အောင်ဇံ (၁၁ ဇန်န၀ါရီ ၂၀၁၀)
၂၀၀၉ ခု နှစ်ကုန်ဆုံးလို့ ၂၀၁၀ ဆိုတဲ့ သက္ကရာဇ်နှစ်တခုကို ပြောင်းခဲ့ပြန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထူးခြားသိသာတဲ့ အပြောင်းအလဲရယ်လို့မရှိ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေက အပြောင်းအလဲဖြစ်ဖို့ လိုအပ်နေပါတယ်။ ပြည်သူတွေကလည်း ခါးသီးတဲ့ ဘ၀အတွေ့အကြုံတွေအရ အပြောင်းအလဲကို မျှော်လင့်နေကြပါတယ်။ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေ၊ တိုက်ပွဲတွေ မနည်းသလို ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ၊ အသက်တွေကလည်း မနည်းမနောပါပဲ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီဘက်ခေတ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ခေတ် ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် ကြိုးပမ်းခဲ့ကြပါတယ်။