ဒုက္ခသည်တွေရဲ့ လုံခြုံရေးကို ဦးစားပေးစဉ်းစားမည်ဟု ထိုင်းအစိုးရ ပြောဆို

VOA သတင်းမှ............

ထိုင်းနိုင်ငံအတွင်း ရောက်လာကြတဲ့ ဒုက္ခသည်တွေကို အခြေအနေတွေ တည်ငြိမ်မှုမရှိမချင်း နေရပ်အတင်း ပြန်ပို့ဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာနိုင်ငံက ဒုက္ခသည် ၁၆၆ ဦးကို ထိုင်းအာဏာပိုင်တွေက နေရပ် အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာကိစ္စနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထိုင်းအစိုးရကို ကန့်ကွက်ခဲ့ပြီးနောက်မှာ ထိုင်းအာဏာပိုင်တွေဘက်က အခုလို ပြောဆို လာတာပါ။ အပြည့်စုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ ဒီကေဘီအေ တပ်တွေနဲ့ မြန်မာစစ်အစိုးရတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ နိုဝင်ဘာလဆန်းပိုင်းအချိန်ကစလို့ ထိုင်း-မြန်မာနယ်စပ် ဒေသတလျှောက် တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာကြောင့် မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်းကို ထောင်နဲ့ ချီပြီး ထွက်ပြေးလာနေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကတော့ အဲဒီ ဒုက္ခသည်တွေထဲက ၁၆၆ ဦးကို ဦးနှောက် အမြှေးယောင် ရောဂါ ကူးစက်မှာ စိုးရိမ်တဲ့အကြောင်းပြချက်နဲ့ ထိုင်းအာဏာပိုင်တွေဘက်က နှင်ထုတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအ၀င် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေကြတဲ့ NGO အဖွဲ့အစည်းတွေက ထိုင်းအစိုးရကို ဒုက္ခသည်တွေကို နေရပ်အတင်းပြန်မပို့ဖို့ ကန့်ကွက်ခဲ့ကြတာပါ။

ထိုင်းအစိုးရအနေနဲ့ကတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအခြေအနေတွေ စိတ်ချရတော့မှပဲ နေရပ်ကို ပြန်ပို့လေ့ ရှိပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန် ၀ါတန်နာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။

“ဒုက္ခသည်တွေရဲ့ လုံခြုံရေးအခြေအနေတွေ စိတ်ချရပြီဆိုရင်၊ အခြေအနေတွေ ကောင်းမွန်ပြီဆိုရင်တော့ ဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ ပြန်ပို့လေ့ရှိပါတယ်။ ထိုင်းအရာရှိတွေအနေနဲ့လည်း ဒီဒုက္ခသည်တွေကို ပြန်ပို့လို့ရှိရင် သူတို့အတွက် ဒုက္ခမရောက်နိုင်ဘူးဆိုတာ သေချာအောင် လုပ်ဆောင်ပြီးမှ ဒုက္ခသည်တွေကို ပြန်ပို့ပါတယ်။” လို့ပြောသွားတာပါ။

ဒီဇင်ဘာ ၂၅ ရက်နေ့က ဒုက္ခသည်တချို့ကို အတင်းအကျပ် ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေဘက်က စီစဉ်ခဲ့တဲ့ ကိစ္စကို မေးကြည့်တဲ့အခါမှာတော့ ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဒေသမှာ နေထိုင်သူတွေ လုံခြုံ စိတ်ချမှု ရှိစေရမယ်ဆိုတဲ့ မူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်လို့ မစ္စတာ ပါနိတန်က ပြောပါတယ်။

