ကျော်ခ (မဇ္ဈိမ)
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်တပ်ထဲတွင် ကျန်ရစ်ခဲ့သည့် သူ့လို သက်တူရွယ်တူ ကလေးများအတွက် စိတ်မကောင်းဖြစ်ရကြောင်း မကြာသေးခင်က စစ်တပ်ထဲမှ ပြန်လွတ်လာသည့် အသက် ၁၆ နှစ်အရွယ် မောင်အောင်မင်းသူက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ၁ဝ တန်းပညာ သင်ကြားနေစဉ် နေပြည်တော် ဆိပ်ဖူးတောင်အခြေစိုက် အမှတ် (၆ဝ၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်တဦးနှင့် တပ်သားတဦးက တလလျှင် ကျပ်တသိန်းခွဲပေးမည်ဟူ၍ သူ့ကို ဖျားယောင်းသွေးဆောင်ကာ စစ်သားအဖြစ် စုဆောင်းခဲ့သည်။
မိဘများက သိရှိသဖြင့် ကျောင်း၊ ရဲစခန်း၊ ကျေးရွာဥက္ကဋ္ဌ ထောက်ခံချက်များနှင့်အတူ ထိုတပ်ရင်းသို့ သွားရောက်အသနားခံ တင်ပြခဲ့ရာမှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
စည်းရုံးသိမ်းသွင်းခံရပုံ၊ စစ်တပ်ထဲသို့ လိုက်ပါသွားပုံများအပြင် တပ်တွင်း အတွေ့အကြုံများနှင့် ကလေးစစ်သားများ ဖိနှိပ်ခံနေရပုံများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက မောင်အောင်မင်းသူကို ဆက်သွယ် မေးမြန်းထားပါသည်။
နာမည်ဘယ်လိုခေါ်လဲ၊ မိဘတွေကရော ဘယ်သူတွေလဲ ညီလေး။ မိသားစုနဲ့ ကျောင်းပညာရေး အခြေအနေလေး ပြောပါအုံး။
ကျနော့်နာမည်က အောင်မင်းသူပါ။ အဖေက ဦးလှမြင့်၊ အမေက ဒေါ်ခင်စိန်။ ကျနော်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ် အမာမြို့ပေါ် အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာပါ။ ၁ဝ တန်းပါ။ အသက်က ၁၆ နှစ်ပါ။ ၁၃၅၅ ခုနှစ်မှာ မွေးတာပါ။ ညီကိုမောင်နှမ ၆ ယောက် ရှိတယ်။ ကျနော်က ၄ ယောက်မြောက်ပါ။ ကျနော်က ကျောင်းပဲတက်တယ် ဘာမှမလုပ်ဘူး။
ဘယ်လိုဖြစ်ပြီး ညီလေးက စစ်တပ်ထဲကို ရောက်သွားတာလဲ။ ငါ့ညီဆန္ဒနဲ့ ကိုယ်တိုင်သွားတာလား။ သူများ ခေါ်လို့လိုက်သွားတာလား၊ ဘယ်လိုကြောင့်လဲ။
ခေါ်တုန်းက သူတို့ ကျနော့်ကိုလိမ်ပြီး ခေါ်သွားတာ။ ကျနော့်ကိုခေါ်တဲ့ အမှတ် ၆ ခြေမြန်တပ်ရင်း နေပြည်တော် ဆိပ်ဖူးတောင်က တပ်ကြပ်ကြီးခင်စိုးက ကျနော်ကို လိမ်ခေါ်တာ။
ငါ့ညီကို သူက ဘယ်လိုပြောပြီး ခေါ်တာလဲ။ ဘယ်လိုပုံစံတွေပြောပြီး ခေါ်တာလဲ။
တပ်ကြပ်ကြီးဆရာခင်စိုးက ကျနော်ကို စတွေ့တုန်းက မင်း ပညာအရည်အချင်းနဲ့ဆိုရင် တပ်ထဲမှာ အရာရှိ ဖြစ်နိုင်တယ်။ မင်းလိုက်လာခဲ့ ဟိုမှာ မင်းကို ကျောင်းတွေလည်း ထားပေးနိုင်တယ်။ မင်းမိဘတွေလည်း အဆင်ပြေ၊ ချမ်းချမ်းသာသာနဲ့ နေနိုင်မယ်ဆိုပြီး ကျနော့်ကို ခေါ်သွားတာပါ။ ၁၂ လပိုင်း ၁၄ ရက်နေ့ကပဲ ကျောင်းနားက သူငယ်ချင်းအိမ်မှာ သူက လာလည်ရင်းနဲ့ ပြောပြီးခေါ်သွားတာ။
အဲဒီအိမ်မှာရှိတဲ့ ကိုသန်းထိုက်ကနေပြီး ဆက်သွယ်ပေးတာပါ။ မင်း စစ်ထဲလိုက်ချင်လားဆိုပြီး ကျနော်တောင် ဘာမှ ပြန်မပြောရသေးဘူး။ သူက အဲဒီ့တပ်ကြပ်ကြီးခင်စိုးကို ခေါ်ပြီးတော့ စကားပြောခိုင်းတယ်။ ကိုသန်းထိုက်က တပ်သား ကိုနိုင်အောင်နဲ့ သူငယ်ချင်း။ သူနဲ့ရင်းနှီးပြီးတော့ ခွင့်နဲ့လာလည်တာလို့ ပြောတယ်။
အဲဒီလိုတွေပြောပြီးတော့ ဘယ်လိုခေါ်သွားတာလဲ။
၁၄ ရက်နေ့ ညနေပိုင်းက ကျနော့်ကို ခြေကျင်ခေါ်သွားတာ။ အမာမြို့နယ် အောက်စိက်ကွင်းမှာရှိတဲ့ ကိုနိုင်အောင် ယောက်ဖအိမ်ကို အရင်သွားတယ်။ အဲဒီမှာ ၂ ရက်ကြာတယ်။ အဲဒီကမှတဆင့် သူနဲ့ အမျိုးတော်တယ်လို့တော့ ပြောတယ်။ အဲဒီအိမ်မှာ ဆက်နေတယ်။
နောက်ထပ် သူ့အဒေါ်အိမ်လို့ပြောတာပဲ၊ အဲဒီအိမ်မှာလည်း ၄ ရက် ကြာခဲ့သေးတယ်။ ဘာမှတော့ မလုပ်ခိုင်းဘူး။ အိမ်က လိုက်ရှာရင် တွေ့မှာစိုးလို့ ပုန်းခိုင်းတာပေါ့။ ဆိပ်ဖူးတောင်ကိုတော့ ၂၁ ရက်နေ့က ရောက်တယ်။
တပ်ထဲရောက်တော့ ဘာတွေလုပ်ရလဲ။ လေ့ကျင့်ခန်းသင်တန်းတွေ တက်ရလား၊ ဘာတွေလုပ်ရလဲ။
လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ မနက်ဆို အိပ်ယာက ၅ နာရီထိုး ထရတယ်။ အဆောင်သန့်ရှင်းရေးတွေ အလုပ်ခိုင်းတယ်။ မနက် ၇ နာရီထိုးကစပြီးတော့ ဘယ်၊ ညာ နင်းတာမှန်အောင် သင်တယ်။ ၁ဝ နာရီခွဲမှာ ပြီးတယ်။ ပြန်လာ ထမင်းစား၊ နေ့လည် ၁၂ နာရီကနေပြီးတော့ ၃ နာရီအထိ လက်နက်ငယ် စစ်ရေးပြ။ ကျနော်တို့ကို သေနက်ပစ်တာရော၊ အဖြုတ်၊ အတပ်တွေ အကုန်သင်ပေးတယ်။ နောက်ပြီးတော့ အလေးပြုတဲ့ပုံတွေ သင်တယ်။
ညနေပိုင်း ၃ နာရီကနေ ၅ နာရီအထိ ကြံ့ခိုင်ရေး ပြေးတယ်။ ပြီးရင် တန်းဖြုတ်ပြီးတော့ ပြန်လာ ထမင်းစား၊ ပြီးရင် တန်းစီတယ်။ သူ့စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ သူတို့ပြောစရာရှိတာ ပြောတယ်။ ၉ နာရီထိုးတာနဲ့ တန်းဖြုတ်ပြီး ဘုရားရှိခိုးပြီးတော့ အိပ်ခိုင်းတယ်။
အဲဒီမှာ အပြင်ကနဲ့မတူတာတွေ ထူးထူးခြားခြား ဘာတွေတွေ့ခဲ့ကြုံခဲ့လဲ။
ကျနော်တို့နဲ့ ခွဲအတူတူပေါ့။ ကျနော်တို့က ခွဲ ၅ ဟိုဘက်က ခွဲ ၃ ပေါ့။ စစ်သားလေးတယောက် ကျနော်တို့အရွယ်ပဲ အာဟာရ ပြတ်ပြီးတော့ သေတယ်။ နောက် ၃-၄ ရက်လောက်အကြာမှာပဲ ၁ ယောက် ထွက်ပြေးသွားတယ်။ ပြီးတော့ တခုခုမှားပြီဆိုရင် နားရင်းရိုက်တယ်။ မအေ၊ နှမတွေကို ရစရာမရှိအောင် ဆဲတယ်။ တပ်သားကစ အပွင့်ရှိတဲ့ လူတွေလည်း အကုန်ဆဲကြတယ်။ နေ့တိုင်း အဲဒီအထဲမှာပဲ ပျင်းစရာကောင်းတယ်။ ထွက်ပြေးလည်း မလွတ်ဘူး။
တပ်ထဲမှာနေတော့ တပ်အင်အားက ဘယ်လောက်ရှိလဲ။ ကိုယ်လို ကလေးစစ်သားလေးတွေ ဘယ်လောက်ရှိတယ်လို့ သိလဲ။
တပ်ခွဲတခွဲကို လူ ၂၅ဝ ရှိတယ်။ ကျနော်တို့ တပ်ခွဲမှာတင် ၁ဝ ယောက်ကျော်လောက် ရှိတယ်။ သူတို့ကတော့ အခုချိန်ထိ အဲဒီတပ်ထဲမှာပဲ ရှိနေပါသေးတယ်။ သူတို့က ကျနော်နဲ့လည်း သိတယ်။ တချို့ကောင်တွေက ထွက်ပြေးတဲ့ကောင်က ထွက်ပြေးတယ်။
ကျနော် ဒီကိုမလာခင် လေ့ကျင့်ရေးမှာတင် လေ့ကျင့်ရေးမလုပ်နိုင်တဲ့သူတွေ၊ မခံနိုင်လို့ ထွက်ပြေးတာ ၅ ယောက်လောက် ရှိတယ်။ အကုန်ပြန်မိတယ်။ ပြန်မိတဲ့ကောင်တွေ အရိုက်အနှက်ခံရတယ်။ သူတို့ အခု ၆ ပေါက်ထဲမှာပေါ့။ သူတို့ကတော့ ပြောတယ်။ မင်းတို့ ထွက်ပြေးချင်ရင် လေ့ကျင့်ရေးကွင်းမှာ ထွက်မပြေးပါနဲ့တဲ့။ မင်းတို့တပ်ရင်းရောက်မှ မင်းတို့ ကြိုက်သလိုလုပ်တဲ့။ လေ့ကျင့်ရေးမှာပြေးရင် ငါတို့မှာ တာဝန်ရှိတယ်တဲ့။
တပ်ထဲမှာ ဘယ်လိုခံစားရလဲ။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ဘာဟင်းတွေနဲ့ ကျွေးလဲ။
ဟိုမှာက ပျော်စရာမှ မရှိတာ။ စိတ်ညစ်တယ်။ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး။ မိရင်မလွယ်ဘူး။ အခက်အခဲကတော့ လေ့ကျင့်ရေးမှာတော့ နည်းနည်း ကောင်းကောင်းကျွေးတယ်။ မနက်ပိုင်းကို ကြက်ဥ၊ နေ့လည်ပိုင်းဆို ငါးခြောက်၊ ညနေပိုင်းဆို အမဲသား။ အဲဒါနဲ့ နေ့တိုင်း လည်နေတယ်။ ဒါပေမဲ့ အရမ်းပင်ပန်းတယ်။ တပ်ရင်းမှာကျတော့ အစားအသောက် အဆင်မပြေဘူး။
ညီလေးက အခု ဘယ်လိုပြန်လာတာလဲ။ ဘယ်သူက ပြန်ခွင့်ပေးလိုက်တာလဲ။
မင်းအိမ်ကလည်း စာပို့နေတယ်။ ဟိုဘက်အဖွဲ့အစည်းက ကောင်တွေလည်း ပြောနေတယ်တဲ့။ ၁၈ နှစ်လည်း မပြည့်သေးတာနဲ့ အထက်က နုတ်ထွက်ခွင့်ပေးတာနဲ့ ပြန်လို့ရတာ။ အဲဒါနဲ့ ကျနော့်အဖေနဲ့ ပြန်ထည့်ပေးလိုက်တာ။ လမ်းစရိတ်တွေဘာတွေတော့ မပေးပါဘူး။ သူငယ်ချင်းတွေကိုတော့ ကျနော် နှုတ်ဆက်ခဲ့ပါတယ်။
ခေါ်သွားတုန်းက အပြောနဲ့ တပ်ထဲက အခြေအနေ ဘယ်လိုကွာလဲ။
ခေါ်သွားတုန်းက ပြောတာနဲ့ တပ်ထဲက အခြေအနေက ဘာမှမဆိုင်ဘူး၊ အရမ်းကွာတယ်။ နောင်တလည်း ရတယ်။ အပြင်ဘဝမှာနဲ့ တပ်ထဲနဲ့က ကွာတယ်။ ပြီးတော့ သူတို့က ဒါဆိုဒါပဲလေ။ ဟိုဟာ မလိုချင်ဘူး၊ ဘယ်မှ မသွားရ မလာရ ဆိုတော့ စကားပြောတဲ့အခါမှာလည်း မိုက်ရိုင်းတယ်။
