DKBA ကို စစ်အစိုးရတပ် ထိန်းချုပ်

ကဲ.....ညီအစ်ကိုDKBAများရေ ဒါဟာစစ်ခွေးတွေရဲ့ အမှတ်စဉ် (၁) သင်ခန်းစာပဲရှိသေးတယ်။ နောက်ဆိုဘယ်လောက် ထိ ထပ်ပြီး ကျော ဦးမလဲဆိုတာစောင့်သာကြည့်တော့.........လုပ်ချင်ဦးဟဲ့ နယ်ခြားစောင့်တပ်........မှတ်ပြီလား...

ဧရာဝတီ သတင်းမှ.........

ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ်ဒေသ တလျှောက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဂိတ်များ၌ စစ်အစိုးရ တပ်သားများ ယမန်နေ့က နေရာယူ ထားကြောင်း DKBA နှင့် နီးစပ်သူများက ပြောသည်။
ထိုင်နေတဲ့ ကုန်သွယ်ရေး ဂိတ်တွေမှာ သူတို့ရဲ့ အလံတွေကို ဖြုတ်ချပြီးတော့ မြန်မာ နိုင်ငံတော် အလံကို တင်တဲ့ အပြင် ၉၉၉ ဂိတ်ကိုလည်း ဒေါနတောင် ဂိတ်ဆိုပြီး နာမည်ပြောင်းလိုက်တယ်”ဟု DKBA နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြော သည်။
ယင်း ၉၉၉ ဂိတ်ကို ပိတ်ထား၍ ဂိတ်ရှေ့တွင် တပ်တွေချထားပြီး မည်သူ့ကိုမှ အပြင် ပေးမထွက်ကြောင်းလည်း ၎င်းက ဆိုသည်။

၉၉၉ ဂိတ်များသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တဖက်ကမ်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံ ပစ္စည်များ အများဆုံ တင်သွင်း နေ သော ဂိတ်များလည်း ဖြစ်သည်။
DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသည်။

သို့သော် နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး(စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံသဖြင့် ခွဲထွက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အတွက် သဘောတူနိုင်ခြင်း မရှိသေးသဖြင့် ယင်းသို့ ခွဲထွက်သွားသော DKBA တပ်ဖွဲ့ နှင့် စစ်အစိုးရကြား နှစ်ဘက် တင်းမာနေကြောင်းလည်း သတင်းများအရ သိရှိရသည်။
ယမန်နေ့ကလည်း ကော့ကရိတ်မြို့နယ် ဘိုတာ တောင်ကုန်းအနီးတွင် စစ်အစိုးရ အကြီးအကဲများ စီးနင်းလာသည့် စစ်ကားများကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ ၀င်ရောက်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းသည် မြဝတီမြို့သို့ လာနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် အပါအ၀င် တချို့တာဝန်ရှိသူများလည်း ထိုကားတွင် လိုက်ပါလာကြောင်း သတင်းများ အရ သိရှိရသည်။ ကရင်သတင်းရပ်ကွက် အဆိုအရ ထိုပစ်ခတ်မှုတွင် စစ်အစိုးရတပ်မှ တပ်သား၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ယာဉ်တန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KNLA က ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်မှူးကြီး စိုးစိုးက ယာဉ်တန်းသည် DKBAထိန်းချုပ်သော ၅၅၅ တံတား ဧရိယာတွင် ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကျပ်ထားသောကြောင့် KNLA က ထိုဧရိယာသို့ ဝင်၍ မရကြောင်း ဧရာဝတီသို့ ပြောသည်။
အတည်မပြုနိုင်သော သတင်းများအရ ယနေ့ မြ၀တီမြို့တွင် စစ်အစိုးရ အကြီးအကဲများ အပါအ၀င် DKBA ဘက်မှ ခေါင်းဆောင် တချို့နှင့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်သည့် အစည်းအဝေး တခု ပြုလုပ်နေကြောင်း သိရသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာတပ်များမှ ပြင်ပသို့သွား လာရာတွင် ယူနီ ဖောင်းဝတ်ဆင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ခြင်း မပြုလုပ်ရန် တို့ကိုလည်း ယခုတပတ် အင်္ဂါနေ့မှ စတင်၍ အမိန့်ထုတ်ပြန်ထား ကြောင်း သိရသည်။

တချိန်တည်းတွင်ပင် ကော့ကရိတ်မြို့နယ်တွင် စစ်အစိုးရတပ်များ တိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသား ၁၀၀ ခန့် ထိုင်း နိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့၏ တောင်ဘက် ဖုတ်ဖရမြို့နယ်အတွင်းသို့ ထွက်ပြေးလာကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ဖုတ်ဖရမြို့နယ် ခရိုင်တာဝန်ရှိသူတဦးက“စစ်ပြေးဒုက္ခသည်တွေ အနည်းအကျဉ်း ထွက်ပြေးကြတယ်၊ ဘာပဲဖြစ်ဖြစ် ထိုင်းစစ်သား တွေ အပါအ၀င် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပြေး လာသူတွေကို ကူညီဆောင်ရွက်ပေးသွားမယ်”ဟု ဆိုသည်။
နအဖ တောင်းဆိုသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန်လိုသူများ လည်း ရှိကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ် ကြေညာနိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Read More...

ကစထမှူးယာဉ်တန်း ကေအန်ယူ တိုက်ခိုက်

မဇ္ဈိမ မှ........

ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)က ချောင်းမြောင်းတိုက်ခိုက်မှု ကရင်ပြည်နယ်တွင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သည်တဦး သေဆုံးသွားသည်။

ကော့ကရိတ်မှ မြဝတီသို့အသွား ဒေါနတောင်တန်း အခြေရှိ စစ်ဆေးရေး ဂိတ်တခုအနီးတွင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော ကား ၁ဝ စီးခန့်ပါ ယာဉ်တန်းရောက်ရှိခိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လုံခြုံရေးကားကို ထိမှန်သွားသည်ဟု ဒေသအတွင်းရှိ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (ဒီကေဘီအေ) အရာရှိတဦးက ပြောသည်။

“စစ်တပ်ဆီက ကျနော်တို့ ကြားတဲ့ သတင်းအချက်တွေအရတော့ ပစ်တာက လက်နက်ကြီးနဲ့ပေါ့လေ။ ရှေ့ဆုံးက ပွိုင့်ရှေ့ပြေးကားကို ဘေးတိုက်အနေအထားထိတော့ ဘေးကို ထိုးရပ်သွားတယ်။ ကျနော့် ရဲဘော်တွေ ပြောတာတော့ ၁ ယောက် သေတယ်လို့ ပြောတယ်” ဟု နယ်မြေအတွင်းရှိ ဒီကေဘီအေ စစ်ဘက်အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

” အခြေအနေတွေ ရှုပ်ထွေးနေတယ်” ဟုလည်း သူက ထပ်ပြောသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းတရပ်တွင် နယ်ခြားစောင့်တပ် စီမံကိန်း နားချရေး ကိုယ်စားလှယ် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်ပင် ယာဉ်တန်းတွင် ပါဝင်ပြီး တိုက်ခိုက်မှုကြောင့် စစ်သည် ငါးဦးသေဆုံးသည်ဟု ဖော်ပြထားသည်။

ဒုဗိုလ်ချုပ်ကြီးခင်ဇော်နှင့် အဖွဲ့သည် ယမန်နေ့ညနေပိုင်းက မြဝတီမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒီကေဘီအေ အဖွဲ့နှင့် တွေ့ဆုံခဲ့သည်ဟု ပြောသည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ အသေးစိတ်ပြောဆိုရန် သူက ငြင်းဆိုသည်။

စစ်အစိုးရနှင့် ဒီကေဘီအေတို့အကြား မူအားဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရန် သဘောတူညီမှု ရရှိခဲ့သော်လည်း အင်အား ၁ဝဝဝ ကျော်ရှိသည့် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ ၅ တပ်ရင်းများက ပယ်ချထားသည်။

“ကျနော်တို့ အဲဒီလိုပြောင်းလိုက်လို့ ကရင်လူမျိုး ကောင်းစားမယ်ဆိုရင် ပြောင်းလိုက်မယ်။ ဘာလို့မပြောင်းလဲဆိုတော့ စစ်တပ်ကို အယုံအကြည်မရှိလို့ မပြောင်းတာ။ အခု ပြောင်းသွားတဲ့ လူတွေကတော့ ယုံလို့ပြောင်းတာပေါ့လေ။ ဒါပေမယ့် မဖြစ်မနေ ပြောင်းရတဲ့လူတွေလဲ အများကြီး ပါသွားတယ်” ဟု အဆိုပါ တပ်ရင်းမှူးက ပြောသည်။

တပ်မဟာ ၅ အနေဖြင့် နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကိုပြောင်းလဲမှာ မဟုတ်သလို ကေအန်ယူနှင့် ပေါင်းစည်းဖို့ရန်လည်း အခက်အခဲများစွာရှိသည်ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ လာရောက်ဆွေးနွေးမှုထဲတွင် ဒီကေဘီအေ နယ်ခြားစောင့်တပ်အရေး အဓိက ပါဝင်နေသဖြင့် ယင်းကိစ္စရပ်ကို သဘောတူညီမှု မရှိသည့် မိမိတို့တပ်အပေါ် အမျက်ထွက်နေသည့် စစ်တပ်၏ ဆုံးဖြတ်ချက် အပေါ် မိမိတို့ အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်ဟု ဆိုသည်။

စစ်အစိုးရထံ လက်နက်အပ်၍ နယ်ခြားစောင့်တပ် အဖြစ်သို့ ကူးပြောင်းလိုခြင်း မရှိသူ ဒီကေဘီအေ တပ်သားများမှာ ယခုအခါ တောတွင်းသို့ ဝင်ရောက်သွားနေကြပြီး ထိုအထဲတွင် ၉၉၉ တပ်မှ လက်အောက်ခံ တပ်ရင်းများပါ ပါရှိကြောင်း မြဝတီမြို့ခံများနှင့် ဒီကေဘီအေ အသိုင်းအဝိုင်းက ပြောသည်။

Read More...

