လူမျိုးကောင်းစားအောင်လုပ်မှာလား? သူတို့ပဲကောင်းစားသွားမှာလား? ဒါပေမဲ့တခုတော့ပြောဖြစ်အောင်ပြောလိုက်ဦးမယ်။ သေသေချာချာမသေမချင်းမှတ်ထား။ မင်းတို့ရဲ့သားစဉ်မြေးဆက်ကိုလဲပြောပြသွား။ “မင်းတို့ကိုလုံးဝ လုံးဝ သောက်ထင်မကြီးဘူး”
ပညာတတ်ပြီး ချီးတွေနဲ့ပြည့်နေတဲ့ဦးနှောက်ပိုင်ရှင်များ
ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင် (၂)
ကေအိုင်စီ မှ
“NLD တိုက်ပွဲခေါ်သံ”
“လင်းယုန်ဌက်၏ အချိန်ကိုက်ထိုးသုတ်မှုနှင့်တူသော ဆုံးဖြတ်ချက်”
စိတ်ကူးယဉ်ဆောင်ပုဒ်တွေ မဟုတ်ပါဘူး။ NLD ရွေးကောက်ပွဲမဝင်ဖူးဆိုတာနဲ့ ထွက်ပေါ်လာတဲ့ ဆောင်းပါးခေါင်းစဉ်တွေပါ။ လက်တွေ့ NLD ဘဝကို ယှဉ်ထိုးချင့်ချိန်မိတဲ့အခါ အတော်လေး ရင်မောစရာပါပဲ။
အရင်ဆုံး “တိုက်ပွဲခေါ်သံ”နဲ့ “အချိန်ကိုက်ဆုံးဖြတ်ချက်”ဆိုတဲ့ စကားလုံးတွေကိုကြည့်ရင်ပဲ လက်တွေ့ဘဝနဲ့ အင်မတန် ကွာဟနေတာကို တွေ့ရပါမယ်။ တိုက်ပွဲခေါ်ရလောက်အောင် NLD မှာ ဘာမှအဆင်သင့်ဖြစ်ပုံ မပေါ်သေးပါဘူး။ လူစုံအောင် တောင် ခုမှ စစုနေရတဲ့ အခြေအနေပါ။
ဆုံးဖြတ်ချက်ချချိန်ကို ဆန်းစစ်ပြန်ရင်လည်း အတော်အားမလို၊ အားမရဖြစ်စရာပါပဲ။ ပါတီမှတ်ပုံမတင်မီ NLD မှာ ရက်ပေါင်း ၆၀ အချိန်ရပါတယ်။ ဒီအချိန်ဟာ ဆယ်စုနှစ်နဲ့ချီပြီး မလှုပ်နိုင်အောင် ထိန်းချုပ်ခံထားရတဲ့ အဖွဲ့တစ်ဖွဲ့အတွက် မဟာအခွင့်အ ရေးပါ။ လူပြန်စုတာ၊ ဆွေးနွေးတိုင်ပင်တာတွေနဲ့ နိုင်ငံပြောင်းလဲရေးအတွက် လှုံ့ဆော်ဖြန့်ချိရေးတွေ အင်မတန် လုပ်လို့ ကောင်းနိုင်တဲ့ ကြားကာလလေးပါ။
ဒါပေမယ့် ခုတော့ NLD က အခွင့်အရေးကိုစွန့်၊ စောစောစီးစီး သမားရိုးကျ လုပ်ရိုးလမ်းစဉ်ကိုသုံးပြီး စည်းဝေးတွေခေါ်၊ ဆုံး ဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် ချလိုက်တာဟာ ကိုယ့်ရဲ့အားနည်းချက်ကို အတည်ပြုပေးလိုက်သလိုပါပဲ။ တချက်ချင်းစီကြည့်ရရင်
၁။ NLD လို ပါတီကြီးတစ်ခုဟာ ဆုံးဖြတ်ချက်တစ်ခုကို ကလေးကလားပါတီတစ်ခုလို မြန်မြန်ဆန်ဆန် အလွယ်တကူ ချလို့မရ ပါဘူး။ သက်ရောက်မှုဟာ ဗမာတပြည်လုံးသာမက ဒေသတစ်ခုလုံးနဲ့ နိုင်ငံတကာအထိ သက်ရောက်မှုတွေရှိပါတယ်။ ခုတော့ ခံစားမှုကို ဦးစားပေးတဲ့ ဆုံးဖြတ်ချက်တခု ချတတ်တယ်။ နိုင်ငံရေးအရ နုနယ်သေးတယ်ဆိုတာ သက်သေပြလိုက်သလို ဖြစ် သွားပါပြီ။
၂။ လက်ရှိ စစ်အစိုးရဟာ သမရိုးကျ အုပ်ချုပ်ရေးအာဏာရယူပြီး အုပ်ချုပ်နေသူတွေမဟုတ်ပါဘူး။ သမရိုးကျ ရင်ဆိုင်ရင် ကိုယ့်ဖက်က အနာချည်းပါ။
၃။ တိုင်းပြည်ရဲ့တုံ့ပြန်မှုကိုကြည့်ရင် NLD ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်သူတွေရှိတာ တွေ့နိုင်ပါတယ်။ အသေအချာ ဆွေးနွေး ရှင်းလင်းမှုတွေ လိုအပ်နေခဲ့တဲ့ သာဓကပါ။
၎။ ရွေးကောက်ပွဲဝင်မဝင်ကို ဗြောင်မဲပေးပြီး ဆုံးဖြတ်တာဟာ ဒီမိုကရေစီနည်းလမ်းကျတယ်လို့ ထင်ကြပေမယ့် အမှန်တော့ သဘောမတူညီသူတွေကို ဖိအားပေးသလိုဖြစ်သွားပြီး ရေရှည်မှာကြိတ်ပြီး မကျေမလည်တွေ အစပျိုးလာနိုင်ပါတယ်။
၅။ လေ့လာစောင့်ကြည့်သူတစ်ချို့က NLD ရဲ့ ဆုံးဖြတ်ချက်ဟာ အခွင့်အရေးတခုကို လက်လွတ်လိုက်တာ၊ တိုင်းပြည်ရော ပါတီအတွက်ပါ အဆိုးဘက်ကို ရှေးရှုတဲ့ဆုံးဖြတ်ချက်လို့ အဆိုပြုနေကြတာတွေတောင် ရှိပါတယ်။ သူတို့မှားကြောင်း သက် သေပြနိုင်ဖို့ဟာ NLD အတွက် ဧရာမစိန်ခေါ်မှုကြီးတစ်ရပ်ပါ။
၆။ တိုင်းပြည်အတွက် NLD ပါတီဟာ ဒီမိုကရေစီစနစ်အပေါ် အခြေခံတည်ဆောက်သွားမယ်ဆိုတာ လူတိုင်း နားလည်ပါတယ်။ ဒါပေမယ့် စနစ်ဟာ ဝါဒမဟုတ်ပါ။ ပါတီရဲ့ခံယူချက်၊ ကြေငြာစာတမ်းတွေဟာလည်း ဝါဒမမည်ပါ။ လစ်ဘရယ်ဝါဒ၊ ဆိုရှယ်လစ် ဝါဒ စသည်ဖြင့် ပြတ်သားတဲ့၊ ပါတီကို စိတ်ဓါတ်အားဖြည့် ဦးဆောင်သွားမယ့် သဘောတရားတွေ လိုပါတယ်။ ခုတော့ ပုဂ္ဂိုလ် စွဲပါတီဘဝက မတက်နိုင်လို့ စစ်အစိုးရလှည့်သမျှ ခံနေရတာပါ။
ဒီလိုတွေပြောနေလို့ NLD ကို အတော်လေးထုထောင်းနေတာပဲဆိုပြီး ထင်သူတွေရှိနိုင်ပါတယ်။ မဟုတ်ပါဘူး။ ကြိုးဝိုင်းထဲဝင် မယ့် လက်ဝှေ့သမားကို သူ့ပျော့ကွက်တွေ သတိပေးရှင်းပြနေတဲ့အဆင့်သာသာပါ။ ဗမာပြည်က အစိုးရဆန့်ကျင်ရေး အင်အား စုတွေရဲ့ မဟာဗျူဟာမှာ လက်ရှိစစ်အစိုးရကို ဖြုတ်ချရေး၊ စစ်တန်းလျားပြန်ပို့ရေး စသည်ဖြင့် ဆင်တူကြတာရှိပေမယ့်၊ လက် တွေ့ဘဝ နည်းဗျူဟာမှာတော့ အတော်ကွာခြားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်သူကြီးဆွန်ဇု လမ်းညွှန်ချက်အတိုင်း ကိုယ့် ဖက်က လုံးဝ အဆုံးရှူံးမရှိဘဲ နိုင်အောင်မလုပ်နိုင်ရင်တောင် NLD တို့လို အင်အားစုတွေကို အထိအခိုက်နည်းစေချင်တဲ့ စေတ နာပဲ ရှိပါတယ်။
တခါ လက်ရှိအခြေနေကို ကြည့်ပြန်တော့
* အခုရွေးကောက်ပွဲရဲ့ ပဓာနအကျဆုံးအချက်ကတော့ စစ်တပ်ရဲ့အာဏာ မပျောက်ဆုံးသွားအောင် လုပ်ဖို့ပဲ ဖြစ်တယ်။ ရွေး ကောက်ပွဲဆိုတာရှိမှ အစိုးရကို ပြည်တွင်းနဲ့ ကမ္ဘာက တရားဝင် ဖြစ်သယောင်ယောင်ထင်မှ စစ်ဗိုလ်ချုပ်များ အသက်ရှူချောင် ထွက်ပေါက်ရမှာမို့ ဒီလမ်းကိုရွေးတာ ယုံမှားသံသယရှိစရာ မလိုလောက်အောင်ပါပဲ။
* စစ်အစိုးရက လုပ်ပိုင်ခွင့်ဆိုတဲ့ ရှိသမျှဖဲချပ်အားလုံးကို လက်ထဲကိုင်ထားပြီး NLD ရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်နေတာပါ။ NLD ဆုံးဖြတ်ချက်ချပြီးတာနဲ့ အပိုင်ပဲဆိုပြီး မျက်လှည့်ဆရာ သူ့ဦးထုပ်ထဲက ယုန်ကလေးတစ်ကောင် ဆွဲထုတ်ပြလိုက်သလို ကြံ့ဖွတ်ကိုပါတီ ဖွဲ့တော့မယ်ဆိုတာ ဘွားကနဲပေါ်လာတာပါပဲ။
* အုပ်ချုပ်မှုယန္တရားမှာ ရှိသူတွေရဲ့ တုံ့ပြန်မှုကိုကြည့်ရင်လည်း ရွေးကောက်ပွဲမဝင်တာနဲ့ ဥပဒေအရ တရားမဝင် ပါတီဖြစ်သွား ပြီဆိုပြီး ပြောတာတွေကိုထောက်ရင်လည်း ဥပဒေသက်ရောက်မှု သဘောသဘာဝကို နားမလည်ကြတာ၊ ရင့်ကျက်မှုမရှိတာ၊ အာဏာပြလိုတာနဲ့ အစိုးရိမ်လွန်တာတွေကို တွေ့နိုင်ပါတယ်။ ဘယ်လိုပြောပြော NLD အတွက်တစ်ခုမှ အကျိုးဖြစ်ထွန်းစရာ မမြင်ရတာ အသေအချာပါ။
* တခါ ခေတ်သစ်၊ စနစ်သစ်ကိုပြောင်းရာမှာ ပညာပေးမှု၊ ပြင်ဆင်မှုနဲ့ သတင်းလွတ်လပ်ခွင့်တွေ လိုအပ်ရာမှာ စစ်အစိုးရက ဘာမှမယ်မယ်ရရ မလုပ်တာကို တွေ့ရတယ်။ ပြည်သူပိုင်တွေကို နီးစပ်ရာ လူတွေလက်ထဲ ထိုးအပ်တာနဲ့ နယ်ခြားစောင့်တပ် ဆိုတဲ့ ပြည်သူတွေတင်မြှောက်တဲ့ အစိုးရက လုပ်ရမှာတွေကိုသာတွန်းပြီး လုပ်နေတာအားလုံးအမြင်ပါ။ အာဏာကို တနည်းတ လမ်းနဲ့ ဆက်ကိုင်ထားမယ့် အစီအစဉ်ရှိလို့ ရွေးကောက်ပွဲကို ခုတုံးလုပ်ပြီး လူလည်ကျတာလို့လည်း သံသယထားလို့ ရနိုင်ပါ တယ်။
* ဗမာပြည်ဟာ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီး အင်မတန်နုနယ်ပါသေးတယ်။ ကိုယ့်ထက် အများကြီး စောခဲ့တဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့တိုးတက်မှု အခြေအနေတွေကြည့်ရင် နိုင်ငံရေးရော စီးပွားရေးမှာပါ တိုးတက်ဖို့ ဘယ်လောက်အကန့် အသတ်ရှိသ လဲဆိုတာ ဒီကနေ့ မျက်ဝါးထင်ထင် မြင်နိုင်ပါတယ်။ ဥုံဖွဆိုပြီး ခုန်ပျံသွားလို့ မရတာကို ဆိုချင်တာပါ။
* ပါတီဆိုတာ သွားလိုတဲ့ခရီးတစ်ရပ်ကို ပို့ပေးတဲ့ယာဉ်တစ်စင်းသာသာပါ။ တိုင်းပြည်၊ အများပြည်သူ၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာနဲ့ စိတ်ဓါတ်တွေကသာ ပိုပြီး အခရာကျတာမို့ ပါတီဖျက်ခံရရင်လည်း မီးငှက်တစ်ကောင်လို ခန္ဓာသစ်နဲ့ ပြာပုံထဲကပြန်ပြီး လူးလဲ ထလို့ရတာ သာဓကတွေ အများကြီးပါ။
ဒီအချက်တွေကို ထောက်ပြီး NLD အနေနဲ့ လုပ်နိုင်တာတွေကို တွေးကြည့်တဲ့အခါ
◊ ပါတီတွင်း အဆင့်ဆင့်တွေ့ဆုံ ဆွေးနွေး၊ ရှင်းပြလို့ရပါတယ်။
◊ ရွေးကောက်ပွဲဥပဒေအရ ရက် ၆၀ ရတာဟာ စစ်အစိုးရ တရားဝင်ကြေငြာထားတာဖြစ်လို့ ဒီရက်မလွန်မချင်း NLD ဟာ တရားဝင်သေးတယ်။ ဆုံးဖြတ်ချက်ကိုပြင်ဆင်နိုင်ခွင့် ရှိသေးတယ်။ လှုပ်ရှားခွင့်ရှိသေးတယ်ဆိုတာကို တရားဝင်ကြေငြာ၊ လှုပ် ရှားလုပ်ကိုင်ကြရလို့ ရပါတယ်။