ငါ့ညီက ကြီးလာရင် ဘာလုပ်မယ်လို့ စိတ်ကူးယဉ်ထားလဲ။
ဆရာဝန်၊ ဒေါက်တာပဲ ဖြစ်ချင်တယ်။ အဲဒါပဲ ရည်ရွယ်ပါတယ်။
လိမ်ခေါ်ခံရတယ်တော့ ငါညီအနေနဲ့ သူတို့တွေကို ဘယ်လိုမြင်လဲ။
ကျနော့်ကို လိမ်ခေါ်သွားတဲ့အတွက် သူတို့ကို စိတ်နာတယ်။ နောက်ဆို သူတို့နဲ့ လမ်းမှာတွေ့ရင် ဝေးဝေးက ရှောင်ရမှာပေါ့။ သူတို့ကိုတော့၊ မကောင်းတဲ့အကျင့်ရှိတဲ့ လူတွေဆိုတော့ မကောင်းတဲ့လူလို့ပဲ မြင်တာပေါ့။ ဒါပေမဲ့ တပ်ထဲမှာ ကျနော့်လို ကလေးတွေ၊ ကျနော့် သူငယ်ချင်းတွေ အများကြီး ရှိနေသေးတယ်။ သူတို့အတွက် ကျနော် စိတ်မကောင်းဘူး။
ကျွန်တော့်နော်လို ကလေးတွေအတွက် စိတ်မကောင်းဘူး
နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ
ပေါက်ပေါက်/ ၈ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-ESS) အဖွဲ့ခေါ် မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပျက်ကွက်လျှင် မတရားအသင်း ကြေညာသွားမည်ဟု နအဖဘက်က သတိပေးထားသည်။
ပြီးခဲ့သည့်လ (၂၅) ရက်က ကျိုင်းတုံမြို့တွင် နေပြည်တော်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ၏ စစ်ဦးစီး ပထမတန်း အရာရှိ ဒု-ဗိုလ်မှူးကြီး သန်းထွဋ်သိန်းက မိုင်းလားတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးစံပေ၊ ဦးဆန်လူတို့နှင့် တွေ့ဆုံစဉ်အတွင်း နယ်ခြားစောင့်တပ် လက်မခံပါက မတရားအသင်း ဖြစ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း မိုင်းလားတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
၎င်းက “စရဖ ဂျီဝမ်းက ပြောခဲ့တာက နယ်ခြားစောင့်တပ် လက်မခံဘူးဆိုရင်တော့ မတရားအသင်း ဖြစ်သွားမယ်ပေါ့။ အမြန် အကြောင်းပြန်ပါဆိုပြီး ထပ်ပြောခဲ့တာ။ ဒါနဲ့ သူတို့ (၂၈) ရက်မှာ အကြောင်းပြန်လိုက်တာက အရင်က တင်ပြထားတဲ့ မိမိတပ်ဖွဲ့နဲ့သာ ဖွဲ့ဖို့တို့၊ စစ်သင်တန်းကို မိုင်းလားနယ်ထဲမှာ လုပ်ဖို့တို့ကို ထပ်တင်ပြတယ်။ အဲဒီအတွက် နောက်ထပ် ဆွေးနွေးဖို့ အချိန်ပေးပါတို့ပေါ့” ဟု ပြောသည်။
ထို့အတူ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါ် ဝတပ်ဖွဲ့ကိုလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ပါက မတရားအသင်း ကြေညာသွားမည်ဖြစ်၍ နယ်ခြားစောင့်တပ်လက်ခံလာရေး ဖျောင်းဖျပေးရန် တရုတ်အာဏာပိုင်များထံ စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အကူညီတောင်းခံထားသည်ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နအဖ အကြား နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြေလည်မှု ရနိုင်မည်မဟုတ်ဘဲ ယင်းကိစ္စသည် ၂ဝဝ၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းသာဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။
၎င်းက “နယ်ခြားစောင့် အသွင်ကူးပြောင်းရေးကိစ္စကတော့ နှစ်ဖက်စလုံးအတွက် Constitutional Crisis ။ ဖွဲ့စည်းပုံ ပြဿနာ အဓိကကျတယ်ပေါ့။ ပြည်တွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတာ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ပေါ့။ တိုင်းရင်းသား လက်နက်ကိုင်တွေကျတော့ အဲလို မပြောပေမယ့် ဖွဲ့စည်းပုံထဲက သူတို့နဲ့ မကိုက်ညီတဲ့ဟာတွေကို ပြန်လည်တောင်းဆိုတာ။ အဲဒါကို နအဖက ဖွဲ့စည်းပုံကို ဘယ်လိုမှ ပြင်လို့မရတော့ဘူး ပြောနေတာ။ အဲလို အခြေအနေအောက်မှာ နအဖဘက်က သူတို့တွေကို မတရားအသင်းဆိုပြီး ကြေညာ၊ မူးယစ်ဆေးကိစ္စ၊ သစ်ကိစ္စ အကြောင်းရှာပြီး လက်နက်နဲ့ ဖြေရှင်းဖို့ပဲ ရှိတော့တယ်” ဟု ပြောသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် ဖေဖော်ဝါရီ (၂၈) ရက် နောက်ဆုံး သတ်မှတ်ထားခဲ့သော်လည်း အပစ်ရပ်အဖွဲ့များကမူ နအဖဘက်မှ လိုလားသည့်အဖြေကို မပေးခဲ့ပေ။ ထို့အတွက် ထပ်မံ ရက်ရွှေ့ဆိုင်း သတ်မှတ်ခြင်းမျိုး မရှိတော့သကဲ့သို့ နှစ်ဖက်အကြား သဘောတူညီချက် မရရှိဘဲ ဖြစ်နေချိန်တွင် ယခုကဲ့သို့ မတရားအသင်း ကြေညာမည့် ကိစ္စရပ်များ ပေါ်ထွက်လာနေခြင်းဖြစ်သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဖြေပေးနိုင်ရန် ဗဟိုကော်မတီအစည်းဝေးတရပ်ကို ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ယခုလ (၂) ရက်က စတင်ကျင်းပ နေခဲ့သော်လည်း မည်သို့ဆုံးဖြတ်ချက် ချခဲ့သည်ကိုသိရှိရန် ကေအိုင်အိုအဖွဲ့ထံ ဆက်သွယ်၍ မရရှိသေးပါ။
လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း
March 7,2010
တပ်မဟာ(၁) ဒူးသထူခရိုင်။
- ဘီးလင်းမြို့နယ်၊ ၁.၃.၂၀၁၀ နေ့ DKBA စိန်အောင် သည် လေးကေရွာအား အင်ဖက် ၃၀၀၀ ခက် နှင့် လယ်ခလောရွာအား အင်ဖက် ၁၀၀၀ ခက်တို့ကိုအတင်းအဓမ္မတောင်းဆို။
- တပ်ရင်း(၁)၊ ၅.၃.၂၀၁၀ နေ့ ၀၄း၀၀ အချိန်၊ မယ်စီထာရွာထဲတွင် DKBA တပ်ရင်း(၁) တပ်ခွဲ(၂) နှင့် မိမိတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ(၁)ဦးသေ၊ အရှင်(၁)ဦးဖမ်းဆီးရမိ။
- ဘီးလင်းမြို့နယ်၊ ၃.၃.၂၀၁၀ နေ့၊ ခမရ(၇၀၅) စစ်ကြောင်း(၁)မှူးသည် လေးခေါ်ထိရွာအား အင်ဖက် (၇၀)ခက်နှင့် ထီးဖဒိုခီးရွာအား အင်ဖက်(၅၆)ခက်အတင်းအဓမ္မတောင်းဆို။
- ဘီးလင်းမြို့နယ်၊ ၅.၃.၂၀၁၀ နေ့၊ ခမရ(၇၀၅) စစ်ကြောင်း(၁)မှူးဝင်းကျော်အောင်သည် ပေါ်ခီးရွာမှ ဆန် များကိုတောင်းစား။
တပ်မဟာ(၂) တောင်ငူခရိုင်။
- ၃.၃.၂၀၁၀နေ့၊ ၁၃း၂၇ အချိန်၊ ကလေလိုနီ ပေါ်မူထာအရပ်တွင် မိမိတို့၏ပြောက်ကျားတိုက်ခိုက်မှု ကြောင့် ရန်သူ(၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ။
- ၄.၃.၂၀၁၀နေ့၊ ၁၇း၃၅အချိန်၊ ပြင်စလိုနှင့်ယယ်လိုအကြား နားထီးခိုအရပ်တွင် ပြောက်ကျားပစ် ခတ် မှုကြောင့် ရန်သူ(၁)ဦးဒဏ်ရာရ။
- ၅.၃.၂၀၁၀နေ့၊ ၁၇း၃၀အချိန်၊ သအေးထါစခန်းရှိ ရန်သူအား သေခူဒဲနှင့်သအေးထာအကြားရှိကမူလိုအ ရပ်တွင် မိမိတို့၏ပြောက်ကျားတိုက်ခိုက်မှုကြောင့် ရန်သူ(၁)ဦးဒဏ်ရာရ။
- ထန်းတပင်မြို့နယ်၊ ၁.၃.၂၀၁၀နေ့၊ ကော်သေးဒါးတွင်လှုပ်ရှားသော စကခ(၇)ရှိအုပ်စုသည် မော်သေးဒါး၊ ခူလယ်ဒဲ၊ ဝါသိုးခို၊ မော်လိုအရပ်မှ ကော်သေးဒဲရွာသား (၁) စောသူဂဲ(၄၅)နှစ်၏ပစ္စည်း ( ဆန်၊ဆီ၊ဆား၊အိုး၊ ခွက်ပန်းကန်၊ ငါးပိ၊ကွမ်းသီးနှင့် ဝက်သား၁၀ပိသာ အပြင် ငွေသား၃၀၀၀၀၀ကျပ်၊ စုစုပေါင်းတန်ဖိုး ၆၀၀၀၀၀ကျပ်၊ (၂) ကော်သေးဒဲရွာမှ နော်ကူးကူ(၃၆)နှစ်၏ကြက်၂ကောင် စုစုပေါင်းတန်ဖိုး ၁၅၀၀၀ကျပ် တို့ကိုအသီးသီး အတင်းယူဆောင်သွားသည်။
- ထန်းတပင်မြို့နယ်၊ ၄.၃.၂၀၁၀နေ့၊ ကလော်မီးဒဲစခန်းရှိရန်သူများသည် ကလော်မီးဒဲ ရွာသူ(၁၈)ဦးနှင့် ရွာသား(၁၂)ဦးတို့အားပလဲဝ မှကလော်မီးဒါးစခန်းသို့အတင်းအကြပ်ရိက္ခာများသယ်ယူခိုင်း။
- တရက်ထဲမှာပဲ ပြင်စလိုနှင့်ထီးပယ်လို ရှိစကခ(၇)မှ အုပ်စုသည် စစ်ကြောင်းလှုပ်ရှားချိန်တွင် ရွာသူရွာသား များ၏လယ်ယာများကို မီးရှို့ဖျက်ဆီး၊ အဆိုပါတရက်ထဲမှာပဲ လယ်ကလယ်ဒါးသို့လာရောက်လှုပ်ရှား သောကလော်မီးဒါးမှရန်သူအုပ်စုသည် အချိန်၁၁း၀၀တွင်ဟူမူဒဲရွာသား(၁) မောင်သိန်းခိုင် ၅၅နှစ် (၂) စောယယ်လို ၂၂နှစ် (၃) စောတာကြဲကြဲ ၂၀နှစ် (၄) စောဖါး ဝါးသိုး ၁၈နှစ် နှင့် လယ်ကလားဒဲရွာသား စောဒူးဒူး ၁၉နှစ် များကိုဖမ်းဆီးပြီးယခုထက်ထိပြန်မလွှတ်သေးပါ။
- ၅.၃.၂၀၁၀နေ့၊ ကလော်မီးဒါးရှိ ရန်သူများသည် ကလော်မီးဒါး ရွာသား(၃၀)ဦး အားသူတို့၏ရိက္ခာများကို ပလဲဝမှ ကလော်မီးဒါးသို့သယ်ယူခိုင်း၊ အဲဒီတရက်ထဲပဲပြင်စလိုရှိ ရန်သူတပ်သည်ပြင်စလိုရွာသားများအား အရှည်၁၀တောင်ရှိသောဝါးအချောင်း(၇၀) ကိုအတင်းအဓမ္မခုတ်ခိုင်း။
