ရဲရင့် / ၆ ဖေဖော်ဝါရီ ၂၀၁၀
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန၏အမိန့်အရ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့်ရေးအစီအစဉ် ဆောင်ရွက်နေမှုများကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ရပ်ဆိုင်းလိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက် ကြောင်း ယမန်နေ့ မွန်းလွဲပိုင်း၌ ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခြင်းဖြစ်သည်။

တာ့ခ်ခရိုင်အခြေစိုက် ထိုင်းစစ်တပ်၏တပ်မှူး ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့က “ဒုက္ခသည်တွေက သူတို့သဘောနဲ့သူတို့ ပြန်တာဖြစ်တယ်။ စစ်တပ်က သူတို့ရဲ့ကလေးတွေ၊ ပစ္စည်းတွေကို ကားနဲ့ ကူသယ်ပေးတာဖြစ်တယ်။ အဲဒါကို စစ်တပ်က ပြန်ပို့တယ်ဆိုပြီး ပြောနေကြတယ်။ စစ်တပ်က နောက်ကို ဘာမှကူညီတော့မှာမဟုတ်သလို ဒီကိစ္စမှာလည်း ၀င်ပြီး ဆောင်ရွက်တော့မှာ မဟုတ်ဘူး” ဟု သတင်းထောက်များကို ပြောသည်။
မူလအစီအစဉ်အရ စစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်က ယမန်နေ့မှစတင်၍ နေရပ်သို့ အပြီးပြန်ပို့မည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ ရပ်ဆိုင်းကြောင်း အမိန့်မရရှိမီ နံနက်ပိုင်းအချိန်ထိ ထိုင်းနယ်ခြားစောင့်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က ဒုက္ခသည်အိမ်ထောင်စု (၃) စုမှ လူ (၁၀) ဦးကို ၎င်းတို့ဆန္ဒမပါဘဲ ပြန်ပို့ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒုက္ခသည်တဦးက ပြောသည်။
၎င်းက “မနေ့မွန်းလွဲကစပြီး ထိုင်းစစ်သား (ထာ့ဟန်ဖန်း) တွေ ကျနော်တို့ကို နေရပ်ပြန်ဖို့ လာပြီးဆူပူတာတွေ မလုပ်တော့ဘူး။ သူတို့ပစ္စည်းတွေယူပြီး သူတို့တပ်စခန်းကို ပြန်သွားတာတွေ့တယ်။ နောက်မှသိရတာက ကျနော်တို့ကို အတင်းပြန်မပို့တော့ဘူးလို့ သိရတယ်။ ဒုက္ခသည်တွေကတော့ အတော်လေးပျော်နေကြတယ်။ မနေ့က မနက်အစောကြီးကတော့ ထိုင်းစစ်တပ်က မိသားစု (၃) စုကို အတင်းကားပေါ်တင်ပြီး ဟိုဘက်ကမ်းကို ပြန်ပို့ခဲ့တယ်” ဟု ပြောသည်။
မြေမြှုပ်မိုင်းကွင်းများ အများအပြားရှိသည့် နယ်မြေသို့ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့်ကိစ္စကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့ရာ ထိုင်းအခြေစိုက် လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်ကလည်း ပူးပေါင်းပါဝင် ထောက်ခံခဲ့ကြသည်။
ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန်လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။
ဒုက္ခသည်များပြန်ပို့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်က ဒုက္ခသည်များကိုပြန်ပို့ရန် မူဝါဒမရှိကြောင်း ထိုင်းသတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။
ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။
ခေတ်ပြိုင်မှကူးယူတင်ဆက်ထားသည်။
Read More...
Summary only...
ဖေဖော်ဝါရီလ ၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထာ့ဆောင်ယန်းမြို့နယ်၊ နိုဘိုးကျေးရွာ ဒုက္ခသည်စခန်းရှိ ကရင်စစ်ပြေးဒုက္ခသည် မိသားစု ၃စုကို ယနေ့မနက် ၉နာရီခွဲတွင် ထိုင်းနယ်စပ်လုံခြုံရေး ထာ့ဟန်ဖန်းအဖွဲ့က မြန်မာဘက်ခြမ်းရှိ လယ့်ပေါ်ဟဲနေရာသို့ ပြန်ပို့လိုက်သည်ဟု ကေအိုင်စီက စုံစမ်း သိရှိရသည်။

ထိုင်းစစ်တပ်အာဏာပိုင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် နိုဘိုးဒုက္ခသည်များကို ဖေဖော်ဝါရီလ ၅ရက်မှ ၁၅ရက်အတွင်း အကုန်ပြန်ပို့မည်ဟု ပြောဆိုထားခဲ့ပြီးနောက် ယခုလို ပြန်ပို့ခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်ခြင်းဖြစ်သည်။
ကေ၀ိုင်အိုအဖွဲ့ဝင် လူငယ်တဦးက “ဒီနေ့ ပြန်ပို့ခံရတဲ့ မိသားစုသုံးစုမှာ လူဦးရေ (၁၃)ယောက်ဆိုပေမယ့် အဲဒီထဲမှာ ယောက်ျား နှစ်ယောက်ကလွဲပြီး ကျန်တဲ့ အိမ်ထောင်သည်အမျိုးသမီး၊ အပျိုပေါက်အရွယ် မိန်းခလေးနဲ့ ကလေးငယ်တွေချည်းပဲ တဖက် ကမ်းကို ပြန်ကူးသွားတယ်။ အဲဒီအထဲမှာ (၆)လသားအရွယ် ကလေးတယောက်လည်း ပါတယ်”ဟု ပြောသည်။
ပြန်ပို့ခံရသည့်မိသားစုများထဲမှ အမျိုးသားနှစ်ဦးမှာ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်တဘက်ကမ်းသို့ မကူးသေးဘဲ အမျိုး သမီးနှင့် ကလေးများကိုသာ အရင်ပြန်နှင့်စေသည်ဟု သိရသည်။
သို့သော် တဘက်ကမ်းသို့ ရောက်သွားသည့် ၎င်းအမျိုးသမီးနှင့် ကလေးငယ်များသည် အပြန်လမ်း၌ မိုင်းဗုံးများအကြား ကျော် ဖြတ်ရမည့်အရေး မ၀ံ့မရဲဖြစ်ကာ ထိုင်းဘက်ခြမ်းကို ပြန်သွားချင်ကြောင်းပြောရာ ဒီကေဘီအေ စစ်သားတဦးက “ပြန်လာရင် ပြန်လာပေါ့။ ပြန်လာပြီးမှ ပြန်သွားတာ မကြိုက်ဘူး။ ဒီလိုလုပ်လို့ မရဘူး”ဟု ပြောကြောင်း မျက်မြင်သက်သေတဦးက ပြော သည်။