◊ ပါတီဆုံးဖြတ်ချက်ကို မကျေနပ်လို့ဆိုပြီး နားလည်မှုယူထားတဲ့ ပါတီဝင်တွေကနေ အသင့်ကြိုပြင်ထားပြီး ပါတီသစ်တစ်ခုကို ရက်လွန်ခါနီးအချိန်ကပ်ပြီး မှတ်ပုံတင်လိုက်လို့ရပါတယ်။ နာမည်ကို နောက်ဆုံး “ချုပ်”တစ်လုံးထဲဖြုတ်ပြီး မှတ်ပုံတင်ရင်တောင် ရပါတယ်။ အချင်းချင်း စည်းဝါးကိုက်အောင် လက်ဝါးရိုက်နိုင်ဖို့နဲ့ လူထုကောင်းကောင်းသိဖို့တော့ အင်တိုက်အားတိုက် လုပ် ဆောင်ဖို့ လိုပါမယ်။ (လုပ်ဖို့တော့ အားမပေးပါ။)
◊ ရွေးကောက်ပွဲဝင်ဝင်မဝင်ဝင် ပြည်သူဟာ ဒီပွဲမှာ အခရာပဲဆိုတာ သိမှတ်ဖို့နဲ့ တစ်သားထဲရှိအောင်လုပ်ဖို့ကတော့ အရေးအ ကြီးဆုံးပါပဲ။ ဥပမာကို အဝေးမှာတောင် သွားကြည့်စရာမလိုပါ၊ အမိန့်အာဏာသက်သက်နဲ့ အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရတောင် ရွေးကောက်ပွဲဆိုတာနဲ့ ပြည်သူတွေရဲ့ မေတ္တာစစ်မရရင်တောင် ထင်ယောင်ထင်မှားဖြစ်စေမယ့် အများအကျိုး လုပ်ဆောင်ချက် တွေကို ကြံ့ဖွတ်တွေသုံးပြီး လုပ်ကိုင်နေတာ အားလုံးအမြင်ပါ။
◊ အရည်အချင်းရှိ၊ အလားအလာရှိတဲ့ ခေါင်းဆောင်သစ်တွေကို မြန်နိုင်သမျှမွေးထုတ်ပြီး ဆန်းသစ်တဲ့ အတွေးအခေါ် နည်း လမ်းတွေသုံးပြီး ရွေးကောက်ပွဲမဝင်လို့ လျော့သွားမယ့်လူထုအင်အားကို ထေမိစေမယ့် ကြိုးပမ်းချက်တွေနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ လက်မခံကြောင်းပြနိုင်ဖို့ မီးကုန်ယမ်းကုန် အားစိုက်ရင်းနှီးပေးဖို့တွေပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဆိုဆိုအနှစ်ချုပ်ဆိုရရင်တော့ ဒီကနေ့အထိတွေ့နေရတဲ့ အခြေအနေတွေကိုကြည့်ပြီး အင်မတန် နုနယ်သေးတဲ့ ဗမာ ပြည်ရဲ့ ဒီမိုကရေစီခရီးတစ်ထောက် (စစ်အစိုးရနဲ့ အားပြိုင်ပွဲ)မှာ ထိပ်တိုက်ရင်ဆိုင်ရင်း ဒီမိုကရေစီဘက်တော်သားဆိုသူတွေ မရှုမလှ ပေးဆပ်နေကြရအုံးမှာကို မြင်ယောင်နေမိပါတော့တယ်။
မန်းကိုကို
၀၃၊ ၀၄၊ ၂၀၁၀
စစ်အစိုးရ ရွေးကောက်ပွဲ အားလုံးပါဝင်ခွင့်ရှိဖို့၊ ထိုင်းနဲ့ပြင်သစ် ထပ်မံတိုက်တွန်း
(VOA သတင်းမှ)
မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးအတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းအစိုးရက ပြောလိုက်သလို၊ မကြာခင်ကမှ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီးကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်း ထားတဲ့ နော်ရှိုးက အပြည့်အစုံကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရကကျင်းပဖို့ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲအတွင်း နိုင်ငံရေး အတိုက်အခံတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးပါဝင်ပိုင်ခွင့်ရရေးကို လိုလားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Chavanond Intarakomalyasut က ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောခဲ့ပါတယ်။
"မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး အားလုံးပါဝင်နိုင်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ အဲသလိုဖြစ်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် စစ်အစိုးရဘက်က ဘာအကူအညီပဲတောင်းလာလာ ကျနော်တို့က ကူညီဖို့အသင့်ပါ။ ပြည်တွင်းရေးကိုတော့ သွားရောက် မစွက်ဖက်ပါဘူး။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးဆုံး နိုင်ငံတွေထဲကတခုပါ။ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းတာကို မြင်ချင်ပါတယ်။ အဲဒါမှလည်း ကျနော်တို့အတွက် ပြဿနာတွေကို ပိုနည်းသွားမှာဖြစ်ပါတယ်။"
တခါ ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ခွင့် ရနိုင်မှသာလျင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်မယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Kasit Piromya က အေပီသတင်းဌာနဲ့ အမေးအဖြေလုပ်ရာမှာ ပြောခဲ့တာပါ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်မရတာနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရတယ်လို့  ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit က ပြောခဲ့တာကိုလည်း အေပီသတင်းမှာ ကိုးကားထားပါတယ်။
ထိုင်းအစိုးရဘက်က အခုလို ထုတ်ဖော်ပြောကြားမှုတွေရှိတာကြောင့် ဒီနေ့ ထိုင်းနိုင်ငံမှာကျင်းပမယ့် မဲခေါင်းမြစ်ဝှမ်း ၆ နိုင်ငံအစည်းအဝေးနဲ့ နောက်အပတ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွေ အတွင်းမှာလည်း ထိုင်းခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိလိမ့်မယ့်လို့ မျှော်လင့်ရပါတယ်။
တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နေပြည်တော်မှာ မြန်မာစစ်အစိုးရရဲ့  ဒုငံခြားရေးဝန်ကြီး ဦးမောင်မြင့်အပြင် တခြားစစ်ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးသံအမတ်ကြီး Francois Zimeray ကလည်း နိုင်ငံရေး အတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်တွေကို ပြောခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းကို ပြောပြခဲ့ပါတယ်။
"နိုင်ငံရေးအတိုက်အခံတွေကို ပါဝင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မပေးတဲ့ ရွေးကောက်ပွဲကို အယုံမကြည်ရှိနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner စကားပါးလိုက်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။"
အခုလိုပြောကြားချက်တွေကို စစ်ခေါင်းဆောင်တွေဘက်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ ဆိုတဲ့မေးခွန်းကိုတော့ သံအမတ်ကြီး Zimeray က ခုလိုပြောပါတယ်။
"သူတို့က တုံ့ပြန်တာက တဆင့်ပြီးတဆင့်သွားရမယ်။ ရောမမြို့ကို တရက်တည်းနဲ့ မဆောက်ဘူးတဲ့။ ဒါပေမဲ့ နေပြည်တော်ကိုကျတော့ ၂ နှစ်အတွင်း ဆောက်တယ်လို့ ကျနော်ကတော့ ပြန်ပြောလိုက်ပါတယ်။"
မြန်မာနိုင်ငံမှာရှိနေတုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေတချို့အပြင် တခြား လူထုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တချို့ကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်လို့ သံအမတ်ကြီး Zimeray က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းပေမဲ့ မရခဲ့ဘူးလို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေတဆင့် အခု ထိုင်းနိုင်ငံကိုရောက်နေပြီး မနေ့က အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ Surin Pitsuwan နဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အတွေးအမြင်ချင်း ဖလှယ်ခဲ့တယ်လို့ သံအမတ်ကြီး Zimeray က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၀ နေ့ကလည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရ မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ အားလုံး ပါဝင်ခွင့်မပေးထားတဲ့အတွက် စိတ်ပျက်ရကြောင်းနဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာ နိုင်ငံတကာက အယုံအကြည်ရှိနိုင်မှာမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
DKBA ခေါင်းဆောင် ခမ်းနားသော အိမ်သစ်တက်ပွဲကျင်းပ
ကျော်ခ | သောကြာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၀ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တပ်မဟာ ၉၉၉ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ နေအိမ်သစ်တက်ပွဲကို ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့မှ ရွှေကုက္ကိုမြိုင်ရွာကြီးရှိ ”ချစ်သူမြိုင်စံအိမ်” အိမ်သစ်တက်ပွဲကို ထိုင်းကချေသည်များ အပါအဝင် စတိတ်ရှိုးများ၊ အငြိမ့်သဘင်၊ ဘောလုံးပြိုင်ပွဲများနှင့် ဧည့်ခံခဲ့သည်။