- ဒေါဖခိုခရိုင်၊ ၄.၃.၂၀၁၀နေ့၊ မော်ဖားဒဲ/ခူပလော်ဒဲ ဒေးလိုရှိ လမ်းဖောက်လုပ်နေသော ရန်သူတပ်သည် မော်ဖားဒဲရွာသား၈ဦးကိုမိုင်းရှင်းဖို့အတွက်အတင်းခိုင်းစေ၊ ဒါ့အပြင် လမ်းပြင်ကားများသွားဖို့အတွက်ယ နေ့ထက်ထိလမ်းရှင်းပေးနေရတုန်း။ ကားမောင်းသမားလုံခြုံမှုအတွက် လူကြီးစောအာဒြေနှင့်စောစက်ပြို တို့ကိုဘေးတွင်ခြံရံပြီးလိုက်စီးခိုင်း။
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မုံးမြို့နယ်၊ ၂၈.၂.၂၀၁၀နေ့၊ ခလရ(၄၈)ကျိုးပင်စေ စခန်းမှုးတင်စိုးအောင်သည် ဂိုနီ၊နိုညာလာအုပ်စု မှလူထု များ၏လှည်းအစီး၂၀ ကိုအတင်းတောင်းယူပြီး သောတကူသို့နေရာပြန်ယူပြီးကျုံပျော်သို့ပြန်ပို့။
တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၁၈.၂.၂၀၁၀နေ့၊ DKBA မှ ကနဲဃောထာရွာသား(၆)ဦးကိုဝါဘောကျိုးမှဆောဖွီးခီးဟီခိုဒဲအထိရိက္ခာများကို အတင်းသယ်ယူခိုင်း
- ၂၀.၂.၂၀၁၀နေ့၊ ခူသူထာအရပ်ရှိ နအဖ ခမရ(၇၀၄)မှ အောင်ရှမ်းလွင် ဦးဆောင်တဲ့အဖွဲ့သည်အောက်ပါ ရွာများမှ ရွာသားများကိုအတင်းအကြပ်ရိက္ခာသယ်ခိုင်း။ ပိုလော်ထာရွာမှ ၂၁ဦး၊ မဲ့တရူခီးရွာမှ၂၂ဦး၊ ဃော် ထီးခိုရွာမှ၁၅ဦး၊ ထီးနားဒေးရွာမှ၅ဦး၊
- အဲဒီတရက်ထဲမှာပဲ ခမရ(၇၀၂)မထောစစ်စခန်းမှ ဗိုလ်သောင်းရွှေ သည်သွာခိုလိုရွာအား ဝါး၁၅၀ချောင်းနှင့် အင်ဖက်၂၅၀ခက်၊ တာဟူးလိုရွာအားဝါး၂၅၀ချောင်း နှင့်အင်ဖက်၂၂၅ခက်၊မထောရွာအားဝါး၁၅၀ချောင်း နှင့်အင်ဖက်၁၅၀ခက်တို့ကိုအတင်းအဓမ္မတောင်းဆိုခဲ့သည်။
- ၂၈.၂.၂၀၁၀နေ့ ဒိုခိုဝါးရှိ DKBA ၃၃၃ သည်မောထာရွာမှအမျိုးသမီး၂ဦး၊ဒိုခိုဝါးရွာမှအမျိုးသား ၇ ဦး စုစု ပေါင်း(၉)ဦးတို့အားဖွေးပွာပူမှဒိုခိုဝါးအရပ်ထိသူတို့၏ရိက္ခာကိုသယ်ယူခိုင်း။
- ၂.၃.၂၀၁၀နေ့၊ ခမရ(၇၀၂)မထောစစ်စခန်းမှ ဗိုလ်သောင်းရွှေ သည် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မထောရွာသား ဘိုမျိုး၏ကားနှင့်အခန်းတခန်းပျက်စီး။ ဒါ့အပြင်သွာခိုလိုကျေးရွာ သို့နောက်ထပ်၅ကြိမ်ထပ်ပစ်ခတ်။
တပ်မဟာ(၆) ဒူးပလာယာခရိုင်။
- ၂.၂.၂၀၁၀နေ့ စကခ(၈) နဗဟ(၁)မှူးဦးစီးတဲ့ ခမရ(၄၀၄)နှင့် ခမရ(၄၀၉)တို့ပေါင်းပြီးလေးဝါးခိုကျေးရွာ သို့ ဝင်ရောက်ကာ ရွာသားများစုစေပြီး (၁) စောကထူး ၄၈နှစ် ၏မျက်နှာကိုထိုး၊ဘေးကိုကန်ကျောက်ခဲ့၊ (၂)စောကော့ခူ ၅၀နှစ်အား၂ချက်ထိုးနှက်(၃) စောလဲ ၃၀နှစ်အား၂ချက်ကန်ကျောက်ပြီး ပုဆိန်ရိုးဖြင့် ဦး ခေါင်းကို ရိုက်သဖြင့် ရောင်ရမ်းလာ၊ (၄)စောခေးဘွေးအားနှုတ်ခမ်းကိုထိုး (၅)စောဖားညို အားကန် ကျောက် (၆)စောဘ လယ်ကျဲဖောအား ကျောကုန်းကိုကန်၊(၇) စောဆာ အား၂ချက်ကန်ခဲ့ ပြီးထိုသူ အားလုံးတို့ကိုခေါ်ဆောင်သွား ပြီးစစ်ကြောင်း၏ပစ္စည်းများကိုသယ်ဆောင်ခိုင်း၊ ဒါ့အပြင်လေးဝါးခိုရွာမှလူကြီးများ၊ စုစုပေါင်း၁၇ဦးတို့ကိုပါခေါ် ဆောင်သွားသည်။
- ထို့အပြင် လေးဝါးခါမှ သူများ၏ပစ္စည်းများကိုလည်းအတင်းအဓမ္မယူဆောင်သွားသေးသည်။ (၁) စောတြေ ဖော၏မန်ဒါလီ၃ကောင်၊ဘဲ၃ကောင်၊ ၉ပိသာအချိန်ရှိဝက်တကောင်ကိုလည်းပစ်သတ်သွား၊ (၂)တခေါ့ကျိုး ရှိနော်ပွီထူး၏၄၀ပိသာချိန်ရှိ ဝက်တကောင်ပစ်သတ်ယူဆောင်သွားခဲ့သည်။ ဖမ်းဆီးသွားသောသူ(၁၇)ဦး ကို၎.၃.၂၀၁၀ နေ့ ကယယ်ထော(ကြူစံ)ရွာအကြားတွင်ပြန်လွတ်လိုက်သည်။
စစ်တပ်ထိုးစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကနေဒါ ဆက်ကူညီသွားမည်
07 March 2010 (VOA သတင်းမှ)
မြန်မာနိုင်ငံတွင်း လူနည်းစုလူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ထိုးစစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ထိုင်းနယ်စပ် တလျှောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ၊ မြန်မာနိုင်ငံတွင်းမှာပဲ တောတောင်တွေထဲမှာ လှည့်လည် ပုန်းအောင်းနေကြရသူတွေအတွက် အကူအညီတွေ တိုးမြှင့်ပြီး ဆက်ပေးသွားမယ်လို့ ကနေဒါအစိုးရက ကြေညာ လိုက်ပါ တယ်။ ဒီလို အကူအညီတွေ တိုးပြီး ဆက်ပေးသွားမယ့်အကြောင်းကို ကနေဒါနိုင်ငံမှာ မတ်လ ၆ ရက်၊ စနေနေ့က စတင် ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဖွင့်ပွဲနေ့မှာ ကနေဒါလွှတ်တော် ကိုယ်စားလှယ်တယောက်က ကနေဒါအစိုးရ ကိုယ်စား လာရောက် ကြေညာသွားတာပါ။ ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းပြီး အပြည့်အစုံကို တင်ပြထားပါတယ်။
မန်မာနိုင်ငံနယ်စပ်ဒေသတလျှောက် လူမျိုးစုဒေသတွေမှာ အခြေအနေတွေ ဆက်ပြီး ဆိုးရွားနေတာရယ်၊ မြန်မာ စစ်တပ်က လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေအပေါ် အရှိန်မြှင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အခြေအနေတွေရယ်ကို ထောက်ပြပြီး ငါးနှစ်အတွင်း အကူအညီငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅ ဒဿမ ၉ သန်းအထိ ပေးသွားမယ့် အကြောင်း မတ်လ ၆ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကနေဒါ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (CIDA) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုလပိုင်းတွေအတွင်း မြန်မာနိုင်ငံ လူမျိုးစုဒေသတွေမှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ အရှိန်မြှင့်ပြီး လုပ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတဲ့အချိန်မှာပဲ ကနေဒါအစိုးရက အကူအညီတွေ တိုးပေးမယ်ဆိုတဲ့သတင်း ထွက်လာတာဖြစ်ပါတယ်။ အခုလို အကူအညီတွေကို တိုးပြီး ဆက်ပေးသွားဖို့ ကနေဒါအစိုးရက ဆုံးဖြတ်လိုက်တာဟာ လက်ရှိ တိုက်ပွဲသတင်းတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ ထွက်ပြေးကြရတယ်ဆိုတဲ့ အခြေအနေတွေပေါ်မှာ မူတည် စဉ်းစားချက် အများကြီး ပါဝင်တယ်လို့ ဥရောပ-မြန်မာရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ ကောင်စီ ENC ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးဟန်ရောင်ငွေက ပြောပါတယ်။
"ကနေဒါ အစိုးရက အခုလိုမျိုး နအဖ က တိုင်းရင်းသားတွေကို ၀င်တိုက်တော့ ဒုက္ခသည်တွေက ပိုများလာတယ်ဆိုတော့ သူတို့ကလည်း အဲဒါကို စိုးရိမ်တယ်။ ဒါဟာ လူထု ဒုက္ခရောက်ကုန်မယ်ဆိုပြီးတော့ သူတို့က တိုးတာ။ အဲဒီဟာလည်း ပါပါတယ်။"
CIDA အဖွဲ့ဟာ ကနေဒါနိုင်ငံ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ အဖွဲ့တခု ဖြစ်ပြီး အခု အကူအညီတွေကို လူသားချင်းစာနာမှုဆိုင်ရာ ကနေဒါအဖွဲ့အစည်း တခုဖြစ်တဲ့ Inter Pares Canada အဖွဲ့က တဆင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Inter Pares Canada အဖွဲ့ဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Thailand-Burma Border Consortium အဖွဲ့နဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း အပါအ၀င် အဖွဲ့အစည်း အများအပြားကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းပါ။
ကနေဒါအစိုးရဟာ မြန်မာနိုင်ငံတွင်းအခြေအနေကို အထူးအာရုံစိုက်ပြီးတော့ အခုလို အကူအညီပေးဖို့ဆုံးဖြတ်တာ ဖြစ်တယ် လို့ ယူဆကြောင်း ကနေဒါနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ CFOB တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုတင်မောင်ထူးက ပြောပါတယ်။