“နယ်စပ်ဒေသမှာ နေထိုင်ကြသူတွေရဲ့ လုံခြုံ စိတ်ချရမှုရှိရေးဆိုတဲ့ မူဝါဒကို ထိုင်းအစိုးရအနေနဲ့ အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ တခါတလေဖြစ်တဲ့အခါ ဒီ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် ထိုင်းအရာရှိတွေက ဆောင်ရွက်တာမျိုးတော့ ရှိပါတယ်။ ဒီမူဝါဒကို လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ကျင့်သုံး လာတာလည်း နှစ်ပေါင်းများစွာ ရှိနေပါပြီ။” လို့ပြောသွားတာပါ။

ဒုက္ခသည်တွေ အခုလို အတင်းအကျပ် ပြန်ပို့ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေတွေ သိရှိနိုင်အောင် အာဏာပိုင်တွေအနေနဲ့ ကြိုးပမ်းနေပါတယ်လို့လည်း မစ္စတာ ပါနိတန်က ပြောပါတယ်။

ဒါပေမဲ့ ထိုင်းအစိုးရဟာ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်တာကြောင့် အခု မြန်မာနိုင်ငံဘက်ကရောက်လာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုဘူးလို့ သူက ဆက်ပြောပါတယ်။

“ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးမထားတဲ့အတွက် ဒီလူတွေကို ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံအနေနဲ့ အသိအမှတ် မပြုပါဘူး။ ဒါပေမဲ့ လူသားချင်း စာနာတဲ့အနေနဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ချိန်ကိုက်ပြီးတော့ ထိုင်းအစိုးရအနေနဲ့ ကိုယ်ပိုင် ဒုက္ခသည်များဆိုင်ရာ မူဝါဒကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။” - လို့ ပြောသွားတာပါ။

လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ဒုက္ခသည် ၁၆၆ ယောက် ပြန်ပို့တဲ့ကိစ္စ မဖြစ်ပေါ်ခင်ကတည်းက ထိုင်းအစိုးရနဲ့ UNHCR အကြား ဒုက္ခသည်တွေ ကူညီရေးဆိုင်ရာကိစ္စတွေမှာ အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်လို့ ဆိုပါတယ်။ အခုဖြစ်သွားတဲ့ ဒုက္ခသည်တွေ ပြန်ပို့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့လည်း UNHCR နဲ့ တိုက်ရိုက် စကား ပြောနေပြီး အခြေအနေ အဖြစ်မှန်ကို သိနိုင်ဖို့ ထိုင်းအာဏာပိုင်တွေဖက်က စုံစမ်းစစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ ဒုက္ခသည်တွေပြန်လို့ရနိုင်တဲ့အခြေအနေ မဟုတ်သေး တာကြောင့် ဒုက္ခသည်တွေကို နေရပ် အတင်းအကျပ် ပြန်မပို့ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထိုင်းအစိုးရကို ၀ိုင်းဝန်းတောင်းဆိုနေကြတာပါ။

Read More...

President Speech

President Speech to Karen New Year Pwo Karen

Read More...

President Speech to Karen New Year

President Speech to Karen New Year

Read More...

President Speech to Karen New Year

President Speech to Karen New Year Karen

Read More...