“၂၄ ရက်နေ့ မနက် ၄ နာရီက ဘုန်းကြီးတွေပင့်ပြီး အိမ်တက်တရားနာတယ်။ ညပိုင်းကတော့ ၃ ရက်လုံး အဆိုတော်တွေ အလှည့်ကြဆိုကြတယ်။ အငြိမ့်လည်း ပါတယ်။ ကရင်အဆိုတော် ၂ ယောက်ဆိုပြီးရင် မြန်မာအဆိုတော် ၂ ယောက်၊ အဲသလိုဆိုတယ်” ဟု အမည်မဖော်လိုသော ၉၉၉ မှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ကျပ်သိန်း ၁ဝဝဝ နီးပါးအထိပင် ကုန်ကျနိုင်သည်ဟု သူက ခန့်မှန်းထားသည်။
အခန်း ၁ဝ ခန်း ခန့်ရှိ အိမ်သစ်အပေါ်ထပ်တွင် သံဃာတော် သီးသန့်ခန်းရှိကာ ရေကူးကန်နှင့် ဧည့်ဆောင် ဘန်ဂလိုများလည်း ပါဝင်သည်။
အိမ်သစ်တက်ပွဲသို့ မြဝတီမြို့တို့မှ ဒေသခံများအပြင် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံသားများလည်း သွားရောက်ကြည့်ရှု့ကြသည်။
DKBA တွင် တပ်မဟာ ၃၃၃၊ ၅၅၅၊ ၆၆၆၊ ၇၇၇ နှင့် ၉၉၉ ဟူ၍ ဖွဲ့စည်းထားပြီး စစ်သည်အင်အား အနည်းဆုံး တသောင်းခန့် ရှိမည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။
မြဝတီမြို့နယ် ရွှေကုက္ကိုကျေးရွာအခြေစိုက် တပ်မဟာ၉၉၉ ၏ ဗျူဟာမှူးဗိုလ်မှူးကြီး စောချစ်သူမှာ DKBA ခေါင်းဆောင်များအကြား ချမ်းသာကြွယ်ဝသူတဦးအဖြစ် ကျော်ကြားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ ၁၉၉၄ နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးရယူသွားသော DKBA မှာ နယ်မြေထိန်းချုပ်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊ အခွန်အကောက်ကောက်ပိုင်ခွင့်တို့ ရရှိခဲ့သည်။
အကဲခတ်များက မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် တရားမဝင်ပစ္စည်းများ တင်သွင်းမှုတို့ကြောင့် DKBA သည် အကျိုးမြတ်များစွာ ဖြစ်ထွန်းနေကာ အင်အားကြီးထွားလာခြင်းဖြစ်သည်ဟု ဆိုသည်။
နအဖစစ်အစိုးရမှ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့်နှစ် မေလက လက်ခံထားပြီးဖြစ်သည်။
(ကိုဝိုင်း တည်းဖြတ်သည်။)
အနီရောင်စာသားသည် Blogger၏ပေါက်ကွဲမှုဖြစ်သည်။
ကရင်နီမှ သဘာဝ သံယံဇာတ ဈေးနှစ်ဆ ထိုးတက်
သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်ဒေသအနီးတ၀ိုက်တွင် ထွက်ရှိသည့် သဘာဝ သံယံဇာတ တစ်ခုဖြစ်သည့် ခနောက်စိမ်းသည် ယခုနှစ်တွင် တစ်တန်လျင် ၁၀ သိန်းဝန်းကျင် ရှိသောကြောင့် ယခင်နှစ်များထက်စာလျင် ဈေးနှစ်ဆ တက်နေကြောင်း သိရသည်။
ယခင် ၂၀၀၇ နှင့် ၂၀၀၈ ၀န်းကျင်တွင် ၁ တန်လျင် မြန်မာငွေ ၃ သိန်းမှ ၅ သိန်းကျပ်ခန့်သာရှိပြီး ယခုဈေးပြန်လည်လှုပ်ရှားလာချိန်တွင် ၁ တန်လျင် ၈ သိန်းမှ ၁၀ သိန်း ၀န်းကျင်ခန့်အထိ ဈေးထိုးတက်နေသည်ဟု ခနောက်စိမ်း ကုန်သည် ပွဲစားတစ်ဦးက ပြောသည်။
“အလျူမီနီယံသတ္တုလေ၊ လေးမျိုးပြန်ခွဲထုတ်ရတယ်။ ရွေနည်းနည်းပါတယ်။ အလျူမီနီယံ သတ္တုကို ကားအင်ဂျင်တို့၊ ဆိုင်ကယ်ဘလောဂ့်တို့ ဘာတို့ ထုတ်တဲ့ဟာမျိုးမှာ အသုံးပြုတယ်” ဟုကုန်သည်ပွဲစားကပြောသည်။
ဆက်လက်ပြီး ၎င်းက “သူ့ဟာက ကမ္ဘာ့စီးပွားရေး တက်သလိုလိုက်တက်တယ်။ အခုက ၂၀၁၀ က ဒီရွေးကောက်ပွဲပြီးမယ် ဆိုလို့ရှိရင် ကမ္ဘာ့ဈေးကွက်တွေက နည်းနည်းပြန်လှုပ်ရှားမယ်၊ တခြားနိုင်ငံလည်း စီးပွားရေးနည်းနည်း ပြန်ဦးမော့လာပြီ ဆိုတော့ လိုက်လာမှာပဲ” ဟုပြောကြားသွားပါသည်။
ခနောက်စိမ်းများအား ကရင်နီပြည်နယ်ရှိ ဟိုယာ၊ ဘီယာ၊ ထူးချောင်း၊ ဒိုရော၊ ရိုကား၊ ဟာခရူ နှင့် ခွေ့တလုတ် စသည့်ကျေးရွာများတွင် တူးဖော်ရယူခြင်းဖြစ်သည်။
နောက်ဆုံးအသုတ် ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်
ရဲရင့်/ ၁ ဧပြီ ၂ဝ၁ဝ (ခေတ်ပြိုင်)
ထိုင်းဘက်မှမြန်မာဘက်သို့ ပြန်ပို့ရန် နောက်ဆုံးအသုတ်အဖြစ် ကျန်ရှိနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၆၅၃) ဦးကို ယမန်နေ့က မြန်မာဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်းများဖြစ်သည့် နောင်ဘိုးရွာမှ (၁၀၃) ဦးနှင့် မဲ့အူးစူရွာမှ (၅၅၀) ဦးတို့ကို ထိုင်းအာဏာပိုင်များနှင့် အစိုးရမဟုတ်သောအဖွဲ့များ၏ စီစဉ်ပေးမှုဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
နေရပ်ပြန်သည့်ဒုက္ခသည်များ မြန်မာဘက်ခြမ်းတွင် စားသောက်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က (၃) လစာ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးပြီး ကျန်အလှူရှင်အဖွဲ့များက အိုးခွက်ပန်းကန်၊ စောင်၊ ခြင်ထောင်နှင့် ဖျာများ ပေးဝေကြသည်။
နေရပ်ပြန်သည့် ဒုက္ခသည် စောဖားသူးက “အမှန်အတိုင်းပြောရရင် ဟိုမှာပြန်နေတာက ဘာကိုမှ စိတ်ချလက်ချနေလို့ မရသေးဘူး။ တောထဲတောင်ထဲမှာ မိုင်းအန္တရာယ်ကလည်း ရှိသေးတယ်။ ဒီကေဘီအေနဲ့ ဗမာစစ်တပ်ရန်က ရှိသေးတယ်။ ဒီလို ဒုက္ခတွေ မကြုံဖူးတော့ ဘယ်သူမှ ကိုယ်ချင်းစာတတ်မှာမဟုတ်ဘူး။ ငါတို့မပြန်ချင်ပေမယ့် အခြေအနေက မပြန်လို့ မဖြစ်တော့ဘူး” ဟု ပြောသည်။
ပြန်ပို့မှုကို ဦးဆောင်ခဲ့သည့် ထိုင်းရိန်းဂျားတပ်ဖွဲ့ (ထပ်ဟန်ဖန်း) မှ ဗိုလ်မှူးကြီးနုပ်ဖဒွန် ၀ချီရကျစ်ဘာဝန်က “သူတို့အားလုံး သူတို့ဆန္ဒအရ ပြန်သွားကြတာဖြစ်တယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့တွေကလည်း စားနပ်ရိက္ခာတွေ စီစဉ်ပေးပါတယ်။ ကျနော်တို့ကတော့ ပြန်နိုင်ဖို့နဲ့ လုံခြုံရေးအတွက် စီစဉ်ပေးပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ယခု ပြန်ပို့ခံရသူများသည် ယမန်နှစ်ဇွန်လက ထိုင်း-မြန်မာနယ်စပ်အနီး ဒီကေဘီအေ၊ နအဖပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တို့ တိုက်ပွဲရက်ရှည်ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာကြသည့် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ ရွာသားများဖြစ်သည်။
တိုက်ပွဲများဖြစ်ပွားစဉ်က ထွက်ပြေးလာသည့် စစ်ပြေးဒုက္ခသည်များမှာ (၄,၀၀၀) ခန့်ရှိပြီး တိုက်ပွဲများပြီးဆုံး၍ တလခန့်တွင် စစ်ပြေးဒုက္ခသည် (၁,၈၀၀) ခန့်မှာ ၎င်းတို့ဆန္ဒအရ နေရပ်ပြန်သွားကြသည်ဟု ထိုင်းဘက်က ပြောသည်။
ကျန်လူများမှာ ၎င်းတို့ဆန္ဒအရ အုပ်စုလိုက် အလီလီနေရပ်ပြန်နေကြသဖြင့် ယမန်နေ့က နေရပ်ပြန်ကြသူများမှာ နောက်ဆုံးအသုတ်ဖြစ်ပြီး လက်ရှိ ထိုင်းနယ်စပ်တွင် စစ်ပြေးဒုက္ခသည်များ မရှိတော့ဟု ထိုင်းလုံခြုံရေးအဖွဲ့က ပြောသည်။
မြန်မာနိုင်ငံတွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်ခွင့်နှင့် ယာယီခိုလှုံခွင့်များ ပေးထားသော်လည်း တိုက်ပွဲများ ပြီးဆုံးသွားချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လေ့ရှိသည်။
နေရပ်ရင်းပြန် ကရင်ဒုက္ခသည် ကလေးတဦး ဗုံးဒဏ်ကြောင့် သေဆုံး
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်မြို့နယ် အတွင်းမှာရှိတဲ့ မယ်အုစု ယာယီဒုက္ခသည် စခန်းက ကရင်ဒုက္ခသည် ၈၀၀ နီးပါးဟာ ဒီနေ့ နောက်ဆုံးထားပြီး နေရပ်ရင်းကို ပြန်နေကြပြီ ဖြစ်ပါတယ်။ သူတို့ ပြန်သွားတဲ့ နယ်မြေဟာ စစ်ပွဲအတွင်းက ကျန်ရှိတဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတဲ့ နယ်မြေဖြစ်ပြီး မနေ့ကတင် ဗုံးတလုံး ပေါက်ကွဲခဲ့တာကြောင့် ၆ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ်ခရိုင် ထာ့ဆောင်ယန်မြို့နယ် အတွင်းမှာ ယာယီဒုက္ခသည်စခန်း ၃ ခုရှိပြီး အဲဒီက ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့နှစ် ဇွန်လအတွင်းက မြန်မာစစ်တပ်ရဲ့ ထိုးစစ်ကြောင့် ထိုင်းနိုင်ငံအတွင်းကို လာရောက် ခိုလှုံနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနှစ် ဇန်န၀ါရီ လကုန်ပိုင်းမှာတော့ မြန်မာပြည်ဘက်မှာ တိုက်ပွဲတွေ မရှိတော့လို့ သူတို့ကို နေရပ်ရင်း ပြန်ဖို့အတွက် ထိုင်းအာဏာပိုင်တွေဘက်က စတင် စီစဉ်လာခဲ့ပြီး ဒီကနေ့မှာတော့ မယ်အုစု ယာယီစခန်းက ဒုကသည်အကုန် နေရပ်ရင်း ပြန်ကြပြီလို့ စခန်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“မနေ့က ပြန်ကြတာ၊ သူတို့ အခု အကုန်လုံး ပြန်ကြပြီ။ အိမ်ထောင်စု ၁၂၀၊ လူဦးရေက ၇၀၀ ကျော် မယ်အုစုကနေ ပြန်ကြတာ။”
