Showing posts with label ခေတ်ပြိုင် မှ. Show all posts
Showing posts with label ခေတ်ပြိုင် မှ. Show all posts

ကရင်ဒုက္ခသည်များအား ဌာနေပြန်ပို့မှု ပို့သူတွင် တာဝန်ရှိဟု ကေအန်ယူ ပြောကြား

ရဲရင့် / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ
အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အကျပ်ကိုင်ပြီး ပြန်ပို့သည့်အတွက် ဆိုးဝါးသောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက အဓမ္မပြန်ပို့သည့် အဖွဲ့ကသာ လုံးဝတာဝန်ယူရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယနေ့ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်ကို ထိုင်းအာဏာပိုင်များက မနက်ဖြန်တွင်ပြန်ပို့မည့် ကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဖေဖော်ဝါရီ (၄) ရက် နေ့စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။


အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “အခုပြန်ပို့မယ့် အစီအစဉ်က ဒုက္ခသည်တွေရဲ့ဆန္ဒမပါဘဲ အတင်းအဓမ္မ ပြန်ပို့မယ့်အနေအထားဖြစ်နေတာကြောင့် ကေအန်ယူက ထုတ်ပြန်ထားတဲ့ အရင် ၂၀၀၀ ခုနှစ် ကြေညာချက်အတိုင်းပဲ။ အခုလည်း ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့မယ့်ကိစ္စကို ကေအန်ယူက လုံးဝလက်မခံနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
နိုင်ငံတကာမီဒီယာအချို့တွင် ဒုက္ခသည်ပြန်ပို့ရေးနှင့်ပတ်သက်၍ ဒီကေဘီအေနှင့် ကေအန်ယူ ပါဝင်ပတ်သက်မှုရှိသည့် သဘောမျိုး ရေးသားထုတ်လွှင့်ကြကြောင်း၊ အဆိုပါသတင်းထုတ်လွှင့်မှုများမှာ မဟုတ်မှန်ကြောင်း၊ ကေအန်ယူသည် အဖွဲ့ပေါ်လစီအတိုင်း ရပ်တည်ကြောင်းနှင့် အများသိရှိနိုင်ရန်အတွက် မိမိတို့သဘောထားကို ထပ်မံတင်ပြပြီး ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။

၂၀၀၀ ခုနှစ်က ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ကေအန်ယူက ထုတ်ပြန်ထားသည့် သဘောထားကြေညာချက်များထဲတွင် မြန်မာပြည်အတွင်း နိုင်ငံရေးအရ ပြေလည်မှုနှင့် စစ်မှန်သောငြိမ်းချမ်းရေး မရရှိသေးသရွေ့ ဒုက္ခသည်များကို နေရင်းရပ်ရွာသို့ လည်းကောင်း၊ နအဖနှင့်၎င်းတို့၏ လက်အောက်ခံတခုခု၏ တပ်စခန်းတွင်လည်းကောင်း အဓမ္မပြန်လည်ပို့ဆောင်မှုများကို ကေအန်ယူက ကန့်ကွက်သည်ဟု ကြေညာထားသည်။

လုံခြုံမှု စားဝတ်နေရေးအတွက် ယူအန်အိပ်ခ်ျစီအာ၊ အန်ဂျီအိုနှင့် သက်ဆိုင်ရာနိုင်ငံ၏ အာဏာပိုင်များက ဒုက္ခသည်များကို စောင့်ရှောက်ရန်တာဝန်ရှိပြီး အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အတင်းအကျပ်ပြန်ပို့သည့်အတွက် ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက ပြန်ပို့သည့်အဖွဲ့ကသာ တာဝန်ယူရမည်ဟုလည်း ပါရှိသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က မနက်ဖြန် ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင်ကာ မြန်မာဘက်သို့ အပြီးပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “မနက်ဖြန် (၇) နာရီကစပြီး ဒေသလုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က နောင်ဘိုးစခန်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃၀) ကို အရင်စပို့မှာဖြစ်တယ်။ မပြန်ချင်လည်း အတင်းမောင်း ပြန်တော့ ဒုက္ခသည်တွေလည်း ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။

Read More...

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့

နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက်ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖတို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ခံတွေတောင် ထိတ်လန့်သွား ပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြားနိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံးလေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ်ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အားတိုးလာခဲ့ပါတယ်။

မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ်စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ခေတ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ်စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်းသောင်းကျန်းသူ စစ်ဆင်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့လေတပ်မတော်ကို မဆလအစိုးရတို့ တည်ဆောက်ခဲ့ပါတယ်လို့ ပြောရမှာပါ။
၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ဝယ်ယူခွင့်တွေအပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင်ပစ္စတင်တွေမှာသုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင်မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစားလေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံသား ပုဂ္ဂလိကလေယာဉ်မောင်းသမားတွေဆီကို လျှော့ဈေးနဲ့ ပြန်ရောင်းပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ်မဖြစ်နိုင်တဲ့အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေနေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။

အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခုဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီလေတပ်ကြီးဖြစ်လာအောင် နောက်ဆုံးပေါ်လေယာဉ်တွေ အများကြီးလိုပါတယ်။ အရင် မဆလခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီးရှိကြပေမယ့် အဆင့်မြင့်လေယာဉ်တွေ အများစုဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက်ဝယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖအစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရုရှလုပ် MiG 21 လေယာဉ်ကိုတုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်းလေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါးပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့မြန်မာ့လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...

ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်းအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စားတင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ်စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက်ရေယာဉ်တွေ၊ ကင်းလှည့်တိုက်ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်းဆရာတွေပါ ကူညီပေးခဲ့ပါတယ်။
ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ်ကင်းလှည့်သင်္ဘောတွေ၊ အမြောက်တင်သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့အခြေအနေထိ အင်အားတောင့်တင်းလာအောင် မြန်မာ့တပ်မတော်ကို အဓိက ကူညီပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည်နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင်သာမက မြန်မာစစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက်ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ်ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက်ပစ္စည်းတွေအားလုံး ဘာတခုမှ ရေရှည်အာမခံချက်မရှိကြပါဘူး။ အခုရောင်းထားတဲ့ တရုတ်လုပ်လေယာဉ်တွေအားလုံး ရုရှလေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ်ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ်လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့်နေကြတဲ့အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်းကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။
တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူတပ်ဆင်ခဲ့တာကြောင့် အလွဲလွဲအမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ်ဖြစ်ရပ်တွေက မီးမောင်းထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်အရေးပြီးတဲ့နောက် အရေးပေါ်အဖြစ် ရုရှလုပ် MIG 21 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ်လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ်တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီလေတပ်စခန်းကနေ ပျံသန်းလေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျသွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ်ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့်ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။
သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက်အဆင့်ရောက်အောင် ပျံသန်းလေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြုပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့်ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ်တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက်ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များအတွက် (၆၂) ဂါလန်လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန်ကုန်ကျတာကြောင့်မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့်ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုးစမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင်စမ်းသပ်ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ်စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေးမပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့်ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေးနေရတယ်လို့ လေတပ်ပြုပြင်ထိန်းသိမ်းရေးအုပ်က စစ်သည်တွေကိုယ်တိုင် ပြောစမှတ်တွင်နေလေတော့ မခက်ပါလား၊၊
လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူမောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင်နေရပါတယ်။

Read More...