ယနေ့ပြန်ပို့ခံရသည့် မိသားစု ၃စုမှာ (၁)ဖားမီးကလယ်(မပြန်)၊ နော်မူးကျူး၊ နော်ခင်လေးချစ်၊ နော်ချလယ်နှင့် သူမ၏ ၆လ သားကလေး။ (၂)စောကလယ်ထူး(မပြန်)၊ နော်ကလောခီး၊ နော်ကလောမူး၊ စောဖားကလော။ (၃)လားခုမိုး၊ စောကျော်ဖိုး၊ စောဖားသဒါးနှင့် နော်မုမုတို့ ဖြစ်ကြသည်။
အဆိုပါ ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့မနက်ပိုင်းမှစ၍ ၎င်းတို့၏ စစ်ယူနီဖောင်းကို မ၀တ်ဆင်ဘဲ သာမန်အ ရပ်ဝတ်ဖြင့်ပင် ဒုက္ခသည်များပြန်ရာလမ်းတလျှောက်တွင် လုံခြုံရေးချထားကာ သွားလာသူများကို စစ်ဆေးမေးမြန်းလျှက်ရှိ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ ဒုက္ခသည်များအား ပြန်လည်ပို့ဆောင်ရာတွင် နိုဘိုးရွာသားများ၏ ကားများဖြင့် လှေဆိပ်သို့ ပို့ဆောင်ပေးခဲ့ပြီး မြန်မာ ဘက်ကမ်းမှ ဒီကေဘီအေ တပ်ရင်း(၇)မှ တပ်ခွဲမှူးအဆင့်ရှိသူတဦးက စောင့်ကြိုပေးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၈ရက်နေ့တွင် ထိုင်းနယ်စပ်လုံခြုံရေး(ထာ့ဟန်ဖန်း)တပ်ဖွဲ့ဝင်များသည် နိုဘိုးကျေးရွာမှ ဒုက္ခသည် ၅၀ ဦးကို ခေါ်ဆောင်ကာ လယ့်ပေါ်ဟဲနေရာသို့ ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြန်လည်ပို့ဆောင် ခြင်းဖြစ်သည်။
Read More...
Summary only...
ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။
မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။
ဒုက္ခသည်များက အန္တရာယ်ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်းပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု သိရသည်။
ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။
ယနေ့နံနက်က နောင်ဘိုးယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။
ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။
ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။
KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။
အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။
ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသားပေးပို့ခဲ့ကြသည်။
ခေတ်ပြိုင်မှ...
Read More...
Summary only...
Friday, 05 February 2010 (လာလစ် ကေဂျာ)ဧရာဝတီ
ကရင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက ယနေ့ နေရပ်ရင်းသို့ ပြန်ပို့မည့် အစီအစဉ်အား ရပ်ဆိုင်းပေးရန် အမေရိကန်နိုင်ငံ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော် အမတ် ၂၉ ဦးက ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝအား တိုက်တွန်း လိုက်သည်။
ယင်းသို့ ရပ်ဆိုင်းပေးရန်ကို ဒုက္ခသည်များ ပြန်ပို့မည့်အစီအစဉ် မစတင်မီ နာရီပိုင်းအလိုတွင် ထိုင်းဝန်ကြီးချုပ်ထံသို့ အမေရိကန် လွှတ်တော် အမတ်များက စုပေါင်း လက်မှတ် ထိုးထားသည့် စာတစောင်ပေးပို့၍ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။့
ဧရာဝတီက မိတ္တူလက်ခံရရှိသော အမတ် ၂၉ ဦး လက်မှတ် ထိုးထားသည့် အဆိုပါ စာထဲ၌ “ဒုက္ခသည်များအား မြန်မာပြည် ပဋိပက္ခ ဒေသတွင်းသို့ ပြန်လည် ပို့ဆောင်ခြင်းမှ ရပ်ဆိုင်းပေးပါရန်နှင့် ၎င်းတို့အား ထိုင်းနိုင်ငံတွင် ဆက်လက် အကာအကွယ် ပေးပါရန် အဆွေတော်အား ကျွန်ုပ်တို့က အဆောတလျင် တင်ပြတောင်း ဆိုအပ်ပါသည်”ဟု ဖေါ်ပြပါရှိသည်။
“သမိုင်းကြောင်းအရ ထိုင်းနိုင်ငံသည် ပြင်းထန်သော ဖိနှိပ်မှုများမှ စွန့်ခွာထွက်ပြေး လာသူများကို ခိုလှုံခွင့်ပေးသော နိုင်ငံတခုအဖြစ် ဂုဏ်သတင်း ကြီးပါသည်။ သို့ရာတွင် ယခုကဲ့သို့ ပြန်လည်ပို့ဆောင်သည့် လုပ်ရပ်များကြောင့် ဤနိုင်ငံ၏ ဂုဏ်သိက္ခာကို စွန်းထင်း မှေးမှိန်စေပါလိမ့်မည်” ဟုလည်း ထိုစာ၌ ပါရှိသည်။
ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့သောစာကို လက်မှတ်ထိုးသူများထဲတွင် ထင်ရှားသော လွှတ်တော်အမတ်များ ဖြစ်ကြသည့် သြဇာရှိ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ ဟောင်းဝါတ်ဘာမင်၊ ယင်းကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင် တဦးဖြစ်သော အီလိန်းရော့စ်လဲ့တီနင် နှင့် တွန်မ်လန်းတော့စ် လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌများ ဖြစ်ကြသည့် ဂျိမ်းစ်ပီမက်ဂိုဗန်းနှင့် ဖရင့်ခ်ဝုဖ် တို့ ပါဝင်ကြသည်။