တိုက်ပွဲသတင်း

တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ဝေါ်လေဒေသထဲမှာ ဒီကေဘီအေ တပ်ဖွဲ့က နအဖ တပ်သား တဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးရရှိခဲ့ပါတယ်။ နအဖ တပ်သားကို ဖမ်းဆီးမိတဲ့ နေရာက အော့ကလေးထရွာ ပတ်ဝန်းကျင်က မော်သုထတောင်ကျောနေရာမှာ ဖြစ်ပြီး ဒီကေဘီအေ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့ တပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ နအဖ တပ်သာရဲ့ ဒီကေဘီကေ တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး ဆန်းအောင် မှ ခုလို ပြောပြပါ တယ်။ “မနေ့ ညနေပိုင်းက နအဖ တပ်မ ၅၂၅၊ စကခ ၁၉၊ ခလရ ၂၉၉၊ တပ်ခွဲ ၂ ၊ တပ်စု ၂ မှ ကိုယ်ပိုင်အမှတ် တ/ ၄၁၉ ၅၃၂ တပ်သား ဘာဘူ အသက် ၂၃ နှစ်ဟာ သူတို့ တပ်စခန်း တည်ဆောက်ရေးအေတွက် သစ်ဝါးခုတ်နေတုန်း ဒီကေဘီအေ အဖွဲ့မှ ဗိုလ်မော်ကဲကဲ ဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။ သူ့ကို မေးမြန်းကြည့်တော့ ထမင်းမစားရတာ သုံးရက်တောင်ရှိပြီ လို့လဲပြောတယ်။ သူတို့တပ်မှာ စားရေးသောက်ရေးအတွက် ရိက္ခာပြတ်လပ်လာတော့ ခုဆိုရင် ရွာသားတွေရဲ့ တောင်ယာ တွေမှာ သိမ်းထားတဲ့ စပါးတွေလည်း လိုက်ရှာပြီး ထောင်းစားနေရတယ်။ သူ့တပ်ထဲမှာလဲ ဗိုလ်ကျော်အေးဖြိုး နဲ့ ဗိုလ်ရဲလုကျော် ဆိုတဲ့ အရာရှိ နှစ်ယောက်ရဲ့ နာမည်ကိုပဲ သိတယ်”လို့ ပြောဆိုပါတယ်။

နေ့သစ် မှ..........

Read More...

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

VOA သတင်းမှ........

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။ သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်း၊ မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်တွေရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးစ ထိမှန်တာ၊ မိုင်းနင်းမိတာ၊ ပေါ်တာဆွဲခံရတာတွေ ဖြစ်နေတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ နေရပ်ရင်းက အလုပ်တွေကို ပစ်ထားပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