"အထူးတလည် အာရုံစိုက်ပြီးတော့ ကနေဒါအစိုးရက လုပ်ပေးတယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကျနော်တို့ နိုင်ငံတိုင်းလိုလိုပေါ့။ ကနေဒါ အပါအ၀င် ငွေရေးကြေးရေး အနုတ်လက္ခဏာ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ အစိုးရတွေက ငွေရေးကြေးရေးပိုင်းဆိုင်ရာတွေမှာ တင်းကျပ်ပြီးတော့ ကန့်သတ်မှုတွေ၊ လျှော့ချမှုတွေ လုပ်နေတဲ့အချိန်မှာ မြန်မာပြည်အတွက်ကို အထူးတလည် ထားပြီးတော့ အခုလို တိုးမြှင့်ပြီးတော့ ပေးတယ်ဆိုတာ တော်တော်လေးကို အားရစရာကောင်းတဲ့ အချက်တခုလို့ ကျနော် မြင်ပါတယ်။"
CIDA အဖွဲ့ကနေပေးအပ်မယ့် အခုအကူအညီတွေကို ဒုက္ခသည်တွေနဲ့ အိုးအိမ်ပစ် ထွက်ပြေးရသူတွေအတွက် စားရေရိက္ခာ ထောက်ပံ့မှုအစီအစဉ်၊ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီအစဉ်တွေကနေတဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်အတွင်း CIDA က အထောက်အပံ့ပြုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကနေ ငှက်ဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ တီဘီ အဆုတ်နာရောဂါနဲ့ ဆိုးရွားတဲ့ အာဟာရမပြည့်ဝမှုတွေ ခံစားနေရတဲ့ လူနာပေါင်း တသန်းနီးပါးကို ကုသပေးခဲ့တယ်လို့ CIDA ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကနေဒါအစိုးရက ဆက်လက်ပြီး အထောက်အပံ့ပြုသွားတာနဲ့အတူ မြန်မာနိုင်ငံက ပြဿနာတွေအတွက် နိုင်ငံရေး အဖြေ တရပ် ရရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခုဒုက္ခရောက်နေတဲ့ ဒေသတွေက လူတွေအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အချင်းတွေ တည်ဆောက်ပေးရေးကို ဆက်လက်ပြီး အလေးအနက်ထား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမတိုင်ခင်မှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ရပ်ဆိုင်းထားရဖို့ ကနေဒါအစိုးရက လိုလားတဲ့အကြောင်း ဦးဟန်ရောင်ငွေ က ပြောပါတယ်။
"ကနေဒါအစိုးရအနေနဲ့ သူတို့ပြောလာတာက ဒီလိုလေ။ အခု နအဖကလည်း ရွေးကောက်ပွဲလုပ်မယ်မဟုတ်လား ဒီနှစ်မှာ။ ဆိုတော့ အဲဒီနေရာမှာ ပြောတာကလည်း ကနေဒါအနေနဲ့ လက်ခံနိုင်မယ်ဆိုရင်တော့ အရင်ဆုံး တိုက်ခိုက်နေတဲ့ကိစ္စကို ရပ်သင့်တယ်၊ အဲဒီလိုမဟုတ်ဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒါ အဓိပ္ပါယ်မရှိဘူး။ ဒါက ပထမအချက်၊ နောက်ထပ်ကတော့ ရွေးကောက်ပွဲကလည်း တိုင်းရင်းသား အပါအ၀င် တခြား နိုင်ငံရေးပါတီတွေ အပါအ၀င် လွတ်လွတ်လပ်လပ် ရွေးကောက် ခံရဖို့ သူတို့ကလည်း တိုက်တွန်းတာပေါ့။ မဟုတ်ရင်တော့ နအဖ လုပ်မယ့်ရွေးကောက်ပွဲကို ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ကနေဒါကလည်း လက်ခံမှာမဟုတ်ဘူးဆိုတာ သူတို့ကတော့ ပြောပါတယ်။"
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုလို သင့်လျော်တဲ့ အစိုးရ၀န်ဆောင်မှုတွေ ထူထောင်နိုင် ပြီးတော့ မြန်မာနိုင်ငံတွင်းမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ကြပြီဆိုရင် အခု အကူအညီပေး စီမံကိန်းကနေတဆင့် လေ့ကျင့်ပေးလိုက်တဲ့လူတွေဟာ အရပ်ဘက်နဲ့ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နိုင်မယ့် လိုအပ်တဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ ရကြလိမ့်မယ်လို့ CIDA ရဲ့ ကြေညာချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။
မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ
07 March 2010(VOA သတင်းမှ)
ကရင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ များလာတယ်လို့ မြန်မာနယ်စပ် စစ်ရေးအခြေအနေ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီလို ထိုးစစ်တွေ ဆင်ရာမှာ ဒေသခံလူထုတွေ အသက်ဆုံးရှုံးမှုတွေ ရှိသလို လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။
စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကေအဲန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့တွေ လှုပ်ရှားနေတဲ့ ကရင်ပြည်နယ် နယ်မြေဒေသတွေမှာ အခုဆိုရင် စစ်တပ်တွေက ထိုးစစ်တွေ ပိုပြီးလုပ်လာတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ တပ်တွေ ထိုးစစ်ဆင်မှု ပိုပြီး ပြုလုပ်ခဲ့တဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ ကေအဲန်ယူ တပ်မဟာ (၆) က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောထဲနေက ဗွီအိုအေကို အခုလိုပြောပါတယ်။
"တပ်မဟာ (၅) ဘက်မှာဆိုရင် ဇန်န၀ါရီလ ၆ ရက်နေ့မှာ တပ်မဟာ (၅) က နအဖ စခန်းက မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေး အရေးကြီးတဲ့ စခန်တခုကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နအဖနဲ့ ဒီကေဘီအေ တပ်တွေ ဒေသအပေါ်မှာ ရွာသားတွေအပေါ်မှာ ရက်စက်လာတာတွေ့ရတယ်။ ကေအဲန်ယူ ဗဟိုသတင်းထုတ်ပြန်ချက်အရဆိုရင် ၂၀၁၀ မှာ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ (၅) နယ်မြေအတွင်းထဲမှာ တိုက်ပွဲတွေ များလာတယ်လို့ တွေ့ရတယ်။"
၂၀၁၀ နှစ်ဆန်းပိုင်းတွေမှာ စစ်အစိုးရက ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံ ကျေးရွာသားများ အနေနဲ့ နေရပ်ကို စွန့်ခွာ တိမ်းရှောင်ခဲ့ရသလို တောထဲမှာ ပုန်းအောင်းနေရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်တွင်းဌာနေစွန့်ခွာရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က အခုလိုပြောပါတယ်။
"ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေစပြီးတော့ ကစခ (၁၀) လက်အောက်ခံ တပ်ရင်းတွေဟာ ကျောက်ကြီးမြို့နယ်မှာရှိတဲ့ ကျိုင်းတဲ ဆိုတဲ့ရွာကနေစပြီးတော့ ၀င်ရောက်တိုက်ခိုက်တယ်။ တိုက်ခိုက်တော့ ရွာသားတယောက်ကို ပစ်သတ်တယ်။ ပြီးတော့ အဲဒီမှာ အိမ်ခြေ ၁၀ လုံးကျော်ကို မီးရှို့သွားတယ်။ နောက်တော့ ၁၉ ရက်နေ့မှာ တခါ ထပ်ပြီးတော့ လူတယောက် ကို ပစ်သတ်လိုက်တယ်။ ဒူဝါစိုး ဆိုတဲ့ရွာဘေးနားမှာ။ အဲဒီမှာလည်း လူ ၂ ယောက်တောင် သေတယ်။ အဲဒီမှာလည်း ရွာသား ၁,၀၀၀ ကျော်လောက်က နေရပ်ကို စွန့်ခွာထွက်ပြေးပြီးတော့ တောထဲမှာ ပုန်းနေရတယ်။
“ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စပြီးတော့ ပြန်ပြီး ထိုးစစ်ကို ကျေးရွာအုပ်စုတွေမှာ ထိုးစစ် နောက်တခါ ထပ်ပြီးတော့ ဖြစ်လာ တယ်။ အဲဒီိထိုးစစ်ကလည်း အဲဒီမှာ ပိုပြီးတော့ ကြီးလာတယ်။ စကခ (၁၀) လက်အောက် တပ်ရင်း ၅ ရင်းလောက် အဲဒီမှာ ပါလာတယ်။ ပါလာပြီးတော့ အဲဒီအချိန်မှာ အိမ်အားလုံးပေါင်း မီးရှို့လိုက်တာ အိမ်ခြေပေါင်း ၁၀၀ ပတ်ဝန်းကျင်လောက်ကို မီးရှို့သွားတယ်။ နောက်ပြီးတော့ အဲဒီမှာ ဆေးရုံတလုံးကိုလည်း မီးရှို့သွားတယ်။ ကျောင်းကတော့ အားလုံးပေါင်း ၁၁ လုံး က ပိတ်လိုက်ပြီးတော့ အားလုံးက တောထဲမှာပဲ ထွက်ပြေးပြီးတော့ ပုန်းပြီး တိမ်းရှောင်နေရတယ်။ ဆိုတော့ သူတို့ တိမ်းရှောင်နေရတဲ့သူတွေကလည်း အခက်အခဲတွေကတော့ အစားအသောက်ဆိုရင်လည်း တလွယ်စာလောက်ပဲ သယ်သွားနိုင်တယ်။ နောက်ပြီးတော့ တောထဲမှာ ဖြစ်သလိုပဲ အမိုးမရှိ၊ အကာမရှိ သစ်ပင်ဝါးပင်အောက်မှာပဲ ဒီအတိုင်းပဲ နေနေရတယ်လေ။"
ထိုနည်းတူ ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းမှာ ခလရ (၂၆၁) နဲ့ ခမရ (၄၂၁) တပ်ရင်းတို့ဟာ တိုက်ပု ကျေးရွာနဲ့ ရေသိုးကြီး ကျေးရွာသားတွေကို အတင်းခေါ်ပြီးတော့ တပ်စခန်းတွေကို ကာရံခိုင်းသလို ရေသိုးကြီးကျေးရွာက ရွာသူရွာသားတွေကိုလည်း အုန်းပင်းချောင်းကျေးရွာအထိ စစ်တပ်ရိက္ခာတွေ သယ်ဆောင်ဖို့ အတင်းစေခိုင်းနေတယ်လို့ ကရင်လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောပါတယ်။