“အမေရိကန် ပြည်ထောင်စု အနေနှင့် ထိုင်းနိုင်ငံပေါ် ကျရောက်သော ၀န်ထုပ်ဝန်ပိုးကို နားလည်သည်နှင့် အညီ လွန်ခဲ့သော လေးနှစ်ကာလ အတွင်း ထိုင်းနိုင်ငံ၌ ရောက်ရှိနေကြသည့် ထောင်သောင်း များစွာသော မြန်မာ ဒုက္ခသည်များအား အမေရိကန် နိုင်ငံ၌ ပြန်လည် အခြေချ နေထိုင်နိုင်ရေး အတွက် ကူညီပေးခဲ့ပြီး ဖြစ်ပါသည်”ဟု လွှတ်တော် အမတ်များက ၎င်းတို့၏ စာထဲ၌ ထည့်သွင်း ရေးသားထားသည်။
အကယ်၍ ယင်းဒုက္ခသည်များ အနေနှင့် အတင်းအကျပ် ပြန်ပို့ခြင်းခံရပါက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးဆိုးရွားရွား ကြုံတွေ့ ရလိမ့်မည်ဟုလည်း အမတ်များက ထောက်ပြထားသည်။
“၎င်းဒုက္ခသည်များ အနေနှင့် အဓမ္မလုပ်အား ခိုင်းစေခြင်း၊ အဓမ္မစစ်သား စုဆောင်ခြင်းများ အပါအ၀င် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံရခြင်းနှင့် ပိုင်ဆိုင်သည့် ပစ္စည်းများကို ခိုးဝှက်လုယူခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်း စသည်တို့ကို မလွဲမသွေခံရ မည်ဖြစ်သည့် အတွက် များစွာသော အခက်အခဲနှင့် ကြုံတွေ့ရပေလိမ့်မည်”ဟု အမေရိကန် အမတ်များက ဆိုသည်။
ထို့အပြင် စာထဲ၌ လွှတ်တော် အမတ်များက “စစ်အစိုးရ စစ်သားများသည် အမျိုးသမီးများအပေါ် မုဒိန်းပြုကျင့်ခြင်းကို လက်နက် တခုသဖွယ် ဆက်လက် အသုံးပြုနေပါဦးမည်။ ယခုနေရပ်ရင်းသို့ ပြန်ပို့ခံရမည့် ဒုက္ခသည်များ၏ လူဦးရေ ထက်ဝက်ကျော်မှာ အမျိုးသမီးနှင့် ကလေးများ ဖြစ်ကြသည့်အတွက် ၎င်းတို့အနေနှင့် မုဒိန်းပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် နေထိုင်သွား ကြရလိမ့်မည် ဖြစ်ပါသည်”ဟုလည်း ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းဖေါ်ပြ ထားသည်။
အဆိုပါ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ကရင်ဒုက္ခသည် ၃၀၀၀ ခန့်ကို ပြန်မပို့ရန်အတွက် ယမန်နေ့ကလည်း Friends of Burma (ထိုင်း - မြန်မာ မိတ်ဆွေများ အဖွဲ့) က ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆို ထားသည်။
Friends of Burma အဖွဲ့အစည်းသည် အစိုးရမဟုတ်သော NGO အဖွဲ့တခုဖြစ်ပြီး မြန်မာ့အရေးကို ကူညီဆောင်ရွက် ပေးနေသော အဖွဲ့အစည်း တခုလည်း ဖြစ်သည်။
Read More...
Summary only...
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို အန္တရာယ်ရှိသည့် မိုင်းကွင်းထဲသို့ ပြန်မပို့ရန် အတွက် Friends of Burma (ထိုင်း - မြန်မာ မိတ်ဆွေများ အဖွဲ့)က ယနေ့ တောင်းဆို လိုက်သည်။
“ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ယနေ့ ဘန်ကောက်မြို့၌ကျင်းပသော Friends of Burma သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကရင် အမျိုးသမီး အစည်းအရုံး(KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ဧရာဝတီသို့ ပြောသည်။
လူသားချင်း စာနာထောက်ထားသည့် အနေနှင့် ဒုက္ခသည်များကို မိုင်းနယ်မြေများ၊ အန္တရာယ်ရှိသည့် နေရာများသို့ ပြန်မပို့ဘဲ လက်ရှိ နေရာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
Friends of Burma အဖွဲ့အစည်းသည် အစိုးရမဟုတ်သော NGO အဖွဲ့တခုဖြစ်ပြီး မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေ သောအဖွဲ့အစည်းတခုလည်းဖြစ်သည်။
၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင် အတွင်း မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်ဖွဲ့DKBA ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ဒေသခံ ကရင်ဒုက္ခသည်များသည် ထိုင်း နိုင်ငံသို့ ထွက်ပြေး လာကြခြင်းဖြစ်သည်။
ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။ ၎င်း ဒုက္ခသည်များကို မနက်ဖြန်တွင် ထိုင်းအစိုးရက မြန်မာဘက်ကမ်းသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
“ဒုက္ခသည်တွေကို မနက်ဖြန်ကနေ စပြီးတော့ ရွှေ့တော့မယ်၊ ရွှေ့မယ့် အဖွဲ့က နောင်ဘိုမှာရှိတဲ့ ဒုက္ခသည်စခန်းထဲက ၃၅ အိမ် ထောင်စုကို ရွေးထားတယ်၊ လူဦးရေ ၁၆၁ ယောက်ရှိတယ်၊ အဲဒီတစုကို စတင်ပို့ဖိုရှိနေတယ်၊ သတင်းလည်း ရထားတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က ဆိုသည်။
ယခုအခါ မြန်မာ စစ်တပ်များနှင့် DKBA တပ်များက ၎င်းဒေသများကို ထိန်း ချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင် သည့်အတွက် လူ့အခွင့်အရေး ဆောင်ရွက်နေသူ များကလည်း စိုးရိမ်နေကြသည်။
