါတယ်။

မိန်းမလျှာ နှင့် ယောက်ျားလျှာတို့ သည် မူလခန္ဓာဗေဒ ဖွဲ့စည်းပုံတွင် ဟိုမုန်းဓါတ်မညီမျှခြင်းမှ ဖြစ်ပေါ်လာသဖြင့် ကာယကံရှင်များတွင် အပြစ်မရှိသလို လူ့အသိုင်းအ၀ိုင်းတွင်ခွဲခြားမဆက်ဆံသင့်ပါ။
ယောက်ျားမပီသခြင်း (မိန်းမလျှာ) ဖြစ်ရသည့် အခြားအကြောင်း ရင်း များ ရှိကြောင်း လေ့လာသိရှိရပါတယ်။ ၄င်းအကြောင်းအရင်းများမှာ-
၁။ သာမာန်ထက်ပိုသော လိင်စိတ်ပြင်းထန်ခြင်း

၂။ စိတ်ရောဂါကြောင့် ယောက်ျားမပီသခြင်း

၃။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြောင့် ယောက်ျားမပီသခြင်း များဖြစ်ပြီး ၄င်းတို့ကိုပါထည့်

သွင်းစဉ်းစားသင့် ပါသည်။

၎င်းအထက်ပါအချက်များသည် ဆေးပညာဖြင့် အတိုင်းတာတစ်ခုထိ ကုသ ၍ ရနိုင်သဖြင့် မွေးရာပါ မိန်းမလျှာများ နှင့် ခြားနားပါသည်။ ကုသ ၍ရသော ကျန်းမာရေး ချို့တဲ့မှု့များကိုဆေးကုသမှု ခံယူရန် ကာယကံ ရှင်များ တွင်တာန်ရှိသလို မိသားစု နှင့်လူမှု့ ၏အသိုင်းအ၀ိုင်းမှ ၀ိုင်းဝန်းကူညီသင့်ပါသည်။
မြန်မာနိုင်ငံရှိပြည်သူများ သည် ဒီမိုကရေစီကို လိုလား သူများဖြစ်သလို ဆုံးရှုံးနေ သောလူ့အခွင့်အရေးများကို ပြန်လည်ရရှိလိုသဖြင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကိုမရသေးသော်လည်းရရှိလာသောအခါလက်ခံကျင့်သုံးတတ်ရန်အဆင်သင့်ဖြစ်နေသင့်ပါသည်။ ထိုကဲ့သို့ လက်ခံကျင့်သုံးတတ်ရန် ဒီမိုကရေစီ ထွန်းကားသော နိုင်ငံ များကို လေ့လာပြီး ဆိုး ကျိုးထက်ကောင်းကျိုးများ ကို ယူတတ်ရန်အရေးကြီးပါတယ်။
ယနေ့ထိ လိင်တူထိမ်းမြားခြင်းကို ဥပဒေဖြင့် တရားဝင်အသိမှတ်ပြုထားသော နိုင်ငံများမှာ-ကနေဒါ၊ ဘယ်ဂျီယံ၊ နယ်သာလန်၊ နော်ဝေး၊ ပေါ်တူကီ၊ တောင်အဖရိက၊ စပိန် နှင့် ဆွီဒင် တို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် ပထမဆုံး လိင်တူထိမ်းမြားခြင်းကို ဥပဒေဖြင့်တရားဝင် အ တည် ပြုသော နိုင်ငံမှာ နယ်သာလန် ဖြစ်ပြီး သတ်မှတ်ခဲ့သည့်နေ့ မှာ ဧပြီလ၁ရက်၊၂၀၀၁ခုနှစ်ဖြစ်ပါသည်။

နှစ်ပေါင်းများစွာ ဒီမိုကရေစီထွန်းကားခဲ့ပြီး လိင်တူထိမ်းမြားချင်းကို အသိအမှတ်မပြုသောနိုင်ငံများစွာ ရှိသေးကြောင်း ဒီမိုကရေစီလိုလားသော မြန်မာပြည်သူများ သတိထားသင့် ပါတယ်။
သြစထြေးလျ နိုင်ငံသည် လိင်တူဆက်ဆံခြင်းကိုအသိအမှတ်ပြုသော်လည်းလိင်တူထိမ်းမြားခြင်းကိုအသိအမှတ်မပြုပါ။ တရားဝင်ဖြစ်ရန် လွှတ်တော်တွင်အကြိမ်ကြိမ်တင်သော်လည်း မအောင်မြင်သေးပါ။ အမေရိကန်ပြည် ထောင်စု ဖယ်ဒရယ်အစိုးရသည် လိင်တူထိမ်းမြားခြင်းကို အသိအမှတ်မပြု သော်လည်း ပြည်နယ် (၅)ခုတွင်မူပြည်နယ်အစိုးရက တရား ၀င်အသိမှတ်ပြု ထားပါသည်။ အမေရိကန်သမ္မတ George W Bush နှင့် Barack Obamသည်လူ့အခွင့်အရေး ကို ကြိုးစား မြှင့်တင်သော်လည်း လိင်တူထိမ်းမြားချင်းကိုဆန့်ကျင်သူများဖြစ်ပါ သည်။ ဘာကြောင့်နည်း?

ထိုင်းနိုင်ငံ တွင်ပင် လိင်အင်္ဂါပြောင်းခြင်း၊လိင်တူဆက်ဆံခြင်းကိုတရားင်အသိမှတ်ပြုသော်လည်းလိင်တူထိမ်းမြားခြင်းကို ဥပဒေဖြင့် တရားဝင်အသိမှတ်ပြုခြင်း မရှိပါ။ ထို့ကြောင့်ယူးရီတို့၏လူသိရှင်ကြား ထိုင်းနိုင်ငံတွင် ထိမ်းမြားခြင်းသည် ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါသည်။
မြန်မာနိုင်ငံ တွင် လိင်တူထိမ်းမြားခြင်း ကို တရားမ၀င် သတ်မှတ်ထားသလိုနှစ်ရှည်လများဒီမိုကရေစီကိုကျင့်သုံးခဲ့သော ကမ္ဘာ့ထိပ်တန်း နိုင်ငံများမှပင် လက်မခံသေးသော အရာ ကိုရရှိရန်မြန်မာပြည်သားများအနေဖြင့်မကြိုးစားသင့်သေးပါ။
ကျွန်တော်တို့သည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလိုရှိသော်လည်း ၄င်း၏အဓိပ္ပါယ်သည် “ကိုယ်လုပ်ချင်ရာလုပ် ၍ ရသည်” ဟု ဆွဲပြော ၍မရပါ။ မိမိပျော်ရွင်မှု့အတွက်သူတစ်ပါးကို ထိခိုက် ၍ မရသလို မိမိပျော်ရွှင် ရန်တွက်၊ အဖွဲ့အစည်း၊ လူနေမူ့အသိုင်းအ၀ိုင်းမှ ထောက်ခံရမည်ဟု တစ်သမတ်တည်း တွက် ၍မရပါ။ မိမိကြောင့် ဒီမိုကရေစီ အနှစ်သာရ မထိခိုက် မပျက်ဆီးရန် တာဝန်ရှိသလို ဒီမိုကရေစီ ရရှိရန်အတွက် ကြိုးစားဖေါ်ဆောင်နေ သည့်အင်အား ကို အနှောင့်အယှက်၊ အတားအဆီး မဖြစ်စေရန် သတိထားသင့်ပါသည်။

မြန်မာနိုင်ငံအပါအင်ကမ္ဘာ့ထိပ်တန်းနိုင်ငံများ၊နိုင်ငံအများစုမှလက်မခံနိုင်သောအရာတစ်ခုအားကလိုနှင့်ကွယ်တေးဂီတအဖွဲ့ (Klo & Kwe ) မှ လက်မခံနိုင်ခြင်း ကို နားလည် သင့်ပါတယ်။

ဖူးဒို

မေလ ၂၅ ရက်၊ ၂၀၁၀

Read More...

သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီစေချင်

မန်းကိုကို (သျှမ်းသံတော်ဆင့် မှ)
မြန်မာပြည်မှာ ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦးဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆနိုင်တယ်။ ဒီကနေ့အထိလဲ စဉ်ဆက်မပြတ်သက်ရောက်နေသေးတယ်။ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာခံစားတတ်သူ့ ပုထုဇဉ်တိုင်းအတွက် စိတ်မကောင်းစရာပါ။

အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေ ဝေနေခဲ့ကြရတာလဲ ထောင်စုနှစ်တစ်ခုပြည့်ဖို့ သိပ် မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသထွက်စရာ၊ အံသြတုန်လှုပ်စရာတွေနဲ့ ရှက်ရွံ့ စရာတွေ မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့် မက်စရာ လုပ်ပိုင်ခွင့်အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင် ချယ်လှယ်ပြီး “တိုင်းပြည်အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းဆက်ဖွင့်ရင်း လိုရာဆက်ဆွဲ နေခဲ့ကြတာကြောင့် အဆုံးဆိုတာ မမြင်နိုင်လောက်အောင်ပါ။
“သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ရပြီး မိသားစုတွေ အားလုံးပေါင်းမှ ၃-၄ ထောင် လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့တွေ ဒီကနေ့အထိ“အမြစ်ပြတ် ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျှော့မသွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်” လို့များ ဆိုကြရလေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီရေးရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်တာလား။

“ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော စစ်ကားတန်းတွေနဲ့ “တရားသောစစ်” ဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့ ချောက်ချက်ဖြစ်နေတဲ့ စစ်သည်တွေ ပြန်တင်လာတဲ့ အပြန်ခရီး။ မြို့ကြီးများမှာ အသွားတုံးက အောင်သပြေနဲ့ပန်းကုံးတွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။

နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေကြား မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ တနိုင်ငံလုံး ဆင်းရဲ ချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမက စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့ အာမ ခံချက်တွေပါ။

“သူပုန်တွေက ဗမာစစ်သားတွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့ သတင်းမျိုး တောင်ပေါ်တိုင်းရင်းသားတွေကြားဘယ်လောက်အထိ အမုန်းတရားတွေ လောင် မျိုက်အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ တွေးမိနိုင်ဖို့ အကြောင်းရင်းတွေဟာ အနာဂါတ်ငြိမ်းချမ်း ရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။


မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်၊ တောထဲမှာလဲ ကျေးလက် မောင်နှမတွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေစားနေကြရတာ သိစေလိုပါ တယ်။

ရပ်ကွက်ထဲ တချို့မိခင်တွေ သူတို့ရဲ့ စစ်ထွက်သားမောင်များအတွက် ဗျာပါဒရောက်သောကတွေ ဝေနေချိန်မှာ ဟိုအဝေး တောင်တန်းပြာပြာတောနက်လျှိုမြှောင် အမှောင်ထဲစမ်းတဝါးဝါး နဲ့ တစ် တီတူးများလို မလုံခြုံတဲ့စိတ်နဲ့ ပုန်းအောင်း အိပ်စက် နေရသူတွေ ဒုနဲ့ဒေးပါ။ ဆေးပေးခန်းရှေ့ စုတ်ပြဲ နေတဲ့ ငွေစက္ကူတွေနဲ့ လူတစ်ချို့တန်းစီစောင့်ဆိုင်းနေကြရ ချိန်မှာ စိမ့်စမ်းရေကိုဆေးလုပ်သောက် နေကြသူတွေလဲ မရေတွက်နိုင်လောက်အောင်ပါပဲ။

ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရှိနေကြပေမယ့် အဲ့ဒီအကျိုး ဆက်တွေကိုယ်တိုင်ခံစား နေရသူတွေအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်း လောကငရဲ အချိန် ကာလတွေပါ။

ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲ ခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့မယ် မထင်ပါ။

ပြတ်ပြတ်သားသား ပြောချင်တာကတော့ “ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြ ပါတော့” ဆိုတာပါပဲ။

မေတ္တာရပ်ခံ တောင်းပန်နေတာ မဟုတ်ပါ၊ မသိနိုင်လောက်အောင် အမြင်ပိတ်ပိန်းနေသူတွေ သတိဝင်စေဖို့နဲ့ ဒီဖြစ်စဉ်ကြီး ကို ရပ်တန့်အောင်လုပ်ဖို့ တတ်စွမ်းနိုင်သူများထံ တောင်းဆိုနေတာပါ။ သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။

Read More...

၂၀၁၀ ရွေးကောက်ပွဲ နှင့်ကျနော်အမြင်

ရေးသားသူ - ဖူးဒို

၂၀၁၀ ရွေးကောက်ပွဲ နီးလာနှင့်အမျှ နအဖ သည် မိမိအနာဂတ်ရေးတွက် အားသွန်ခွန်စိုက် ကြိုးစားနေပါသည်။ အချိန်
ဆွဲပြီး ၁၇ နှစ်ကြာ စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေ ကို အသက်သွင်းရန် ပွဲချိန် နီးလာလေ နအဖ ဗိုလ်ချုပ်များ
ရင်ခုန်လေ ဖြစ်နေမှာမလွဲပါ။ ရွေးကောက်ပွဲအတွင်း (တရားသောနည်းဖြင့်သော၎င်း၊ မတရားနည်းဖြင့်၎င်း) သေချာစွာ အနိုင်ရရှိအောင် ကြိုးစားပြင်ဆင်နေသလို၊ ကံအကြောင်းမလှလို့ ရှုံးခဲ့လျှင် သူတကျုံးငါတစ်ပိုက် ပိုင်ဆိုင်နိုင်ရန် ဌာနဆိုင် ရာ လေလံပစ်ခြင်း၊ ဌာနပိုင် မြေကွက်/ အဆောက်အဦးများရောင်းချခြင်း၊ ပါမစ်များ စီပွါးလုပ်ကွက်များကို အပြိုင်အဆိုင်
ချပေးသလို နယ်ရောက် တပ်မတော်အရာရှိများလည်း မှောင်ခိုလုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင်ကြိုးစားရှာဖွေနေပုံမှာ
“ တိုင်းပြည်တာဝန်နှင့် နှင့်လူမျိုးပေါ် မည်မျှတန်ဖိုထားနေကြောင်း” ပေါ်လွင်ထင်ရှားနေပါသည်။

အတိုက်ခံအဖွဲ့များကြား နှင့် တိုင်ရင်းသားအဖွဲ့များမှ နှစ်ရှည်လများ မြုပ်ထားသော မိမိလူများကိုပင် အဖေါ်ခံပြီး ရွေး ကောက်ပွဲ ဖြစ်မြောက်ရေးတွက် ကြိုးပမ်းနေပုံကို ထောက်ခြင်းဖြင့် ရွေးကောက်ပွဲသည် နအဖဗိုလ်ချုပ် တွေအတွက်
အလွန်ရေးကြီးကြောင်းပေါ်လွင်နေပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အင်မတန်ကြောက်နေသော တပ်မတော်ကြီးက
ရွေးကောက်ပွဲ ဥပဒေဖြင့် ပ ထုတ်လိုက်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို အတိုင်းအတာ မည်လောက်ထိ ထိခိုက်
သည်ကို တပ်မတော်သားများအားလုံး ဆန်းစစ်သင့်ပါသည်။