အဲဒီလို စစ်အစိုးရနဲ့ ကေအဲန်ယူတို့ရဲ့ လက်နက်ကိုင် ပဋိပက္ခကြားမှာ ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံ ကျေးရွာသား တွေဟာ နေရပ်ကို စွန့်ခွာနေရပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲလို့ ပြည်တွင်းဌာနေ စွန့်ခွာခံရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က ပြောပါတယ်။
သူခိုး...သူခိုး...တပ်မတော်သာသူခိုး..တပ်မတော်သာသူဝှက်..
ဆင်ဖြူတော် ရှာဖွေသည့် စစ်တပ်က ဆင်စွယ်များဖြတ်ရောင်း
ဘစောတင်(ဧရာဝတီ)
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် စစ်တပ်က ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း ဆောင်ရွက်နေရာ တခြားသော တောဆင် ရိုင်းများကိုပါ ဖမ်းဆီးပြီး ဆင်စွယ်များဖြတ်၍ ပြည်ပသို့ တရားမ၀င် ရောင်းချမှုပြုလုပ် နေကြောင်း ရခိုင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့ အခွင့်အရေးအဖွဲ့များက ပြောသည်။
ဆင်ဖြူတော်ရှာဖွေရေးကို ခမရ (၃၅၄)မှ ဗိုလ်ကြီး အောင်သူဟိန်းနှင့် ခလရ (၂၆၃)မှ ဗိုလ်ကြီး ဟိန်းခန့်နှင့် ဘူးသီးတောင် ၅ မိုင် ဆင်ထိန်းစခန်းမှ ဦးဖေသန်းတို့က ဦးဆောင်ကာ ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြုလုပ် နေခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် ရခိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ မှ ကိုခိုင်ထွန်းလင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ လေ့လာတွေ့ ရှိသလောက် ဒီနှစ်ဆန်းကစတင်ဖမ်းဆီးရာမှာ တောဆင်ရိုင်းကောင်ရေ ၁၀ကောင် ကျော် လောက်ရှိပြီလို့သိရတယ်၊ ဒီဆယ်စုနှစ် တခုလုံး အနည်းဆုံး ဆင်အကောင် ၅၀၀ ၀န်းကျင်လောက် ရှိတယ်လို့ ခန့်မှန်းပြောဆိုနိုင်ပါတယ်၊ ဖမ်းမိတဲ့ ဆင်တွေထဲက အချို့ဆင်တွေကို အစွယ်ဖြတ်ပြီး စီးပွားရေး သမားတွေနဲ့ ပေါင်းပြီး တရုတ်ပြည်ကို ပို့နေကြတယ်”ဟု ကိုခိုင်ထွန်းလင်းက ပြောပြသည်။
ယင်း ဆင်စွယ် တကီလို (၆၀ ကျပ်သားခန့်)ကို ကျပ် ၁၅ သိန်း ၀န်းကျင် ပေါက်ဈေးရှိကြောင်း ရခိုင်ပြည်နယ် နယ်စပ်မှ ကုန်သည် တဦးဖြစ်သူ ဦးဆန်နီက ဆိုသည်။
“ဆင်စွယ်ဈေးကတော့ အရမ်းကောင်းတယ်၊ ဆင်အသက်ပိုကြီးရင် ဈေးပိုကြီးတယ်”ဟု သူကပြောသည်။
ယခု ဆင်ဖြူတော်ရှာဖွေရေး စီမံကိန်း ပြုလုပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး၂၀၀၁ ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်းမှ ယခုအချိန်ထိ ဆင်ဖြူတော် ဖမ်းမိသည်ဟု မကြားရသေးပါ။
ထိုင်းနိုင်ငံ အခြေစိုက် ရခိုင် မြစ်ချောင်း အင်းအိုင်များ ကွန်ရက် (Arakan River Network _ARN) မှ ဒါရိုက်တာ ကိုအောင်မင်းဦးကလည်း“နအဖက ကျနော်တို့ ပြည်နယ်မှာ ဆင်ဖမ်းတဲ့အလုပ်ကို လုပ်နေတာ တော့ ကြာနေပါပြီ၊ အခုမှ မဟုတ်ပါဘူး၊ အထူးသဖြင့် ဘူးသီးတောင် မောင်တော ရသေ့တောင်နယ်တွေပေါ့၊ အခု ပိုဆိုးတာက နအဖက ဆင်ဖြူတော် ရှာဖွေရေးဆိုပြီး စစ်တပ်ကို ဆင်ဖမ်းခိုင်းတယ်၊ ဆင်ဖြူတော် တွေ့ မတွေ့ တော့ ကျနော်တို့ မသိရဘူး၊ တွေ့ တဲ့ ဆင်တွေကို ဖမ်းတယ်၊ သတ်ဖြတ်တယ်၊ အစွယ်ကို ရောင်းစား တဲ့ အလုပ်ကို လုပ်နေတာတော့ သေချာတယ်”ဟု ပြောသည်။
၂၀၀၄ခုနှစ်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မယူတောင်တန်းမှ ဆင်ဖြူတော်ဟု ဆိုသော ဆင် တကောင် ကို စစ်အစိုးရက ဖမ်းဆီးရရှိခဲ့ဖူးသည်။
ထိုစဉ်က နအဖ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မင်းဓမ္မ ကုန်းမြေ တွင် ဥယျာဉ်တခု ပြုလုပ်ကာ အဆိုပါ ဆင်ဖြူကို ထားရှိခဲ့သည်။
ရှေးမြန်မာမင်းများက ဆင်ဖြူတော်ပိုင်ဆိုင်ခွင့်ရရှိလျှင် ဘုန်းတန်ခိုး အလွန်ကြီးမားသည်ဟု အယူရှိကြသည်။ အလားတူ နအဖ စစ်ခေါင်းဆောင်များကလည်း လက်ခံယုံကြည်သူများ ဖြစ်ကြသည့်အတွက် ဆင်ဖြူ တော် ရှာဖွေရေး စီမံကိန်းပြုလုပ်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။ ထိုသို့ ဆင်ရှာဖွေရင်း နအဖ စစ်တပ်မှ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦး ဆင်နင်းသေဆုံးပြီး လမ်းပြ ဒိုင်းနက် လူမျိုး အမျိုးသားတဦးလည်း မိုင်းနင်းကာ ယခုသတင်းပတ်အတွင်း သေဆုံးမှုဖြစ်ခဲ့ကြောင်း မောင်တော မြို့နယ်မှ NGO တခုတွင် အလုပ်လုပ်နေသူ ကိုခင်မောင်ကြည်က ပြောသည်။
“ပြီးခဲ့တဲ့ အပတ်အတွင်းက တပ်ကြပ်ကြီးတယောက်နဲ့ တပ်သားတယောက် ဆင်နင်းသေတဲ့သတင်း ကျနော် တို့ ဆီမှာ ဟိုးဟိုးကျော်သွားတယ်၊ စစ်တပ်က အရပ်သားကိုနိုင်တယ်၊ ဆင်က သူတို့ကို နင်းသတ်တော့ လူ တွေ တိုးတိုး၊ တိုးတိုးနဲ့ ပြောကြတာပေါ့၊ သူတို့ ကိုလမ်းပြလုပ်တဲ့ ဒိုင်းနက် တယောက်လည်း မိုင်းနင်းသေ တယ်”ဟု ၎င်းက ပြောပြသည်။
ယခုကဲ့သို့ ဆင်များကို လိုက်လံဖမ်းဆီး သတ်ဖြတ်နေသောကြောင့် ရခိုင်ရိုးမ အတွင်းရှိ ဆင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အုပ်စုလိုက်ထွက်ပြေးနေရာ ရခိုင်ပြည်နယ်တွင်းရှိ ဆင်များ မကြာမီ ပျောက် ကွယ်သွားနိုင်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက စိုးရိမ်ပူပန်လျှက် ရှိကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကွန်ရက်(Network for Environment ,Economic and Deployment –NEED)မှ ဒါရိုက်တာ ခိုင်ဓူဝံက တောရိုင်းတိရစ္ဆာန်များ ကို ဖမ်းဆီးသတ်ဖြတ်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာရောက်ကြောင်း၊ တော တောင် ရေ မြေ သဘာဝအနေအထား ပျက်စီးလာပါက ရာသီဥတုဖောက်ပြန်ကာ ကပ်ဘေးအန္တရာယ် များကျရောက်နိုင် ကြောင်း ပြောသည်။
“အထူးသဖြင့် ကျနော်တို့ ရသေ့တောင် မယူကမ်းဘက်မှာ ဆင်တွေ ကျက်စားတတ်တယ်၊ ဆင်တွေဟာ အပူဒဏ်ကိုကြောက်တော့ တောအုပ်ထူထပ်ပြီး ပင်လယ်လေရှူရှိုက်လို့ရတဲ့ နေရာကို လာကြတယ်၊ အခုလို ဆင်တွေကိုဖမ်းဆီးသတ်ဖြတ်ပြီး ကိုယ်ကျိုးအတွက် အစွယ်ကိုရောင်းစားကာ စီးပွားဖြစ်လုပ်လာတော့ မကြာ ခင် ရခိုင်မှာ ဆင်တွေမျိုတုံးသွားမယ့် အန္တရာယ်ရှိနေတယ်၊ တောတောင်တွေကိုလည်း စစ်တပ်အတွက် ခုတ် ရ ဖြတ်ရ လွန်းလို့အားလုံး တောင်ကတုံးဖြစ်နေပြီ၊ နှစ်စဉ် ကမ္ဘာတ၀န်းမှာ သဘာဝ ကပ်ဘေးတွေ သင့်နေ တာတွေ ဟာ သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက် မထိန်းသိမ်းလို့၊ အလားတူ မြန်မာပြည်မှာလည်း သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ နာဂစ် ဆိုင်းကလုန်းအပါအ၀င် ကပ်ဘေးတွေ နှစ်စဉ် ခံစားနေရတာ အားလုံး အသိပါ”ဟု ခိုင်ဓူဝံက ဆိုသည်။
ရုရှားနှင့် တရုတ်က မြန်မာကို လေယာဉ်များရောင်း
05 March 2010 ဧရာဝတီ
ရုရှားနှင့် တရုတ် နိုင်ငံတို့က ၂၀၁၀ ခုနှစ်အတွင်း အရပ်ဘက်သုံး ခရီးသည်တင် လေယာဉ်နှင့် ကုန်တင် လေယာဉ်များ မြန်မာ နိုင်ငံသို့ ရောင်းချမည် ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြသည်။
ရုရှားမှ ယူနိုက်တက် လေယာဉ် ကော်ပိုရေးရှင်း (United Aircraft Corporation – UCA) က Antonov-148 (An-148) နှစ်စီးနှင့် တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန် ထုတ်ကုန် ကော်ပိုရေးရှင်း (China National Aero-Technology Import and Export Corporation – CATIC) က MA 60 ကုန်တင် လေယာဉ် သုံးစီးတို့ကို ယခုနှစ်အတွင်း မြန်မာသို့ ရောင်းချမည်ဟု ရုရှားမှ အီတာတာစ် သတင်းဌာနှင့် Flightglobal ဝက်ဘ်ဆိုဒ်တို့က အသီးသီးဖော်ပြသည်။