အခြား စခန်းတာဝန်ရှိသူ တယောက်ကတော့ အမျိုးသမီးနဲ့ ကလေး အပါအ၀င် ပြန်သူစုစုပေါင်း ၇၈၅ ယောက် ရှိတယ်လို့ ပြောပါတယ်။
ထာ့ဆောင်ယန်မြို့နယ်က အခြား ယာယီစခန်းတခု ဖြစ်တဲ့ နောင်ဘိုးစခန်းက ပြန်သွားသူတွေရဲ့ အခြေအနေကိုတော့ တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။
“ကျနော်တို့ဘက်မှာလည်း မနေ့က စထွက်တယ်။ ဒီနေ့ သူတို့ ကုန်တယ်ပေါ့နော်။ မိသားစု ၂၁ စု၊ လူဦးရေ ၁၀၈ ယောက်ပေါ့။ ပြီးတော့ အခု ဒီဘက်မှာ တာဝန်ယူနေတဲ့ ထိုင်းစစ်သားတချို့ပေါ့နော်၊ နယ်စပ်က စစ်သားတွေလည်းပဲ တာဝန်ကျတဲ့ တခြားနေရာကို ပြန်သွားရမယ်လို့ ပြောသံကြားတာပေါ့။”
နောင်ဘိုးစခန်းက ထွက်ခွာသွားသူတွေ တချို့ကတော့ နေရပ်ရင်း မြန်မာပြည်ဘက်ကို မပြန်ဘဲ ထိုင်းနိုင်ငံအတွင်းက အခြားဒေသတွေမှာ ခိုလှုံနေတယ်လို့ ပြောပါတယ်။
ကျန်စခန်းတခုဖြစ်တဲ့ မယ့်စလစ်စခန်းက အခြေအနေကိုတော့ ဆက်သွယ်လို့ မရပါဘူး။
ယာယီစခန်း ၂ ခုက ပြန်သွားတဲ့ ဒုက္ခသည်တွေကို TBBC ခေါ် ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့ပေးနေတဲ့ အဖွဲ့က တလစာ ရိက္ခာ ထုတ်ပေးပြီး သူတို့ကို သုံးလအထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
လွန်ခဲ့နှစ်က ဒီယာယီစခန်း ၃ ခုကို ရောက်လာတဲ့ ဒုက္ခသည် စုစုပေါင်းဟာ ၃,၀၀၀ လောက် ရှိမယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက ခန့်မှန်းပါတယ်။
ထိုင်းအစိုးရက ယာယီဒုက္ခသည်တွေကို ပြန်ပို့ဖို့ စတင် စီစဉ်ခဲ့တုန်းက ဒုက္ခသည်တွေ ပြန်ရမယ့် နေရာဟာ စစ်ပွဲအတွင်းက ကျန်ရှိနေတဲ့ မြေမြှုပ်မိုင်းတွေ မရှင်းလင်းရသေးတာကြောင့် ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့ ၃၅ ဖွဲ့နဲ့ အမေရိကန် လွှတ်တော်အမတ် ၂၇ ယောက်က အတင်းအကျပ် ပြန်မပို့ဘို့ ထိုင်းအစိုးရကို ပန်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒေသခံ ထိုင်းစစ်တပ်တွေက ဖိအားပေးတာနဲ့ နေရေးထိုင်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည် တ၀က်လောက်ဟာ ဖေဖော်ဝါရီလကတည်းက ပြန်ခဲ့ကြတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
နေရပ်ရင်းပြန်သွားတဲ့ ဒုက္ခသည်တွေ လက်ရှိ ကြုံတွေ့ရမယ့် အခက်အခဲကိုတော့ ကရင်ဒုက္ခသည်ရေးရာ ကူညီရေးအဖွဲ့က စောရောဘတ်ထွေးက အခုလို ပြောပါတယ်။
“အဲဒီ ရိက္ခာနဲ့ ပတ်သက်တာတွေလည်း ရှိတယ်။ အဲဒီ Security မိုင်းဗုံးတွေလည်း ရှိတယ်။ ပြီးတော့ အဲဒီမှာ ပေါ်တာအနေနဲ့လည်း အခိုင်းခံရမယ်။ အခုလောလောဆယ်မှာ ဆိုရင် နအဖကလည်း သူတို့ကို စစ်သားစုဆောင်းရေးနဲ့ ပတ်သက်ပြီး စစ်သားခေါ်ချင်လည်း ခေါ်နိုင်တယ်။ ဒါတွေ အခက်အခဲတွေတော့ ရှိတယ်။”
မယ်အုစုစခန်းက အမည်မဖော်လိုတဲ့ တာဝန်ရှိသူ တယောက်ကတော့ မနေ့က စစ်ပွဲလက်ကျန် အမ် ၇၉ ဗုံးသီးတလုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးတယောက် သေသွားတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ကရင်သတင်းစဉ်က အယ်ဒီတာ နန်းဖောဂေက အခုလို ပြောပြပါတယ်။
“မနေ့ နေ့လယ်ကဆိုရင် ဒီ မယ့်လအားစီးရွာက ကလေးလေး ၂ ယောက်ဆိုရင် သူတို့က စောပြီး ကြိုပြန်နှင့်တဲ့ အဖွဲ့တွေပေါ့။ ကျမ ထင်တာတော့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီကတည်းက ပြန်သွားတဲ့ လူတွေထဲက အဲဒီကလေးလေး ၂ ယောက်က တောင်ယာတဲဘေးနားမှာ မနှစ်က တိုက်ပွဲဖြစ်တဲ့ အတောအတွင်းမှာ ကျည်ဆံမပေါက်ဘဲနဲ့ ကျန်တဲ့ ကျည်ဆံတွေ ရှိတယ်လေ။
“အဲဒီကျည်ဆံကို သွားဆော့မိတော့ ထပေါက်တယ်။ ကောင်လေးချည်းပဲ ၂ ယောက်။ ၆ နှစ်အရွယ် တယောက်က ဆုံးသွားပြီးတော့ သူ့ထက်ကြီးတဲ့ ကောင်လေးတယောက်ကတော့ အသည်းအသန်ပေါ့နော်။ ဒဏ်ရာ အပြင်းအထန်ရတဲ့ အနေအထားရှိတော့ သူတို့ မယ့်အုစုပေါ့၊ ဥသုထရှိတဲ့ မယ့်အုစုဘက် ပို့လိုက်တယ်လို့ ကြားတယ်။ အဲဒါ မနေ့က ဖြစ်တာနော်။ အဲလို အတိုင်းအတာ ဆိုရင်တော့ မနေ့က အကုန်ပြန်သွားတဲ့ လူတွေရဲ့ အခြေအနေက နောက်ပိုင်းဆိုရင် မဖြစ်လာဘူးလို့ ပြောလို့မရဘူး။ အသက်အန္တရာယ်ထိ ဖြစ်လာနိုင်တယ်။ ကလေးတွေက ဘာမှ နားလည်တာ မဟုတ်ဘူး။”
ဒီရက်ပိုင်းအတွင်း ပြန်သွားကြတဲ့ ဒုက္ခသည် အများစုဟာ ဘားအံခရိုင် ပိုင်ကျုံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ဖြစ်ပြီး သူတို့တွေဟာ မိမိသဘော ဆန္ဒအရ ပြန်သွားကြတယ် ဆိုပေမဲ့ ဒုက္ခသည်အရေး စောင့်ကြည့် လေ့လာသူတွေကတော့ အဲဒီအပေါ်မှာ သံသယ ရှိနေကြပါတယ်။
(VOA သတင်းမှ)
ကရင် နိုင်ငံရေး ပါတီသစ် မှတ်ပုံတင်လျှောက်
ကရင်ပြည်သူ့ပါတီ (Kayin People's Party – KPP) ကို ထင်ရှားသည့် ကရင်ဆေးပညာရှင် ဒေါက်တာ စောဆိုင်မွန်သာ အပါအ၀င် ကော်မတီဝင် ၁၅ဦးခန့်ဖြင့် လွန်ခဲ့သည့်မတ်လဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ကရင်အမျိုးသား အလံကို ပါတီ အလံ အဖြစ် အသုံးပြုမည် ဖြစ်သည်။
ယင်း ပါတီ အနေနှင့် ကရင်လူမျိုး အများအပြား နေထိုင်သော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မဲ ဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
စောဆိုင်မွန်သာသည် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာစစ်အစိုးရ အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ကျော်ကြား လာခဲ့သူဖြစ်ပြီး ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ ဥက္ကဌလည်း ဖြစ်သည်။
ထို့အပြင် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်၌ကျင်းပသော ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်သည့် ကရင်အမျိုးသား အစည်း အရုံး (KNU) ကိုယ်စားလှယ်အဖွဲ့နှင့် ထိုအချိန်က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်သည့် စစ်အစိုးရ ကိုယ်စား လှယ်အဖွဲ့ တို့၏ ငြိမ်းချမ်းရေး စကားဝိုင်းကို ၎င်းတို့က စီစဉ်ပေးခဲ့သည်။
ကရင်ပြည်နယ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗိုလ်မှူးကြီး သူမူဟဲ ဦးဆောင်သော ကရင် ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော KNU/ KNLA ငြိမ်းချမ်း ရေးကောင်စီနှင့် ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ နေစိုးမြ ဦးဆောင်သော အဖွဲ့ အပါအ၀င် ခွဲထွက် အဖွဲ့ ၆ ဖွဲ့ တို့က နိုင်ငံရေး ပါတီဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒမရှိကြောင်း သိရသည်။
စစ်အစိုးရကို ထောက်ခံသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအ သင်း (USDA) သည် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ အတွက် ကရင်လူမျိုးများကြား မဲဆွယ် စည်းရုံးနိုင်ရန် သြဇာရှိ၍ လူအများ လေးစားသော ကရင်ဘာသာရေး ခေါင်းဆောင်များ ၏ အကူအညီကို ရယူလျှက်ရှိကြောင်း ရန်ကုန်အခြေစိုက် ကရင်သတင်းရပ်ကွက်များ က ဆိုသည်။
လူအများလေးစားခံရသည့် ကရင်အမျိုးသား လည်း ဖြစ်သူ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း စောခင်စိုးသည် ကရင်ပြည်နယ်အတွင်း USDA အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သဘောတူခဲ့ပြီးဖြစ်ကြောင်း DKBA နှင့် နီးစပ်သည့် သတင်းရပ် ကွက်တခုက ဧရာဝတီသို့ ပြောပြသည်။
စောခင်စိုးသည် မြန်မာစစ်အစိုးရက ယုံကြည်ရသူဟု ဝေဖန်မှုများရှိနေပြီး DKBA အဖွဲ့ဝင်များ အပါအ၀င် ကရင် လူထုကြား၌