ပါတီမှတ်ပုံမတင်ရန် NLD ၏ဆုံးဖြတ်ချက်သည် မှန်ကန်သော ရွေးချယ်မူ့ အဖြစ် သုံးသပ်မိပါသည်။ လုံးဝ အလျှော့မပေး
ရေးမူ ကို တပ်မတော်က ဆွဲကိုင်ထားသော်လည်း NLD မှ များစွာအလျှော့ပေးနေခဲ့ပါသည်။ သို့သော်တပ်မတော်သည်
နားမလည်တတ်သေးပေ။

ရွေးကောက်ပွဲဥပဒေထုတ်ပြန်ပြီး အဖွဲ့အစည်းများမှ ဆွေးနွေးပွဲများ၊ အစည်းဝေးမျာခေါ်ယူကာ အမြင်ချင်းဖလှယ်ခဲ့ပါ သည်။ အချို့က ရွေးကောက်ပွဲကို သပိတ်မှောက်သင့်သလို အချို့ကလည်း ရွေးကောက်ပွဲဝင်ရန် ဆန္ဒရှိနေပါသည်။
ထူးခြားမူ့တစ်ခုမှာ ရွေးကောက်ပွဲဝင်မ၀င် အမြင်သဘောထားခြင်းကွဲနေပေမဲ့လည်း တူညီသော သဘောထားတစ်ခုမှာအ
“ စစ်အစိုးရဖြင့် စစ်မှန်သော ဒီမိုကရေစီလုံးဝမရနိုင်” ကြောင်းအားလုံးက ယုံကြည်လက်ခံထားပါသည်။

ရွေးကောက်ပွဲကိုဝင်လိုသောအဖွဲ့များ၏ ယုံကြည် မျှော်လင့်ချက်မှာ-
- ရွေးကောက်ပွဲဝင်ခြင်းဖြင့် အတိုင်းတာတစ်ခုထိ ပြောဆိုပိုင်ခွင့်ရှိလာမည်ဖြစ်သောကြောင့် တိုင်းပြည်အကျိုးပို၍ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းပိုလာခြင်း။
- တစ်ချို့ကလည်း ပြသာနာဖြေရှင်းရန် နိုင်ငံရေးနည်းလမ်းပွင့်လာသည်ဟုသဘောထားခြင်း။
- လုံးဝမရတာနဲ့ယှဉ်ရင် နည်းနည်းရတာ အရင်ယူထား၊ ပြီးမှဆင့်ကာဆင့်ကာ များများရအောင်ဆက်လုပ်။
- လွှတ်တော်အစည်းအဝေးသည် အဓိက၊ လွှတ်တော်အမတ်နေရာဖြင့် ပြောရေးဆိုခွင့်ပိုရ၊ လွှတ်တော် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး မည်သူမျှဆောင်ရွက်ခွင့်မရှိသဖြင့် ဒီမိုကရေစီအခွင့်အလှမ်းပိုရနိုင်။ ထို့ကြောင့်မိမိရည်မှန်းချက် အ ကောင်ထည်ဖေါ်ရန် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တော်အစည်းဝေးတွင်အနိုင်ရအောင်ကြိုးစားရမည်။

မည်သို့ပင်ဆိုစေ တိုင်းပြည်နှင့်လူမျိုး တိုးတက်ရန်အတွက် ရွေးကောက်ပွဲဝင်လိုသော ညီအစ်ကိုအဖွဲ့စည်းများအားလုံးကို ကျွန်တော်လေးစားပါသည်။ ရွေးကောက်ပွဲဆန့်ကျင်မည့် ညီအစ်ကို၊ အဖွဲ့အစည်းများကိုလည်း အပြစ်မမြင်ပါ။ သို့သော် စိတ်မကောင်း ဖြစ်မိသည်မှာ ၀င်သောအဖွဲ့ နှင့် မ၀င်သော်အဖွဲ့များသည် ယခင်က ရေစီးကြောင်းတစ်ခုထဲတွင် ဦးတည်ချက်
တစ်ခုတည်းဖြင့် ခရီးကြမ်းအတူတူ နှင်ခဲ့သူများဖြစ်ပါသည်။

နှစ်ရှည်လများ ဒီခရီးကြမ်းမှာ လျှောက်လှမ်းခဲ့ရတဲ့သူတစ်ဦးအနေဖြင့် နှစ်ဖက်အခြေအနေကို လက်လှမ်းမှီသလောက် လေ့လာ
တင်ပြခြင်ပါသည်။ ဤကြမ်းတမ်းသောခရီးမှာ နှစ်ရှည်လများ ကူးခတ်လျှက် လက်ပန်းကျသွားသောသူများကို နားလည်
သလို မမောနိုင်မပန်းနိုင်မြုပ်လိုက်ပေါ်လိုက်ကူးခတ်နေသူများကိုလည်းလေးစားမိပါသည်။

သာလိကာ ကို လူစကားပြောသင်ပေးလျှင် ဖြစ်နိုင်ခြေရှိပြီး ကျီးးကန်းဌက် ကို လူစကားပြောသင်ပေးလျှင် လုံးဝ မဖြစ်နိုင်
ကြောင်း လူအများလက်ခံမည်ဟု နားလည်ပါသည်။ ထို့အတူ စစ်အစိုးရနှင့်ပူးပေါင်းပြီး ဒီမိုကရေစီ ထူထောင်ရေးသည်
သာလိကာ ကို လူစကားပြောသင်ပေး ခြင်းလား၊ သို့မဟုတ် ကျီးးကန်းဌက် ကို လူစကားပြောသင်ပေး ခြင်းလား ဆိုသော
စဉ်းစားချက်များ ခေါင်းထဲဝင်လာပါသည်။

လက်ရှိအနေအထားတွင် နအဖ သည် ပြည်သူမှရွေးကောက်တင်မြှောက်ထားသောအစိုးရ မဟုတ်သဖြင့် တရားဝင် အစိုးရ မဟုတ်ပါ။ ရွေးကောက်ပွဲတွင် နအဖ အဖွဲ့မှ အနိုင်ရသွားပါက ဗိုလ်ချုပ်မူးကြီး သန်းရွှေ ဦးဆောင်သော အဖွဲ့သည်
တရားဝင်အစိုးရဖြစ်လာတော့မည်။ ဒီမိုကရေစီရရှိရန် တရားမ၀င်အစိုးရနှင့်အားပြိုင်တိုက်ပွဲဝင်သည့်လမ်းကိုရွေးမလား၊ သို့မဟုတ် တရားဝင်အစိုးရနှင့်ယှဉ်ပြိုင်ပြီးဒီမိုကရေစီတောင်းမည့်လမ်းကိုရွေးမလား၊ လမ်း ၂ လမ်းကို ရွေးဖို့ အချိန် ကျရောက် လာပါပြီ။ နည်းလမ်း ၂ ခု၏ အားနည်းအားသာချက် များကို ယှဉ်လျှက် မိတ်ဆွေတို့ ရွေးချယ်ဆုံး ဖြတ်ရတော့မည်။

ဒုတိယအနေဖြင့် မဲပေးစနစ် နှင့် မဲရေတွက်မူ အပိုင်းသည် နိုင်ငံတကာ နှင့် အများပြည်သူ၏ ယုံကြည်မူ့အတိုင်းအတာ
မည်မျှ ရှိနိုင်သနည်း။ အခြေခံဥပဒေ အတည်ပြုရေးတွင် ကန့်ကွက်မဲပေးခဲ့သော တိုင်းရင်းသားတစ်ဦးကို နအဖ စစ်ဗျု
ဟာမှုး က ဆုံးမခဲ့ဘူးပါသည်။ မိမိရွေးချယ်သော ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် အများပြည်သူဆန္ဒတိုင်း မဲပေး
ခွင့်မရှိသော အခြေအနေကို ရွေးကောက်ပွဲဝင်မည့် ပါတီအနေ နှင့်၎င်း မဲရုံကိုသွားမည့်ပြည်သူများ အလေးနက်ထား
သင့်ပါသည်။ လူပေါင်းသိန်း နှင့်ချီသေပြီး သန်းချီ ဒုက္ခရောက်သော နာဂစ်ကာလ အခြေခံဥပဒေ အတည်ပြုချိန်ကို လည်း
သတိရသင့်ပါသည်။