An-148 သည် ခရီးတိုပြေးအမျိုးအစားဖြစ်ပြီး ခရီးသည် ၉၀ ဆံ့သည်။ အများဆုံး ပျံသန်းနိုင်သည့်နှုန်းမှာ ကီလိုမီတာ ၅,၀၀၀ ဖြစ်ပြီး အမြန်နှုန်းမှာ တနာရီလျှင် ၈၂၀ မှ ၈၇၀ ကီလိုမီတာ ဖြစ်သည်။ An-148 တစီး၏ ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း၂၀ ခန့် ဖြစ်သည်။ ထို ရုရှားကော်ပိုရေးရှင်းမှပင် အီရန်နှင့် ကျူးဘားတို့က An-148 များ မှာယူဖူးသည်။
၂၀၀၉ ခုနှစ်အတွင်း ရုရှားက မြန်မာသို့ ယူရိုသန်း ၄၀၀ (အမေရိကန်ဒေါ်လာ သန်း ၅၇၀) နီးပါး တန်ဖိုးရှိမည့် MiG-29 ဂျက်တိုက်လေယာဉ် အစီး ၂၀ ရောင်းချမည့် စာချုပ်တရပ် ချုပ်ဆိုခဲ့သည်။
ယခုနှစ် စက်တင်ဘာတွင် မြန်မာသည် တရုတ် ကော်ပိုရေးရှင်းမှ လေယာဉ်များ ရရှိမည်ဖြစ်ပြီး တရုတ်အစိုးရ၏ ချေးငွေ အစီအစဉ် အကူအညီဖြင့် ဝယ်ယူမည်ဖြစ်သည်ဟု Xi'an Aircraft Industrial Corporation ကို ကိုးကား၍ Flightglobal ဝက်ဘ်ဆိုဒ်က ဖော်ပြသည်။ မြန်မာနိုင်ငံတွင် အိုဟောင်းနေပြီဖြစ်သော ဖော်ကာ F27 များကို သုံးနေရဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
စစ်အုပ်စုများရဲ့ ဥစ္စာဓနစုဆောင်းပွဲ
ရဲဘော်ဖိုးသံချောင်း (ခေတ်ပြိုင်မှ)
အခုတလော မြန်မာပြည်မှာ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ ကိစ္စတခုကတော့ နအဖဗိုလ်ချုပ်တွေဟာ
ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင်ကြေညာအသိပေးခြင်းမရှိဘဲ နိုင်ငံပိုင်ဓနများကို ပုဂ္ဂလိကပိုင်အဖြစ်
ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက်အပ်လိုက်ပြီ၊ အဲဒီ
သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ်ကိုယ်စားလုပ်နေတာ စတဲ့သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က
ကြားရတာမဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက်ကြားနေကြရပါတယ်။
ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ဦးစီးမှုနဲ့လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှမပြောသလို၊ ဘယ်သူကမှလည်း
မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါပစ္စည်းခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုးလုပ်နေကြတာဟာ ဗမာပြည်
သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင်သိမ်းတယ်ဆိုတာရဲ့နောက်မှာ အကြီးမားဆုံးပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲလုပ်မှုကြီးပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလစစ်အစိုးရဟာ ဆိုရှယ်လစ်စကားလုံးတွေ လေကြီးဟစ်ကျယ်ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်
အုပ်စုပိုင်လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာဝိသမလောဘသမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ်အရင်းအနှီးစုဆောင်းတာဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကိုဆက်ခံတဲ့ နအဖစစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေး တည်ဆောက်တယ်ဆိုပြီး အရင်းအနှီးခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့အပေါင်းပါတွေသာ ချမ်းသာသထက်ချမ်းသာလာတာကို မျက်မြင်တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။
ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခုဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကိုမဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ပြန်ပြောရရင် သူတို့တတွေဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့အိတ်ထဲထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေအဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက်မပြောရုံ တမယ်ပါပဲ။
မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်းကတော့ တရုတ်ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်အားလုံးဟာ ၀ိသမလောဘသမား အရင်းရှင်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာခွေးမချီနိုင်ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးပေါ်ခဲ့ပါတယ်။
အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလဗိုလ်ချုပ်တွေ
အတွေ့အကြုံနည်းလို့ ဒုက္ခရောက်ခဲ့တာတွေကို သင်ခန်းစာထုတ်ယူထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင်
သိမ်းလိုက်လို့ အလုပ်ရှုပ်ရတာမျိုး သူတို့က အဖြစ်မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ
ပြော၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးမီးပန်းတွေဖောက်လွှတ်နေလို့ ပြည်ပအရင်းအနှီးနဲ့ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှား
ပါတယ်။ ကောင်းတဲ့ အလားအလာရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်
ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာအကျိုးရှိမယ်၊ စားကွက်ရှိမယ်ဆိုရင် န၀တ၊ နအဖစစ်ဗိုလ်တွေဟာ အရှေ့က
ဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီးမှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ထိပ်သီးတွေ
အတွက် ခံစားခွင့်ပါဖို့ပါပဲ။
ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေကလာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်ကချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်ကစလို့ အစဉ်အလာတခုလို
ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုလိုဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့်
ဖြစ်ခဲ့တယ်မဟုတ်ပါလား။ နောက်ပြီး အဲဒီစားကွက်တွေအတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စုဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေးဗိုလ်မှူးကိုင်နိုကို သတ်
ပစ်ခဲ့တာ၊ ၁၉၇၀ စုနှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင်တရားစွဲတာ စတာတွေဟာ အဲဒီလိုဂိုဏ်းအုပ်စုနဲ့ စားခွက်ပြဿနာတွေကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသထိပ်သီးတွေဟာ
နယ်ခံအာဏာရှိသူတွေနဲ့ လုံးမိကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ
ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်ကစလို့ စစ်အုပ်စုထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက်ဆုံခဲ့ကြတာပါပဲ။
ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေပျောက်ကုန်ကြပါတယ်။
သူတို့ရဲ့ ရောင်းရင်းအပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန်ကြပါတယ်။ ဒိနောက်
၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေပေါ်တော့မှ စစ်အုပ်စုထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း
နိုင်ခဲ့ပါတယ်။ မဆလထိပ်သီးတွေဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့
ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံးသိပြီးမို့ အထူးရေးဖို့မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ်
အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်လုပ်ရေးကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင်ဖြစ်နေကြတာမှာ ဒီစားကျက်ကြီး
ပြန်ပျောက်သွားမှာစိုးနေတဲ့ အကြောင်းရင်းလည်းပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ဝင်းဝင်းပါ။
ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်းတို့ဟာ
အထက်မှာပြောခဲ့သလို ပြည်တွင်းကလုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့