စစ်ခွေးနအဖရဲ့ လူမဆန်မှု

 အပြစ်မဲ့ ကရင်ရွာသား ကိုနအဖတပ်မှ ပစ်သတ်…

-၀၄ သြဂုတ်လ ၂၀၁၀ခုနှစ်။
ထန်းတပင်မြို့နယ် တောင်ငူခရိုင်တွင်လှုပ်ရှားသော နအဖခြေလျင်တပ်ရင်း၇၃သည် ဇွန်လိုင်လ ၂၇ရက် နေ့တွင် အေးကျော်ကျေးရွာသို့ဝင်ရောက်ပြီး ဦးနှောက် မ ပြည့်သောဖားတီစောလား၏သားစောမသဲကိုဘုရားကျောင်းထဲတွင်ရက်စက်စွာ ပစ်သတ်ခဲ့ ကြောင်း KNU တပ်မဟာ၂ ၏သတင်းထုတ်ပြန်ချက်အရသိရှိရသည်။
ဘာအကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကို ယခုထက်တိုင်မည်သူမျှမသိရှိခဲ့ပါ။

 မုံးမြို့နယ်မှ ကရင်လူထုများနအဖတပ်အတွက်လမ်းဖောက်ပေးရ။
၀၆ သြဂုတ်လ ၂၀၁၀ခုနှစ်။

နအဖ ခြေမြန်တပ်ရင်း ၂၄၂ နှင့် ၄၃၉ တို့ပူးပေါင်းပြီး မုံးမြို့နယ်တွင်းရှိ ကရင်ရွာ များမှ တစ်ရွာလျှင်၁၅ယောက်နှုန်းဖြင့် ရွာသူရွာသား စုစုပေါင်း၂၇၅ယောက်အား နံ့သာကွင်းမှ စ၍အထက်ပိုင်းသို့ ကားလမ်းဖောက်ဖို့အတွက် ဇွန်လိုင်၂၇ရက် တွင်စတင်ပြီးယခုထက်တိုင်အတင်းအကျပ်ခိုင်းစေခဲ့သည်ကိုKNUညောင်လေးပင်ခရိုင်သတင်း မှ ဖော်ပြထားသည်။

ကွယ်ကလူသတင်းကိုဆီလျော်အောင်အကျဉ်းချုပ်ဘာသာပြန်ထားသည်။

Read More...

အပစ်ရပ်ဂိတ်များမှ ကရင်အလံများကို စစ်တပ်မှ ဖြုတ်ယူသိမ်းဆည်း

နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ အပစ်ရပ်ကရင်အဖွဲ့အစည်းများ၏ ဂိတ်နေရာများ၊ စခန်းနေရာများတွင် တပ်ဆင်ထောင်ထားသည့် ကရင်အမျိုးသားအလံများကို နအဖ စစ်အစိုးရတပ်များက ဖြုတ်ယူသိမ်းဆည်းရန် ယနေ့ အမိန့်ထုတ်လိုက်သည်ဟု သိရသည်။
ဒီကေဘီအေတပ်ဖွဲ့ဝင်တစ်ဦးက “ကရင်အလံတွေကို ဖြုတ်ရမယ်လို့ ဒီနေ့မနက် ၉း၃၀မှာပဲ အမိန့်ထုတ်တယ်။ သိမ်းတာက တော့ အခု မွန်းလွဲပိုင်း ၃နာရီလောက်မှာပေါ့နော်။ ရှိသမျှ အလံတွေကို အကုန်လိုက်ဖြုတ်ယူလိုက်တာ။”ဟု ကေအိုင်စီကို အ တည်ပြု ပြောဆိုသည်။

စစ်အစိုးရက နယ်ခြားပြဿနာဖြေရှင်းရန် နေပြည်တော်မှ တိုက်ရိုက် တာဝန်ပေးထားသည့် စစ်ကွပ်ကဲရေးဌာနချုပ်(၁၂)မှူး ဗိုလ်မှူးကြီးခင်မောင်ဌေးက အဆိုပါအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဒီကေဘီအေ အသိုင်းအ၀ိုင်း၏ ပြောပြချက်များအရ သိ ရသည်။

ကရင်အလံများကို ဖြုတ်သိမ်းရာတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့အပြင် ကော့ကရိတ်၊ ဖားအံမြို့များ၌လည်း လုပ်ဆောင်လျှက် ရှိကြောင်း အမည်မဖော်လိုသူ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။ “ဟုတ်တယ်။ ကော့ကရိတ်မှာလည်း ဒီကေဘီအေ၊ ငြိမ်းချမ်းရေးနေရာတွေက ကရင်အလံတွေကို ဖြုတ်ခိုင်းထားတယ်။”ဟု ဆိုသည်။

(၉၉၉)ဂိတ်မှ ဒီကေဘီအေတစ်ဦးက “ကိုယ့်ဂိတ်မှာ ရှိနေတဲ့ ကရင်အလံကို လာဖြုတ်လိုက်တာကို မြင်ရတာ ကျနော့်ရင်ထဲမှာ ဟိုး ဘိုးဘွားဘီဘင်က ရှိထားခဲ့တဲ့အရာတစ်ခုကို လာဆွဲနှုတ်လိုက်သလိုပဲ။”ဟု အသံတုန်ဖြင့် ပြောသည်။

ကရင်အပစ်ရပ်အဖွဲ့များတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ၊ ဟောင်သရောအထူးဒေသ၊ ဘုရားကုန်းငြိမ်းချမ်းရေးအဖွဲ့၊ သံတောင်အထူးဒေသ စသည့်အဖွဲ့များ ပါဝင်သည်။

ယင်းသို့ ကရင်အလံများကို ဖြုတ်ခိုင်းခြင်းသည် နအဖ တပ်ဖက်ဆိုင်ရာ အရာရှိများ လာရောက်မည်ဖြစ်သည့်အတွက် အလံကို ယာယီချထားခိုင်းခြင်းသာဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးကောင်စီဂိတ်မှ အဖွဲ့ဝင်တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“အလံကိုဖြုတ်ခိုင်းတာ မဟုတ်ဘူး။ လူကြီးလာမယ်ဆိုလို့ အလံကို ခဏချခိုင်းထားတာ။ ဒီနေ့လည်ပဲ စအဖ အမည်နဲ့ ကိုယ်စား လှယ်တွေက ဂိတ်တွေကို လိုက်ပြောနေတာ။ တချို့ဂိတ်တွေ မချသေးပါဘူး။ ကျနော်တို့ ငြိမ်းချမ်းရေးကောင်စီဂိတ်ဖြစ်တဲ့ ကျောက်ဖျာဂိတ်ကတော့ လူကြီးလာကြည့်မယ်ဆိုလို့ အခုတော့ အလံချထားပါတယ်။”ဟု ဆိုသည်။

နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်မှူးကြီးစောလားပွယ်တပ်ဖွဲ့မှာ တပ်မှူးတစ်ဦးက “ဒါကတော့ သူတို့ကံကြမ္မာ သူတို့ ဖန်တီးမှာပဲလေ။ စောဘဦးကြီးပြောသွားလိုပဲ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမယ်လေ။ ကျနော်တို့အခြေစိုက်တဲ့နေရာကိုတော့ ကျနော်တို့ရဲ့ အမျိုးသားအလံတော်ကို အမြဲတမ်း စိုက်ထူသွားမယ်။”ဟု ကေအိုင်စီကို ပြောသည်။

ယခုလ ၃ရက်နေ့ကလည်း အပစ်ရပ်အဖွဲ့အစည်းများကို မြို့တွင်း ၀င်ထွက်သွားလာပါက ယူနီဖောင်းမ၀တ်ရန်၊ လက်နက်များ ကိုင်ဆောင်မသွားရန်နှင့် မိမိတို့တပ်စခန်းအတွင်း၌သာ လက်နက်ကိုင်ဆောင်ရန် စစ်တပ်မှ ညွှန်ကြားထားမှုများ ရှိခဲ့သည်။

၎င်းအပြင် နယ်ခြားစောင့်တပ်ကို လက်ခံထားသည့် (၉၉၉)တပ်မဟာ တပ်ဖွဲ့ဝင်များကိုလည်း လာမည့် ၁၆ရက်နေ့တွင် မြ၀တီ မြို့၌ တံဆိပ်တပ်ဆင်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းပေးသွားမည်ဖြစ်ကြောင်း မြ၀တီမြို့ခံများအတွင်း ပြောဆိုနေကြ သည်။

ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးစောမုတ်သုန်ကလည်း ယခုလ ၂ရက်နေ့က နယ်ခြားစောင့်တပ်ကို လက်ခံခဲ့ပြီး မြ၀တီရှိ ၎င်း၏ဗျူဟာရုံးတွင် နအဖ စစ်တပ်များက နယ်ခြားစောင့်တပ် လက်ခံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များ လာရောက် လက်မှတ်ထိုးရန် နေရာယူကာ လုပ်ဆောင်ပေးလျှက်ရှိသည်ဟု သိရသည်။

ကိုယ်တိုင်မြင်တွေ့သူ အမျိုးသမီးတစ်ဦးက “ဗျူဟာရုံးလုပ်ထားတဲ့ ဗိုလ်မုတ်သုန်အိမ်မှာ စစ်သားတွေက ၀င်နေနေတာ ၃ရက် လောက်တော့ ရှိပြီ။ အခြား ဒီကေဘီအေကားတွေကလည်း တစ်စီးပြီးတစ်စီး သူ့လူတွေကို အပြည့်တင်လာပြီး တစ်ယောက် ချင်းလက်မှတ်ထိုးတာတွေ လုပ်တယ်လေ။ ကာယကံရှင်(ဗိုလ်မုတ်သုန်)ကိုတော့ သူ့ဂိတ်တွေမှာ တွေ့တာပဲ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ကမ်းရိုးတန်းတိုင်းမှူး ဒုဗိုလ်မှူးကြီးခင်ဇော်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်သက်နိုင် ၀င်းတို့ မြ၀တီ၌ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း အပစ်ရပ်အဖွဲ့အစည်းများနှင့် မြို့ခံများက ပြောဆိုနေကြသည်။

ထိုင်း-မြန်မာနယ်စပ်ကို စည်းခြားထားသည့် သောင်ရင်းမြစ်၏ မြစ်ကမ်းနားကို ယခင်က စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉)မှူး ဗိုလ်မှူးကြီးသန်းနိုင်ဝင်းက တာဝန်ယူခဲ့သော်လည်း ပြီးခဲ့လကုန်ရက် ၃၀ရက်နေ့မှစ၍ စကခ(၁၂)မှူး ဗိုလ်မှူးကြီးခင်မောင်ဌေး ကို လွဲပြောင်းတာဝန် ပေးအပ်လိုက်ပြီဖြစ်ကြောင်း နယ်စပ်သတင်းများအရ သိရသည်။

Read More...

နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲဖြစ်ပွား

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ယမန်နေ့က နအဖ စစ်အစိုးရတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယမန်နေ့ည (၇)နာရီခန့်တွင် ဒီကေဘီအေ တပ်မဟာ(၉၉၉)မှ တပ်ဖွဲ့ဝင်များသည် လက်နက်ပစ္စည်းများနှင့်အတူ ကားဖြင့် ကေအဲန်ယူ တပ်မဟာ(၆)သို့သွားရန် တပ်မဟာ(၆)နှင့် (၇)စပ်ကြားရှိ ကော့ကရိတ်-မြ၀တီကားလမ်း၏ အောက်တိုတဲဂိတ်မှ နအဖ စစ်တပ်များက သွားခွင့်မပြုခဲ့သည့်အတွက် အချင်းများရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြော သည်။

၎င်းက “ကေအဲန်ယူ တပ်မဟာ(၆)ဘက်ကိုသွားမယ့် (၉၉၉)တပ်ဖွဲ့ကို အောက်ဘိုတဲအရောက်မှာ ဂိတ်မှာရှိတဲ့ နအဖတပ်က သွားခွင့်မပေးဘူး။ အဲဒီတော့ ဒီကေဘီအေဘက်က သေနတ်ဖောက်တော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရ တယ်။ နအဖဘက်က ၅ယောက်လောက်သေတယ်လို့ ကျနော်တို့ကြားတာပဲ။ ဒီကေဘီအေဘက်က ထိခိုက်ဒဏ်ရာရတဲ့အထိ လောက်ပဲ ဖြစ်တယ်။”ဟု ပြောသည်။

အဆိုပါတိုက်ပွဲသည် ဒီကေဘီအေ တပ်မဟာ(၅)နှင့် တပ်မဟာ(၉၉၉)တပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုဖြစ်ကြောင်း နယ်မြေခံများ က ပြောဆိုနေကြသည်သော်လည်း ၎င်းပစ်ခတ်မှုသည် ဒီကေဘီအေတပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်ပွားခြင်းမဟုတ်ကြောင်း ဒီကေ ဘီအေ တပ်မဟာ(၅)မှ ထိပ်တန်းအရာရှိတဦးက အတည်ပြုပြောကြားသည်။

သူက “တိုက်ပွဲဖြစ်တာကတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့လူတွေကို လှမ်းမေးကြည့်တော့ သူတို့နဲ့ဖြစ်တာ မဟုတ်ဘူး။ (၉၉၉)တပ်ဖွဲ့နဲ့ နအဖတို့ကြား အပြန်အလှန် ပစ်ခတ်ကြတာပါ။”ဟု ကေအိုင်စီကို ပြောသည်။

အလားတူ ယနေ့မနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့အနီး၌ နအဖနှင့် ဒီကေဘီအေတို့ကြား ပစ်ခတ်မှုတခု ထပ်မံ ဖြစ်ပွားခဲ့ ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု အပစ်ရပ်အဖွဲ့များ၏ သတင်းရပ်ကွက်များမှ ကြားသိရသည်။

အမည်မဖော်လိုသူ ဒီကေဘီအေ အဖွဲ့ဝင်တစ်ဦးက “ဒီနေ့ဟာ တိုင်းမှူးလာမယ်ဆိုလို့ ကားလမ်းတွေက ဂိတ်တွေကလည်း လမ်းကင်းတွေ ချထားတယ်။ ဒီနေ့မနက် ၁၀နာရီလောက်မှာ ကော့ကရိတ်ကနေ တက်လာတဲ့ စစ်ကားတန်းကို ဒီကေဘီအေ (၉၀၂)က ပစ်ခတ်တယ်လေ။ ဒါပေမဲ့ အဲဒီနေရာမှာ လမ်းကင်းရှင်းတဲ့ စစ်သားနှစ်ယောက် ဗုံးထိသွားတယ်လို့ ကြားတယ်။”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ထိုပစ်ခတ်မှုအတွင်း နအဖဘက်မှ ဒဏ်ရာရ စစ်သည်များကို ကော့ကရိတ်ဆေးရုံကြီးတွင် ကုသမှုခံရနေရ ကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၃နာရီခန့်တွင် အရေးပေါ်ကား ၃စီး ဖားအံဘက်ကို မောင်းနှင်သွားကြောင်းနှင့် အင်္ဂါနေ့ကလည်း မိုးကာတာလပတ်များ အလုံပိတ်ထားသည့် စစ်ကား ၅စီးလည်း ဖားအံဘက်ကို အပြင်းမောင်းနှင်သွားကြောင်း ကိုယ်တိုင်မြင် တွေ့ခဲ့သည့် ဖားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာသူတစ်ဦးက ပြောသည်။

ယခုလို နအဖ စစ်တပ်ကားများ ပုံမှန်ထက် ထူးခြားစွာ ကရင်ပြည်နယ်ထဲသို့ ၀င်ရောက်လာခြင်းမှာ နယ်စပ်ဒေသဘက်တွင် တိုက်ပွဲများ ဖြစ်လာနိုင်မည့် အလားအလာများ ရှိသည်ဟုလည်း ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများက ဝေဖန်ပြောဆိုနေကြ သည်။

Read More...

စစ်အစိုးရဗိုလ်တဲစခန်းပစ်ခတ်မှု လူငါးဦးသေဆုံး

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်အစိုးရဗိုလ်တဲစခန်းတစ်ခု ပစ်ခတ်ခံရပြီး လူငါးဦးသေဆုံးခဲ့ သည်။

ယမန်နေ့ညနေက ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်သည်ကို သေခြာစွာ မသိရသေးကြောင်း မြ၀ တီမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မနေ့ကညနေ ၅ နာရီလောက်မှာ အောက်ဗိုလ်တဲကိုပစ်ထည့်တာ။ နအဖ ဖက်က ငါးယောက်ကျသွား တယ်။ ဘယ်အဖွဲ့ရယ်လို့တော့ မသိဘူးပေါ့။ မောင်ချစ်သူအဖွဲ့က ငြိမ်းချမ်းရေးကိုလက်မခံတာရှိတယ်။ အဲဒီအဖွဲ့ကဖြစ်မလား၊ ဒါမှမဟုတ် ဗိုလ်မုတ်သုန် အဖွဲ့ကဖြစ်မလား၊ နုတ်ခမ်းမွေးအဖွဲ့ကဖြစ်မ လားမ သိဘူး။ အဲဒီနားမှာ သုံးပွင့်ဆိုင်ရှိနေ တယ်။ ဘယ်ကောင်ချထည့်လိုက်လဲ မသိဘူး။”

ယင်းကိစ္စမှန်ကန်ကြောင်း ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တပ်ဖွဲ့ဝင်များ နှင့် နီးစပ်သူ မြ၀တီမြို့ ခံတစ်ဦးက ယခုလို ပြောသည်။