တတိယအဆင့်အနေဖြင့် ရွေးကောက်ပွဲ တွင် အနိုင်ရလာမည့် ပါတီသည် တပ်မတော်၏ အာဏာစက် အောက်တွင် ရှိ
နေပါသဖြင့် ဒီမိုကရေစီ၏အဓိကအခန်းကဏ္ဍဖြစ်သော တရားဥပဒေရေးဆွဲရေး၊ တရားစီရင်ရေး နှင့် အုပ်ချုပ်ရေးများကို
တရားမျှတစွာ မည်သို့ဖေါ်ဆောင်နိုင်ပါသနည်း။

နည်းနည်းရတုန်းယူထား နောက်မှများများရအောင်ကြိုးစားခြင်း အတွေးအခေါ်သည် မမှားသလို ကိုယ်က နည်းနည်းရ
ချိန်တွင် စစ်အစိုးရမှ အဆမတန်များများယူပြီး ခိုင်မာသောအခြေအနေတည်ဆောက်နေသည်ကို သတိမူသင့်ပါသည်။
ရွေးကောက်ပွဲသည် တိုင်းပြည်နှင့်လူမျိုးတွက် ပေးဆပ်ရန် အခွင့်အရေးဟု မြင်သောညီအစ်ကိုများအနေဖြင့် ရွေးကောက် ပွဲသည် နအဖ ၏ ထွက်ပေါက်ဖြစ်ပြီး၊ နအဖ ၏ ထွက်ပေါက်သည် ဒီမိုကရေစီ တိုက်ပွဲဝင်နေသူများအတွက် ထောင်
ချောက်ဖြစ်နိုင်သည်ကို မြင်တတ်ဖို့လိုပါသည်။ တစ်ဖက်တွင်လည်း လွှတ်တော်မှတဆင့် အချိန်အတိုင်းတာတစ်ခုတွင်း
ရရှိနိုင်သော ဒီမိုကရေစီပမာဏ ကိုမိမိထင်မြင်ချက်ထက် လက်တွေ့ရရှိမည့် ပမာဏ နှင့် ခိုင်ခန့်မူ့ကို ရွေးကောက်ပွဲဝင် မည့် ပါတီများ မှ ရှင်းပြနိုင်ရမည်။

မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲဝင်ရန် သံဓိဌာန်ချထားသော ညီအစ်ကိုများကိုမေတ္တာ ရပ်ခံလိုသည်မှာ- အလျှော့မပေးရေး
ဆိုသည့်အာဏာရှင်ဝါဒသည် ဒီမိုကရေစီ နှင့် ဒွန်တွဲ ၍ မရသည့်အတိုင်း မိမိပါတီမှ ၄င်းဝါဒစနစ်ကို ဆန့်ကျင်ပြီး ပုံသက်သေ
ကောင်းပြလျှက် နအဖ ကို အလျှော့ပေးလာအောင်ဖိအားပေး နိုင်ရမည်။ တရားမျှတသောရွေးကောက်ပွဲဆိုသည့်အတိုင်း
အကန့်အသတ်မရှိသော လူထုနှင့် တွေ့ဆုံစည်းရုံးခွင့်ကို တောင်းနိုင်ရမည်။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို အတိုင်း
တာတစ်ခုထိရရှိမည်။ လက်ရှိတွင် ရွေးကောက်ပွဲ ကိုဆန့်ကျင်ရေးသားခွင့်မရှိသော်လည်း ရွေးကောက်ပွဲဝင်မည့် အခြား
ပါတီများအကြောင်းကို လွတ်လပ်စွာ ပြောဆိုရေးသားဖေါ်ပြခွင့် ရှိရမည်။

ရွေးကောက်ပွဲဝင်မည့် ကရင်ညီအစ်ကိုတော်များနှင့် တိုင်းရင်းသားအဖွဲ့များကို ထပ်ပြီးမေတ္တာရပ်ခံလိုသည်မှာ တိုင်းပြည် နှင့်လူမျိုးတွက်ဆိုပြီး ကြေညာထားသည့်အတိုင်း လက်တွေ့ကြိုးပမ်းမူ့အနေဖြင့် နယ်များတွင် နအဖတပ်၏ အနိုင် ကျင့် မူ့ဖြင့် ဒုက္ခရောက်နေသော မိမိ လူမျိုးများအခြအနေကို တိုးတက်လာအောင်ဆောင်ရွက်သင့်ပါသည်။ ၄င်းကြိုးပမ်းမူ့၏
ရလဒ်ကို နအဖ အားတိုင်းတာမည့် ဒီမိုကရေစီ ပေတံဖြင့် အသုံးပြုသင့်ပါသည်။

ဖူးဒို
ဧပြီလ ၉ ရက်၊ ၂၀၁၀

Read More...

ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင် (၂)

ကေအိုင်စီ မှ

“NLD တိုက်ပွဲခေါ်သံ”

“လင်းယုန်ဌက်၏ အချိန်ကိုက်ထိုးသုတ်မှုနှင့်တူသော ဆုံးဖြတ်ချက်”

စိတ်ကူးယဉ်ဆောင်ပုဒ်တွေ မဟုတ်ပါဘူး။ NLD ရွေးကောက်ပွဲမဝင်ဖူးဆိုတာနဲ့ ထွက်ပေါ်လာတဲ့ ဆောင်းပါးခေါင်းစဉ်တွေပါ။ လက်တွေ့ NLD ဘဝကို ယှဉ်ထိုးချင့်ချိန်မိတဲ့အခါ အတော်လေး ရင်မောစရာပါပဲ။
အရင်ဆုံး “တိုက်ပွဲခေါ်သံ”နဲ့ “အချိန်ကိုက်ဆုံးဖြတ်ချက်”ဆိုတဲ့ စကားလုံးတွေကိုကြည့်ရင်ပဲ လက်တွေ့ဘဝနဲ့ အင်မတန် ကွာဟနေတာကို တွေ့ရပါမယ်။ တိုက်ပွဲခေါ်ရလောက်အောင် NLD မှာ ဘာမှအဆင်သင့်ဖြစ်ပုံ မပေါ်သေးပါဘူး။ လူစုံအောင် တောင် ခုမှ စစုနေရတဲ့ အခြေအနေပါ။

ဆုံးဖြတ်ချက်ချချိန်ကို ဆန်းစစ်ပြန်ရင်လည်း အတော်အားမလို၊ အားမရဖြစ်စရာပါပဲ။ ပါတီမှတ်ပုံမတင်မီ NLD မှာ ရက်ပေါင်း ၆၀ အချိန်ရပါတယ်။ ဒီအချိန်ဟာ ဆယ်စုနှစ်နဲ့ချီပြီး မလှုပ်နိုင်အောင် ထိန်းချုပ်ခံထားရတဲ့ အဖွဲ့တစ်ဖွဲ့အတွက် မဟာအခွင့်အ ရေးပါ။ လူပြန်စုတာ၊ ဆွေးနွေးတိုင်ပင်တာတွေနဲ့ နိုင်ငံပြောင်းလဲရေးအတွက် လှုံ့ဆော်ဖြန့်ချိရေးတွေ အင်မတန် လုပ်လို့ ကောင်းနိုင်တဲ့ ကြားကာလလေးပါ။