လေးစား အသိအမှတ် ပြုခံရသူဖြစ်ကြောင်းလည်း သိရသည်။ သူသည် တချိန်က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံး၌ စစ်သံမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲ ကာလအတွင်း ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ ချုပ်(UKL) နှင့် ကရင်အမျိုးသားဒီမိုကရေစီကွန်ရက် (KNCD) စသည်ဖြင့် ကရင်နိုင်ငံရေးပါတီ ၃ ခု ဖွဲ့စည်းခဲ့ပြီး ယင်း တို့အနက်
KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထိုရွေးကောက်ပွဲ၌ အဓိကအတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခု အနက် ၁၀ ခုတွင် အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၊ ၈၈ မျိုး ဆက် ကျောင်းသားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ဒီမိုကရက်တစ်ပါတီ ( မြန်မာနိုင်ငံ) နှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ ( တစည) တို့လည်း လျှောက်ထားပြီး ဖြစ်သည်။
စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုကြေညာခဲ့ပြီး ယခုလအတွင်း၌ပင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
(ဧရာဝတီ သတင်းမှ)
အနီရောင်စာသားသည် Blogger ၏ပေါက်ကွဲသံစဉ်ဖြစ်သည်။
လူမဆန်မှုသတင်း
တပ်မဟာ(၁) သထုံခရိုင်
- ဘီးလင်းမြို့နယ် ၂၇.၀၃.၂၀၁၀နေ့ DKBA 333မှ တပ်ရင်း(၃)၏တပ်မှူးဘိုလွဲ သည် မယ်ပြေးအုပ်စု ပဒါဒေါရွာ သား (၁)မောင်ရွှေသိန်း ၅၄နှစ်အားထိုးနှက်ရာ နံရိုး၁ချောင်းကျိုး၊(၂)ဦးယာ ၃၄နှစ်သည်လည်း ထိုးနှက်ခံရသဖြင့် နှုတ်ခမ်းကွဲ၊ (၃) စောလင်းထွန်း ၁၆နှစ် မှာလည်းခြေချော်ကျခဲ့၊ (၄) ဖိုးဝေ ၁၈နှစ် အား၃ချက်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။
တပ်မဟာ(၂) တောင်ငူခရိုင်။
- ၂၉.၃.၂၀၁၀နေ့ ၁၀း၃၀အချိန် တွင် ကော်သေးဒဲရွာသား စောလယ်စေး(၅၃)နှစ်နှင့် သူ၏မယား နော်ထီးဒို (၄၀)နှစ်တို့သည် သူတို့၏ ကွမ်းခြံထဲတွင် စကခ(၇)လက်အောက်ခံ ခမရ(၄၂၇) တို့ထောင်ထားသော မိုင်း အား တက်နင်းမိခဲ့သည်။ ထိုမိုင်းဒဏ်ကြောင့် စောလယ်စေး ခြေထောက်ပြတ်၊ နော်ထီးဒို ဦးခေါင်းတွင်ဒဏ် ရာ ရခဲ့သည်။
မြန်မာ့နိုင်ငံရေး တိုးတက်မှုအပေါ် အမေရိကန်မူ အခြေခံသင့်
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ပြဋ္ဌာန်းထားတဲ့ တချိန်တည်းမှာ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေကို အခြေခံပြီး အကူအညီတွေ ပေးနိုင်အောင် ပြင်ဆင်ထားသင့်တဲ့ အကြောင်း မြန်မာ့အရေး မူဝါဒ ဆန်းစစ် ဝေဖန်သူတွေက အကြံပေး ပြောဆိုလိုက်ပါတယ်။
ဝါရှင်တန်မြို့တော် Asia Society အဖွဲ့က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်လေ့လာရေး အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး အမေရိကန် ပြည်ထောင်စုဘက်က မြန်မာ့အရေး လုပ်ဆောင်သင့်တာတွေကို အကြံပေးလိုက်တဲ့ တချိန်တည်းမှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို တရားဝင် အသိအမှတ် ပြုတာမျိုးတွေ မလုပ်မိအောင် ရှောင်ရှားဖို့လည်း အမေရိကန် အစိုးရကို သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လက်ငင်းအကျိုးကို ကြည့်တဲ့ ပြောင်းလွယ် ပြင်လွယ် ထိတွေ့ဆက်ဆံရေး မူဝါဒကို ကျင့်သုံးဖို့ Asia Society အဖွဲ့ရဲ့ မူဝါဒ ဆန်းစစ်ရေးအဖွဲ့က အဓိက အမေရိကန် အစိုးရကို အကြံပေး တင်ပြပါတယ်။ ဒီအကြံပေးချက်တွေကိုပဲ မြန်မာပြည်ရဲ့ လက်ရှိ ပကတိ အခြေအနေနဲ့ အနာဂတ် အလားအလာ ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။
Asia Society အဖွဲ့ဟာ ၀ါရှင်တန်အခြေစိုက် အစိုးရလက်အောက်ခံ မဟုတ်တဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ရဲ့ အကြံပေးအဖွဲ့တွေမှာ အစိုးရ ထိပ်တန်း အရာရှိဟောင်းတွေ၊ သံအရာရှိတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ထည့်သွင်း ဖွဲ့စည်းထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်ရေး အဖွဲ့မှာလည်း အရင်က အမေရိကန် ပြည်ထောင်စု ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ဖူးတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ၀က်စ်လေ ကလာ့ခ် (Wesley Clark) က ပူးတွဲ သဘာပတိအဖြစ် တာဝန်ယူထားတာပါ။ သူက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“ပထမဆုံးအနေနဲ့ ကျနော်တို့က စစ်အစိုးရနဲ့ပဲ ထိတွေ့ ဆက်ဆံတာမျိုး မဟုတ်ဘဲ မြန်မာပြည်အတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ ဆက်ဆံရပါလိမ့်မယ်။ အထူးသဖြင့် အခုလို ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အချိန်၊ ဒီရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်လာဖို့ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာစစ်အစိုးရကို တောင်းဆိုရပါလိမ့်မယ်။”
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးမချင်း၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ အပြည့်အ၀ ပါဝင်ခွင့် မပေးမချင်း အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ပြဋ္ဌာန်းရလိမ့်မယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုက်ရိုက် စောင့်ကြည့် လေ့လာတာမျိုးတွေမှာ အမေရိကန် ပြည်ထောင်စုက မပါဝင်သင့်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဒီလို ပါဝင်မယ်ဆိုရင် အပြစ်အနာအဆာတွေ အများကြီး ရှိနေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ကိုယ့်ဘက်က တရားဝင် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
“အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒကို ချမှတ်ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အဓိက မဏ္ဍိုင်ပြုပြီး ဦးစားပေး စဉ်းစားရမယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေရပါလိမ့်မယ်။” လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ၀က်စ်လေ ကလာ့ခ်က ပြောပါတယ်။
ဒီလို အမျိုးသားဒီမိုကရေစီ အင်အားစုကို အဓိက မဏ္ဍိုင်အဖြစ် ထားပြီး သတ်မှတ်ဖို့ တိုက်တွန်းထားပေမဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ မပါဘူးလို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် NLD ရဲ့ အနာဂတ် ရပ်တည်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့်လည်း အဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံရာမှာ အခက်အခဲတွေ ရှိနိုင်တယ် ဆိုတာကို မူဝါဒ ဆန်းစစ်လေ့လာတဲ့ သူတွေက ၀န်ခံပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒကို နိုင်ငံတကာ အစိုးရတွေနဲ့ ပူးပေါင်းဆက်သွယ်ပြီး အကောင်အထည် ဖော်သင့်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီရင်ခံစာက အကြံပေးထားတာပါ။ မူဝါဒ ဆန်းစစ်လေ့လာရေး အဖွဲ့မှာ ပါတဲ့ USAID ခေါ် အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု အထောက်အကူပြုရေး အဖွဲ့ရဲ့ အကြီးအကဲဟောင်း ဟန်န်ရီတာ ဖိုး (Henrietta Fore) က အခုလို ပြောပါတယ်။
“စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့အတွက် အာရှဒေသတွင်း အဓိက နိုင်ငံတွေနဲ့ ပူးပေါင်း ဆက်သွယ် ဆောင်ရွက်တာမျိုး အမေရိကန် ပြည်ထောင်စုက လုပ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် တိုးတက်မှု ပိုရနိုင်ပါတယ်။ အာရှနိုင်ငံတွေရဲ့ အကြံပေးချက်နဲ့ ပံ့ပိုးတာကို အနောက်နိုင်ငံတွေနဲ့ စာရင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက ပိုပြီး လက်ခံနိုင်ပါတယ်။”