“ကော့ကရိတ်ဖက်ကတော့ ငါးယောက်တော့ရှောတယ်တဲ့။ ဒါပေမယ့် ဘယ်သူဘယ်ဝါက ပစ်တယ်ဘာ ညာတော့ အတိအကျမသိသေးဘူးတဲ့။ အဲဒီမှာလည်း ရှုပ်ရှက်ခတ်နေ တယ်တဲ့။ ၀င်ဖို့လည်း မလွယ် သေးဘူးတဲ့။”

အဆိုပါ ဗိုလ်တဲမှာ ကော့ကရိတ်မှ မြ၀တီမြို့သို့လာသည့်လမ်းတွင်ရှိပြီး ဗိုလ်မှူးချုပ် နေလင်းဦးစီးသည့် စကခ (၁၂) လက်အောက်ခံတပ်ရင်းထိန်းချုပ်ရာဒေသဖြစ်၍ ကော့ကရိတ်မြို့နှင့် ငါးမိုင်ခန့် အကွာတွင်တည်ရှိသည်။

တချိန်တည်းတွင် DKBA တပ်မဟာ(၅) လက်အောက်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူး မုတ်သုန်ဦးဆောင်၍ နယ် ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် လက်နက်အပ်နှံပွဲကို မိကျောင်းကုန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ယနေ့ ပြုလုပ် ရန်ရှိသည်ဟု သိရသည်။

ယင်းလက်မှတ်ထိုးပွဲနှင့် လက်နက်အပ်နှံပွဲသို့ စစ်ဖက်ရေးရာလုံခြုံရေး ညွန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီးရဲမြင့် ကိုယ်တိုင် တက်ရောက်ရန်ရှိသော်လည်း ဗိုလ်တဲစခန်းပစ်ခတ်ခံရမှု ကြောင့် ရောက်မလာနိုင်ခဲ့ဟု DKBA တပ်ဖွဲ့ နှင့်နီးစပ်သူက ယခုလို ပြောသည်။

“ဒီနေ့ဗိုလ်မုတ်သုန်အိမ်မှာနယ်ခြားစောင့်တပ်ဖွဲ့ဖို့လုပ်ပြီလေ။ စစ်သားအယောက်လေးငါးဆယ်လောက် ရှိတယ်။ သူတို့က ဘယ်သူ့ကိုစောင့်သလဲဆိုရင် ဗိုလ်ချုပ်ရဲမြင့်နဲ့ ဗိုလ်ချုပ်ခင်ဇော်ကိုစောင့်နေတာတဲ့။ ဒီနေ့မတက်လာဖြစ်ဖူးတဲ့။ မနက်ဖြန်မှ တက်လာ မယ်တဲ့။ အခုလက်ရှိက သူ့အိမ်မှာ စစ်သားတွေရော အယောက်လေးငါးဆယ်လောက် ရှိတယ်။ အဖွဲ့စုံပေါ့။”

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလက်ခံလိုက်သည့် ဗိုလ်မှူးမုတ်သုန်သည် ဗိုလ်မှူး ချုပ်စောလားပွယ်ခေါ် ဗိုလ် နုတ်ခမ်းမွေးနှင့် ယောက္ဖတော်စပ်ပြီး တပ်ရင်းသုံးရင်းအား ထိန်းချုပ်ရသူလည်း ဖြစ်သည်။

ဗိုလ်မုတ်သုန်အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်ခံလိုက်သော်လည်း တပ်မဟာ(၅) ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားပွယ်က ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

Read More...

စစ်အစိုးရနှင့် KNLA တိုက်ပွဲ စစ်အစိုးရဖက်က အရာရှိအပါအ၀င် ၉ ဦးသေ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNLA နှင့် မြန်မာစစ်အစိုးရတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရဖက်မှ အရာရှိအပါအ၀င် ၉ ဦးသေပြီး (၁၀)ကျော်ဒဏ်ရာရရှိသည်ဟု KNU ကပြော သည်။

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ပိုင်ကျုံမြို့နယ် အတွင်းရှိ KNLA တပ်မဟာ(၇) ထိန်းချုပ် နယ်မြေ၌ ယမန်နေ့ မွန်းတည့်ချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ခရိုင်ဥက္ကဌ ဖဒိုစောအောင်မော်အေးက ယခုလိုပြောသည်။

“တိုက်ပွဲမှာတော့ နအဖ စစ်တပ်က (၈)ယောက်ကျသွားတယ်။ ၁၄ ယောက်ဒဏ်ရာရ တယ်။ မနေ့က ညကတော့ ဒဏ်ရာရတဲ့ထဲက တစ်ယောက်ထပ်သေသွားတယ်ဆိုတော့ အားလုံး ပေါင်း (၉)ယောက် လောက် ကျသွားတာပေါ့နော်။ ကျသွားတဲ့ကိုးယောက်ထဲမှာတော့ ဒု-ရင်းမှူးတစ်ယောက်တော့ ပါသွား တာပေါ့။ ခမရ(၆၂)က ဒုရင်းမှူး ဗိုလ်မှူး ထွန်းမင်းကျူ ဆိုတာပေါ့။”

စစ်အစိုးရ၏ စကခ(၁၉) လက်အောက်ခံတပ်ရင်း ခမရ(၆၂)မှ အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းအား KNLA တပ်မဟာ(၇) လက်အောက်ခံတပ်ဖွဲ့ဝင်အင်အား ၁၅ ယောက်ခန့်က ပျောက်ကြားပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ပွား ချိန် နာရီဝက်ခန့်ကြာခဲ့သည်။

ယင်းတိုက်ပွဲမှာ ဒေါနတောင်ခြေအရှေ့ဖက်ခြမ်းရှိ မယ်ကဲဂွင်အတွင်းဖြစ်ပွားခဲ့ပြီး KNLA ဖက်မှ ထိခိုက်ကျဆုံး မှုမရှိသလို သိမ်းဆည်းရမိသည့် ပစ္စည်းလည်း မရှိကြောင်းသိရသည်။

စစ်အစိုးရတပ်ဖွဲ့များအနေနှင့် ယင်းတိုက်ပွဲကြောင့် ပတ်ဝန်းကျင်ကျေးရွာများအား တစ်စုံတစ်ရာပြုလုပ်မှု မရှိသေး သော်လည်း နောက်ပိုင်းတွင် မည်သို့ဖြစ်ပေါ်လာမည်ကို ခန့်မှန်းရခက်သည်ဟု စောအောင်မော်အေးက ဆက် ပြောသည်။

တချိန်တည်းတွင် DKBA ကိုးသုံးလုံးတပ်ဖွဲ့ဝင်များ KNU တပ်မဟာ(၆) နယ်မြေသို့ ယမန်နေ့က လာရောက် ပူး ပေါင်းခဲ့သည်ဟု တပ်မဟာ(၆)မှ ဗိုလ်ကြီးစောထွဲနေက ပြောသည်။

လာရောက်ပူးပေါင်းရသည့် အကြောင်းနှင့်ပတ်သက်၍ “အနေဆင်းရဲ၊ အစားအသောက် ဆင်းရဲ အားလုံး ပေါ့လေ၊ အဲတာကတစ်ခု နောက်တစ်ခုကတော့ သူတို့ကြားတာက DKBA တပ်မဟာ ကိုးသုံးလုံး အဖွဲ့က ဒီဗိုလ်မှူးစောလားပွယ်အဖွဲ့ကို လာပြီးတိုက်မယ်။ လာတိုက်မယ်ဆိုတော့ အချင်းချင်း လက် နက်ကိုင်ပဋိပက္ခတွေ သူတို့ကရင်မဆိုင်လိုဘူး။ အဲတာကြောင့်မို့လို့ KNU နဲ့ လာပြီးတော့ ပူးပေါင်း လိုက်တယ်။” ဟု ပူးပေါင်းလာသူများက ပြောကြောင်း ၎င်းကဆက်ပြောသည်။

လွန်ခဲ့သည့် ဂျူလိုင်လ(၃၁)ရက်နေ့က စစ်အစိုးရတပ်မှ အရပ်သားလယ်ထွန်စက် အားချောဆွဲပြီး သယ်ယူ ခိုင်းခဲ့သည့် စစ်လက်နက်ပစ္စည်းများအား KNUတပ်မဟာ(၆) လက်အောက်ခံ တပ်ရင်း(၁၇)က သိမ်းဆီးရမိခဲ့ပြီး မသယ်နိုင်သည့် စစ်လက်နက်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆက်ပြောသည်။

“လေယာဉ်ပစ်တဲ့ စက်သေနတ်အကြီး အော်လီဂန်းက တစ်လက်၊ သူရစက်အကြီး အထိုင် စက်အကြီး တစ်လုံး၊ ပြီးလို့ရှိရင် အိတ်တီဝမ်း ၈၁ မမကျည်က (၈)လုံး အဲတာ မီးရှို့ဖျက်ဆီးလိုက်တယ်။”

၎င်းပစ္စည်းများမှာ စစ်အစိုးရ၏ ခမရ(၄၀၁) တပ်ရင်းမှ ပစ္စည်းများဖြစ်ပြီး စစ်အသုံးအဆောင်ပစ္စည်းများ၊ နင်း မိုင်းနှင့် လက်နက်ကြီးပစ်ခတ်ရာတွင်သုံးသည့် ပို့ယမ်းများနှင့် ဆေးဝါးအချို့တို့အား သိမ်းယူခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA ကိုးသုံးလုံး တပ်ဖွဲ့ အများစုက စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံခဲ့သော်လည်း ဗိုလ်မှူးစောလားပွယ် ဦး ဆောင်သည့် တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်းများက ငြင်းဆိုနေမှုအပေါ် စစ်အစိုးရမှ စစ်ရေးအရ လှုပ်ရှား မှုများရှိနေခဲ့သည်။

အကယ်၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုလက်မခံသည့် ဗိုလ်မှူးစောလားပွယ်အဖွဲ့အား စစ်အစိုးရက တိုက် ခိုက်လာပါက KNU မှ ကူညီတိုက်ခိုက်သွားမည်ဟု သိရသည်။

Read More...