ဒါပေမယ့် ခုတော့ NLD က အခွင့်အရေးကိုစွန့်၊ စောစောစီးစီး သမားရိုးကျ လုပ်ရိုးလမ်းစဉ်ကိုသုံးပြီး စည်းဝေးတွေခေါ်၊ ဆုံး ဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချလိုက်တာဟာ ကိုယ့်ရဲ့အားနည်းချက်ကို အတည်ပြုပေးလိုက်သလိုပါပဲ။ တချက်ချင်းစီကြည့်ရရင်

၁။ NLD လို ပါတီကြီးတစ်ခုဟာ ဆုံးဖြတ်ချက်တစ်ခုကို ကလေးကလားပါတီတစ်ခုလို မြန်မြန်ဆန်ဆန် အလွယ်တကူ ချလို့မရ ပါဘူး။ သက်ရောက်မှုဟာ ဗမာတပြည်လုံးသာမက ဒေသတစ်ခုလုံးနဲ့ နိုင်ငံတကာအထိ သက်ရောက်မှုတွေရှိပါတယ်။ ခုတော့ ခံစားမှုကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တခု ချတတ်တယ်။ နိုင်ငံရေးအရ နုနယ်သေးတယ်ဆိုတာ သက်သေပြလိုက်သလို ဖြစ် သွားပါပြီ။
၂။ လက်ရှိ စစ်အစိုးရဟာ သမရိုးကျ အုပ်ချုပ်ရေးအာဏာရယူပြီး အုပ်ချုပ်နေသူတွေမဟုတ်ပါဘူး။ သမရိုးကျ ရင်ဆိုင်ရင် ကိုယ့်ဖက်က အနာချည်းပါ။
၃။ တိုင်းပြည်ရဲ့တုံ့ပြန်မှုကိုကြည့်ရင် NLD ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်သူတွေရှိတာ တွေ့နိုင်ပါတယ်။ အသေအချာ ဆွေးနွေး ရှင်းလင်းမှုတွေ လိုအပ်နေခဲ့တဲ့ သာဓကပါ။
၎။ ရွေးကောက်ပွဲဝင်မဝင်ကို ဗြောင်မဲပေးပြီး ဆုံးဖြတ်တာဟာ ဒီမိုကရေစီနည်းလမ်းကျတယ်လို့ ထင်ကြပေမယ့် အမှန်တော့ သဘောမတူညီသူတွေကို ဖိအားပေးသလိုဖြစ်သွားပြီး ရေရှည်မှာကြိတ်ပြီး မကျေမလည်တွေ အစပျိုးလာနိုင်ပါတယ်။
၅။ လေ့လာစောင့်ကြည့်သူတစ်ချို့က NLD ရဲ့ ဆုံးဖြတ်ချက်ဟာ အခွင့်အရေးတခုကို လက်လွတ်လိုက်တာ၊ တိုင်းပြည်ရော ပါတီအတွက်ပါ အဆိုးဘက်ကို ရှေးရှုတဲ့ဆုံးဖြတ်ချက်လို့ အဆိုပြုနေကြတာတွေတောင် ရှိပါတယ်။ သူတို့မှားကြောင်း သက် သေပြနိုင်ဖို့ဟာ NLD အတွက် ဧရာမစိန်ခေါ်မှုကြီးတစ်ရပ်ပါ။
၆။ တိုင်းပြည်အတွက် NLD ပါတီဟာ ဒီမိုကရေစီစနစ်အပေါ် အခြေခံတည်ဆောက်သွားမယ်ဆိုတာ လူတိုင်း နားလည်ပါတယ်။ ဒါပေမယ့် စနစ်ဟာ ဝါဒမဟုတ်ပါ။ ပါတီရဲ့ခံယူချက်၊ ကြေငြာစာတမ်းတွေဟာလည်း ဝါဒမမည်ပါ။ လစ်ဘရယ်ဝါဒ၊ ဆိုရှယ်လစ် ဝါဒ စသည်ဖြင့် ပြတ်သားတဲ့၊ ပါတီကို စိတ်ဓါတ်အားဖြည့် ဦးဆောင်သွားမယ့် သဘောတရားတွေ လိုပါတယ်။ ခုတော့ ပုဂ္ဂိုလ် စွဲပါတီဘဝက မတက်နိုင်လို့ စစ်အစိုးရလှည့်သမျှ ခံနေရတာပါ။

ဒီလိုတွေပြောနေလို့ NLD ကို အတော်လေးထုထောင်းနေတာပဲဆိုပြီး ထင်သူတွေရှိနိုင်ပါတယ်။ မဟုတ်ပါဘူး။ ကြိုးဝိုင်းထဲဝင် မယ့် လက်ဝှေ့သမားကို သူ့ပျော့ကွက်တွေ သတိပေးရှင်းပြနေတဲ့အဆင့်သာသာပါ။ ဗမာပြည်က အစိုးရဆန့်ကျင်ရေး အင်အား စုတွေရဲ့ မဟာဗျူဟာမှာ လက်ရှိစစ်အစိုးရကို ဖြုတ်ချရေး၊ စစ်တန်းလျားပြန်ပို့ရေး စသည်ဖြင့် ဆင်တူကြတာရှိပေမယ့်၊ လက် တွေ့ဘဝ နည်းဗျူဟာမှာတော့ အတော်ကွာခြားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးဆွန်ဇု လမ်းညွှန်ချက်အတိုင်း ကိုယ့် ဖက်က လုံးဝ အဆုံးရှူံးမရှိဘဲ နိုင်အောင်မလုပ်နိုင်ရင်တောင် NLD တို့လို အင်အားစုတွေကို အထိအခိုက်နည်းစေချင်တဲ့ စေတ နာပဲ ရှိပါတယ်။