ကတော့ အဲဒီလိုလူတွေအထဲက သူတို့အသုံးချမယ့်လူတွေကို ရှာဖွေမွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက
ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေးဆိုတာမျိုးတွေလည်း
ဖြတ်သန်းခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေကိုယ်စား နာမည်ခံစီးပွားရေးလုပ်ငန်းထောင်ပေးမယ့် လူတွေကိုလည်း
စိစစ်မွေးမြူတာလုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံလူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊
တူမပေးလို့တောင် မွေးယူကြပါတယ်။
အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စု
က စခဲ့တဲ့ မြန်မာပြည်စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ်လုပ်ကိုင်နည်းရဲ့ အဆက်တွေသာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်
အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ဘီအီးဒီစီပိုင်ကြယ်ငါးပွင့်လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ
ငါဘုရားလက်ထက်မှာ ဒေ၀ဒတ်ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရသလိုပါပဲ။
စစ်တပ် အကြမ်းဖက်ခံ မြန်မာအမျိုးသမီးများအရေး ဘန်ကီမွန်းထံ တင်ပြ
စိုးမိုး/ ၅ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)
စစ်တပ်က မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးနိုင်ရန် အမျိုးသမီးနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များနှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ယမန်နေ့က တင်ပြလိုက်သည်။
မြန်မာစစ်အစိုးရတပ်များက မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှုများကို ကာယကံရှင် အမျိုးသမီး (၁၂) ဦးတို့က ယခုလ (၂) ရက်တွင် သက်သေထွက်ဆိုခဲ့ကြပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးများနှင့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) တို့က စစ်ဆေးကြားနာခဲ့ကြပြီးနောက် ယင်းတွေ့ရှိမှုများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။
“အကြမ်းဖက်မှုတွေကို သက်သေထွက်ဆိုတာ (၁၂) ယောက်ရှိတယ်။ သက်သေထွက်ဆိုတဲ့အထဲမှာ ကချင်၊ ကရင်၊ ရခိုင်၊ ကူကီး၊ ဗမာ၊ ချင်း လူမျိုးစုံပါပါတယ်။ WLB အဖွဲ့ဝင် အဖွဲ့အစည်း (၁၃) ဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ WLB က အကောင်အထည် ဖော်သွားတာပါ” ဟု WLB သဘာပတိအဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) နှင့် နိုဘယ်လ်အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative) တို့က စစ်အစိုးရ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်ရာဇ၀တ်မှုများကို ကြားနာခဲ့ကြပြီး ယင်းကြားနာပွဲကို နိုဘယ်လ်ဆုရှင်များဖြစ်သော ဂျိုဒီဝီလီယံနှင့် အီရန်နိုင်ငံမှ Dr.Shirin Ebadi တို့က တရားသူကြီးများအဖြစ် ကြားနာခဲ့သည်။
ယခုကဲ့သို့ အမျိုးသမီးများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများကို ဖော်ထုတ်တင်ပြနိုင်ရန် ၂၀၀၈ ခုနှစ်ကတည်းက အဖွဲ့ဝင်အမျိုးသမီး (၁၃) ဖွဲ့ အကူအညီဖြင့် အချက်အလက်များ စုဆောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်တပ်၏ အကြမ်းဖက်မှုလုပ်ရပ်များကို စိတ်ဆိုးမိကြောင်း၊ လုံခြုံရေးကောင်စီ အပါအ၀င် မြန်မာ့အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း အသီးသီးနှင့်လည်း တင်ပြဆွေးနွေးသွားမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တုံ့ပြန်ခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရကို ချက်ချင်းအရေးယူဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း သိရသည်။
“ကျမတို့အနေနဲ့ အများကြီးတော့ မျှော်လင့်လို့ မရဘူး။ ယူအန်အနေနဲ့ ချက်ချင်းအကောင်အထည်ဖော်၊ ချက်ချင်း တခုခု ထလုပ်မယ်လို့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ စိတ်ဝင်စားမှု ပြတယ်။ ဒီပေါ်မှာ ဆက်ပြီးမှ အကောင်အထည် ဖော်မယ်။ လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု သူမက ပြောကြားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာစစ်အစိုးရကို ကလေးစစ်သား အသုံးပြုမှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အရေးယူပေးရန် ပြီးခဲ့သည့်နှစ်က တိုက်တွန်းထားပြီး ယခုနှစ်တွင် အမျိုးသမီးများအရေးကို ထပ်မံ တင်ပြမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းအပါအ၀င် မြန်မာ့အရေးကိစ္စများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးယူရန် ဆွေးနွေးခဲ့ဖူးသော်လည်း တရုတ်၊ ရုရှတို့က ကန့်ကွက်ခဲ့သဖြင့် မအောင်မြင်ဖြစ်ခဲ့သည်။
ဘန်ကီမွန်းကို ကေအဲန်ယူ မေတ္တာရပ်ခံ
မတ်လ ၅ရက်။ စောခါးစူးညား။ (ကေအိုင်စီ)
ကရင်ပြည်သူများအား ရန်သူသဖွယ် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေဖြင့် ဟန့်တားပေးပါရန် မေတ္တာရပ်ခံသည့် ကြေညာချက်စာတစောင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ထုတ်ပြန်လိုက်သည်။
စစ်အစိုးရ၏ တိုက်ခိုက်ခြင်းခံနေရသည့် ကရင်လူထုများကို နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ဒေသတွင်းလူထုများအနေ ဖြင့် ကိုယ့်အရေးလို သဘောထားကာ စာနာထောက်ထား ဖြေရှင်းပေးရန် ရည်ရွယ်၍ ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ယခုလို ပြောသည်။
“နအဖက ထိုးစစ်တွေပြုလုပ်ပြီး တိုင်းရင်းသားတွေကို ညှင်းပမ်းနှိပ်စက်တယ်။ အခု မြန်မာနိုင်ငံ ပြည်တွင်းထဲမှာ အိုင်ဒီပီ တွေကလည်း တောထဲမှာ ဒုက္ခရောက်နေကြတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းထဲက ဒုက္ခသည်တွေဟာ လည်း သူတို့ရဲ့ဘ၀ရပ်တည်ချက်ဟာ မသေချာ မရေရာ စိုးရိမ်နေရတဲ့ အနေအ ထားမှာ ရှိတယ်။ ဒါတွေကို ကျနော်တို့ မီးမောင်းထွန်းပြချင်လို့ပါ။ ကုလအနေနဲ့လည်း ဒီထက် နအဖ စစ်အစိုးရကို ထိရောက်တဲ့ ဖိအားမှုတွေ ပေးသင့်တယ်”ဟု သူက ပြောသည်။
ဆက်လက်၍ သူက ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းလိုကြောင်း၊ ကေအဲန်ယူသည် ပြည်သူအတွင်းမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ် သည့်အတွက် တော်လှန်းရေးကို ဆုံးခန်းတိုင် အောင်ပွဲရသည်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းနှင့် စစ် အစိုးရ အင်အားကြီးသည်ကို ကြောက်မနေဘဲ အမှန်တရားဘက်က မားမားမတ်မတ်ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာ့ပြည်တွင်းစစ် နှစ်(၆၀)ကျော်ကြာလာသည်နှင့်အမျှ အလားတူ မေတ္တာရပ်ခံချက်၊ ပန်ကြားချက်များ ကုလသမဂ္ဂသို့ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအား တွေ့ဆုံဆွေးနွေးပွဲစားပွဲခုံသို့ ရောက်အောင် ဆက်လက်စွမ်း ဆောင်ပေးနိုင်ရန်ကိုလည်း ကေအဲန်ယူ ကြေညာချက်တွင် ရေးသားထားသည်။
ထို့အပြင် ကေအဲန်ယူက ကရင်ပြည်သူများကို စစ်အစိုးရတပ် တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း မစ္စတာ ဘန်ကီမွန်း ထုတ်ဖော်ပြောကြားလိုက်သည့်အပေါ် ကြိုဆိုသော်လည်း ယင်းအကြောင်းတခုတည်းဖြင့် ပြည့်စုံလုံ လောက်လိမ့်မည် မဟုတ်သေးကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
ကရင်ဒုက္ခသည် ၁၀၀ ခန့် နေရပ်သို့ပြန်
သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