ကရင် အပစ်ရပ်အဖွဲ့များ တပ်ပြင်ပတွင် လက်နက် မကိုင်ရ

လုပ်ချင်ဦးဟဲ့ နယ်ခြားစောင့်တပ်...........ဒါဟာ စစ်ခွေးတွေကပေးတဲ့ သင်ခန်းစာ ၁ ပဲရှိသေးတယ်........နောက်ဘာ တွေဆက်လာဦးမလဲ....စောင့်ကြည့်ကြတော့..............

ဧရာဝတီ မှ........
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အားလုံးကို သက်ဆိုင်ရာ တပ်များမှ ပြင်ပသို့ သွားလာ ရာတွင် ယူနီဖောင်း ၀တ်ဆင်ခြင်းနှင့် လက်နက် ကိုင်ဆောင်ခြင်းတို့ကို ယမန်နေ့မှစ၍ တားမြစ်သည့်အမိန့် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။
ယခုအမိန့်သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူထားသော လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

“DKBA အပါအ၀င် ငြိမ်းအဖွဲ့ဝင်တွေ အားလုံး ပြင်ပကို သွားတဲ့အခါ အရပ်ဝတ်နဲ့ပဲ သွားရမယ်၊ ယူနီးဖောင်း ၀တ်မသွားရဘူး၊ ဘာလက်နက်မှ မယူရဘူးဆိုပြီး မနေ့က စစ်အစိုးရရဲ့ ဗျူဟာမှူးရုံးက အမိန့်စာလာတယ်။ မနေ့က ငြိမ်းအဖွဲ့စုံက လူကြီးတွေနဲ့ တိုင်းကလူကြီးတွေ အစည်းအဝေးလုပ်ရာမှာ အခုလို အမိန့်ထုတ်သွားတယ်”ဟု DKBA တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် DKBA မှ အရာရှိများ၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ ((KNU/KNLA) အဖွဲ့မှ အရာရှိများသည် မြ၀တီခရိုင်ရုံးတွင် သြဂုတ်လ ၂ ရက်နေ့က အစည်း အဝေး ပြုလုပ်ခဲ့ကြပြီးနောက် ဤအမိန့် ထွက်လာခြင်းဖြစ်ကြောင်း၊ ယင်းအမိန့် ထွက်လာခြင်းသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လွတ်လပ် ခွင့်များကို လုံးဝ ထိန်းချုပ်လိုက်သကဲ့သို့ ဖြစ်ခြင်းကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက လိုက်နာလိုခြင်း မရှိကြောင်း သိရသည်။

ငြိမ်းအဖွဲ့ဝင်များကို ကန့်သတ်ခြင်းမှာ DKBA တပ်ဖွဲ့ဝင်များသည် လက်နက် အပြည့်အစုံဖြင့် မကြာခဏ ထွက်ပြေးကာ ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် ပူးပေါင်းသောကြောင့် DKBA လူကြီးများ ကိုယ်တိုင် အဆိုပါအမိန့်ကို လက်ခံခြင်း ဖြစ်နိုင် သည်ဟု DKBA နှင့် နီးစပ်သူများက ပြောသည်။

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောတူထားသော အမှတ် (၉၉၉) တပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ကို သြဂုတ်လ ၅ ရက်နေ့တွင် မော်လမြိုင်သို့ အရောက်လာရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ ဆင့်ခေါ်ထားသည်ဟုလည်း သိရသည်။

“ကိုးသုံးလုံးက ဗိုလ်စောချစ်သူရယ်၊ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၈)က ဗိုလ်မှူးချုပ် သိန်းစိုးရယ်ကို တိုင်းစစ်ဌာနချုပ်က စာရွက်စာတမ်း အစုံအလင်ယူပြီး မနက်ဖြန် ရတခ ကို အရောက် လာဖို့ ညွှန်ကြားထားတယ်၊ နယ်ခြားစောင့်အတွက် အပြီးသတ် ဆွေးနွေးမယ့် သဘောပေါ့၊ ပြီးတော့ အဲဒီ အစည်း အဝေးမှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ငြင်းတဲ့ ဗိုလ်နှုတ်ခမ်းမွေး တပ်ကိုလည်း တိုက်ဖို့ ဖိအားပေး နိုင်တယ်”ဟု DKBA တာဝန်ရှိသူ တဦးက ပြောသည်။

DKBA တပ်ဖွဲ့ဝင်တချို့သည် KNU ထံသို့ ယခုရက်အတွင်း လာရောက် လက်နက်ချ ပူးပေါင်းကြကြောင်း KNU အရာရှိ တဦးက ပြောဆိုသည်။

“DKBA အမှတ် (၉၀၂) တပ်က တပ်သား ၇ ယောက် စစ်လက်နက် အပြည့်အစုံနဲ့ KNU တပ်မဟာ (၆) တပ်ရင်း (၁၈) မှာ သြဂုတ်လ ၃ ရက်နေ့က လာရောက်လက်နက်ချတယ်”ဟု တပ်မဟာ (၆) ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေ က ပြောသည်။ မည်သည့် လက်နက်များ ယူဆောင်လာသည်ကို အတိအကျ မပြောနိုင်သေးဟု ၎င်းက ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့သည်။

ယခုချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ(၂) (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁) တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

DKBA အတွင်း နအဖ၏ ဖိအားပေးမှုကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံသူနှင့် လက်မခံသူဟူ၍ နှစ်ခြမ်းကွဲခဲ့ သည်။ DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ခေါင်းဆောင်သော တပ်က နယ်ခြားစောင့်တပ်ဖွဲ့ရန် အပြင်းအထန် ဆန့်ကျင်ခဲ့သည်။ ဗိုလ်မှူးကြီး စောချစ်သူတို့ အဖွဲ့ကမူ နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်နေကြသည့် အပစ်ရပ်အဖွဲ့များမှာ 'ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ SSA – N မှ တပ်မဟာ (၁) နှင့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ကြသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Read More...

လုံခြုံရေးမပါသော နအဖ စစ်လက်နက်ပစ္စည်း ကေအဲန်ယူ သိမ်းယူဖျက်ဆီး

ကောင်းဝါ သတင်းဌာန မှ......

လယ်ယာသုံးထော်လာဂျီကား နှစ်စီးဖြင့် နအဖ စစ်လက်နက်များ တင်ဆောင်လာစဉ် လုံခြုံရေး မပါရှိ သောကြောင့် ကေအဲန်ယူမှ သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မဟာ(၆) ပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်ကြီး စောထဲနေက ပြောသည်။

“မထင်မှတ်တဲ့နေရာမှာ ကျနော်တို့ရဲဘော်သုံးယောက် နအဖစစ်ကြောင်းကို ပြောက်ကျားပစ်ဖို့စောင့်နေရင်း စစ်သားတွေမပါတဲ့ ထော်လာဂျီလယ်ထွန်စက်ကားနှစ်စီးရောက်လာတယ်၊ အဲဒီမှာ သူတို့စစ်လက်နက်ပစ္စည်းတွေ တွေ့လိုက်ရတာပဲ၊ နအဖစစ်ကြောင်းကတော့ နောက်ကနေကျန်ခဲ့တယ်”ဟု ဗိုလ်ကြီးစောထဲနေ ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ညနေ(၄) နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမှ ကျိုက်ဒုံအကြား ခုတ်ခွားရွာအနီး၌ နအဖ လုံခြုံရေး စိုးမိုးထားရာနယ်မြေအတွင်း၌ ယခုကဲ့သို့သိမ်ဆည်းရမိခြင်းဖြစ်သည်။

“သယ်နိုင်တဲ့ပစ္စည်းတွေကိုပဲ ယူလာရတယ်၊ လူမသယ်နိုင်တဲ့ဟာတွေကိုတော့ မီးရှို့ဖျက်ဆီးလိုက်တယ်”ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံက ဆက်ပြောသည်။

ကေအဲန်ယူမှ မသယ်ဆောင်နိုင်သော အော်လီဂန်း(0.5 mm) တစ်လက်၊ သူရကြေးနန်းစက်တစ်လုံး၊ 88 mm ဗုံးသီး(၈) လုံးကို သိမ်းဆည်းသည့်နေရာတွင်ပင် စုပုံမီးရှို့ဖျက်ဆီးလိုက်သည်လည်း ဆိုပါသည်။