တခါ လက်ရှိအခြေနေကို ကြည့်ပြန်တော့

* အခုရွေးကောက်ပွဲရဲ့ ပဓာနအကျဆုံးအချက်ကတော့ စစ်တပ်ရဲ့အာဏာ မပျောက်ဆုံးသွားအောင် လုပ်ဖို့ပဲ ဖြစ်တယ်။ ရွေး ကောက်ပွဲဆိုတာရှိမှ အစိုးရကို ပြည်တွင်းနဲ့ ကမ္ဘာက တရားဝင် ဖြစ်သယောင်ယောင်ထင်မှ စစ်ဗိုလ်ချုပ်များ အသက်ရှူချောင် ထွက်ပေါက်ရမှာမို့ ဒီလမ်းကိုရွေးတာ ယုံမှားသံသယရှိစရာ မလိုလောက်အောင်ပါပဲ။
* စစ်အစိုးရက လုပ်ပိုင်ခွင့်ဆိုတဲ့ ရှိသမျှဖဲချပ်အားလုံးကို လက်ထဲကိုင်ထားပြီး NLD ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်နေတာပါ။ NLD ဆုံးဖြတ်ချက်ချပြီးတာနဲ့ အပိုင်ပဲဆိုပြီး မျက်လှည့်ဆရာ သူ့ဦးထုပ်ထဲက ယုန်ကလေးတစ်ကောင် ဆွဲထုတ်ပြလိုက်သလို ကြံ့ဖွတ်ကိုပါတီ ဖွဲ့တော့မယ်ဆိုတာ ဘွားကနဲပေါ်လာတာပါပဲ။
* အုပ်ချုပ်မှုယန္တရားမှာ ရှိသူတွေရဲ့ တုံ့ပြန်မှုကိုကြည့်ရင်လည်း ရွေးကောက်ပွဲမဝင်တာနဲ့ ဥပဒေအရ တရားမဝင် ပါတီဖြစ်သွား ပြီဆိုပြီး ပြောတာတွေကိုထောက်ရင်လည်း ဥပဒေသက်ရောက်မှု သဘောသဘာဝကို နားမလည်ကြတာ၊ ရင့်ကျက်မှုမရှိတာ၊ အာဏာပြလိုတာနဲ့ အစိုးရိမ်လွန်တာတွေကို တွေ့နိုင်ပါတယ်။ ဘယ်လိုပြောပြော NLD အတွက်တစ်ခုမှ အကျိုးဖြစ်ထွန်းစရာ မမြင်ရတာ အသေအချာပါ။
* တခါ ခေတ်သစ်၊ စနစ်သစ်ကိုပြောင်းရာမှာ ပညာပေးမှု၊ ပြင်ဆင်မှုနဲ့ သတင်းလွတ်လပ်ခွင့်တွေ လိုအပ်ရာမှာ စစ်အစိုးရက ဘာမှမယ်မယ်ရရ မလုပ်တာကို တွေ့ရတယ်။ ပြည်သူပိုင်တွေကို နီးစပ်ရာ လူတွေလက်ထဲ ထိုးအပ်တာနဲ့ နယ်ခြားစောင့်တပ် ဆိုတဲ့ ပြည်သူတွေတင်မြှောက်တဲ့ အစိုးရက လုပ်ရမှာတွေကိုသာတွန်းပြီး လုပ်နေတာအားလုံးအမြင်ပါ။ အာဏာကို တနည်းတ လမ်းနဲ့ ဆက်ကိုင်ထားမယ့် အစီအစဉ်ရှိလို့ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး လူလည်ကျတာလို့လည်း သံသယထားလို့ ရနိုင်ပါ တယ်။
* ဗမာပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီး အင်မတန်နုနယ်ပါသေးတယ်။ ကိုယ့်ထက် အများကြီး စောခဲ့တဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့တိုးတက်မှု အခြေအနေတွေကြည့်ရင် နိုင်ငံရေးရော စီးပွားရေးမှာပါ တိုးတက်ဖို့ ဘယ်လောက်အကန့် အသတ်ရှိသ လဲဆိုတာ ဒီကနေ့ မျက်ဝါးထင်ထင် မြင်နိုင်ပါတယ်။ ဥုံဖွဆိုပြီး ခုန်ပျံသွားလို့ မရတာကို ဆိုချင်တာပါ။
* ပါတီဆိုတာ သွားလိုတဲ့ခရီးတစ်ရပ်ကို ပို့ပေးတဲ့ယာဉ်တစ်စင်းသာသာပါ။ တိုင်းပြည်၊ အများပြည်သူ၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာနဲ့ စိတ်ဓါတ်တွေကသာ ပိုပြီး အခရာကျတာမို့ ပါတီဖျက်ခံရရင်လည်း မီးငှက်တစ်ကောင်လို ခန္ဓာသစ်နဲ့ ပြာပုံထဲကပြန်ပြီး လူးလဲ ထလို့ရတာ သာဓကတွေ အများကြီးပါ။

ဒီအချက်တွေကို ထောက်ပြီး NLD အနေနဲ့ လုပ်နိုင်တာတွေကို တွေးကြည့်တဲ့အခါ

◊ ပါတီတွင်း အဆင့်ဆင့်တွေ့ဆုံ ဆွေးနွေး၊ ရှင်းပြလို့ရပါတယ်။
◊ ရွေးကောက်ပွဲဥပဒေအရ ရက် ၆၀ ရတာဟာ စစ်အစိုးရ တရားဝင်ကြေငြာထားတာဖြစ်လို့ ဒီရက်မလွန်မချင်း NLD ဟာ တရားဝင်သေးတယ်။ ဆုံးဖြတ်ချက်ကိုပြင်ဆင်နိုင်ခွင့် ရှိသေးတယ်။ လှုပ်ရှားခွင့်ရှိသေးတယ်ဆိုတာကို တရားဝင်ကြေငြာ၊ လှုပ် ရှားလုပ်ကိုင်ကြရလို့ ရပါတယ်။
◊ ပါတီဆုံးဖြတ်ချက်ကို မကျေနပ်လို့ဆိုပြီး နားလည်မှုယူထားတဲ့ ပါတီဝင်တွေကနေ အသင့်ကြိုပြင်ထားပြီး ပါတီသစ်တစ်ခုကို ရက်လွန်ခါနီးအချိန်ကပ်ပြီး မှတ်ပုံတင်လိုက်လို့ရပါတယ်။ နာမည်ကို နောက်ဆုံး “ချုပ်”တစ်လုံးထဲဖြုတ်ပြီး မှတ်ပုံတင်ရင်တောင် ရပါတယ်။ အချင်းချင်း စည်းဝါးကိုက်အောင် လက်ဝါးရိုက်နိုင်ဖို့နဲ့ လူထုကောင်းကောင်းသိဖို့တော့ အင်တိုက်အားတိုက် လုပ် ဆောင်ဖို့ လိုပါမယ်။ (လုပ်ဖို့တော့ အားမပေးပါ။)
◊ ရွေးကောက်ပွဲဝင်ဝင်မဝင်ဝင် ပြည်သူဟာ ဒီပွဲမှာ အခရာပဲဆိုတာ သိမှတ်ဖို့နဲ့ တစ်သားထဲရှိအောင်လုပ်ဖို့ကတော့ အရေးအ ကြီးဆုံးပါပဲ။ ဥပမာကို အဝေးမှာတောင် သွားကြည့်စရာမလိုပါ၊ အမိန့်အာဏာသက်သက်နဲ့ အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရတောင် ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူတွေရဲ့ မေတ္တာစစ်မရရင်တောင် ထင်ယောင်ထင်မှားဖြစ်စေမယ့် အများအကျိုး လုပ်ဆောင်ချက် တွေကို ကြံ့ဖွတ်တွေသုံးပြီး လုပ်ကိုင်နေတာ အားလုံးအမြင်ပါ။
◊ အရည်အချင်းရှိ၊ အလားအလာရှိတဲ့ ခေါင်းဆောင်သစ်တွေကို မြန်နိုင်သမျှမွေးထုတ်ပြီး ဆန်းသစ်တဲ့ အတွေးအခေါ် နည်း လမ်းတွေသုံးပြီး ရွေးကောက်ပွဲမဝင်လို့ လျော့သွားမယ့်လူထုအင်အားကို ထေမိစေမယ့် ကြိုးပမ်းချက်တွေနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ လက်မခံကြောင်းပြနိုင်ဖို့ မီးကုန်ယမ်းကုန် အားစိုက်ရင်းနှီးပေးဖို့တွေပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆိုအနှစ်ချုပ်ဆိုရရင်တော့ ဒီကနေ့အထိတွေ့နေရတဲ့ အခြေအနေတွေကိုကြည့်ပြီး အင်မတန် နုနယ်သေးတဲ့ ဗမာ ပြည်ရဲ့ ဒီမိုကရေစီခရီးတစ်ထောက် (စစ်အစိုးရနဲ့ အားပြိုင်ပွဲ)မှာ ထိပ်တိုက်ရင်ဆိုင်ရင်း ဒီမိုကရေစီဘက်တော်သားဆိုသူတွေ မရှုမလှ ပေးဆပ်နေကြရအုံးမှာကို မြင်ယောင်နေမိပါတော့တယ်။

မန်းကိုကို
၀၃၊ ၀၄၊ ၂၀၁၀

Read More...

ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင်

မန်းကိုကို (KIC မှ)
မြင်မိတာကို ပွင့်ပွင့်လင်းလင်းပြောရရင် ပထမဆုံးအနေနဲ့ ကောင်းတာမကောင်းတာ အပထား
ရွေးကောက်ပွဲရဲ့ရုပ်လုံးဟာ တဖြည်းဖြည်းနဲ့ပေါ်စပြုလာပြီလို့ ပြောလို့ရမယ်ထင်ပါတယ်။

အပြေးအလွား မှတ်ပုံတင်ကြမယ့်ပါတီတွေထဲမှာ လက်တစ်ဆုပ်စာပါတီကြီးတွေကလွဲရင် ခွေးလေးခုန် လို့ ဖုန်မထပေမယ့် ခုန်ကိုခုန်လိုက်ရမှ ကျေနပ်နိုင်မယ်ဆိုသူတွေလည်း အတော်လေးများနေတာ တွေ့ လိုက်ရလို့ ဒီစာကိုရေးလိုက်ရတာပါ။
၁၉၉၀ ရွေးကောက်ပွဲတုန်းက ရုပ်မြင်သံကြားကနေ ပါတီတွေကို အချိန်နည်းနည်းစီပေးပြီး အခွင့်အရေး ပေးသလိုလိုနဲ့ လွတ်ပေးလိုက်တာ ပေးသမျှအချိန် မိနစ်ပိုင်းလေးမှာ အနှစ် ၃၀နီးပါး ကင်းကွာခဲ့ကြတဲ့ နိုင်ငံရေးစကားတွေကို အမြီးအမောက် မတည့်တာတွေပြော၊ လူပျက်တွေလို အသုံးခံခဲ့ကြရတာ လူငယ် တွေကလွဲပြီး အများစုက သတိရကြမယ် ထင်ပါတယ်။

(အခုအချိန်အထိ) အရေးအပါဆုံးနဲ့ တိုင်းပြည်ရဲ့အနာဂါတ်ကိုပုံဖေါ်နိုင်တဲ့ အင်အားစုလို့ ယုံကြည်မိတဲ့ NLD ကိုပဲ ဦးတည်ပြီးနည်းနည်း ပြောချင်ပါတယ်။ စိတ်ဆိုးချင်လဲဆိုး လိုရင်းကို တည့်တည့်ပြောမှ အကျိုးများမယ်ထင်လို့ အားမနာပါးမနာဘဲ ပြောပါရစေ။

အဓိကအနေနဲ့က သုံးချက်ရှိပါတယ်၊
၁။ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုထားတဲ့ NLD ရဲ့ရပ်တည်မှု၊
၂။ ပါတီအနေနဲ့ရော၊ နိုင်ငံရေးနိုးကြားမှုဘက်မှာပါ ရေသေနီးပါးဖြစ်နေမှု၊
၃။ လူထုအတွင်းနဲ့ ပါတီအတွင်းမှာပါ လှုပ်ရှားမှုနဲ့ ရှေ့လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်
ဖေါ် ဦးဆောင်ရာမှာ (အထွေထွေ) လိုအပ်ချက်တွေနဲ့ ပြည့်နေမှုတွေပါ။

ပထမ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍကိုကြည့်ပါ၊ သူမရှိရင် NLD မှာ ရေနည်းငါးလို ဆန့်ငင်ဆန့်ငင်ဖြစ် နေတတ်တဲ့ အားနည်းချက်ကို တစ်နည်းတစ်ဖုံ ပြင်ဆင်မှုတွေ လုပ်ထားသင့်ပြီလို့ ထင်ပါတယ်။

ဒုတိယအချက်အနေနဲ့ NLD ရဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေကို မမြင်ရတဲ့အချိန်က အများစုလို့ မြင်မိ တယ်။ အားမလို အားမရလို့ ပြဿနာတွေအဖြစ်နဲ့ အောက်ခြေက ရိုက်ခတ်လာတာတွေကိုလည်း အခွင့်အရေးတွေလို့မြင်ပြီး လမ်းညွှန်ပျိုးထောင်ပေးခဲ့တာမျိုး အင်မတန်နည်းတယ်လို့လည်း ယေဘုယျ မြင်နေကြရတယ်။

တတိယအချက်ကတော့ ကျယ်ပြန့်လွန်းလို့ နမူနာတစ်ခုပဲ ပြောလိုပါတယ်။ သံဃာ့အရေးအခင်းတုန်းက NLD ရဲ့ အင်မတန်နောက်ကျတဲ့ တုံ့ပြန်မှုဟာ ပြည်သူတွေအတွက် မချင့်မရဲဖြစ်စရာပါ။ အခက်အခဲတွေ ရှိတာကို နားလည်ပေးနိုင်ပေမယ့် ဒီကနေ့လို “ပညာ ဗဟုသုတ” ခေတ်ကြီးမှာ ပြည်သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုအနေနဲ့ အမြန်ဆုံး၊ အမှန်ဆုံး ဆုံးဖြတ်ချက်တွေသုံးပြီး ဦးဆောင်မှုအခန်း ကဏ္ဍကို ပေးဖို့လိုပါတယ်။ အထူးသဖြင့် အခုလို ပြည်သူတွေထဲမှာ အတော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချိန်ဟာ NLD အတွက် အထူးပဲအရေးကြီးပါတယ်။
(ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားစွဲတာမျိုး စည်းဘောင်ထဲကလုပ်တာတော့ မှန်တယ်ထင်ပါတယ်။)

ဒီအချိန်မှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ လမ်းဆုံလမ်းခွကိုရောက်နေပါတယ်။
NLD ဘာလုပ်မလဲ။ ရွေးစရာလမ်းတွေရှိပါတယ်။ အနည်းဆုံးတော့ –
- ပြည်သူ့အင်အား၊ ပါတီအင်အားကို ယုံကြည်စိတ်အပြည့်ထားပြီး လုံးဝအရှော့မပေးပဲ တင်းခံထားလို့ ရပါတယ်။ ပြည်တွင်းပြည်ပမှာ ရှက်စရာကောင်းလောက်အောင် မအောင်မမြင်ဖြစ်တဲ့ ရွေးကောက်ပွဲ တစ်ခုအဖြစ် အဓိပ္ပါယ်သက်ရောက်အောင်လုပ်နိုင်ခဲ့ရင် လက်ရှိအစိုးရက ကမ်းလှမ်းမှုတွေ မလွဲမသွေ လုပ်လာရပါမယ်။ “မလုပ်လာဘူးဆိုရင်ကော” လို့လဲကြိုတွေး၊ ကြိုပြင် ရပါမယ်။ လက်ရှိအနေအထားကို တိုက်ပွဲလို့ သဘောထားလိုသူများအတွက် ဒါဟာလည်း တိုက်ပွဲအသွင်တစ်မျိုးပါပဲ။
- နိုင်ငံရေးကစားတတ်ရင် ပါတီကိုနှစ်ခြမ်းခွဲပြီး တစ်ခြမ်းက (နာမည်ပြောင်းပြီးဖြစ်ဖြစ်) ရွေးကောက်ပွဲဝင် ခြေကုတ်တစ်လှမ်းယူထားမယ် ဆိုရင်လည်းရပါတယ်။ မလုပ်တတ်ရင်တော့ ဆေးစားမှားသလို ဖြစ် သွားနိုင်ပါတယ်။
- ပါတီမှာ လုံလောက်တဲ့အင်အား၊ အစီအစဉ်၊ အထောက်အပံ့နဲ့ စိတ်ဓာတ်တွေရှိနေကြတယ်လို့ ယုံ ကြည်သလား။ ဒါဆိုရင်လည်း ရွေးကောက်ပွဲဥပဒေနဲ့ ညီနိုင်အောင်ညှိပြီး ရွေးကောက်ပွဲဝင်ရင်လည်း ရပါတယ်။ သတိထားစရာက ရှူံးမယ်သေချာရင် ညစ်မယ့်၊ ပွဲဖျက်မယ့် စစ်အစိုးရရဲ့ ခန့်မှန်းရခက်ပြီး ယုံကြည်ဖို့ရာကလည်း အစဉ်အလာမကောင်းတဲ့ ရှေ့ကလုပ်ဆောင်ချက်တွေ ရှိပါတယ်။