ထွက်ပြေး တိမ်းရှောင်လာသူတွေကို ထိုင်းက စစ်ပွဲတွေ ရပ်တာနဲ့ နေရပ်ရင်းကို ပြန်ပို့နေတာကြောင့် ဒုက္ခသည်တွေက နေရပ်ရင်းကို မပြန်ဘဲ သောင်ရင်းမြစ်တလျှောက် ကမ်းနားတွေက ၀ါးရုံရိပ်တွေမှာ နေနေကြသလို တချို့ ထိုင်းဘက်ခြမ်းက ပြောင်းခင်းတွေ၊ လယ်တဲတွေ၊ နီးစပ်ရာ မိသားစုဝင်တွေရဲ့ အိမ်အောက်တွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် အရေအတွက် ၈,၀၀၀ ကျော်ရှိကြောင်း ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ မယ်တော်ဆေးခန်းက တာဝန်ရှိသူလည်းဖြစ်၊ မဲဆောက်ဒေသဆိုင်ရာ တာဝန်ခံလည်းဖြစ်တဲ့ ဆရာနေဦးက အခုလို ရှင်းပြပါတယ်။
“၈,၂၀၀ ကျော်တယ်၊ အဲဒီမှာ ဧရိယာ ၄ ခုရှိတာပေါ့။ ဧရိယာ ၄ ခု ဆိုတာက ထဆောင်ယမ်း ဧရိယာရယ်၊ အုန်းဖန် ဧရိယာရယ်၊ ဖွတ်ဖ ဧရိယာရယ်၊ မဲဆောက် ဧရိယာရယ်ပေါ့။ အဲဒီမှာ ဆိုက်တွေ ဆိုက်တွေနဲ့ ခွဲထားတယ်။ အဲဒီမှာ ဆိုက် ၄ ခုဆိုရင် လူဦးရေ အားလုံး ၈,၂၀၀ ကျော်တယ်။”
ထိုင်းစစ်တပ်ဘက်က နေရပ်ရင်းကိုပြန်ဖို့ ပြောနေတာကြောင့် နယ်စပ်တလျှောက်မှာ ဖြစ်သလို နေထိုင်နေကြတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။
“အခုက ကယ်ဆယ်ရေး စခန်းမှ မရှိဘဲ။ ထိုင်းစစ်တပ်က သူတို့ကို ပေးမနေဘူးလေ။ ပေးမနေတော့ သူတို့က ရွာထဲမှာ ရွာခံလူတွေနဲ့ ပေါင်းပြီး ရွာထဲမှာရှိတဲ့ အိမ်တွေမှာ နေတယ်။ ပြီးတော့ ချောင်း ကမ်းနား ၀ါးရုံပင်အောက်၊ သစ်ပင်အောက်တွေမှာ နေတယ်။ နောက် တချို့ကတော့ သူများ လယ်တဲတို့၊ ပြောင်းဖူးတဲတို့ အဲဒီမှာ တောင်းပြီး နေကြတယ်။”
ဒုက္ခသည်တွေကို အခြေခံ အစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာနဲ့ ကလေးနဲ့ အမျိုးသမီးတွေအတွက် အ၀တ်အစားတွေကို ပေးဝေမှုတွေ လုပ်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ယာယီဆေးခန်းလေးတွေ ဖွင့်ပြီး အကူအညီ ပေးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။ အခုလက်ရှိ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုသပေးနေရတာတွေကိုလည်း ပြောပြပါတယ်။
“အခုလောလောဆယ် ကျနော်တို့ တွေ့နေရတာတော့ ပြေးရင်း လွှားရင်းနဲ့ အသက်ကြီးပိုင်းတွေကြတော့ လဲကျလို့ ဒဏ်ရာရတာနဲ့ များသောအားဖြင့် ကလေးသူငယ်လေးတွေ အအေးမိတာပေါ့၊ နှာစေးတယ်၊ အအေးမိတယ်၊ အဲဒီဟာတွေပဲ ပိုများတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော၊ ကလေးငယ် ရက်ပိုင်းသားလေးတွေလည်း ရှိတယ်။ အဲဒီလိုမျိုးကြတော့ ကျနော်တို့က ကလေးနဲ့ ပတ်သက်တဲ့ အနွေးထည်လိုမျိုး၊ အင်္ကျီတို့၊ ဦးထုပ်တို့ အဲဒီလိုမျိုးတွေကအစ သူတို့ကို ပြန်ပြီး ပံ့ပိုးပေးတယ်။”
ဒုက္ခသည်တွေအနေနဲ့ စစ်ပွဲတွေ မပြီးဆုံးသေးတဲ့အတွက် လုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ပြန်ဖို့အတွက် မသင့်သေးကြောင်းတွေကိုလည်း ပြောပြပါတယ်။
“လက်ရှိ အခြေအနေက ပြန်ဖို့တော့ မသင့်တော်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်ဧရိယာမှာရှိတဲ့ ဖလူးခွင်ဆိုရင် နေ့တိုင်း တိုက်ပွဲရှိတယ်။ ပြောက်ကျားအနေနဲ့ကတော့ တရက်ကို တပွဲလောက်ကတော့ ဖြစ်နေတယ်။ မနေ့ကပဲ ရသေ့တောင်ဆိုတဲ့ ရွာမှာ တိုက်ပွဲဖြစ်တဲ့ အခါကြတော့ အဲဒီ ရသေ့တောင်မှာရှိတဲ့ ရွာသားတွေက ထွက်ပြေးလာတယ်။ ကျနော်တို့ မြင်ရတဲ့ ဒုက္ခသည်ကတော့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်၊ နောက် ရွာထဲမှာ လက်နက်ကြီးတွေ ကျတယ်ဆိုတော့ သူတို့က မနေရဲဘူး။ နေလို့မရဲတော့ သူတို့က ဒီဘက်ကို ပြေးလာရော။ နည်းနည်း သေနတ်သံ မကြားဘူးဆိုရင် ယောက်ျားလေးတွေက ခဏတဖြုတ် အိမ်ပြန်ကြည့်တယ်။
“နောက်တခုက သူတို့ မပြန်ရဲတာက ပြန်သွားပြီးရင် ပေါ်တာအဖြစ် သူတို့ကို ဖမ်းတာ။ နောက်တခုက အခု နအဖကလည်း အမိန့်ထုတ်ထားတာ ရှိတယ်။ အခု သူတို့ ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ တွေ့တာနဲ့ DKBA ဖြစ်ဖြစ်၊ KNU ဖြစ်ဖြစ်၊ ရွာသားပဲဖြစ်ဖြစ် ပစ်ဖို့ပဲ အမိန့်ပေးထားတယ်။ အဲဒီအတွက်ကြောင့်လည်း ရွာသားတွေက ပြန်ဖို့မရဲဘူး။ ပစ်မှာပဲ၊ ရွာထဲမှာလည်း လူတွေ တယောက်မှ မရှိတော့ဘူး။”
ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းနိုင်ငံဘက်ခြမ်း ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက လုံခြုံမှု မရှိသေးဘဲ ပြန်လည်ပို့ဆောင်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်းအဖြစ် လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချကြောင်းကိုလည်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မြန်မာဘက်က တိုက်ပွဲဖြစ်တိုင်း ထိုင်းနိုင်ငံဘက်က လက်ခံပေးတာကိုတော့ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
အခုလက်ရှိ နယ်စပ်တလျှောက် ဒုက္ခသည်တွေ နေထိုင်နေတာကိုတော့ ထိုင်းစစ်တပ်က သိရှိပေမဲ့ ကယ်ဆယ်ရေး စခန်းတွေ အကြာကြီးဖွင့်ပြီး လက်မခံတာကလွဲရင် သိသာထင်ရှားတဲ့ အနှောင့်အယှက် ပေးမှုတွေကိုတော့ မလုပ်သေးပါဘူး။

