ရဲရင့် (ခေတ်ပြိုင်)
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာရှိ ဌာနချုပ်ကို နအဖတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ၀င် ရောက်ချေမှုန်းရန် စစ်ရေးပြမှုများ လုပ်ဆောင်နေသဖြင့် တပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေသည်ဟု တပ်မှူးတဦးက ပြောသည်။
အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ယနေ့တွင် နအဖတပ်များက ယခုကဲ့သို့ စစ်ရေးပြခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အဆိုပါတပ်မှူးက ပြောသည်။
အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်အပါအ၀င် တပ်ဖွဲ့ဝင်အများစုမှာ ယမန်နေ့မှ စတင်ကာ ၎င်းတို့၏ ယခင်တပ်စခန်းဟောင်းရှိရာ ထိုင်းနယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယခုလ (၂၂) ရက်တွင် နအဖ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာပေးပို့ခဲ့သည်။
အဆိုပါစာထဲတွင် အသွင်ပြောင်းမည့်ကိစ္စ လက်မခံနိုင်သည့် အကြောင်းများကို အသေးစိတ်ရေးသားထားပြီး ကရင်အမျိုးသားထုအတွင်း စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်၍မရဘဲ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေမှုများသည် နအဖစစ်အုပ်စု၏ သပ်လျှိုဖြိုခွဲမှုများကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဖြစ်စေ၊ မည်သည့်အသွင်ပြောင်းလဲမှုကိုမှ လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
နအဖဘက်မှမူ သတ်မှတ်ရက်အတွင်း အသွင်ပြောင်းရမည်ဖြစ်ပြီး လက်နက်များကို အပ်နှံရမည်ဖြစ်ကြောင်း၊ အမိန့်မလိုက်နာသည့် အဖွဲ့များသည် မတရားအသင်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း၊ ကျေနပ်မှုမရှိပါက ယခင်လာ လမ်းအတိုင်း ပြန်သွားနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
နအဖဘက်မှ ဒေသတွင်း တပ်အင်အားများ ပိုမိုတိုးမြှင့်ကာ တပ်လှန့်ထားသဖြင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ကေအန်အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။
မြ၀တီမြို့ခံတဦးက “ဒီနေ့ မြ၀တီမှာ အောက်ကစစ်တပ်တွေ တက်လာတာ အတော်များတယ်။ မြ၀တီ ခလရ (၂၇၅) နားက အမြောက်တပ်မှာလည်း (၁၂၀) အမြောက်နဲ့ အခြားလက်နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်တပ်ကလူတွေ ပြောတာကတော့ တပ်လှန့်ထားတယ်တဲ့” ဟု ပြောသည်။
ဒီကေဘီအေမှ တပ်မှူးတဦးက “ဒီကေဘီအေဗဟိုက နယ်ခြားစောင့်တပ်လုပ်ဖို့ သဘောတူလိုက်ပေမယ့် တပ်မဟာ (၅) က ဗိုလ်လားပွယ်တို့ရဲ့ တပ်ရင်း (၉၀၆) နဲ့ (၉၀၇) ဆိုရင် လုံးဝလက်မခံဘူး။ ဒီကေဘီအေ (၅၅၅) တပ်မဟာကလည်း သူတို့ လုံးဝ လက်မခံဘူးလို့ ပြောတယ်။ ဒီတပ်တွေရှိတဲ့ နေရာတွေမှာ အခြေအနေက မကောင်းတော့ဘူး။ မြ၀တီမြို့ရဲ့ တောင်ဘက် မိုင် (၂၀) လောက်မှာရှိတဲ့ တပ်မဟာ (၅) အနားမှာ မြန်မာစစ်တပ်တွေချထားပြီး ဒီကေဘီအေကော သူတို့ကော တောင်ကုန်းတွေမှာ လက်နက်ကြီးတွေ ဆင်ထားကြပြီ။ ကြည့်ရတာ မကြာခင်မှာ သေနတ်ပေါက်ဖို့ရှိတယ်” ဟု ပြောသည်။
အဆိုပါဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ထိုင်းဘက်သို့ ရွာသားအချို့ ယနေ့စတင် တိမ်းရှောင်လျက်ရှိပြီး ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းတလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ စခန်းအနီး နအဖတပ်များ စစ်ရေးပြ
ပြည်တွင်းစစ်ဖြစ်လာနိုင်သည်ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ်ပြော
သျှမ်းသံတော်ဆင့် မှ
လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး အသွင်ပြောင်းရမည်ဆိုသည့် နအဖ၏ တဘက်သတ် အစီအစဉ်ကြောင့် ပြည်တွင်းစစ် တကျော့ပြန်ဖြစ်လာနိုင်သည်ဟု လွယ်တိုင်းလျဲန်းအခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်က ပြောကြား လိုက်ပါသည်။
“အပစ်ရပ်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ အပစ်ရပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ နိုင်ငံရေးစကားဝိုင်းမရောက်ဘဲ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ အသွင်ပြောင်းဖို့ဘဲ နအဖက တဘက် သတ်ပြောနေတာ။ လက်မခံရင် အင်အားသုံးမယ်လို့တောင် အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒီအတိုင်းဆက်သွားမယ် ဆိုရင် တော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်လာမှာမလွဲဘူး” - ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ် ကပြောပါသည်။
နအဖ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလိုဘဲ စစ်အင်အားသုံး၍ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ခြေမှုန်းလိုသောကြောင့် နိုင်ငံရေးပြဿနာဖြေရှင်းသည့် နည်းလမ်းကောင်း မဟုတ် သဖြင့် တိုင်းပြည်ပြဿနာ ပိုမိုရှုပ်ထွေးလာစေမည်သာဖြစ်ကြောင်း - စ၀်ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော၏။
“နအဖ က သူ့မဟာဗျူဟာအတိုင်းသူလုပ်မှာဘဲ၊ ပြည်သူအရေးစဉ်းစားမှာမဟုတ်ဘူး၊ တိုင်းရင်းသား ပြည်သူလူထု တိုးတက်ကြီးပွားမှာ၊ တိုင်းပြည်သာယာစိုပြေမှာကို သူမလိုလားဘူး၊ မိမိမွေးရပ်ကနေစွန့်ခွါကြလေ သူကကြိက်လေဘဲ၊ တိုင်းရင်းသားပိုင်ရေမြေတွေကို အပိုင်ရဖို့က စစ်အုပ်စုရဲ့ အဓိကမဟာဗျူဟာဘဲ” - ဟု စ၀်ယွက်စစ်က ဆက်ပြော ပါသည်။
တိုင်းရင်းသားများ စည်းရုံးညီညွတ်မှုရမည်ကို နအဖ အင်မတန်စိုးရိမ်နေကြောင်း၊ မိမိအမျိုးသားကောင်းစားရေးအတွက် သာကြည့်ပြီး နအဖ ဖျားယောင်းသွေးဆောင်မှုနောက် လိုက်မည်ဆိုပါက အားလုံးရေတိမ်နစ်မည်မှာ မလွဲကြောင်း၊ စည်းရုံးညီညွတ်မှုဖြင့် လက်တွဲအဖြေရှာကာ စစ်အုပ်စု၏ ဖိနှိပ်မှုရန် တွန်းလှန်မှသာလျှင် တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူအခွင့်အရေးရရှိနိုင်မည်၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို နအဖ သတိမူစေရမည်ဟု ပြောကြားခဲ့ပါသေး သည်။
ထို့အတူ SSA ခေါင်းဆောင်စ၀်ယွက်စစ်က တိုင်းရင်းသားလူမျိုးစုများအားလုံး နေရပ်မှ စွန့်ခွါခြင်းသည် ပြဿနာဖြေရှင်း သည့် နည်းလမ်းမှန်မဟုတ်သည့်အပြင် စစ်အုပ်စုအသိုင်းအ၀ိုင်းတို့ အစားထိုးနေရန် ရှောင်တိမ်းပေးသကဲ့သို့ဖြစ်နေ ကြောင်း၊ ထို့ကြောင့်မွေးရပ်မြေမှစွန့်ခွာခြင်းမပြုဘဲ သေတူ ရှင်မကွဲ ရရာလက်နက်စွဲကိုင်ပြီး လွတ်မြောက်ရေးတိုက်ပွဲ ၀င်ကြဖို့ရန် ပြောကြားခဲ့ပါသေးသည်။