ဒီနေရာမှာ –
- ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ ပြည်သူတွေရဲ့ အနာဂါတ်အရေး၊
- ရွှေဂုံတိုင် ကြေငြာစာတန်းရဲ့ ကဏ္ဍ၊
- ဒေါ်စုနဲ့ အတက်ကြွဆုံး၊ အရည်အချင်းရှိပြီး အနစ်နာခံနေကြတဲ့ ရာ၊ ထောင်နဲ့ချီတဲ့ နိုင်ငံရေး
အကျဉ်းသားတွေရဲ့ ကဏ္ဍ၊
- ပါတီဝင်နဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထား၊
- မြင်နိုင်တာကော မမြင်နိုင်တာတွေကော ပြည့်နှက်နေတဲ့ စစ်အစိုးရရဲ့ ထောင်ချောက်တွေကို
လည်း လစ်လျူရှုလို့ မရနိုင်ပါဘူး။
အထူးသဖြင့် အခုလိုအခြေနေမျိုးမှာ NLD ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်ခံနေရမှာတော့ အမှန်ပဲ။
အခုပဲ ပါတီမှတ်ပုံတင်ရေးဆိုပြီး NLD ကို သွေးတိုး စစမ်းနေပါပြီ။ NLD ကနေ ဒီကိစ္စကိုအစောကြီး
ဆုံးဖြတ်ရင် သူတို့ပိုတောင်ကြိုက်ပါလိမ့်မယ်။ အခုထိ ကြံ့ဖွတ်တွေနာမည်ကြိုထွက်ထားသလောက်
လှုပ်ရှာမှု သိသိသာသာမရှိပဲ ငြိမ်ကုပ်ပြီးနေတာတွေ့နိုင်ပါတယ်။ ပိုင်ပြီဆိုမှ သူတို့ရဲ့ ဝှက်ဖဲတွေကို
စထုတ်နိုင်ပါတယ်။ ဒေါ်စုကို လွတ်ပေးတာမျိုး၊ သတ်မှတ်ရက် ၆၀ ပြည့်ခါနီး NLD ဆုံးဖြတ်ချက်
တွေ ပြန်ပြင်ရလဲခက်ခက် အခြေအနေမျိုးတွေကို သူတို့စောင်ြ့ပီးဖန်တီးနိုင်ပါတယ်။

တစ်ခါ ပါတီအဖျက်ခံရင်၊ မတရားအသင်းကြေငြာခံရရင်ဆိုပြီး စိုးရိမ်သူတွေရှိနိုင်ပါတယ်။
လက်ရှိမြင်ရသမျှကတော့ NLD ဟာ မတရားအသင်းကြေငြာပြီး ဖျက်သိမ်းခံထားရတဲ့အနေအထား
ထက်ပိုကောင်းနေတယ်လို့ မြင်နိုင်စရာကိုက မရှိပါဘူး။ သန်းခေါင်ထက်ညဥ့်နက်အုံးမယ်တောမထင်
ပါ။ NLD အနေနဲ့ တရားဝင်မြေအောက်လှုပ်ရှားမှုအင်အားစုဘဝရောက်ရောက်၊ အသိအမှတ်ပြုဘဝနဲ့
ဆက်နေနေ ဦးဝင်းတင်ပြောသလိုပဲ နိုင်ငံရေးရှိဖို့ပဲလိုတယ်လို့ အကြံပြုလိုပါတယ်။

ဒါ့ပြင် လူအတော်များများအတွက် အနှောင့်အယှက်ပေးခံရမှာ၊ ထောင်ကျမှာ အင်မတန် တွေးပူစရာတ ချက် ဖြစ်ပါတယ်။ တွေးစရာတစ်ချက်ရှိပါတယ်၊ တစ်ကယ်လို့ လူအားလုံးမဟုတ်ရင်တောင် အများစုက တစ်နည်းတစ်ဖုံနဲ့ အစိုးရကိုဆန့်ကျင်နေကြရင်ဖြစ်စေ၊ ဆန့်ကျင်နေသူတွေကို ကူညီနေကြရင်ဖြစ်စေ စစ် အစိုးရက (ထားပါတော့) နိုင်ငံရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ဖမ်းပြီးထောင်ထဲထည့်ထားနိုင်မှာလား။ NLD အနေနဲ့ ပြည်သူတွေကို နိုးကြားအောင်၊ သိသင့်တာတွေသိလာအောင်၊ ဒီမိုကရေစီဘက်တော်သားတွေ အကူအညီရအောင်၊ အစိုးရကိုနည်းမှန်လမ်းမှန် စနစ်တကျ ဆန့်ကျင်အောင်၊ စစ်အစိုးရရဲ့ တိုက်ကွက် တွေကို ပါးပါးနပ်နပ်နဲ့ စုပေါင်းအင်အားကို အသုံးပြုပြီး ဘယ်လိုရှောင်တိမ်းတတ်အောင် ပြည်သူတွေကို ဘယ်လိုစည်ရုံးပညာပေးမလဲလို့ပဲ မေးစရာရှိပါတော့တယ်။

တစ်ဖက်မှာလည်း ရွေးကောက်ပွဲဝင်လိုသူတွေရဲ့ သဘောထားတွေကိုကြည့်လိုက်ရင် –
(က) (နေ့ပြောနောက်ကြည့်ဆိုသလို) အတတ်နိုင်ဆုံး ထိန်းသိမ်းပြောကြတာတွေ့ရမယ်၊ ဘယ်အရာ
မှ မရေရာတာ သူတို့အားလုံး ကောင်းကောင်းသဘောပေါက်ကြတယ်။
(ခ) အများစုမှာ စိတ်စေတနာကောင်းတွေ ဖေါ်ပြနေကြပေမယ့် နိုင်ငံရေးကို ကြေကြေညက်ညက်
နားလည်တဲ့ အရိပ်လက္ခဏာတွေ မတွေ့ရဘူး၊ မဟာဗျူဟာ၊ နည်းဗျူဟာ ဆိုတာတွေကတော့
ဝေးရော၊ ဒီလိုပြောရတာ အထူးသဖြင့် အသက်ကြီးသူတွေကို အားလည်းနာတယ်။

ဒီတော့ ဒီလိုအမတ်များကနေ လွှတ်တော်မှာ (ကြိုးစားပေမယ့်) နေရာကြိုယူ၊ တစ်ချက်လွှတ် ဗစ်တို
အာဏာကိုင်ထားသူစစ်ဗိုလ်တွေနဲ့ယှဉ်ပြီး ထိရောက်အောင်ဘာတွေများ လုပ်နိုင်ကြမလဲ၊ မျှော်လင့်ရ
မလဲ။ မျှော်လင့်ချက်ကတော့ NLD လို ပါတီကြီးတွေမှာပဲ ရှိတော့တယ်။

အနှစ်ချုပ်အနေနဲ့ NLD အတွက် အဓိက ရွေးစရာနှစ်လမ်းရှိတယ်လို့ မြင်ပါတယ်။
၁။ အကျိုးအင်မတန်များမယ်၊ ဗိုလ်ချုပ်တွေမညစ်ဖူးလို့ယုံတယ်၊ ပိုင်တယ်ထင်ရင် တစ်နည်းနည်းသုံးပြီး
ရွေးကောက်ပွဲအတွက်ပြင်ဆင်
၂။ မပိုင်လောက်ဘူးထင်ရင် ရွေးကောက်ပွဲကိုဘေးဖယ်၊ သိက္ခာရှိမယ့် (အင်အားဖြည့်၊ ခံတပ်ဆောက်၊
ပြည်လုံးကျွတ် ပျောက်ကျားစစ်ဆင်ရေး) နည်းလမ်းကိုရွေးရုံပါ။

ချွင်းချက်တစ်ခုထဲရှိပါတယ်။
နိုင်ငံရေးလှုပ်ရှားမှုမရှိရင်တော့ ဘာရွေးစရာလမ်းမှမရှိဘူးဆိုတာပဲ။

Read More...