နော်ဘလူးမင်းနိုက်ဇန်က“တိုက်ပွဲဖြစ်ပြီးတော့ ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်ကို အဲဒီ မြေမြှုပ်မိုင်းရှိတဲ့ နေရာကို ပြန်သွားခိုင်း တယ် ဆိုတာကတော့ ဒီနိုင်ငံ အနေနဲ့ရော၊ နိုင်ငံတကာအနေနဲ့ရော လုံးဝ ဒါဟာ လူသားချင်း မစာနာတဲ့စိတ်ပေါ့နော် ဒုက္ခသည် တွေရဲ့ ဘ၀တွေကိုလည်း တန်ဖိုးမထားဘဲနဲ့ အပစ်မဲ့တဲ့ ပြည်သူတွေရဲ့အသက်ကိုလည်း မလေးစားတော့ဘဲနဲ့ သေတွင်းကို တွန်းပို့တာပဲလို့ ပြောချင်တယ်”ဟု ဆိုသည်။
ဒုက္ခသည်များကို ပြန်ပို့ရန် အတွက် DKBA နှင့် KNLA တပ်မဟာ (၇) မှ ခေါင်းဆောင် တချို့က အားတက်သရော ဆောင်ရွက်နေ ကြသည်ဟု နယ်စပ်ရှိ ကရင် တိုင်းရင်းသားများက ဆိုသည်။
ထိုင်း အစိုးရ အနေဖြင့် မြန်မာ နိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ် စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန် ခိုင်းလေ့ရှိသည်။
တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းမရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် မြန်မာပြည်သို့ ပြန်သွားပါက လုံခြုံ စိတ်ချရပြီ ဖြစ်ကြောင်း၊ နောက်ထပ် ယာယီခိုလှုံခွင့်နှင့် ပတ်သက်၍ ထိုင်းအစိုးရတွင် မူဝါဒ မရှိကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း စစ်ဗိုလ်ချုပ် Thanongsak Apirakyothin၏ အဆိုကို ကိုးကား၍ ဇန်န၀ါရီလ ၂၅ ရက်နေ့ Thai News Agency တွင် ဖော်ပြထားသည်။
Read More...
Summary only...
ရဲရင့် / ၄ ဖေဖော်ဝါရီ ၂ဝ၁ဝ
အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အကျပ်ကိုင်ပြီး ပြန်ပို့သည့်အတွက် ဆိုးဝါးသောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက အဓမ္မပြန်ပို့သည့် အဖွဲ့ကသာ လုံးဝတာဝန်ယူရမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယနေ့ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှ ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်ကို ထိုင်းအာဏာပိုင်များက မနက်ဖြန်တွင်ပြန်ပို့မည့် ကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဖေဖော်ဝါရီ (၄) ရက် နေ့စွဲဖြင့် သဘောထား ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “အခုပြန်ပို့မယ့် အစီအစဉ်က ဒုက္ခသည်တွေရဲ့ဆန္ဒမပါဘဲ အတင်းအဓမ္မ ပြန်ပို့မယ့်အနေအထားဖြစ်နေတာကြောင့် ကေအန်ယူက ထုတ်ပြန်ထားတဲ့ အရင် ၂၀၀၀ ခုနှစ် ကြေညာချက်အတိုင်းပဲ။ အခုလည်း ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့မယ့်ကိစ္စကို ကေအန်ယူက လုံးဝလက်မခံနိုင်ဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
နိုင်ငံတကာမီဒီယာအချို့တွင် ဒုက္ခသည်ပြန်ပို့ရေးနှင့်ပတ်သက်၍ ဒီကေဘီအေနှင့် ကေအန်ယူ ပါဝင်ပတ်သက်မှုရှိသည့် သဘောမျိုး ရေးသားထုတ်လွှင့်ကြကြောင်း၊ အဆိုပါသတင်းထုတ်လွှင့်မှုများမှာ မဟုတ်မှန်ကြောင်း၊ ကေအန်ယူသည် အဖွဲ့ပေါ်လစီအတိုင်း ရပ်တည်ကြောင်းနှင့် အများသိရှိနိုင်ရန်အတွက် မိမိတို့သဘောထားကို ထပ်မံတင်ပြပြီး ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားသည်။
၂၀၀၀ ခုနှစ်က ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ကေအန်ယူက ထုတ်ပြန်ထားသည့် သဘောထားကြေညာချက်များထဲတွင် မြန်မာပြည်အတွင်း နိုင်ငံရေးအရ ပြေလည်မှုနှင့် စစ်မှန်သောငြိမ်းချမ်းရေး မရရှိသေးသရွေ့ ဒုက္ခသည်များကို နေရင်းရပ်ရွာသို့ လည်းကောင်း၊ နအဖနှင့်၎င်းတို့၏ လက်အောက်ခံတခုခု၏ တပ်စခန်းတွင်လည်းကောင်း အဓမ္မပြန်လည်ပို့ဆောင်မှုများကို ကေအန်ယူက ကန့်ကွက်သည်ဟု ကြေညာထားသည်။
လုံခြုံမှု စားဝတ်နေရေးအတွက် ယူအန်အိပ်ခ်ျစီအာ၊ အန်ဂျီအိုနှင့် သက်ဆိုင်ရာနိုင်ငံ၏ အာဏာပိုင်များက ဒုက္ခသည်များကို စောင့်ရှောက်ရန်တာဝန်ရှိပြီး အဖွဲ့အစည်းတခုခုက ဒုက္ခသည်များကို အတင်းအကျပ်ပြန်ပို့သည့်အတွက် ဆိုးဝါးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါက ပြန်ပို့သည့်အဖွဲ့ကသာ တာဝန်ယူရမည်ဟုလည်း ပါရှိသည်။
ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။
အဆိုပါစစ်ပြေးဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က မနက်ဖြန် ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှစတင်ကာ မြန်မာဘက်သို့ အပြီးပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။
ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “မနက်ဖြန် (၇) နာရီကစပြီး ဒေသလုံခြုံရေးယူထားတဲ့ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) အဖွဲ့က နောင်ဘိုးစခန်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃၀) ကို အရင်စပို့မှာဖြစ်တယ်။ မပြန်ချင်လည်း အတင်းမောင်း ပြန်တော့ ဒုက္ခသည်တွေလည်း ဘာမှမတတ်နိုင်တော့ဘူး” ဟု ပြောသည်။
Read More...