SSA ခေါင်းဆောင် စ၀်ယွက်စစ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌဖြစ်၏။ ထို့ပြင် သျှမ်းပြည်တိုင်းရင်း သားများတန်းတူအခွင့်အရေးအတွက်ရှေ့တန်းတင်ပြီး သျှမ်း၊ ပအိုဝ်း၊ ၀ ၊ အခါ၊ လားဟူ နှင့် အခြားတိုင်းရင်းသားများပါ ၀င်သည့် သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းစဉ်ကလည်း ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သည်။
ပေါ်တာဆွဲရန် အာဏာပိုင်များ ကြိုတင်စီစဉ်
သျှမ်းသံတော်ဆင့်မှ
နယ်ခြားစောင့်တပ် သတ်မှတ်ရက် နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် စစ်ပွဲများအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အထမ်းသမားခေါ်ရန်ကိစ္စကို သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ် မုံးပေါ်ကျေးရွာအုပ်စု အာဏာပိုင်များအတွင်း ဆွေးနွေးထားကြောင်း သတင်းရရှိသည်။
ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက မုံးပေါ်ရွာ၌ ပြုလုပ်သည့် အစည်းအဝေးတွင် မုံးပေါ်ကျေးရွာအုပ်စုမှ ရဲစခန်း မှူး ဦးဆန်း လွင် ဋ္ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးမိုက်ကယ်တို့ တက်ရောက်ခဲ့ပြီး အထမ်းသမား ခေါ်ရန်ကိ စ္စ ဆွေးနွေးခဲ့သဖြင့် ဒေသခံ တချို့ ထွက်ပြေး တိမ်းရှောင်မှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးအပြီးတွင် မုံးပေါ်ပြည်သူ့စစ်အင်အား ၂၀ ခန့်သည် မုံးပေါ်ကျေးရွာမှ ကားဖြင့် တစ်နာ ရီကျော်ခန့် သွားရသည့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ(၄)လက်အောက်ခံ တပ်စ ခန်းရှိရာ လွယ်ကန်ဒေသသို့ ထွက်ခွာသွားကြောင်း အာဏာပိုင်များနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည်။
“သူတို့က (အာဏာပိုင်) နယ်ခြားစောင့်တပ်လက်မခံလို့ တိုက်မယ်ဆိုရင် ဒေသခံတွေကို ပေါ်တာဆွဲဖို့လို တယ် လို့ အဲဒီ အစည်းအဝေးမှာ ပြောတယ် မနေ့က မနက် ၈ နာရီလောက်မှာ ပြည်သူ့စစ်အဖွဲ့တွေ မထွက် ခင် ပေါ်တာဆွဲမယ်ဆိုပြီး ရွာ မှာ သတင်းထွက်လာတော့ ရွာသားတချို့တော့ ရှောင်သွားကြတယ် ပေါ်တာ ဆွဲတာတော့မရှိပါဘူး” ဟု နီးစပ်သူက ပြောသည်။
ယနေ့နေ့လည်ပိုင်းအထိ တစ်စုံတစ်ရာ ထူးခြားမှုမရှိပဲ ထွက်ခွာသွားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာကြောင်း သူကဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ခန့်က မြန်မာစစ်တပ် လှုပ်ရှားစစ်ကြောင်းများ ကြူကုတ်(ပန်ဆိုင်း) မြို့နယ် ၀မ့်အင်နှင့် ကျိန်းယန်း ကျေးရွာများတွင် တပ်စွဲလှုပ်ရှားလျှက်ရှိပြီး ပန်ဆိုင်းတစ်ဘက်ကမ်း တရုတ်ခြမ်း ၀မ်တိန်မြို့ဘက် တွင် တရုတ်စစ်တပ်များ တိုးချဲ့နေရာယူနေကြောင်း သိရသည်။
စစ်အစိုးရ ရာဇသံကို ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်
မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ) ။ ။အပစ်ရပ် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီက စစ်အစိုးရ၏ ရာဇသံဖြစ်သော နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး အဆိုပြုချက်အား ငြင်းဆန်လိုက်ပြီး၊ စစ်အစိုးရသည် အပစ်အခတ်ရပ် သဘောတူညီချက်များကို လိုက်နာခြင်းမရှိဟု ပြောဆိုလိုက်သည်။
စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့် ထံသို့ ပေးပို့သော စာတွင် (KNU/KNLA) Peace Council ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဋ္ဌေးမောင်က ၎င်းတို့အင်အားစုသည် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း ရေးသားထားသည်။
မဇ္ဈိမက လက်ခံရရှိသည့် အဆိုပါ ပေးစာမိတ္ထူတွင် ယခုလ ၇ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နှစ်ဖက်ဆွေးနွေးခဲ့စဉ်က ဒုဗိုလ်ချုပ်ကြီးရဲမြင့် တောင်းဆိုခဲ့သော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအား ပယ်ချခဲ့ကြောင်း ရေးသားထားသည်။
ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် (KNU/KNLA) Peace Council မှ ကိုယ်စားလှယ်များနှင့် ယခုလ ၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှင့် အဖွဲ့အား အသွင်ပြောင်းရန် အဆိုပြုခဲ့ကာ တုံ့ပြန်ဖြေကြားရမည့် နောက်ဆုံးရက်ကို ယခုလ ၂၂ ရက်နေ့ဟု သတ်မှတ်ထားခဲ့ကြောင်း ပေးစာမိတ္ထူအရ သိရသည်။
(KNU/KNLA) Peace Council သည် စစ်အစိုးရအား နှစ်ပေါင်း ၆ဝ ခန့် တိုက်ခိုက်ခဲ့သည့် ကရင်လက်နက်ကိုင် KNU အဖွဲ့၏ တပ်မဟာ ၇ မှ ဖြစ်ပြီး၊ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုကာ KNU မှ ခွဲထွက်ခဲ့သည်။ ယခုအခါ ဗိုလ်ချုပ်ဋ္ဌေးမောင်က စစ်အစိုးရသည် သဘောတူညီချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း ပြောဆိုသည်။
ဗိုလ်ချုပ်ဌေးမောင်က ၎င်းတို့သည် စစ်ရေးနှင့်ပတ်သက်သော အစီအစဉ်မှန်သမျှကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့ပြီး ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းလိုကြောင်း ပြောသည်။ ထို့နောက် စစ်အစိုးရသည် ငြိမ်းချမ်းရေး သဘောတူညီချက်များအား ချိုးဖောက်ကာ စစ်ရေးနှင့်ပတ်သက်သော ဆောင်ရွက်ချက်များ ဆက်လက်၍ တိုးမြှင့်လုပ်ဆောင်နေသည်ဟုလည်း စွပ်စွဲလိုက်သည်။
ငြိမ်းချမ်းရေးစာချုပ်ထဲတွင် နှစ်ဖက်လုံးမှ စစ်ရေးနှင့်ပတ်သက်သော လှုပ်ရှားမှုများအား တိုးမြှင့်လုပ်ဆောင်ခြင်း မပြုလုပ်ရဟု ပါရှိသော်လည်း ငြိမ်းချမ်းရေးယူပြီး ၃ နှစ်အတွင်း ကရင်လူမျိုးများအပေါ် မိမိဒေသတွင် နေထိုင်ရရုံအတွက် အိမ်ယာများ ဆောက်လုပ်ပေးခြင်းနှင့် လမ်းဖောက်လုပ်ပေးခြင်းမှအပ စာချုပ်ပါ အချက်များအား စစ်အစိုးရက မလိုက်နာကြောင်း ဗိုလ်ချုပ်ဋ္ဌေးမောင်၏ ပေးစာထဲတွင် ဆိုထားသည်။
ဗိုလ်ဋ္ဌေးမောင်အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ မရသဖြင့် ယခုပေးစာအား အစစ်အမှန် ဟုတ်မဟုတ် မသိရသော်လည်း နီးစပ်သူများက အစစ်အမှန် ဖြစ်လောက်သည်ဟု ပြောဆိုကြသည်။