Asia Society ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်သံရုံး တာဝန်ခံအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ပရက်စီလာ ကလပ်ပ် (Pricilla Clap) က တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုသွားပါတယ်။ မြန်မာပြည် အခြေအနေတွေဟာလည်း ဒီ ဆယ်စုနှစ်အတွင်း ပြောင်းလဲမှုတွေ အများအပြား ရှိခဲ့တယ်ဆိုတာကို ထည့်သွင်းပြောဆိုပါတယ်။
ဒီလို အပြောင်းအလဲဆိုတာ ပြည်သူတွေရဲ့ လူမှုအဖွဲ့အစည်းအတွင်း လှုပ်ရှားမှုတွေ၊ အောက်ခြေပြည်သူတွေရဲ့ လှုပ်ရှားမှုတွေလို့ မစ်စ် ပရက်စီလာ ကလပ်ပ်က ပြောသွားတာပါ။
“မြန်မာနိုင်ငံ ပြောင်းလဲတိုးတက်လာအောင် ကျမတို့က ကိုယ့်ဘာသာလည်း လုပ်ပေးလို့ ရတယ်ဆိုပြီး ပြောတာမျိုး မဟုတ်ပါဘူး။ အပြောင်းအလဲတွေကို ပြည်တွင်းက စပြီး လုပ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီလို အရေးကြီးတဲ့နှစ်မှာ မြန်မာပြည်တွင်းက လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာဖို့ လိုသလို ကျမတို့ ဆောင်ရွက်ချက်တွေဟာ ပြည်တွင်းက အဖြစ်အပျက်တွေနဲ့ ညှိပြီး ဆက်စပ် လုပ်ကိုင်ဖို့ လိုပါတယ်။”
မြန်မာနိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေကို အခြေခံပြီး ပြည်တွင်းက အဖွဲ့အစည်းတွေ၊ ပြည်သူတွေကို အကူအညီ ပေးနိုင်အောင် ဆန်းစစ်လေ့လာသူတွေက အမေရိကန် အစိုးရကို အကြံပေးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲက နယ်စပ်ဒေသတွေက ပဋိပက္ခတွေ ချုပ်ငြိမ်းပါ့မယ်ဆိုတဲ့ အာမခံချက် မရှိတဲ့အတွက် နယ်ခြားဒေသကို ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ လက်ရှိ ဒုက္ခသည်တွေကို ပေးအပ်နေတဲ့ အကူအညီတွေကိုလည်း ဆက်ပေးဖို့ လိုတဲ့အကြောင်း မြန်မာ့အရေး လေ့လာဆန်းစစ်သူတွေက အစီရင်ခံစာကနေ အမေရိကန် အစိုးရကို အကြံပေး ထောက်ပြထားပါတယ်။
VOA သတင်းမှ
မြန်မာရွေးကောက်ပွဲ မိုင်းကွင်းကြီးကို သတိထား လျှောက်လှမ်းဖို့ အမေရိကန်ကို အာရှ လူမှုအဖွဲ့အစည်း သတိပေး
အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်တွေကို ချမှတ်ကျင့်သုံးမယ် ဆိုတဲ့အကြောင်း ထုတ်ပြန် ကြေညာပြီး နောက်ပိုင်း ဒီမူဝါဒသစ်ရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ လေ့လာ စောင့်ကြည့်သူတွေ အကြား ပြောဆိုဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုလည်း Asia Society အာရှ လူမှုအဖွဲ့အစည်းက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး “မြန်မာနိုင်ငံ လက်ရှိ ဖြစ်ရပ်မှန်များနှင့် အနာဂတ် ဖြစ်လာနိုင်ခြေများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင် ပြုစုလိုက်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဒီကနေ့ မကြာခင် နာရီပိုင်းအတွင်းမှာ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တော့မှာ ဖြစ်တာကြောင့် အစီရင်ခံစာမှာ ဘာတွေပါသလဲဆိုတာ သိနိုင်အောင် ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
စစ်အစိုးရက ချမှတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတဲ့အပြင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခွင့် မရအောင် ကန့်သတ် ထုတ်ပြန်ထားတာကြောင့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံ ထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ၂ ရက်အကြာမှာ ဒီ အာရှလူ့အဖွဲ့အစည်း အလုပ်အဖွဲ့ရဲ့ အစီရင်ခံစာ ထွက်လာတာပါ။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) အပါအ၀င် ထိပ်တန်း အစိုးရ အရာရှိတွေထံ တင်သွင်းမယ့် ဒီအစီရင်ခံစာထဲမှာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲ ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုမှာ တိုက်ရိုက် မပါဝင်သင့်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အပြစ်အနာအဆာ အကြီးအကျယ် ရှိနေတဲ့ ဒီရွေးကောက်ပွဲကို အမေရိကန် ပြည်ထောင်စုက ထောက်ခံအားပေးတယ်လို့ အမြင်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ ပါဝင်တဲ့ အဓိက အကြောင်းအရာ တချို့ကို အာရှလူ့အဖွဲ့အစည်း အလုပ်အဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ် တဦးဖြစ်တဲ့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို ပြောပြပါတယ်။
“အဓိက အကြံပြုချက်တွေကို ကြည့်မယ်ဆိုရင် တိုက်ရိုက် ထိတွေ့ ဆက်ဆံပြီး စကားပြောနေတဲ့ အပိုင်းကို ကျနော်တို့ မကန့်ကွက်ဘူး။ သို့သော် အဲဒီလိုမျိုး ထိတွေ့ဆက်ဆံမှုဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ပါဝင် ပတ်သက်နေတဲ့ အဓိက ဇာတ်ဆောင်တွေ အားလုံးနဲ့တော့ တွေ့ဖို့လိုတယ်။ နအဖ ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်သလို အဲဒီလိုပဲ တပြိုင်တည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တိုက်ရိုက်ဆွေးနွေးဖို့ လိုတယ်ဆိုတဲ့ အပိုင်းပေါ့။
“နောက်တခုကတော့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့၊ စီးပွားရေး ပိတ်ဆို့မှုတွေကို ဘယ်အချိန်မှာ ရုပ်မလဲ၊ ဘယ်အချိန်မှာ တင်းမလဲဆိုတဲ့ အပိုင်းတွေမှာ ကျနော်တို့ တင်ပြထားတဲ့ အပိုင်းကတော့ ဒါဟာ မြန်မာပြည်တွင်းမှာ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုပေါ့၊ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုတွေ အပေါ်မှာ၊ ရလဒ်အပေါ်မှာ မူတည်မယ်။ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီအပေါ် အခြေခံပြီး ဘယ်လို အချိန်အခါမျိုး၊ ဘယ်လို အခြေအနေမျိုးမှာ ပိတ်ဆို့မှုတွေကို လျှော့သင့်သလဲဆိုတဲ့ အပိုင်းပေါ့၊ ဘယ်လိုအခြေအနေမျိုးမှာ တင်းသင့်သလဲပေါ့။”
အခုနှစ်အတွင်း စစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေနဲ့ ညီညွတ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို အကြံပြုချက်ထဲမှာ ထည့်သွင်း ဖော်ပြထားတဲ့အကြောင်း ဒေါက်တာသောင်းထွန်းက ဆက်ပြောပြပါတယ်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း ကျနော်တို့က ရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီသလား၊ အင်အားစု အားလုံးက ကျေကျေလည်လည်နဲ့ တွေ့ဆုံဆွေးနွေးပွဲတခုက ချမှတ်တဲ့ Frame Work ထဲမှာ ဒါကို အားလုံး သဘာတူပြီးတော့ ယုံကြည်မှု ရှိရှိနဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်မလား၊ လွတ်လပ် တရားမျှတမှု ဘယ်လောက် အခြေခံသလဲ၊ အဲဒီအပေါ်မှာ ဒါကို ဆုံးဖြတ်သင့်တယ်။ အမေရိကန် အစိုးရ အနေနဲ့ ဒီ Position ကို တိုက်ရိုက်မယူဘဲနဲ့ ဒါဟာ မြန်မာပြည်သူလူထုရဲ့ အဓိကကိစ္စ ဖြစ်တယ်။ မြန်မာပြည်သူလူထုက ဆုံးဖြတ်ရမှာ။ ဒီလို အကြံပြုချက်တွေ ရှိပါတယ်။”
အမေရိကန်အစိုးရ အနေနဲ့လည်း မြန်မာစစ်ခေါင်းဆောင်တွေ ယုံကြည် စိတ်ချရလောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးအောင် တိုက်တွန်းရင်း အပြစ်အနာအဆာရှိတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ရာလည်း မရောက်၊ တရားမျှတတဲ့အကြောင်း ဖော်ပြရာလည်း မရောက်အောင် ရှောင်ရှားပြီး ဒီမိုင်းကွင်းကြီးကို သတိထား လျှောက်လှမ်း သွားရပေလိမ့်မယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တိုးချဲ့လာတဲ့ ဆက်ဆံရေးကို အထောက်အကူပေးဖို့ ၂၀၀၈ ခုနှစ် မြန်မာ့ကျောက်စိမ်း ပိတ်ပင်ရေး Tom Lantos စစ်အစိုးရ ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ဆောင်ချက်များ အက်ဥပဒေ (Jade Act) မှာ တောင်းဆိုထားတဲ့အတိုင်း အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်း ဆောင်ရွက်သူတဦး အမေရိကန် ပြည်ထောင်စုက ခန့်အပ်သင့်ပါတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးတဲ့ နေရာမှာ တိုင်းပြည်အတွင်း နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်ပြီး တိုးတက်တဲ့ နိုင်ငံရေးဖြစ်စဉ်၊ သိသာ ပြောင်းလဲမှု တစုံတရာ ဖြစ်ထွန်းလာစေရေးကို ဦးတည်တဲ့ အကူအညီမျိုးကိုသာ ပေးသင့်တယ်ဆိုတဲ့ အချက်ကိုလည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တိုင်းပြည်အတွင်းမှာ မတရား ဖမ်းဆီး ထောင်ချမှုတွေ၊ နယ်စပ်ဒေသ တလျှောက်မှာ ရှိနေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုတွေ ဆက်တိုက် လုပ်ဆောင်လာနေတာတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေထဲကို မြန်မာပြည်သားတွေ ထွက်ပြေးတိမ်းရှောင်ကြရာက ဒေသတွင်း မတည်ငြိမ်မှုတွေကိုလည်း ဖြစ်ပေါ်စေတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