Summary only...
Thursday, 04 February 2010 (ဘစောတင်)
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဌ ဖဒို ဒေးဗစ် သာကပေါ၏ နေအိမ်ဟောင်းနှင့် ကရင် သတင်းဌာန (KIC) ရုံးခန်းများကို ထိုင်းရဲများက ယနေ့နံနက် ၆ နာရီခန့်တွင် ၀င်ရောက် ရှာဖွေမှုများ ပြုလုပ် သွားကြောင်း သတင်းရရှိသည်၊
KIC တာဝန်ခံ ဒေါ်နန်းဖောဂေက “မနက်က ထိုင်းရဲ တွေနဲ့ ထိုင်းစစ်သားတွေ ၂၀ ၀န်းကျင်လောက် ကျမတို့ ကရင်သတင်း ဌာန ရုံးခန်းနဲ့ ဖဒို ဒေးဗစ် သာကပေါ နေသွားတဲ့ အခန်းဟောင်းကို ၀င်ရှာသွားတယ်၊ ၀င်ပြီးတော့ ပစ္စည်းတွေကို စစ်သွားတယ်၊ ဓာတ်ပုံတွေ ဘာတွေ ရိုက်သွားတယ်၊ ပစ္စည်းယူသွားတာ၊ ဖမ်းဆီး သွားတာမျိုးတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ထိုင်းအာဏာ ပိုင်များသည် ကရင်သတင်းဌာန ရုံးခန်းကို ၀င်ရောက် ရှာဖွေရာတွင် အခန်းကို သော့ဖွင့်၍ ၀င်ခြင်းမဟုတ်ဘဲ ကပ်လျက် အခန်းမှတဆင့် အပေါ်ထပ် ပြတင်းပေါက်ကို ဖွင့်ကာ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်၊
“သူတို့ အဲဒီလို လာရောက် ရှာဖွေတာမှာ ရှာဖွေခွင့် စာရွက် စာတမ်းတွေတော့ ပါတယ်လို့ သိရတယ်၊ ဘာကြောင့် ရှာလည်းတော့ မသိဘူး၊ ကျမတို့လည်း ဒီတခါပဲ အရှာခံထိဖူးတယ်၊ မနက် အစောကြီးဆိုတော့ ဘယ်သူမှ ရုံးမတက်သေးလို့ အဖမ်းခံ ထိတာတော့ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ဘာထပ်ဖြစ်မလဲ မပြောတတ်ဘူး”ဟု ဒေါ်နန်းဖောဂေက ဆိုသည်။
ယခုသတင်းနှင့် ပတ်သက်၍ KNU တာဝန်ရှိသူများကို ဆက်သွယ်၍ မရခဲ့ပါ။
လွန်ခဲ့သော နှစ်ကလည်း မဲဆောက်မြို့ရှိ မြန်မာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် KNU နှင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့နှင့် ပတ်သက်သည့် ရုံးများ၊ အိမ်များကို ထိုင်းအာဏာပိုင်များက ပိတ်ပစ်ရန် ဖိအားပေးခဲ့ ဖူးသည်။ ရှာဖွေ စစ်ဆေးမှုများလည်း ရှိခဲ့ဖူးသည်၊
အလားတူ ပြီးခဲ့သောနှစ်ကပင် ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ၏ ရုံးများကို ထိုင်းအာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးခဲ့ရာ လူ့အခွင့် အရေးသင်တန်း တက်ရောက်သူ (၁၀) ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။
Read More...
Summary only...
Thursday, 04 February 2010 (သန်းထိုက်ဦး)
သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာပြည်သား ၉ ဦး အမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ထိုင်း ရဲအရာရှိတဦး ကိုယ့် ကိုယ်ကိုယ် သတ်သေ သွားကြောင်း ယမန်နေ့က မဲဆောက်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ထိုင်းရဲတပ်ဖွဲ့ အမှတ် ၆ တိုင်းမှူး Surasi Sunthornsarathoon က ပြောသည်။
အမှုမှန် ပေါ်ပေါက်ခဲ့သည့် စနေနေ့က သေကြောင်း ကြံစည်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
လူသတ်မှုတွင် သံသယရှိသူ ၆ ဦး ရှိသည့်အနက် သေကြောင်းကြံစည်သွားသူ ရဲအရာရှိ Somchai Pinkaewသည် အဓိက တာဝန်ရှိသူဖြစ်ပြီး ကျန် ၅ ဦးမှာ ကူမင်တန် စစ်သားဟောင်း မြန်မာနိုင်ငံသား တဦးနှင့် မုံလူမျိုး ၄ ဦးတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုအခါ ထို ၅ ဦးသည် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သွားသည်ဟု ရဲတိုင်းမှူးက ပြောသည်။
ဖုတ်ဖရမြို့တွင် သေဆုံးသူများသည် ကရင်ပြည်နယ် ဘားအံမြို့နယ်မှ လာရောက်သည့် ကရင် တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း Manager Online အင်တာနက်သတင်း တပုဒ်တွင် ထိုင်းဘာသာဖြင့် ရေးသားဖော်ပြထားသည်။
ရုပ်အလောင်း ၇ လောင်းသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ၂ လောင်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့နှင့် ဖုတ်ဖရမြို့အကြား လမ်းတလျှောက် လွန်ခဲ့သည့် အပတ် ကြာသပတေးနေ့က စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖုတ်ဖရ မြို့သည် မြန်မာ ပြည်သားများ ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ လျှို့ဝှက် သွားရောက်သည့် လမ်းကြောင်း တခုပေါ်တွင် တည်ရှိသည်။
၂၀၀၃ ခုနှစ် အတွင်းကလည်း ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေသူ မြန်မာပြည်သားများကို မဲဆောက်မြို့ မယ်ပရွာ အနီးရှိ လက်နက်ကိုင် ထိုင်းလူမျိုးများက ဖမ်းဆီးပြီး ငွေတောင်းရာမှ နှစ်ဘက် ပဋိပက္ခဖြစ်ပြီး မြန်မာပြည်သား ၆ ဦး သတ်ဖြတ် မီးရှို့ခံရသည်။
ထိုအမှုကြောင့် သံသယဖြစ်ဖွယ် ကျေးရွာအာဏာပိုင်များ ဖမ်းဆီးခံရသည်။ မဲဆောက်မြို့နယ် တရားရုံးက ထိုအမှုကို စစ်ဆေးရာတွင် ရွာသူကြီး အပါအ၀င် ကျေးရွာ အာဏာပိုင်တချို့တို့ကို ပြစ်မှု ထင်ရှားသည့်အတွက် သေဒဏ် စီရင်ချက် ချမှတ်ခဲ့သည်။
Read More...