Read More...

ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို

VOA သတင်းမှ............

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့အခါ ဒုက္ခသည်တွေဟာ စခန်းတွေကို သွားကြရမယ့်အစား နီးစပ်ရာ နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင်ထဲက ဖလူးကြီး၊ ဖလူးလေး ကျေးရွာနဲ့ ၀ါးလေဒေသဘက်က စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က မကြာသေးခင်က ပြန်လည် ပို့ဆောင်ခဲ့ပေမဲ့ မြန်မာစစ်တပ်တွေက သူတို့ရွာတွေမှာ ကတုတ်ကျင်းတူးပြီး အခြေချ တပ်စွဲထားကာ သူတို့ရဲ့ စားနပ်ရိက္ခာတွေကို စစ်ပွဲအတွင်း ရိက္ခာအဖြစ် ယူဆောင်နေတာကြောင့် ရွာသားတွေက စစ်တပ်နဲ့ ဝေးရာကို ရှောင်ရှားနေရကြောင်း DKBA တပ်မှူးတဦးက အခုလို ပြောပြပါတယ်။
“၀ါးလေဘက်မှာ နေနေတယ်။ ၀ါးလေဘက် သူတို့နေတဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်လေ။ သူတို့ နေတဲ့နေရာမှာ ပစ်ကျင်းတွေ၊ ကတုတ်ကျင်းတွေ တူးတယ်။ ရွာထဲမှာ သူတို့ရောက်တဲ့ နေရာမှာ ကတုတ်ကျင်း တူးတယ်။ တောမှာရောက်ရင် တောထဲမှာ၊ ရွာရောက်ရင် ရွာထဲမှာ ကတုတ်ကျင်း၊ ပစ်ကျင်း တူးတယ်။ ရွာသားတွေကလည်း သူတို့ရှိတယ်ဆိုရင် လာပြီး အတွေ့မခံဘူး။ ဥပမာ ဖလူးလေးဆိုရင် ရွာလုံးကျွတ် မရှိဘူး။ ဖလူးကြီးဆိုရင် အနည်းအကျဉ်းပဲ ရှိမယ်။ ရွာသားတွေက လက်ရှိ သူတို့ လာမယ်ဆိုရင် အမြင်မခံ၊ အတွေ့မခံတဲ့ အနေအထားမှာ ရှိတယ်။”
ဝါးလေဒေသဘက်မှာ အခြေစိုက်ထားတဲ့ တပ်တွေအနေနဲ့ ၂ လကျော်ကြာ တိုက်ပွဲတွေဖြစ်ပြီး ရိက္ခာလမ်းကြောင်းတွေကို DKBA တပ်တွေက ဖြတ်ပြီး တိုက်ခိုက်နေတာကြောင့် ကျေးရွာသားတွေ ထံကနေ ရိက္ခာတွေကို မြန်မာစစ်တပ်က ယူဆောင် စားသောက်နေကြောင်းလည်း ပြောပြပါတယ်။
“ရှိတဲ့တပ်က သူတို့ အရပ်သားထဲမှာ တောင်းစားတယ်လို့ ပြောတယ်။ ရွာက စားနပ်ရိက္ခာတွေ ယူပြီး စားနေတယ်ပေါ့။ သူတို့ ၀င်တဲ့ ရွာတွေ၊ သူများအိမ်မှာရှိတဲ့ ဆန်တွေ၊ အဲဒါတွေနဲ့ သူတို့ စားနေတယ်။”
ဒီရွာတွေဟာ အရင်က DKBA ထိန်းချုပ်ရာ ကျေးရွာတွေ ဖြစ်နေတာကြောင့် ရွာသားတွေကိုလည်း ပေါ်တာဆွဲတာ၊ သတ်ဖြတ် ညှဉ်းဆဲတာတွေကို ပြီးခဲ့တဲ့ အပတ်တွေတုန်းက မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့တာကြောင့် ရွာသားတွေ အနေနဲ့ နေရပ်ရင်းကို မပြန်လိုကြပါဘူး။ အခုအခါမှာတော့ ဖလူးဒေသဘက်မှာ မြန်မာစစ်တပ်က အင်အားတွေ ထပ်ပြီး တိုးချဲ့ ချထားလာကြောင်းကိုလည်း DKBA ဘက်က ပြောပါတယ်။
“အခြေအနေက တပ်အင်အား၊ တပ်မ ၄၄ လက်အောက်ခံတပ် မနေ့က ရောက်လာတယ်။ ၀ါးလေမှာ သွားမယ်ဆိုတော့ သူတို့က ဒီလမ်းကြောင်းကို ဆင်းရမယ်။ ဒီလမ်းကြောင်းကို ဆင်းလို့ရမှ ဖလူးက ပိုတဲ့ရိက္ခာ ပို့ပေးရမယ်လေ။”