Asia Society အာရှလူ့အဖွဲ့အစည်းရဲ့ အလုပ်အမှုဆောင် အဖွဲ့ကို အမေရိကန် ပြည်ထောင်စုက အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ ဒီမိုကရက်တစ် ပါတီရဲ့ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၀က်စ်လေ ကလာ့ခ် (Wesley Clark) နဲ့ USAID အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု အထောက်အကူပြုရေး အဖွဲ့ရဲ့ အကြီးအကဲဟောင်း ဟန်နရီရက်တာ ဖိုး (Henrietta Fore) တို့က ဦးဆောင်ပြီး သံတမန်ဟောင်းတွေ၊ အငြိမ်းစား အစိုးရ အဆင့်မြင့် အရာရှိတွေ၊ မြန်မာ့အရေး တက်ကြွစွာ လှုပ်ရှားနေကြသူတွေနဲ့ တခြား တတ်သိပညာရှင်တွေက ၀ိုင်းဝန်း အကြံပြု တင်ပြခဲ့ကြတာပါ။
ဒီအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစီရင်ခံစာကို အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ အာရှ လူမှုအဖွဲ့အစည်းရဲ့ ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် တင်ပြကြမှာ ဖြစ်ပါတယ်။
(VOA သတင်းမှ)
သြစတြေးလျရောက် မြန်မာများ ဆန္ဒပြ
ချင်းမိုင် (မဇ္ဈိမ) ။ ။ သြစတြေးလျနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီလိုလားသူများက ရွေးကောက်ပွဲ ဥပဒေများကို ဖျက်သိမ်းပေးရန် ကင်ဘာရာမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။
Joint Action Committee For Democratic Burma- JACDB ပူးပေါင်းအဖွဲ့မှ ဦးဆောင်သည့် ဆန္ဒပြသူ ၆ဝ ဦး က သြစတြေးလျအစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့၌ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲထိ တောင်းဆိုဆန္ဒပြခြင်းဖြစ်ကြောင်း အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။
“အဓိကကတော့ တဖက်သတ် မတရားထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာပါ။ နောက်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတရပ်ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပါဝင်ခွင့်ပြုဖို့ပေါ့နော်” ဟု JACDB အတွင်းရေးမှူး ကိုအောင်နိုင်က မဇ္ဈိမကို ပြောသည်။
JACDB အဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF (သြစထြေးလျ ဌာနခွဲ)၊ အမျိုးသားဒီမိုကရေစေီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သြစထြေးလျဌာနခွဲ၊ မွန်နေရှင်နယ် ကောင်စီ၊ သြစထြေးလျရောက် ကရင်အဖွဲ့ စသည့် အဖွဲ့ ၄ ဖွဲ့ဖြင့် ပေါင်းဖွဲ့ထားခြင်းဖြစ်သည်။
စစ်အစိုး၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်၍ ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထောက်ခံကြသည့် ယင်းဆန္ဒပြသူများက လက်ကိုင်ပိုစတာများ ကိုင်ဆောင် ထားကြပြီး “မတရားသည့် ရွေးကောက်ပွဲ ဥပဒေ အလိုမရှိ” “စစ်အစိုးရဖြုတ်ချရေး ဒို့အရေး” စသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရသည်။
မြန်မာသံရုံးက ဆန္ဒပြသူများ၏ ကြေညာချက်ကို လက်မခံခဲ့သော်လည်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများသို့လည်း ပေးပို့သွားမည်ဟု ဆိုသည်။
ယခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် မြန်မာရေတပ်နှင့် သြစတြေးလျ တော်ဝင်ရေတပ်တို့ ပူးတွဲကာ အိန္ဒိယသမုဒ္ဒရာ ကပ္ပလီကျွန်းစုရှိ ပို့ဘလဲယား ကမ်းရိုးတန်းတွင် စစ်ရေးလေ့ကျင့်မှုများ ပူးတွဲပြု လုပ်ခဲ့ သည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဗင် စမစ် ကလည်း ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိနိုင်ကြောင်း ပြောဆိုထားသည်။
ရွေးကောက်ပွဲတွင် NLD အပါအဝင် ပါဝင်သင့်သည့် နိုင်ငံရေးအင်အားစုများအားလုံး ပါနိုင်စေရန် စစ်အစိုးရက လမ်းဖွင့်ပေးရမည်ဖြစ်ပြီး သြစတြေးလျအစိုးရအနေဖြင့် အမေရိကန်အပါအဝင် မြန်မာ့ အရေး မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပူးပေါင်းကာ ဆက်လက် တွန်းအားပေးသွားမည်ဟုလည်း ဆိုသည်။
ယခင်တပတ်ကကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံ်ရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ လီဘောင်ဒေါင်းက မြန်မာ့အရေးကို ဆွေးနွေးစရာမလိုကြောင်း ပြောကြား ခဲ့သဖြင့် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံရေးအင်အားစု ၁၇ ဖွဲ့ဖြင့် ကလည်း တိုကျိုအခြေစိုက် တရုတ်သံရုံးရှေ့ တွင် တနေ့ ၂ နာရီခန့် ပူးပေါင်းဆန္ဒပြနေသည်မှာ ၃ ရက်ရှိပြီဖြစ်သည်။
“တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေဘက်က ထောက်ခံပေးနေမှုတွေရပ်ဖို့ ‘Stop China Support to Burma Regime’ ‘China Should be a good Neighbor’ ‘Free Aung San Suu Kyi’ စတဲ့ ဆိုင်းဘုတ်တွေကိုထောင်ပြီး အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ Fedration of workers' union of Burmese citizens (in Japan)-FWUB ဒုဥက္ကဋ္ဌ ကိုဘုန်းလှိုင်က မဇ္ဈိမကို ပြောသည်။
ဂျပန်နိုင်ငံရှိ ယင်းဆန္ဒပြပွဲကို Joint Action Committee of Burmese (JAC) ပူးပေါင်းအဖွဲ့မှ ဦးဆောင် ကာ ယခုတပတ် သောကြာနေ့ထိ ဆက်တိုက်ပြုလုပ်သွားမည်ဟု သူက ဆက်ပြောသည်။
စစ်အစိုးရ၏ တရားမျှတမှု မရှိသော ဥပဒေများကို အခြေခံ၍ ပြုလုပ်မည့် လာမည့်ရွေးကောက်ပွဲကို ဂျပန်အစိုးရက ကန့်ကွက်ပေးရန်၊ စစ်အစိုးရအား ထောက်ပံ့ကူညီမှုများ မလုပ်ရန် ဥပဒေဖြင့် အတည်ပြု ပေးရေးနှင့် သံတမန်အဆင့် လျှော့ချသည်အထိ အရေးယူသွားရန် အဝေးရောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-ဂျပန်နိုင်ငံက တိုကျိုမြို့တွင် ယနေ့ပြုလုပ်မည့် ဂျပန်လွှတ်တော် အမတ်များသမဂ္ဂ အစည်းအဝေး တွင် တိုက်တွန်းမည်ဟုလည်း သိရသည်။
အန်အယ်ဒီပါတီကမူ “နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း”၊ “ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန်” တို့ကို ယခုလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီး အဖွဲ့ဝင်များ အစည်းအဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့သည်။
(ကိုဝိုင်းတည်းဖြတ်သည်)
အူးသူးထာ့စခန်းမှ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ကုန်ပြီ