“အော်လီဂန်းဆိုတာ လေယာဉ်ပစ်နိုင်တဲ့စက်သေနတ်ကြီးပဲ၊ လူသုံးယောက်နဲ့တော့ မသယ်နိုင်ပါဘူး၊ သူ့ကို ဖျက်ဆီးဖို့လည်း မလွယ်ပါဘူး၊ ဒါပေမယ့် ဗုံးသီးနဲ့အတူမီးရှို့ရင်တော့ ပေါက်ကွဲမှုကြောင့် ပျက်ဆီးသွားမှာပဲ” ဟုထိုင်းအခြေစိုက်စစ်ရေးလေ့လာသူတစ်ဦး ပြောဆိုသည်။

ထို့နောက် ကျောပိုးအိပ်(၈) လုံး၊ RPG-7 ပို့ယမ်း(၈) ခု၊ M-40 မြေမြှုပ်မိုင်းတစ်လုံး၊ 81 mm လက်နက်ကြီး ယမ်းချပ်(၁၇) ခုနှင့် ဆေးပစ္စည်းအချို့ကိုသာ သယ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါစစ်လက်နက်ပစ္စည်းများကို ကျိုက်ဒုံစကခ(၈) ရှေ့တန်းဗျူဟာသို့ ခမရ (၄၀၁) စစ်ကြောင်းမှ သယ်ဆောင် လာစဉ် ကေအဲန်ယူတပ်မဟာ(၆) တပ်ရင်း(၁၇) တပ်ခွဲ(၁) ပြောက်ကျား (၃) ဦး သိမ်းပိုက်မိခဲ့ခြင်းဖြစ်သည်။

“ပေါဆမှုတရပ်ပဲ၊ ဘာဖြစ်လဲဆိုတော့ ဒီလောက်အရေးကြီးတဲ့စစ်လက်နက်တွေ လုံခြုံရေးမပါဘဲ ဒီအတိုင်း လွှတ်ရဲတဲ့ အရာရှိကတော့ ဘယ်လိုနေမလဲမသိဘူး၊ တဖက်မှာလည်း စစ်ကြောင်းလို့သာဆိုတယ် အင်အားက နည်းတော့ ကိုယ့်ကိုလည်းကိုယ်လုံခြုံအောင် မနည်းသတိထားနေရတာလဲရှိ၊ လုံခြုံရေး အင်အားအပြည့် မပေးနိုင်တာက တကြောင်း၊ နောက်ပြီး သူတို့လုံခြုံရေးစိုးမိုးနယ်မြေလို့ သတ်မှတ်တဲ့နေရာတွေမှာ ဒီလိုအဖြစ်မျိုး လုံးဝကြုံတွေ့လာနိုင်မှာမဟုတ်ဘူးလို့ တွက်ဆထားပုံရတယ်” ဟု ထိုင်းနယ်စပ်စစ်ရေးလေ့လာသူတစ်ဦး သုံးသပ်ပြောဆိုသည်။

အခြားသတင်းတစ်ရပ်အရ ယမန်နေ့တွင်လည်း ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၌ ကေအဲန်ယူတပ်ဖွဲ့နှင့် ခလရ (၆၂) စစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်အစိုးရတပ်မှ ဒုရင်းမှူးအပါအဝင်(၈) ဦးသေ၊ (၁၄) ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းဌာနအသီးသီးတွင် ဖေါ်ပြကြသည်။

ပုံမှန်အားဖြင့် ကေအဲန်ယူနယ်မြေအတွင်း မြန်မာစစ်တပ်ထိုးစစ်ဆင်မှုများမှာ နှစ်စဉ် ခြောက်သွေ့ရာသီအဝင် နိုင်ဝင်ဘာလ များတွင် စတင်လေ့ရှိသည်။ သို့ရာတွင် ယခုနှစ်မိုးရာသီထိုးစစ်များကြောင့် မြန်မာစစ်အစိုးရ တပ်ဖွဲ့များ စစ်ရေးအရအထိနာခဲ့ကြောင်း ပြီးခဲ့သည့်သတင်းများကိုအခြေခံပြီး ထိုင်းနယ်စပ် စစ်ရေး စောင့်ကြည့်သူများ ထောက်ပြပြောဆိုကြသည်။

Read More...

ကေအဲန်ယူ၏ တိုက်ခိုက်မှုကြောင့် နအဖ ၂၂ဦး ထိခိုက်သေဆုံး

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၌ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) က နအဖ စစ်တပ်ကို ယနေ့ ခြုံခိုတိုက် ခိုက်ရာ နအဖဘက်က ၈ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ နေ့လည်မွန်းတည့်အချိန်တွင် ပူးလူးစခန်းအခြေစိုက် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၉) လက်အောက်ခံ ခလရ (၆၂)တပ်ရင်းသည် စေးဖိုးခီးဂွင်အတွင်း လှုပ်ရှားနေသော ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂)ကို ရှင်းလင်းရန် ၀င်ရောက်လာရာ တွင် အဆိုပါကေအဲန်အယ်လ်အေတပ်က စောင့်ပစ်ကာ ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ယခုလို ပြောသည်။

၎င်းက “ဒီနေ့ နေ့လယ် (၁၂)နာရီတိတိမှာ စေဖိုးခီးဂွင်မှာ လှုပ်ရှားနေတဲ့ ကျနော်တို့ တပ်ရင်း(၂၂)ကို ရှင်းလင်းဖို့အတွက် ရောက် လာတဲ့ နအဖ စကခ(၁၉)၊ ခလရ(၆၂) တပ်ရင်းကို ကျနော်တို့ဘက်က အပိုင်သွား စောင့်ပစ်တော့ နအဖဘက်က ၈ယောက် ပွဲချင်း ပြီး သေတယ်။ ၁၄ဦး ဒဏ်ရာရသွားတယ်။ သေတဲ့အထဲမှာ ဒုတပ်ရင်းမှူးတစ်ယောက် ပါတယ်။ ကျနော်တို့ဘက်က ထိခိုက်သေဆုံး တာတော့ မရှိဘူး။”ဟု ပြောသည်။

နာရီဝက်ကြာသည့် အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့သည့် နအဖတပ်ဖွဲ့သည် ၎င်းတို့၏ ဒဏ်ရာရစစ်သည် များကို ထမ်းပိုးရန်အတွက် စေဖိုးခီးနှင့် မဲ့လာအားခီးမှ ရွာသား ၂၀ဦးကို ဆင့်ခေါ်ခဲ့ပြီး တာလေစခန်းသို့ ထွက်ခွာသွားသည်ဟု သိရ သည်။

ယင်းသို့ နအဖတပ်များ၏ ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ယခုညဦးပိုင်းအချိန်ထိ မြ၀တီမြှို့နှင့် ရွှေကုက္ကိုကျေးရွာရှိ ဆေးရုံများသို့လည်း ပြန်လည်သယ်ယူလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

ဖားအံခရိုင်အတွင်း ဇူလိုင်လနှင့် သြဂုတ်လဆန်းပိုင်းအထိ နအဖနှင့် ကေအဲန်ယူတို့ကြား ၄ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုအကြိမ် သည် နအဖဘက်က ထိခိုက်ကျဆုံးမှု အများဆုံးဖြစ်ပြီး နအဖ စကခ(၁၉)လက်အောက်ခံ တပ်ရင်း(၁၀)၊ ဒီကေဘီအေ (၉၉၉) တပ် မဟာ လက်အောက်ခံတပ်ရင်းနှင့် ကေအဲန်ယူ တပ်မဟာ(၇)မှ တပ်ရင်းများ အခြေစိုက် လှုပ်ရှားလျှက်ရှိသည်။

Read More...

မီးရှို့ခံရသည့် အလယ်တန်းကျောင်း စာပြန်သင်ကြားတော့မည်

စောသိန်းမြင့် (ကေအိုင်စီ)

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်က နအဖစစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသော ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ သဒါးဒဲရွာမှ အလယ်တန်းကျောင်းသည် ယခုအပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “မြေမြှုပ်မိုင်း အခြေအနေကြောင့် ရွာသားတွေက ရွာကို ပြန်နေလို့ မရဲကြသေးဘူး။ ကျောင်းသူ ကျောင်း သားတွေရဲ့ ပညာရေးထိခိုက်မှာ စိုးရိမ်လို့ လောလောဆယ်တော့ ပုန်းအောင်းတဲ့နေရာမှာပဲ ယာယီဆောက်လိုက် ရတယ်။ မကြာခင်အတွင်းမှာ ကျောင်းပြန်တက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ပြောသည်။

အဆိုပါကျောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် ကျောင်းသုံးပစ္စည်းများကို (Help Without Frontiers) နှင့် (Karen Teachers Working Group-KTWG) တို့က ထောက်ပံ့ပေးသလို လုံခြုံရေးနှင့် ပတ် သက်၍ ကေအဲန်ယူ တပ်မဟာ(၅) လက်အောက်ခံတပ်ဖွဲ့ဝင်များက တာဝန်ယူထားသည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ(၅)မှ တပ်ရေးဗိုလ် ဗိုလ်မှူးစောကလယ်ဒိုက “ကျောင်းရပ်တည်ရေးအတွက် လုံခြုံရေးကို ကျနော်တို့ တာဝန်ယူထားဆိုပေမယ့် နအဖက လူကိုယ်တိုင် ရောက်မလာနိုင်ရင်တောင်မှ လက်နက်ကြီးဖြင့် အချိန်မရွေး လှမ်းပစ်လို့ရတယ်။ ဒါကြောင့် ကျောင်းသားတွေတင်မက ရွာသားတွေအတွက်ပါ အရမ်းစိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတုန်းပါပဲ။”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်နေ့က နအဖ စကခ(၁၀) ဗျူဟာအမှတ်(၂)မှ ခမရ(၃၆၁)နှင့် ခမရ(၃၇၀) တပ်ရင်းတို့ ကျေးရွာအတွင်းသို့ ၀င်ရောက်ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံရွာသူရွာသား ၉၀၀ကျော် တောတောင်ထဲ ထွက်ပြေးပုန်းအောင်းရသည့်အထဲတွင် အဆိုပါစာသင်ကျောင်းမှ ကျောင်းသူကျောင်းသား ၂၁၇ ဦးနှင့် ဆရာ၊ ဆရာမ ၁၂ဦးပါဝင်ပြီး ယနေ့အချိန်ထိ ကျောင်းမတက်နိုင်သေးခြင်းဖြစ်သည်။