Summary only...
ဒီအပတ်မှာ ကျရောက်တဲ့ (၆၁) နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား တပ်မတော် (KNLA) ရဲ့ တပ်မဟာ (၆) ဋ္ဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကရင်လူမျိုး အရပ်သားနဲ့ ရဲဘော် (၂၀၀) ခန့် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။
ကရင်အမျိုးသား အလံတော်ကို အလေးပြုနေတဲ့ ဗိုလ်မှူးကြီး နယ်ဒါးမြ
အခမ်းအနား ကျင်းပရာ မြန်မာ - ထိုင်း နယ်စပ် အနီးက တောင်ကြော တခုရဲ့ထိပ်မှာ ဗျူဟာမြောက် တည်ထားတဲ့ စခန်းတခုလုံး စိတ်လှုပ်ရှားမှု တွေနဲ့ ပျံ့လွင့်လို့ နေပါတယ်။ ရဲဘော်တွေက ရယ်ရယ် မောမောနဲ့ ရှိနေကြပြီး တချို့ဆိုရင် ပုခက်လွှဲစီးရင်း ဂစ်တာ တီးနေတာကို တွေ့ရပါတယ်။ အလည်လာသူ တွေကတော့ တနေရာကနေ တနေရာ ကူးချည် သန်းလှည့် လုပ်ရင်းနဲ့ သူတို့ရဲ့ မိတ်ဆွေ တွေကို ဓာတ်ပုံ ရိုက်ယူ နေကြပြီး မိသားစုဝင် တွေကလည်း သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ အတူ ပျော်ပျော် ပါးပါး ရှိနေကြပါ တယ်။
တချို့ရဲဘော် တွေဆိုရင် ကရင့် တော်လှန်ရေး နေ့မှာ ပျော်ပျော် ရွှင်ရွှင် တရက်လေး အနားရဖို့ သူတို့ရဲ့ရှေ့တန်း နေရာတွေ တည်ရှိရာ တောနက် ထဲကနေ မကြာခင်ကမှ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ်လို့ ဆိုနိုင်ပေမယ့် တပ်မဟာရှိတဲ့ နေရာက တိုးတက်သော ဗုဒ္ဓာဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နဲ့ အစိုးရ တပ်တွေရဲ့ စခန်းတွေနဲ့ နီးတာမို့ အမြဲတမ်း လုံခြုံရေး အထူးဂရု စိုက်ရတဲ့ နေရာဖြစ်ပါတယ်။
ကျနော်တို့ တပ်မဟာကို အသွား တောင်ကုန်း ထိပ်တခုပေါ်က မြေပြန့်လေးပေါ် ခြေချမိချိန်မှာတော့ ကျနော့် ခရီးဖေါ် စောမူတူးက "DKBA စခန်းက အဲ့ဒီ တောင်တွေရဲ့ ဟိုဘက်လေးမှာပဲလေ၊ အဲ့ဒီဘက်ကို ဆက်သွားရင် အရမ်း အန္တရာယ်ကြီး သွားပြီ"လို့ ကျနော့်ကို ပြောပြပါတယ်။
ကရင့် တော်လှန်ရေး နေ့ရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး တော့လည်း သူက"ဒီအချိန်ဟာ ကရင်လူထုကို ကာကွယ်ရင်း ဘ၀တွေ ပေးဆပ် သွားကြတဲ့ သူတွေကို ကျနော်တို့ အမှတ်ရ နေရမယ့် အချိန် ပြီးတော့ ကျနော်တို့ ဘာ့ကြောင့် ဒီနေရာကို ရောက်နေ ရသလဲ ဆိုတာကို သတိရ နေရမယ့် အချိန်ပဲဖြစ်တယ်"လို့ ပြောပါတယ်။
DKBA ဟာ စတင်ဖွဲ့စည်းကတည်းက KNLA အတွက် အဓိကပြဿနာတော်တော်များများကို ဖြစ်စေခဲ့တာပါ၊ KNLA ရဲ့စခန်းတွေ နယ်စပ်နဲ့ပိုနီးလာအောင် တွန်းပို့ခံရတာလည်း သူတို့ကြောင့်ပါပဲ။ မနှစ်တုန်းကလည်း DKBAအကူအညီနဲ့ နအဖက တပ်မဟာ (၇) ဋ္ဌာနချုပ်ကို သိမ်းယူခဲ့ပါသေးတယ်၊ အဲ့ဒီတိုက်ခိုက်မှုက KNLA ရဲ့ တပ်မဟာ (၅) နဲ့ (၆) ဆက်သွယ်မှုလမ်းကြောင်းကို ဆိုးဆိုး ၀ါးဝါး ပြတ်တောက်စေခဲ့ပါတယ်။
အခုဆိုရင် DKBAတပ်တွေဟာ နအဖတပ်တွေရဲ့ ရှေ့မှာနေရာယူထားပြီး တပ်မဟာ (၅) ကို အတူချီတက်နေကြပါပြီ။ သူတို့ဟာ တပ်မဟာဋ္ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မိုင်းရှင်းတာတွေကိုလည်း လုပ်နေကြပါပြီ။ ဒီစစ်ဆင်ရေးက KNLA အတွက် နောက်ထပ်နယ်မြေတခု ဆုံးရှုံးသွားနိုင်တဲ့အနေအထားကို ဦးတည်နေပါတယ်။
ဒါပေမယ့် KNLA ခေါင်းဆောင်တွေကတော့ သူတို့ မမှုဘူးလို့ဆိုပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ သားကြီး ဗိုလ်မှူးကြီး နယ်ဒါမြ က KNLA မှာ နည်းဗျူဟာအသစ်တွေရှိတာမို့ လာမယ့် ဒီနှစ်စစ်ပွဲတွေမှာ KNLA က အသာစီးရမယ်လို့ သူ့အနေနဲ့ယုံကြည်စိတ်ချမှုရှိကြောင်း ပြောပါတယ်။