မတ်လ 04 ရက် 2010 ခုနှစ်
ထိုင်းမြန်မာနယ်စပ် အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေး ဒုက္ခသည် (၁၀၀)ခန့် ယနေ့နံနက်က နေရပ်သို့ ပြန်သွားကြသည်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ယမန်နှစ်ဇွန်လက နယ်စပ်သို့ ထွက်ပြေးလာသော ထောင်နှင့်ချီသည့် ဒုက္ခသည်များအား ထိုင်းအာဏာပိုင်တို့က နေရပ်သို့ အတင်းအကျပ် ပြန်ခိုင်းနေသဖြင့် ပြန်သွားကြခြင်း ဖြစ်သည် ဟု ဒုက္ခသည်တစ်ဦးက ယခုလိုပြောသည်။
“အိမ်ထောင်စု (၁၀) စုလောက်ရှိတယ်။ အခုထွက်နေတုန်းပဲ။ မဆုံးသေးဘူးပေါ့။ ဒါပေမယ့် လူဦးရေ ကတော့ ခန့်မှန်းခြေ (၁၀၀) ကျော်ရှိမယ်။”
လွန်ခဲ့သည့်နှစ်ပါတ်ခန့်က ထိုင်းနယ်စပ်စောင့်တပ်မှ ဓါတ်ပုံရိုက်ယူခဲ့ပြီး ရိက္ခာဖြတ်တောက် လိုက်သည့်အပြင် အ မျိုးမျိုး ဖိအားပေးခြိမ်းခြောက်ပြောဆိုခြင်း နေ့စဉ် ခံနေကြရသည်ဟု ၎င်းဆက်ပြောသည်။
“သူတို့ဘာဖြစ်လို့ထွက်ကြလဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဓါတ်ပုံလာရိုက်တယ်။ ထိုင်းစစ်သား အင်္ကျီအမဲနဲ့အဖွဲ့တွေ။ သူတို့ ဓါတ်ပုံရိုက်ပြီးတဲ့ လူတွေ ဒီမှာနေလို့ မရတော့ဘူး။ ဒီမှာနေလို့ရှိရင် ဖမ်းမယ် ပေါ့။ ဒီမှာ နေထိုင်ခွင့် မရှိတော့ဘူးပေါ့။ အဲလို လာပြောသွားတယ်။ ဒီမနက်ပဲ အဲတာကြောင့်မို့ သူတို့လည်း မနေရဲတော့လို့ ပြန်သွားကြတယ်။”
ထိုင်းနယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများက နေရပ်သို့ပြန်ရန် နေ့စဉ် လာပြောနေသည့် အပြင် ထုတ်ပေးသည့် ရိက္ခာ လုံလောက်မှုမရှိဟု ပြောသည်။
“မနေ့က ရိက္ခာလာထုတ်တာ အကုန်လုံးမရကြဘူး။ သူတို့စာရင်းအရ ၇၀၀ ကျော်ပဲ ပေးတယ်။ ကျ နော်တို့စာရင်းထဲမှာကျန်တာက ၁၁၃၀ ရှိတယ်။ တချို့လူက (၁၀) ယောက်ရှိတာ (၆) ယောက်ပဲရ တယ်။ လေးယောက်က ရိက္ခာမှမရတာ ဘယ်လိုလုပ် စားမလဲ။”
ပြန်သွားသူများမှာ မယ့်လာအားထာ့၊ မယ့်လာအားခီး၊ ဒေါ့ပနေ့ပူ စသည့်ကျေးရွာများမှ ဖြစ်ပြီး ယမန်နှစ်ဇွန်လက တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA နှင့် စစ်အစိုးရတို့ ပူးပေါင်း၍ ကရင်အမျိုးသားအစည်းအရုံး KNU တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် တိုက်ပွဲများနှင့်ဝေးရာ ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး လာသူ များဖြစ်သည်။
ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးရန် ကရင်အမျိုးသမီး အစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေး ဆပ်ကော်မတီအဖွဲ့တို့မှ ဖေဖော်ဝါရီလက ထိုင်းအစိုးရထံ မေတ္တာရပ်ခံ ထားသည်။
အမေရိကန်လွှတ်တော်အမတ် (၂၇) ဦးက ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့မည့်အရေးကို စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များအား ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ်ထံ ဖေဖော်ဝါရီလ (၄) ရက် နေ့က လက်မှတ်ရေးထိုး၍ စာရေးပေးပို့ခဲ့သည်။
တရားဝင်ပြန်ပို့ရေးကို ထိုင်းအစိုးရက ခေတ္တရပ်ဆိုင်းထားသော်လည်း ဖိအားပေးခြိမ်း ခြောက်ခြင်း၊ ရိက္ခာဖြတ် တောက်ခြင်း၊ စခန်းတွင်း အ၀င်အထွက်ကို အတင်းအကျပ် စစ်ဆေးခြင်းများကြောင့် စစ်ပြေးဒုက္ခသည်များ မ ကြာခန မြန်မာပြည်ဘက်သို့ ပြန်ဝင်ကြ သည်ဟု ဒုက္ခသည်များကို ကူညီပေးနေသည့် အဖွဲ့များက ပြောသည်။
မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်
04 March 2010 VOA သတင်းမှ
မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံက စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ၀ယ်ယူဖို့ လုပ်နေတာတွေကို ဟန့်တားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P J Crowley) က မနေ့တုန်းက ပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
“မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ အဆက်အဆံ ရှိတာတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ဒီနှစ်နိုင်ငံဟာ နျူကလီးယားကိစ္စမှာ ပူးပေါင်း ဆောင်ရွက်နေကြသလားဆိုတာ စိုးရိမ်မိတာပါ။ ဒါကြောင့်လည်း မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အတိုင်း နိုင်ငံတကာ အသိုင်းအ၀န်းက လိုက်နာကြဖို့၊ မြန်မာနိုင်ငံ ကိုယ်တိုင်လည်း ဒီဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ကျနော်တို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ကတော့ အပြန်အလှန် ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ။”
အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ ပြောသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲက မြောက်ကိုရီးယားက လက်နက်ရောင်းချမှုတွေကို တားမြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာစစ်အစိုးရက ထောက်ခံခဲ့တာဟာ တိုးတက်မှုတခု ဖြစ်ပေမဲ့ ဒီအတိုင်း ဆက်လက် ရပ်တည်သွားဖို့ နှစ်ဘက်အကြား ဆွေးနွေးပွဲတွေမှာ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။
မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက ထိတွေ့ ဆက်ဆံမှုတွေ လုပ်သွားမယ့် မူဝါဒတွေကိုပါ ကျင့်သုံးသွားဖို့ ကြေညာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ အပါအ၀င် ၂ နိုင်ငံကြား ဆက်ဆံမှုတွေ ၄ ကြိမ် ရှိခဲ့သလို မကြာခင် နောက်ထပ် တွေ့ဆုံဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူကတော့ နောက်တကြိမ် တွေ့ဆုံမှုတွေနဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးဘူးလို့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
(၁၀) တန်းစာမေးပွဲကာလ မန္တလေးမီးမလာ
စိုးမိုး/ ၄ မတ် ၂ဝ၁ဝ (ခေတ်ပြိုင် မှ)
ယခုလ (၁၀) ရက်မှ (၁၉) ရက်ထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးကပ်လာသည့် ကာလတွင် မန္တလေးမြို့တော်၌ လျှပ်စစ်ရရှိမှု တိုးတက်မလာကြောင်း သိရသည်။
“မန္တလေးက မီးမလာလဲ နေလို့ရတဲ့မြို့လို့ အစိုးရက ထင်နေတာခင်ဗျ။ တိုးမရပါဘူးဗျာ။ တရုတ်တွေနေတဲ့ သူဌေးရပ်ကွက်တော့ မသိဘူး။ မြို့သစ်ကတော့ မရဘူးခင်ဗျ။ တခါတလေ ဘယ်အချိန် မီးလာသွားလဲ မသိဘူး” ဟု မန္တလေး မြို့သစ်နေသူတဦးက ပြောသည်။
ရာသီဥတု ပူပြင်းသည့် မန္တလေးမြို့တော်တွင် လျှပ်စစ်မရရှိသဖြင့် (၁၀) တန်း ဖြေဆိုရန် ပြင်ဆင်နေသည့် ကျောင်းသားများမှာ မီးစက်များ၊ ဖယောင်းတိုင်များ အသုံးပြုနေရပြီး နှစ်စဉ် ကြုံတွေ့နေကြ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရကြောင်း (၁၀) တန်း ကျောင်းသားများ နေထိုင်သည့် ဘော်ဒါဆောင် ပိုင်ရှင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းအတွင်း ရန်ကုန်မြို့တော် အချို့မြို့နယ်များကို တရက်လျှင် လျှပ်စစ် (၁၈) နာရီထိ တိုးပေးသော်လည်း မန္တလေးတွင် လျှပ်စစ် ထပ်တိုးမရခြင်းဖြစ်သည်။
“တပတ်ကျော်လောက်ရှိပြီ။ အရင်က တရက်ကို တခါတလေ (၂) နာရီ (၃) နာရီလောက်ပဲလာတယ်။ အခု မနက်ပိုင်း (၆) နာရီ လာတယ်။ ညပိုင်းလာတယ်။ ဒါပေမယ့် တခြားရပ်ကွက်တွေ မလာဘူးလဲ ပြောနေတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လလယ်ပိုင်းအတွင်း မန္တလေးတိုင်း ရဲရွာ ရေအားလျှပ်စစ်စက်ရုံ စတင်လည်ပတ်မှုကြောင့် ရန်ကုန်မြို့တော် အချို့မြို့နယ်များကို လျှပ်စစ်ပေးချိန် ပိုတိုးပေးနိုင်လာကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့ရုံးက ပြောကြားသည်။