မော်လမြိုင် ဆွေးနွေးပွဲတွင် စစ်အစိုးရဘက်က (KNU/KNLA) Peace Council အား ယခုလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ ၎င်းတို့၏ အဆိုပြုချက်အား တုံ့ပြန်ဖြေကြားခြင်း မပြုခဲ့လျှင် မတရားအသင်း ကြေညာမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် စစ်အင်အား မတိုးချဲ့ရန်၊ မည်သည့် တိုင်းရင်းသား အင်အားစုနှင့်မှ မဆက်သွယ်ရန်၊ KNU နှင့် တွေ့ဆုံဆွေးနွေးခြင်း မပြုရန်၊ ထိုင်းနိုင်ငံနှင့် အဆက်အသွယ် မှန်သမျှ ဖြတ်တောက်ရန်နှင့် ထိုအဖွဲ့အစည်းများအား မယုံကြည်ရန် သတိပေးခဲ့သေးသည်။
ဗိုလ်ချုပ်ဋ္ဌေးမောင်က ဖြေကြားရာတွင် “ကရင်လူမျိုးတွေရဲ့ ဘဝလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် စစ်ရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုမျိုးဆိုရင် ဘယ်နာမည်နဲ့ပဲ လာလာ ကျနော်တို့ သဘောတူမှာ မဟုတ်ပါဘူး” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
(KNU/KNLA) Peace Council အနေနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များကို လိုက်နာခဲ့သော်လည်း စစ်အစိုးရဘက်ကမူ လွန်ခဲ့သော ၃ နှစ်အတွင်း လိုက်နာခြင်း မရှိဘဲ ကရင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲ၍ အချင်းချင်း သတ်ဖြတ်ကာ ထောင်နှင့်ချီ၍ သေဆုံးစေမည့် သွေးထိုးမှုမျိုး၊ စစ်ရေးနှင့်ပတ်သက်သော လှုပ်ရှားမှုမျိုးကိုသာ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
လူအများအပြားသည် စစ်အစိုးရ၏ စစ်ရေးနှင့်ပတ်သက်သော အစီအစဉ်များကို စိုးရိမ်ထိတ်လန့်ကာ မလုံမခြုံ ခံစားလာရသဖြင့် ၎င်းတို့လုံခြုံရေးအတွက် (KNU/KNLA) Peace Council ထံသို့ လာရောက်ပူးပေါင်းရန် စိတ်ကူးလာကြသည်ဟု ဆက်လက်ပြောကြားခဲ့သည်။
“တကယ်လို့ ဒီလိုအခြေအနေတွေကြောင့် ကျနော်တို့ တပ်ဖွဲ့အင်အား ကောင်းလာတယ်ဆိုရင်တောင် ကျနော်တို့ကြောင့် မဟုတ်ပါဘူး။ ခင်ဗျားတို့ (စစ်အစိုးရ) ရဲ့ စစ်ရေး အစီအစဉ်တွေကြောင့်ပဲ ဖြစ်လိမ့်မယ်” ဟု ဗိုလ်ချုပ်ဋ္ဌေးမောင်က ပြောဆိုခဲ့သည်။
KNU နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ရန် စစ်အစိုးရ၏ ဖိအားပေးမှုနှင့်ပတ်သက်၍ တုံ့ပြန်ရာတွင်မူ “ကျနော်တို့ ကရင်အားလုံးဟာ မိသားစုတခုလိုပါပဲ။ KNU ဆိုတဲ့ ထီးရိပ်ရဲ့အောက်မှာ ကရင်လူမျိုးတွေ စည်လုံးညီညွတ်ရေးဟာ အရေးအကြီးဆုံးပါ။ ကျနော်တို့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်ခြင်းကသာ တနိုင်ငံလုံး စည်းလုံးညီညွတ်ရေးကို ဦးတည်စေမှာပါ။ ကျနော်တို့အဖွဲ့မှာ ရန်သူမရှိပါဘူး” ဟု ဆိုသည်။
အစောပိုင်းကတည်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် စစ်အစိုးရက ဖိအားပေးခဲ့သော်လည်း ငြိမ်းချမ်းရေး ကောင်စီကမူ ငြင်းဆန်နေခဲ့သည်။
KNU သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် တိုက်ပွဲဝင်နေသည့် ကရင်တိုင်းရင်းသားများအား ကိုယ်စားပြုသော လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့လည်း ဖြစ်သည်။ သို့သော် တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ အစည်းအရုံး - DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူသွားခဲ့သဖြင့် KNU အတွက် အထိနာခဲ့ရသည်။