အခုအခါမှာတော့ မြန်မာစစ်တပ်နဲ့ DKBA ကြားမှာရှိတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း ဘာမှ မရှိတော့သလို DKBA ဘက်ကလည်း ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရည်ရွယ်ချက်က နံပါတ်တစ်၊ ကျနော်တို့ တိုင်းရင်းသား အားလုံးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အထိ မျှော်မှန်းတယ်၊ ကျနော်တို့နဲ့တကွ လက်ရှိ ကျနော်တို့နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ ကျနော်တို့က ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့် ရတဲ့အထိ အဲဒီလောက်ထိ ရည်မှန်းတယ်။ ပြီးတော့ အဖိနှိပ်ခံ လူတန်းစားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အဲဒီလောက်အထိ ရည်မှန်းချက် ရှိတယ်။ နိုင်ငံရေး အဖြေထွက်ဖို့ စစ်ရေးအရ ကျနော်တို့ ပြောက်ကျားစစ်နဲ့ တိုက်ရမယ်၊ မြို့ပေါ်မှာလည်း ၀င်ရောက် ထိုးဖောက်နိုင်ရင်လည်း ၀င်ရောက် ထိုးဖောက်နိုင်သလောက် လှုပ်ရှားရမှာပဲ။
“တကယ်လို့ ဒီစစ်ကြီးက မကောင်းဘူး၊ စစ်အနိဋ္ဌာရုံအောက်မှာ လူသားတွေ ဒုက္ခရောက်တယ်၊ အဲဒီအမြင်မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ် ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ အားလုံး အဖိနှိပ်ခံ ပြည်သူလူထုတွေနဲ့ ဆွေးနွေးပြီး ပြန်ပြီးတော့ ငြိမ်းချမ်းရေး ယူမယ်ဆိုရင်တော့ အဲဒါ နည်းနည်းလေး နီးစပ်ရင် နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့ တစုတည်းကိုပဲ ပေးမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီး တစု၊ တစုပြီး နှစ်စုဆိုပြီး သူတို့က မှည့်ချွေသွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ်၊ တွေးတတ်လာပြီလေ။”
မနေ့ကတော့ မြန်မာစစ်အစိုးရပိုင် သတင်းစာမှာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၁၁ ဦး လက်နက်ချကြောင်း ကြေညာ ပြောဆိုခဲ့ပေမဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေကတော့ သူတို့အဖွဲ့ဝင်တွေ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
ငြိမ်းချမ်းရေးကောင်စီဟာ မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ရေးကို ငြင်းဆိုထားတဲ့ အပစ်ရပ်အဖွဲ့တခု ဖြစ်ပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ မြန်မာစစ်အစိုးရ တပ်တွေက သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းမှာ မြန်မာစစ်အစိုးရ တပ်တွေက ကရင်လက်နက်ကိုင် ဘယ်အဖွဲ့ကိုမဆို ယုံကြည်မှုတွေ မရှိတော့သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေလည်း ဘာမှ မရှိတော့ဘူးဆိုပြီး ကရင် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက ပြောလာကြပါတယ်။ ဒီအခြေအနေတွေကြောင့် ကရင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်မယ့် အလားအလာတွေ ရှိနေပြီး ဒုက္ခသည်တွေ အတွက်ကတော့ နေရပ်ရင်းကို ပြန်တဲ့အခါမှာ လုံခြုံမှုမရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Read More...

ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် UNHCR ပြော

ဧရာဝတီ မှ.......

နယ်စပ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည် ၁၆၆ ဦးကို ပြန်ပို့လိုက်ခြင်းနှင့် ပတ်သက်၍ အတင်းအကျပ် ပြန်မပို့ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထိုင်းအာဏာပိုင်များကို တိုက်တွန်း ပြောကြားလိုက်သည်။
ယင်းစစ်ပြေး ဒုက္ခသည်များတွင် ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော ထိုင်းဒေသခံ ရွာသားများ၏ အကြောင်းပြချက်
ဖြင့် ထိုင်း အာဏာပိုင်များက မြန်မာဘက်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီး ၅၀ ကျော်နှင့် ကလေး ၇၀ ကျော် ပါဝင်နေသည့် အဆိုပါဒုက္ခသည်များမှာ စစ်ဖြစ်နေဆဲ ဝေါ်လေဒေသသို့ ပြန်ရန် အသင့်မဖြစ်သေးဟု သိရကြောင်း ယမန်နေ့က UNHCR ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများ အရ အကာအကွယ်ပေးသင့်ကြောင်းလည်း UNHCRက ဆိုသည်။

ထိုင်း အာဏာပိုင်များက ဒုက္ခသည်များကို ပြန်ပို့သော်လည်း ဒုက္ခသည်အများစုက နီးစပ်ရာ အသိမိတ်ဆွေများထံသို့ တိမ်း ရှောင်နေကြရသည်။ သို့သော် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)နှင့် နအဖတပ်များ တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေကြောင်း ဒုက္ခသည်များကို ကူညီဆောင်ရွက် နေသူများက ပြောသည်။