"တပ်မဟာ (၇) ဋ္ဌာနချုပ်ကို လက်လွှတ်လိုက်ရတာဟာ ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး၊ သူတို့ နယ်မြေရသွားတာကို ကျနော်တို့ စစ်ရှုံးတယ်လို့ မဆိုနိုင်ပါဘူး"လို့ သူကရှင်းပြပါတယ်။
တော်လှန်ရေးနေ့အခမ်းအနားပြီးလို့ စစ်ရေးပြကွင်းမှာ လူတွေရှင်းသွားတဲ့အချိန် ခုံတန်းတခုမှာ ထိုင်မိကြတော့ သူက "ကျနော်တို့ က ပြောက်ကျားတပ်ဖြစ်တယ်၊ တကယ်လို့ ကျနော်တို့က နယ်မြေ အကျယ်ကြီးကို ထိန်းထားတယ်ဆိုရင် အစိုးရတပ်တွေအတွက် အဲ့ဒါကို ပြန်သိမ်းဖို့လွယ်တယ်လေ၊ အခုတော့ ကျနော်တို့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး နည်းဗျူဟာအသစ်၊ တပ်မဟာအသစ်တွေနဲ့ လှုပ်ရှားနေကြတာ"လို့ ဆက်ပြောပါတယ်။
KNLA ရဲဘော်တွေရဲ့ စိတ်ဓာတ်ရေးရာမြင့်မားမှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သူယုံကြည်ကြောင်း နယ်ဒါမြက ပြောပါသေးတယ်။
"DKBAက ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တိုက်တာ၊ ဒါပေမယ့် KNLAကတော့ သူတို့ ပြည်သူလူထုအတွက် တိုက် တာ ဖြစ်တယ်၊ ကျနော်တို့ တိုက်ပွဲက ပြည်သူလူထုအတွက်ဖြစ်တယ်"လို့ သူကဆိုပါတယ်။
တခြားရဲဘော်တွေကလည်း နယ်ဒါမြနဲ့ ဆင်ဆင်တူတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြကြပါတယ်။ စောချူချူက တီးလက်စ ဂစ်တာကို ရပ်လိုက်ပြီး သူ့စားသောက်ဆိုင်မှာ ကရင်အလံချိတ်မိတဲ့အတွက် သူအဖမ်းခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့မျိုးချစ်စိတ် ထက်သန်မှုအတွက် အစိုးရရဲဘော်တွေရဲ့စော်ကားမှုကို ခံခဲ့ရကြောင်း ကျနော့်ကို ပြောပြပါတယ်။
"ကျနော့်ပြည်သူကို ကျနော်ချစ်တယ်၊ ပြီးတော့ ကရင်ဖြစ်ရတာကို ကျနော်ဂုဏ်ယူတယ်၊ ဒါပေမယ့် ဗမာအစိုးရက ခွင့်ပြုမှာ မဟုတ်ဘူး"လို့ သူကဆိုပါတယ်။
"ကျနော်က ကျနော့်ဆိုင်ကလေးကို ဂရုစိုက်ရင်း ရော့ခ် အင်န် ရိုးလ် သီးချင်းတွေကို ဆိုချင်နေခဲ့တာပါ၊ ဒါပေမယ့် ကျနော်နေလို့ မရခဲ့ဘူး၊ ကရင်ပြည်နယ်မှာဖြစ်နေတဲ့ သတင်းတွေကြားရတာမို့ ကျနော်တို့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဒီကို ထွက်လာခဲ့တာ"လို့ သူကဆက်ပြောပါတယ်။
၂၀၁၀ အတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ဘာတွေဖြစ်မလဲလို့ ကျနော်ကမေးကြည့်တော့ တခြားရဲဘော်တယောက်ဖြစ်တဲ့ စောကီတိုးက DKBAရဲဘော် အများအပြား သေမှာပေါ့လို့ လွယ်လွယ်ပဲ ဖြေပါတယ်။
"ကျနော်တို့ ပြင်ဆင်ရင်းစောင့်နေကြတယ်၊ ကျနော်တို့ ရန်သူကို တချိန်လုံးစောင့်ကြည့်နေတယ်၊ မကြာခင် သူတို့ကို တိုက်ပြီးတော့ ကျနော်တို့ ကိုယ့်နယ်မြေ ကိုယ်ပြန်သိမ်းဖို့လုပ်နေကြတယ်"လို့ သူကဆိုပါတယ်။
စစ်ဆင်ရေးအစီအမံတွေက နယ်မြေသိမ်းပိုက်ရေးထက် ပြောက်ကျားနည်းဗျူဟာအပေါ် ပိုပြီး အခြေခံလာတာမို့ KNLA စခန်းတွေ ဟာ မကြာခဏဆိုသလို လက်လွှတ်ရလိုက် ပြန်သိမ်းလိုက် ဖြစ်နေတတ်ပါတယ်။ တပ်မဟာ (၆) ဋ္ဌာနချုပ်ဖြစ်တဲ့ ဝေါလေခီးကို ကေအဲန်အယ်လ်အေက ပြန်သိမ်းတဲ့အခါ ရဲဘော်တွေ စိတ်ဓာတ်ရေးရာ တက်လာတယ်လို့ ဗိုလ်မှူးကြီးနယ်ဒါမြက ပြောပါတယ်။ KNLA တပ်မှူးတွေရဲ့အဆိုအရ အဲ့ဒီတိုက်ပွဲမှာ KNLAဘက်က ရဲဘော် နှစ်ဦးကျဆုံးပြီး DKBAက(၇၂)ဦး သေဆုံးတယ်လို့ သိရပါ တယ်။
နိုင်ငံရေးနယ်ပယ်မှာတော့ KNLA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား ပြည်ပရောက် အစိုးရတရပ် ဖွဲ့စည်းဖို့ အဆိုပြုထားပါတယ်။ တကယ်လို့ အခုလိုမျိုး တစုတစည်းတည်းဖြစ်မယ်ဆိုရင် KNLA အနေနဲ့ အတိုက်အခံတပ်မတော် တရပ်ရဲ့အစိတ်အပိုင်းတခုအဖြစ် တခြား တိုင်းရင်းသားတပ်တွေနဲ့ ပိုနီးနီးကပ်ကပ် အလုပ်လုပ်နိုင်မှာဖြစ်ပါ တယ်။ အဲ့ဒီလို ပေါင်းစည်းမှုက KNLA ကို အခုထက်ပို အားကောင်း မောင်းသန် ဖြစ်လာစေပါလိမ့်မယ်။