အဆိုပါ ထွက်ပြေးပုန်းအောင်းရသည့် ရွာသူရွာသားများသည် လုံခြုံမှုမရှိသည့်အပြင် အမိုးအကာ၊ ဆေးဝါးနှင့် အ သုံးအဆောင်ပစ္စည်းများမရှိဘဲ ဒုက္ခမျိုးစုံ ရင်ဆိုင်နေရပြီး အမျိုးသမီးများနှင့် ကလေးငယ်များသည် ခြင်အန္တရာယ် နှင့် မသန့်ရှင်းသောရေများကြောင့် ကျန်းမာရေးအတွက် အထူးစိုးရိမ်ရသည်ဟု Help Without Frontiers အင် တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

Read More...

ကြားဖြတ်သတင်း............

မောင်ချစ်သူမျက်နှာ မကောင်း…..ဘာကြောင့်လဲ? ? ?

ကွယ်ကလူသတင်းကိုကညောဖိုး အကျဉ်းချုပ် ဘာသာပြန်ထားသည်။

မောင်ချစ်သူ ရန်ကုန်မှပြန်ရောက်ကတည်းက မျက်နှာမကောင်း ကြောင်းကို ရွှေကိုက္ကို ရှိလူထု များ၏ပြောပြချက်အရ သိရှိရသည်။ ဒီကေဘီအေနှင့်နီးစပ်တဲ့သူကလည်း မောင်ချစ်သူတို့ နယ်ခြားစောင့်တပ်လုပ်ဖို့လက်ခံလိုက်တဲ့အတွက် ဒီကေဘီအေ လက်အောက်ခံတပ်သားများ သဘောမတူတဲ့အကြောင်း………….ကွယ်ကလူသတင်းအား ပြောပြခဲ့ပါတယ်။

ဒါ့အပြင် တိုင်းမှုးနောက် ရန်ကုန်သို့လိုက်သွားပြီး ပြန်ရောက်ခဲ့ပေမဲ့လည်းမျက်နှာမကောင်းဖြစ် နေဆဲ………ဘာကြောင့်လဲဆိုတော့ နအဖ ကသူ့ကိုဗိုလ်မှုးစောလားပွယ်အား အတင်းသွား ရောက်စည်းရုံးခိုင်းတဲ့အတွက်ဖြစ်သည်။ သူကိုယ်တိုင်ကလည်းသွားပြီး စည်းရုံးမည်ဟုကတိ ကဝတ်ပြုခဲ့……………..

ဒါတင်မကသေးဘူး….. ပြီးခဲ့တဲ့ ဇွန်လိုင် နောက်ဆုံးအပတ်တွင် နအဖမှ တာဝန်ရှိသူများကဒီ ကေဘီအေ တပ်သားများ၏ဓာတ်ပုံများကိုရွှေကိုက္ကို သို့သွားရောက်ရိုက်ယူခဲ့သေးသည်။ အဆိုပါ သတင်းပေးသူပြောပြချက်အရ- ဓာတ်ပုံ သွားရောက်အရိုက်ခံတဲ့ တပ်သားအများစု သည်ခြေပြတ်လက်ပြတ်ဒုတ္ခိများသာဖြစ်ကြောင်း……………….ထို့အပြင်ကောင်းမွန်တဲ့တပ် သားများ လုံးဝ ဓာတ်ပုံအရိုက်မခံကြောင်း….ကွယ်ကလူကိုပြောကြားခဲ့သည်။

Read More...

အမေရိကန် စောင့်ကြည့်ရေးအဖွဲ့က မြန်မာရွေးကောက်ပွဲကို ဝေဖန်

မဇ္ဈိမသတင်းဌာန

ကမ္ဘာတဝှမ်း ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် နာမည်ကြီး အမေရိကန်အဖွဲ့တခုက မြန်မာစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ယခုအတိုင်းသာ ကျင်းပမည်ဆိုပါက နိုင်ငံတကာ လက်ခံနိုင်မည့် စံချိန်စံညွှန်းများနှင့် ပြည့်စုံမည် မဟုတ်ဘဲ တရားဝင်မှု ရရှိမည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝါရှင်တန်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်စတီကျု (NDI) က တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သော ၎င်းတို့၏ `အခြေခံအားဖြင့်ပင် ဒီမိုကရေစီမကျသော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မူဘောင်များ´ အမည်ရှိ သုတေသန စာတမ်းတွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြရေးသားလိုက်ခြင်း ဖြစ်သည်။

ကြာမြင့်စွာကတည်းက အများတကာ ဝိုင်းဝန်း ဝေဖန်ခဲ့သော ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့အပေါ် အခြေခံ ပြုလုပ်ကာ၊ နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် `လိုချင်သည့် ရလဒ် ရရှိစေရန် စနစ်တကျ ပြင်ဆင်ထားသည့်အတွက် နိုင်ငံတကာက သတ်မှတ်ထားသော အနိမ့်ဆုံး စံချိန်စံညွှန်းများကိုပင် မမီကြောင်း´ ရေးသားထားသည်။

အထူးသဖြင့် ယခုရွေးကောက်ပွဲဖြစ်စဉ်သည် လူထုဆန္ဒကို အခြေခံသည့် အစိုးရ၊ အခြေခံ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့် ဘက်မလိုက်သော ရွေးကောက်ပွဲ စီမံခန့်ခွဲရေးတို့တွင် အာမခံချက်ရှိမည် မဟုတ်ပေ။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍လည်း ဒေသန္တရအဆင့်တွင် အသစ်ပေါ်ပေါက်လာမည့် အစိုးရသည် `တကယ်တမ်းသာ အာဏာကို တိုင်းရင်းသား လူနည်းစုများထံ ခွဲဝေအပ်နှင်းခဲ့မည်ဆိုပါက ဒေသန္တရအစိုးရတွင် တိုင်းရင်းသားများ လုပ်ကိုင်ဆောင်ရွက်ခွင့် ပိုမိုရရှိစေမည် ဖြစ်သော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် အလားအလာကို မတွေ့ရှိရကြောင်း´ NDI က သုံးသပ်ရေးသားထားသည်။

စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်၍လည်း ဤကော်မရှင်သည် လွတ်လပ်မှု မရှိရုံသာမက လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် ဘက်မလိုက်မှုနှင့် ထင်သာမြင်သာ ရှိမှုတို့လည်း ရှိလိမ့်မည် မဟုတ်ဟု အဆိုပါ အမေရိကန် အဖွဲ့အစည်းကြီးက ဝေဖန်သည်။

`ထို့ကြောင့် ခြုံ၍ပြောရလျှင် ယခုစီစဉ်ထားသည့်အတိုင်းသာ ရွေးကောက်ပွဲများကို ကျင်းပခဲ့မည်ဆိုပါက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ပိုမို၍ ပွင့်လင်းလွတ်လပ်မှုလည်း ရှိလာလိမ့်မည် မဟုတ်ပေ။ စစ်အစိုးရ၏ လွန်ခဲ့သော နှစ် ၂ဝ လုံး ပြုမူခဲ့ပုံများကို ကြည့်လျှင် အာဏာကို ဖြစ်သည့်နည်းနှင့် ဆက်လက်ဖက်တွယ်ထားရန်သာ လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်´ ဟုလည်း အစီရင်ခံစာက သတိပေးထားသည်။

NDI သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း ကမ္ဘာတဝှမ်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲပေါင်း ၁၅ဝ ကျော်ကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့မူ အဆိုပါအဖွဲ့ကြီးက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခွင့် မရရှိခဲ့ပေ။

`ပေါ်ပေါက်လျက်ရှိသော အကြောင်းအချက်များအရ မြန်မာနိုင်ငံ၏ ဥပဒေက နိုင်ငံတကာ အကဲခတ်များ လာရောက်လေ့လာခွင့် ပြုမည်ဆိုလျှင်ပင် NDI က မိမိ၏ အကဲခတ်များကို စေလွှတ်လေ့လာစေမည် မဟုတ်ပေ။ ဖွဲ့စည်းပုံဥပဒေက စစ်တပ်ကို တိုင်းပြည်၏ အရှင်သခင်များအဖြစ် ထာဝရတည်တံ့စေရန် အာမခံချက် ပေးထားခြင်းကြောင့်ပင် ဖြစ်သည်´ ဟု အစီရင်ခံစာ ပြုစုသူများက ရေးသားထားသည်။