“ထိုင်းနိုင်ငံမှာ ခိုလုံခွင့်ဟာ လုံးဝ အတည်တကျ မရှိတော့ဘူး၊ တချိန်လုံးပဲ ဟိုရွှေ့ဒီရွှေ့လုပ်နေရတယ်၊ ရွာထဲမှာ တကယ် မပြန်ရဲဘူး၊ စစ်တပ်ကို ကြောက်တယ်၊ ပေါ်တာဆွဲမှာ ကြောက်တယ်၊ တိုက်ပွဲဖြစ်ရင် ပြေးလို့ မရဘူး အချောင်သေမယ်၊ အဲဒါ ရွာသားတွေက ပြောပြကြတယ်”ဟု ယမန်နေ့က ဒုက္ခသည်များကို တွေ့ဆုံစကားပြောခွင့်ရခဲ့သည့် ကရင် အမျိုးသမီး အစည်း အရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၄ ဦးပါဝင်သည်ဟု ကြားသိရ
ကြောင်း ၎င်းက ဆိုသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရှိ ဝေါ်လေဒေသ၌ DKBA နှင့် နအဖ တပ်များ အကြား နိုဝင် ဘာ လဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည် တိုက်ပွဲများ ကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

ဒုက္ခသည်များကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း(MTC) အဖွဲ့၊ ကရင် လူ့အခွင့်အရေးလှုပ်ရှား နေသော အဖွဲ့များ အပါအ၀င် ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်း အဖွဲ့(TBBC)တို့က ကူညီပေးထားသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW)ကလည်း ယင်း စစ်ပြေး ဒုက္ခသည်များသည် ထွက်ပြေး တိမ်းရှောင်လာ လိုက်၊ ပြန်လည် အပို့ခံရလိုက်နှင့် ပင်ပေါင် ဘောလုံးကဲ့သို့ ကြုံတွေ့နေကြရကြောင်း ဝေဖန်ပြောဆိုထားသည်။

ထို့အပြင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည်များ ကို အချိန်မတန်သေးဘဲ ပြန်မပို့ရန်လည်း HRW က ထိုင်း အာဏာပိုင်များအား ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်းဆိပ် ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ......

ဖလူးဒေသ စူးကလိ အနီး ကွိတာအူးတွင် ယနေ့နေလည် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် နအဖ စစ်တပ်မှ ခမရ ၅၈၇ စစ်တပ်များကတဖက် ဒီကေဘီအေ နဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့တို့မှတဖက် တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တဖက်နဲ့ တဖက် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းဘုရင့်သမီးတော် လာရောက်တဲ့အတွက် ဝေါလေဒေသမှာ တိုက်ပွဲ အနည်းငယ် ဆိတ်ငြိမ်ခဲ့ရာမှာ ယမန်နေ့ညမှစတင်ပြီး တိုက်ပွဲများ တဖန်ပြန်လည် ဖြစ်ပေါ်ခဲ့တာပါ။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှာ ကရင်ပြည်နယ်၊ ကျိုင်းဒုံ-ဝေါလေ ကားလမ်းရှိ ထီးတီမူထီးနေရာတွင် နအဖ စစ်တပ်မှ ရှေ့တန်းအထိုင်တပ်များအတွက် ရိက္ခာတင်ဆောင်လာသော ကားများကို ဒီကေဘီအေနဲ့ အေဘီအက်ဒီအက်ဖ် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရိက္ခာ ကားတစီးအား သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သော ရိက္ခာကားမှ ရိက္ခာများကို ယူဆောင်ပြီး ကားအား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဝါလေဒေသ ကနဲလေးတွင် ယမန်နေ့ညနေ ၃ နာရီတွင် နအဖ တပ်များနဲ့ ဒီကေဘီတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Read More...