KNU တွဲဖက်အတွင်းရေးမှူး စောလှငွေက "အခုအချိန်ဟာ တိုင်းရင်းသားလက်ကိုင်တပ်တွေအားလုံးနဲ့ အစိုးရတရပ်ဖွဲ့ဖို့ ကျနော်တို့ စုစည်းရမယ့် အချိန်ဖြစ်တယ်။ တိုင်ရင်းသားတပ်တွေမှာ သူတို့ ဒေသဆိုင်ရာ တာဝန်ဝတ္တရားတွေ ဆက်ရှိနေလိမ့်ဦးမယ် ဒါပေမယ့် အစိုးရတခုလုံးအတွက် တပ်မတော်တခုပဲ ရှိမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ KNU အတွက်တော့ ဒါဟာ ကျနော်တို့ ဖြစ်စေချင်တဲ့အရာပါ" လို့ ပြောပါတယ်။
ဒီနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွေကို တပ်မဟာအသီးသီးမှာ ကျင်းပတာဖြစ်ပါတယ်။ တပ်မဟာ (၆) က ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်ကြသူတွေထဲမှာ KNLA ရဲဘော်ဟောင်းတွေ အုန်းဖြန်မိုင် ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေနဲ့ အခြားဖိတ်ကြားထားသူတွေ ပါဝင်ပါတယ်။ အခမ်းအနားကိုပေးပို့တဲ့ KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ မိန့်ခွန်းကိုတော့ ကျောင်းသူလေးတဦးက ဖတ်ကြားပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ သူက KNU အနေနဲ့ ပဋိပက္ခကို နိုင်ငံရေး နည်းအရဖြေရှင်းဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြောင်း နအဖ က KNU ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း အရေးတယူ ထည့်သွင်းပြောကြားထားပါတယ်။
"KNU က စစ်အာဏာရှင်နဲ့ အခါးအားလျှော်စွာ အကြိမ်တော်တော်များများ စကားပြောခဲ့ပြီးပြီ။ ဒါပေမယ့် ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းဖို့ဆန္ဒမရှိတဲ့ စစ်အာဏာရှင်ကတော့ ကရင်ပြည်သူလူထုရဲ့ ခုခံမှုကို စစ်ရေးနည်းနဲ့အမြစ်ဖြတ်ဖို့ ဆက်ကြိုးစားနေတုန်းပဲ" လို့ သူ့ရဲ့ မိန့်ခွန်းစာထဲမှာ ထည့်သွင်းထားပါတယ်။
ကရင်တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်လာတဲ့ အုန်းဖြန်မိုင်က ကျောင်းသူလေး အိုးစူး ကတော့ အခမ်းအနားကို သစ်ပင်တွေအောက်မှာ ကျင်းပရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နဲ့ "ကျမတို့မှာ စင်ပေါ်မှာ ကျင်းပနိုင်တဲ့ အခွင့်အလမ်း မရှိဘူးလေ"လို့ ဆိုပါတယ်။
သူက "ဒါပေမယ့် ကျမတို့အခမ်းအနားလုပ်နိုင်တာမို့ ကျမတော့ အရမ်းပျော်တယ်" လို့ ဆက်ပြောပါသေးတယ်။
လူငယ်တော်တော်များများက လေ့လာသင်ယူမှုတွေပြီးရင် KNLA ထဲဝင်ဖို့ ဆန္ဒရှိကြောင်း ပြောပြကြပါတယ်။ တချို့ က ဋ္ဌာနချုပ်မှာ အလုပ်လုပ်ချင်ကြပြီး တချို့ကျတော့လည်း တိုက်ပွဲဝင်ရဲဘော်တွေ ဖြစ်ချင်ကြောင်း သိရပါတယ်။
KNLA မှာ ပြဿနာတွေရှိနေပေမယ့် ကရင်လူငယ်တွေကြားမှာတော့ သူတို့မှာ သူတို့လူထုအတွက် တာဝန်ရှိတယ်ဆိုတဲ့ စဉ်းစားမှုမျိုး ရှိနေပုံရပါတယ်။ KNLA ရဲဘော်တွေဟာ ယုံကြည်စိတ်ချမှု ရှိပုံပေါ်နေပြီး တပ်မှူးတွေကလည်း သူတို့ရဲ့ ဆန်းသစ်ပြောင်းလဲမှုနဲ့ နည်းဗျူဟာအသစ်တွေက အစိုးရရဲ့ ထိုးစစ်တွေကို ချေဖျက်နိုင်လိမ့်မယ်လို့ ပြောနေကြပါတယ်။
စစ်ရေးပြကွင်းကို ကျော်လွန်လို့ နေလည်းဝင်သွားပြီမို့ အရပ်သားတွေဟာ အတော်လေးလမ်းလျှောက်ပြန်ရမယ့် သူတို့ရဲ့အိမ်တွေ ဆီ ခြေဦးလှည့်ကြပါပြီ။
အဲဒီအချိန်မှာပဲ "မနှစ်က အခမ်းအနားကျင်းပဖို့ အခက်အခဲရှိတယ်၊ ဒီနှစ်တော့ ကျနော်တို့ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်"လို့ ခပ်တိုးတိုးပြောလိုက်တဲ့ KNLA ရဲဘော် တယောက်ရဲ့ စကားသံကို ကြားလိုက်မိပါတယ်။
Read More...
Summary only...