မတ်လ ၃၁ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် အူးသူးထာ့ကျေးရွာရှိ စစ်ပြေးဒုက္ခသည်များသည် ယနေ့ နေရပ် သို့ ပြန်ကြကုန်ပြီဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မနက် ၅နာရီခန့်မှစ၍ စစ်ပြေးဒုက္ခသည် အိမ်ထောင်စုအချို့ နေအိမ်ရှင်းလင်းကာ ပြန်သွားကြပြီး စုစုပေါင်း အိမ်ထောင်စု (၁၂၀)မှ လူဦးရေ (၇၈၅)ဦးရှိ အဆိုပါ စစ်ပြေးဒုက္ခသည်များအတွက် ၃လစာ ရိက္ခာထောက်ပံ့ပေးပါက နေရပ်ပြန်မည့်အ ကြောင်း ပြီးခဲ့သည့် နှစ်ပတ်ခန့်က ထိုင်းအာဏာပိုင်များထံ သဘောတူ လက်မှတ်ရေးထိုးထားသည့်အတွက် ပြန်ရခြင်းဖြစ် ကြောင်း အူးသူးထာ့စခန်း တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ဒီမှာနေလို့ မရဘူးဆိုတာ ထိုင်းကတော့ ပြောထားပြီးသားပါ။ ရွာသားတွေက ၃လလောက် ရိက္ခာ ဆက်လက်ထောက် ပံ့ပေးမယ်ဆိုလို့ရှိရင် သူတို့ရပ်ရွာကို ပြန်ပါ့မယ်။ ထိုင်းကလည်း တီဘီဘီစီနဲ့တိုင်ပင်ပြီး ထောက်ပံ့ပေးမယ်လို့ သဘောတူခဲ့ တယ်။ မနေ့က ရိက္ခာထုတ်ပြီးတော့ ဆက်လက်ထောက်ပံ့ပေးမယ်လို့ တီဘီဘီစီက ပြောတယ်။ အဲဒါနဲ့ ဒီမနက် ၅နာရီ လောက်မှာ တချို့အိမ်ထောင်စုတွေက တဲအိမ်လေးတွေ ရှင်းလင်းလိုက်ပြီး ပြန်နေကြပြီ။ ဒီနေ့ အကုန်ပြန်ရမယ်”ဟု ပြော သည်။
ဒုက္ခသည်များ ယခုပြန်သည့် အစီအစဉ်သည် တဦးတယောက်မှ တာဝန်ယူ ပြန်ပို့ခြင်းမဟုတ်ဘဲ မြန်မာပြည်ဘက်ခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ မိမိတို့ဖာသာ ကျေးရွာသို့ ပြန်သွားခြင်းဖြစ်သည်။ ၎င်းဒုက္ခသည်များသည် ထိုင်းနိုင်ငံတွင် ခိုလှုံနေစဉ်အတွင်း ထိုင်းနယ်စပ်လုံခြုံရေးတပ်များ၏ အနုနည်းဖြင့် နေ့စဉ် လာရောက် ဖိအားပေးမှုဒဏ်ကို မခံနိုင်သောကြောင့် ပြန်ရခြင်းဖြစ်သည်ဟု အူးသူးထာ့စခန်း ကော်မတီဝင်တဦးက ပြောသည်။
“အမှန်အတိုင်း ပြောရမယ်ဆိုရင် ရွာသားတွေ မပြန်ရဲကြသေးဘူး။ ထာ့ဟာဖန်း(ထိုင်းအာဏာပိုင်)တွေက စခန်းထဲကိုဝင်လာ ပြီး ဒါ ခင်ဗျားတို့နိုင်ငံမဟုတ်ဘူး။ ခင်ဗျားတို့ နေလို့မရဘူး။ နေ့တိုင်း ၀င်ပြောတယ်။ နေပူကျဲကျဲအောက်မှာ တာလပတ်နဲ့ နေရ တဲ့အပူက တမျိုး။ ထိုင်းက လာပြီး ဖိအားပေးတဲ့အပူက တဖုံဆိုတော့ ဒီအပူနှစ်ခုကြားမှာ ရွာသားတွေလည်း မခံနိုင်ဘူးလေ” ဟု ပြောသည်။
မဲ့လာအားထာ့ရွာသား စောယိုမူးက “ထိုင်းစစ်တပ်က အတင်းပြန်ခိုင်းနေတော့ ကြာကြာလာတော့ ကျနော်တို့လည်း မထူး တော့ဘူးဆိုပြီး သေသေရှင်ရှင် ပြန်တာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်တယ်။ သူတို့(ထိုင်း)ပြောတယ်။ ခင်ဗျားတို့ အခုပြန် တာ သူများမေးလာလို့ရှိရင် ကျနော်တို့ အတင်းပြန်ခိုင်းလို့ ပြန်ကြတာမဟုတ်ဘူးလို့ ပြောပါတဲ့။ အဲလို စကားတခွန်း ပါးလိုက် တယ်”ဟု ပြောသည်။
ပနွယ့်ပူရွာသူ နော်ထူးဝါးက ထိုင်းစစ်တပ် လာရောက်ပြောဆိုမှုကြောင့် မပြန်မဖြစ် ပြန်ရသော်လည်း မိမိကျေးရွာသို့ ပြန်နေ ထိုင်ရာတွင် မြေမြှုပ်မိုင်းဒဏ်ကြောင့် မည်ကဲ့သို့ လုပ်ကိုင်စားသောက်ရမည်ကို မသိသေးကြောင်း ပြောသည်။
အူးသူးထာ့ကျေးရွာမှ စစ်ပြေးဒုက္ခသည်များသည် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ ၀ါ့မီကလား၊ ပူးပေါ်လေး၊ ပနွယ့်ပူ၊ မဲ့လာအား ထာ့၊ မဲ့လာအားခီး၊ စေဖိုးခီးကျေးရွာများမှ ရွာသားများဖြစ်ကြသည်။
ထို့အပြင် နိုဘိုးကျေးရွာရှိ စစ်ပြေးဒုက္ခသည်စခန်း၌လည်း ယခုလဆန်းပိုင်းမှစ၍ ထိုင်းစစ်တပ်က ဒုက္ခသည်မိသားစုများကို ထိုင်းကျေးရွာများတွင် ဟိုတစု သည်တစု နေထိုင်စေခဲ့သည့်အတွက် လက်ရှိအချိန်တွင် အိမ်ထောင်စု (၂၀)ကျော်ခန့်သာ ကျန် ရှိသည်ဟု သိရသည်။
အဆိုပါ စစ်ပြေးဒုက္ခသည်များသည် ဖားအံခရိုင် လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်မှ ကရင်ရွာသားများဖြစ်ကြပြီး လွန်ခဲ့သည့် ၂၀၀၉ခု နှစ် ဇွန်လဆန်းပိုင်းက နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ ကေအဲန်ယူ တပ်မဟာ(၇)ကို ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်သို့ လူဦးရေ ၄,၀၀၀ကျော် ထွက်ပြေးရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးကြောင့် သွားလာရေး ပိတ်သည့်အတွက် တောင်ငူ ဒေသခံများ စီးပွားရေးထိခိုက်
မတ်လ ၃၁ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း၌ ပြီးခဲ့သည့်ရက်အနည်းငယ်က နယ်မြေခံ စစ်အစိုးရတပ်များ၏ ကားလမ်း သွားလာရေး ပိတ် ပင်ထားမှုကြောင့် ထိုဒေသရှိ ဥယျာဉ်ခြံစိုက်ပျိုးသူများမှာ စီးပွားရေး ထိခိုက်ရသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
တောင်ငူနယ်ခံတဦးက “စစ်တပ်တွေက သွားလာရေးပိတ်ထားတယ်လေ။ အဲဒီလိုပိတ်တော့ ကွမ်းစိုက်တောင်သူတွေက တောင်ငူမြို့မှာ သွားရောင်းချမဲ့ သူတို့ရဲ့ ကွမ်းရွက်တွေနဲ့ ခြံထွက်သီးနှံတွေဟာ ပျက်စီးကုန်တယ်လေ။ ကွမ်းရွက်ကလည်း မြို့ တက်ပြီး သွားမရောင်းခင် ကြိုတင်ခူးထားရတော့ အခုလို လမ်းပိတ်လိုက်တာ ရွာသားတွေရဲ့ဝင်ငွေကို အတော်လေး ထိခိုက် တယ်”ဟု ကေအိုင်စီကို ပြောသည်။
စစ်တပ်က မတ်လ ၂၅ရက်နေ့မှစ၍ ၂၉ရက်နေ့အထိ တောင်ငူ-ဘောဂလိကားလမ်းနှင့် တောင်ငူ-သံတောင်ကြီးကားလမ်းကို သွားလာခွင့် ပိတ်ထားသည့်အပြင် လူသွားလမ်းအချို့နှင့် ရွာဝင်ရွာထွက်နေရာများတွင်လည်း မသင်္ကာပါက စစ်ဆေးစိစစ်မှု များ ပိုမိုလုပ်ဆောင်လာသည်ဟုလည်း သိရသည်။
“အဲလိုကားလမ်းပိတ်ရတာက ဘာအတွက်ကြောင့်ဆိုတာ ကျနော်တို့ကို စစ်တပ်က တခါမှ မပြောဘူး။ ဒီရက်ပိုင်း သွားလာလို့ မရဘူး။ လမ်းပိတ်ထားတယ်။ အဲဒီလောက်ပဲ ပြောတယ်”ဟု အဆိုပါနယ်ခံက ပြောသည်။
ယင်းသို့ သွားလာရေးပိတ်ရခြင်းမှာ မတ်လ စတုတ္ထပတ်အတွင်း ပဲခူးတိုင်းသို့ နအဖ အကြီးအကဲများ လာရောက်သည့်အတွက် နယ်မြေခံတပ်များက ယခုလို လုံခြုံရေးချထားခြင်း ဖြစ်နိုင်သည်ဟု ကေအဲန်ယူ တပ်မဟာ(၂)မှ တပ်မှူးတဦးက ပြောသည်။
“ပြီးခဲ့တဲ့ ရက်တွေက တောင်ငူခရိုင်ဘက်ကို နအဖ စစ်ဗိုလ်ချုပ်ကြီးတွေ လာတယ်လို့ သတင်းရတယ်။ ဒီအတွက် သူတို့က လုံခြုံရေးဆိုပြီး ရွာသားတွေကို သွားလာရေး ပိတ်ထားတာဖြစ်မယ်”ဟု ပြောသည်။
ထိုရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ တောင်ငူခရိုင်၌ (၆၅)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လမ်းသစ်ဖွင့်ပွဲ၊ ရေလွဲဆည်ဖွင့်ပွဲများ ပြုလုပ်ခဲ့ရာ ၎င်းဖွင့်ပွဲအခမ်းအနားများသို့ နအဖ ၀န်ကြီးချုပ် အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင်အချို့ တက် ရောက်ခဲ့ကြသည်။
မတ်လ(၂၄)ရက်နေ့တွင် ပဲခူးတိုင်းရှိ ပြည်-ပေါက်ခေါင်း-တောင်ငူ ကားလမ်းကို ကတ္တရာလမ်းသစ်ဖွင့်ပွဲကို တောင်ငူခရိုင်၊ အုတ် တွင်းမြို့နယ်ရှိ ဗောဓိကုန်းကျေးရွာ၌ ကျင်းပရာ နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုနှင့် ပဲခူးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ် ချုပ်လှမင်းတို့ တက်ရောက်ခဲ့ကြသလို မတ်လ (၂၅)ရက်နေ့က ပြုလုပ်ကျင်းပသည့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဆီဆုံ ကုန်းကျေးရွာရှိ ရဲနွယ်ရေလွဲဆည် ဖွင့်ပွဲအခမ်းအနားကို နအဖ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုဗိုလ်ချုပ်ကြီးကိုကို တက်ရောက်ခဲ့ သည်ဟု ပြည်တွင်းထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
(တောင်ငူခရိုင် ဒေသခံများဖြစ်သည့် မော်နီဘွားမျိုးနွယ် အမျိုးသမီးလေးများ Photo-CIDKP)
ပဲခူးတိုင်းအတွင်းရှိ တောင်ငူခရိုင်မှ ဒေသခံရွာသူရွာသားများသည် ဥယျာဉ်ခြံဖြင့် အသက်မွေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ် ကြပြီး အဓိကအားဖြင့် ကွမ်းသီး၊ ကွမ်းရွက်၊ ဖာလာ၊ ဒူးရင်း၊ ဓညင်းနှင့် မင်းကွတ်ပင်များ စိုက်ပျိုးကာ မြို့ပေါ်မှ ဆန်၊ ဆီ၊ ဆား စသည့် မီးဖိုချောင်သုံးစားကုန်များနှင့် လဲလှယ်ဝယ်ယူရင်း အသက်ရှင် ရပ်တည်နေကြရသည်။
ရေသိုးကြီး-ဘောဂလိ-တောင်ငူကားလမ်းတွင် ယခင်က ကားများဖြင့် သွားလာမှုများခဲ့သော်လည်း ၂၀၀၆ခုနှစ်နောက်ပိုင်းတွင် ရွာသားများ၏ ကားများကို စစ်တပ်က ချောဆွဲမှုများနှင့် မိုင်းထိမှန်မှုကြောင့် ကားများ ပျက်စီးရသည့်အတွက် ယခုအချိန်တွင် ကားသွားလာမှု နည်းလာကာ ဒေသခံများမှာ ဆိုင်ကယ်ကိုသာ ပိုမိုအသုံးပြုလာကြသည်ဟုလည်း သိရသည်။