NDI သည် အခြား အစိုးရအထောက်အပံ့ခံ ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေး လုပ်ဆောင်နေသည့် အမေရိကန် အဖွဲ့အစည်းများလိုပင် ဒီမိုကရေစီမူဝါဒများအတွက် တိုက်ပွဲဝင်နေသူဟူသော မျက်နှာဖုံးစွပ်ကာ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားများ အောင်မြင်ရေးအတွက်သာ ဆောင်ရွက်လုပ်ကိုင်နေသည့် အဖွဲ့အစည်းတရပ် ဖြစ်သည်ဟုလည်း ဝေဖန်တိုက်ခိုက်ခံနေရသည်။

၂ဝဝ၅ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော ယူကရိန်းနိုင်ငံ လိမ္မော်ရောင် တော်လှန်ရေးအပြီး NDI နှင့် အလားတူ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ယင်းတို့၏ သက်ရောက်မှုကို လေ့လာစုံစမ်းခဲ့သည့် ဂါးဒီးယန်း သတင်းစာကြီး၏ သတင်းထောက် Ian Traynor က `ဒီမိုကရေစီစနစ်ကို မဲပုံးများ၊ အာဏာ ဖီဆန်မှုများမှတဆင့် ရယူရေးသည် အလွန်ခေတ်စားလာခဲ့ပြီး သုံးစွဲသော နည်းလမ်းများမှာလည်း အခြားပြည်သူများ၏ ရွေးကောက်ပွဲများတွင် အလားတူ အနိုင်ရစေရန် ပုံစံခွက်တခု ဖြစ်လာခဲ့သည်´ ဟု ရေးသားခဲ့သည်။

Read More...

သေနတ် ပစ်ဖောက်၍ အပစ်ရပ် အဖွဲ့ဝင် ၂ ဦး အဖမ်းခံရ

ဧရာဝတီ မှ......

ကရင်ပြည်နယ် မြ၀တီမြို့တွင် ယမန်နေ့က အပစ်ရပ် အဖွဲ့ ၂ ခုမှ တပ်သား ၂ ဦး မူးယစ်ပြီး သေနတ် ပစ်ဖောက်သဖြင့် မြဝတီ ရဲစခန်းက ဖမ်းဆီး ထားကြောင်း သိရသည်။

မွန်အမျိုးသား ငြိမ်းချမ်းရေး ကောင်စီ ပါတီ (Mon National Peace Council Party – MNPCP) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၀၁ တပ်တို့မှ တပ်သား ၂ ဦးသည် အရက်သောက်ရင်း ဝယ်ယူလာသည့် ပစ္စတို သေနတ်ကို ၉ ချက် စမ်းသပ်ပစ်ဖောက်ခြင်းကြောင့် ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း မြဝတီရဲစခန်းက အတည်ပြု ပြောကြားသည်။

“ညက သူတို့ကို ပုဒ်မ ၁၉၁ နဲ့ ချုပ်ထားတယ်။ ကျည် ၃ တောင့်ရတယ်။ နောက် နင်းမိုင်းတခု ပါတယ်။ အဝေးထိန်း ကိရိယာတွေကတော့ ဘာမှန်း မသိသေးဘူး။ ရဲစခန်းမှာ ချုပ်ထားတယ်။ သူတို့ အဖွဲ့တွေကလည်း သူတို့ လူတွေကို ပြန်ထုတ်ဖို့ ဆက်သွယ်နေတယ်” ဟု မြဝတီရဲစခန်းမှ ရဲတဦးက ဧရာဝတီသို့ ပြောသည်။

မြ၀တီ မြို့ခံတဦးက“ညက သေနတ်သံတွေ ဆက်တိုက်ကြားတယ်။ သေနတ်သံကြောင့် ကျနော်တို့ မိကျောင်းကုန်း ရပ်ကွက် တခုလုံး တညလုံး တိတ်ဆိတ်နေခဲ့တယ်။ မြို့မှာက သေနတ်ကိုင်တဲ့ လူကလည်း စုံတယ်လေ။ စစ်သားရော၊ ပုလိပ်ရော၊ ငြိမ်းတပ်ဖွဲ့တွေရော ဆိုတော့။ ထိခိုက်ဒဏ်ရာ ရတယ်တော့ မကြားမိဘူး” ဟု ဆိုသည်။

MNPCP မှာ မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသူ ဗိုလ်ချုပ်ဟောင်း အောင်နိုင်က ဦးစီးပြီး မြန်မာ စစ်အစိုးရထံမှ စီးပွားရေး လုပ်ပိုင်ခွင့် တချို့ရရှိထားကာ မြ၀တီမြို့တွင် ရုံးခန်းဖွင့်လှစ်ထားသည်။

ယခင်က အပစ်ရပ်အဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်မှု၊ သေနတ်ပစ်ဖောက်မှုများကို ရဲက ဖမ်းဆီးခြင်း မရှိခဲ့ပေ။ ယခု ဖမ်းဆီး ထားသော အပစ်ရပ် အဖွဲ့ဝင်များအား မြဝတီ ရဲစခန်းက မည်သို့ အရေးယူမည်ကို မြို့ခံများက စိတ်ဝင်စားလျှက် ရှိကြောင်း သိရသည်။

Read More...

စီးပွားရေး အချက်အချာကျရာ ရန်ကုန်မြို့ အနီးတွင် တပ်ကို တပ်က ပြန်ဝိုင်းထား

Freedom News Group မှ.......

ရန်ကုန် တိုင်း လှည်းကူး မြို့ နယ် အတွင်း ရှိတပ်မ ၁၁ လက်အောက်ခံ ရဲမွန် တပ်မြို့ ကို သောကြာနေ့ ညနေ က စပြီး ရန်ကုန် တိုင်း စစ်ဌာနချုပ်လက်အောက် ခံတပ် များ ၊နေပြည်တော် မှ တပ်များ နဲ့ စစ်ထောက်လှမ်းရေး အဖွဲ့ ဝင်များကထပ်မံ ပိတ်ဆို့ ဝန်းရံထား တယ် လို့ သတင်းရရှိပါတယ် ။

အခုလို ပိတ်ဆို့ ရတဲ့ အဓိက အကြောင်း အရင်းက တော့ရဲမွန် တပ်မြို့ က စစ်သားတွေ ရဲ့  လစာတွေထဲကနေဖြတ်တောက် လစဉ် ဖြတ်တောက် ယူထားတဲ့ ဘဏ်စုငွေ တွေ ကြောင့် လို့ ရဲမွန် တပ်မြို့ နဲ့ နီး
စပ် သူ တစ်ဦး က Freedom News Group ကို ပြောပါတယ်။ ရဲမွန် တပ်မြို့ တွင်း မှာ စစ်သည် အင်အားတစ်ထောင် ကျော် နဲ့ မိသားစု ၀င် တွေ ရှိပြီး အပြင်က ၀ိုင်းထားတဲ့ တပ် အင်အားက တော့ ခြောက်ရာလောက်ရှိ ပါတယ်။

ရဲမွန် တပ်မြို့ တွင်း ကို ဆက်သွယ် နိုင်တဲ့ တယ်လီဖုန်း လိုင်းတွေ ကို ဖြတ်တောက် ထားပြီး တပ်အပြင်
ရောက်လို့  ပြန်လာတဲ့ မိသားစု တွေ ကို ၀ိုင်းထား တဲ့ တပ်တွေ က ပြန်ပေးဆွဲ ထား သလို့ လုပ်ထားတယ်
လို့  သိရပါတယ်။ ၀ိုင်းထား တပ် ကတော့ လက်နက်ချပြီး သတ်မှတ် နေရာ ကို ထွက် လာဖို့  ၄၈နာရီ အချိန်
ပေးထားတယ် လို့ သိရပါတယ်။ ရဲမွန် တပ်မြို့ က တပ်သား တွေ က တော့ ၎င်း တို့ ရဲ့ အထက်အရာရှိ အမိန့် ကို
လုံးဝ မနာ ခံတော့ တာ သီတင်းနှစ်ပတ် လောက်ရှိ သွားပြီ လို့  အငြိမ်းစား ဗိုလ်မှုးကြီး တစ်ဦးက ပြောပါတယ်။

ရဲမွန် တပ်ဟာ ရန်ကုန် မြို့ ရဲ့  လုံခြုံရေး ကို ယူပေးရတဲ့ တပ် ဖြစ်ပြီး ယခင်က နိုင်ငံရေးလှုပ်ရှားသူများ ကို ခေတ္တ
ဖမ်းဆီး ထိန်းသိမ်း စဉ် မှာ အသုံးပြုတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်

အခုလို ပိတ်ဆို့ ထားမှု ကြောင့် တပ်တွင်း မိသားစု တွေ နဲ့  တက္ကသိုလ် စာမေးပွဲ ဖြေဆိုမယ် ကျောင်းသားတွေ
တွေ ဒုက္ခရောက်ကြတယ် လို့ သိရပါတယ်။

နအဖ စစ်ခေါင်းဆောင် တွေ က ချမ်းသာပြီး ရင်း ချမ်းသာ ချိန်မှာ အောက်ခြေတပ်သား တွေ ကတော့
ဆင်းရဲတွင်း နက်ကာ ဒုက္ခပင်လယ်ထဲက ရုန်းမထွက် နိုင်ဘူး လို့  တပ်မှုးဟောင်း တစ်ဦးက သူ့ ရဲ့ အမြင်
ကို ပြောပါတယ်။

Read More...