ထို့နောက်ပိုင်း ဗိုလ်ချုပ်ဋ္ဌေးမောင် ဦးစီးသည့် (KNU/KNLA) Peace Council သည် KNU မှ ထပ်မံ ခွဲထွက်သွားသဖြင့် KNU မှာ ပိုမို၍ပင် အင်အားနည်းသွားခဲ့ရသည်။
စစ်အစိုးရသည် လွန်ခဲ့သော နှစ်များကတည်းက အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များအား မြန်မာစစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ပြီး၊ ထိုအင်အားစုများအား ယခုနှစ်ထဲတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ရန်လည်း တိုက်တွန်းခဲ့သည်။
အင်အားအနည်းငယ်သာရှိသည့် DKBA က စစ်အစိုးရ၏ ကမ်းလှမ်းအဆိုပြုချက်ကို သဘောတူညီခဲ့သော်လည်း ကချင် လွတ်မြောက်ရေး တပ်မတော် - KIA ၊ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA နှင့် KNU/KNLA Peace Council စသည့် အဓိက အပစ်ရပ်အဖွဲ့များက ပယ်ချခဲ့ကြသည်။
ဗိုလ်ချုပ်ဋ္ဌေးမောင်က ဒုဗိုလ်ချုပ်ကြီးရဲမြင့်ထံသို့ ပေးပို့သောစာတွင် ယနေ့ မြန်မာနိုင်ငံ၌ လိုအပ်နေသည်မှာ နောက်ထပ် စစ်ရေးလုပ်ဆောင်မှုများ မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုသာ အဓိက လိုအပ်နေကြောင်းနှင့် လာမည့်ရွေးကောက်ပွဲကိုလည်း အလုံးစုံပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုက်တွန်းထားသည်။
ဗိုလ်ချုပ်ဋ္ဌေးမောင်က အကယ်၍ ၎င်းတို့အနေနှင့် စစ်အစိုးရ ကမ်းလှမ်းချက်ကို ပယ်ချသဖြင့် မတရားအသင်း ကြေညာခံရလျှင် စစ်ကြေညာသကဲ့သို့ ဖြစ်သွားကာ စစ်အစိုးရအနေဖြင့် ၎င်းတို့တဖွဲ့တည်းနှင့် ရင်ဆိုင်ရခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံ၏ နေရာဒေသပေါင်းစုံမှ တိုင်းရင်းသား ပေါင်းစုံနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။
“ကျနော့် စကားကို မှတ်ထားပါ။ ဘယ်သူက နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနေတာလဲဆိုတာ တကမ္ဘာလုံးက သိပါလိမ့်မယ်။ ခင်ဗျားတို့ကသာ စစ်ကို ဖိတ်ခေါ်နေတဲ့သူတွေ ဖြစ်သွားလိမ့်မယ်” ဟု ဗိုလ်ချုပ်ဋ္ဌေးမောင်က ပြောသည်။
ဒီကေဘီအေနှင့် နအဖ ထိပ်တိုက်တွေ့နယ်မြေမကျော်ရန် သတိပေးထား
ရဲရင့် (ခေတ်ပြိုင်)
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နအဖနှင့်သဘောတူညီမှု ရရှိထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့နှင့် နအဖတပ်တို့သည် ယမန်နေ့က ကော့ကရိတ်မြို့နယ်အတွင်း ထိပ်တိုက်ရင်ဆိုင် တင်းမာမှုတရပ် ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဖလူးကျေးရွာတွင် ယမန်နေ့နံနက်၌ နအဖအမှတ် (၉) ကွပ်ကဲရေး ဌာနချုပ် လက်အောက်ခံ ခလရ (၁၀၆) တပ်ဖွဲ့သည် ရွာသားများအား လက်နက်များဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်သောကြောင့် ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ပစ်ခတ်လုနီးပါး ဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဒီကေဘီအေ အမှတ် (၅) တပ်မဟာမှူး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။
၎င်းက “မနေ့မနက် (၈) နာရီခွဲလောက်မှာ နအဖတပ်တွေက ရွာထဲဝင်လာပြီး ရွာသားတွေကို သေနတ်နဲ့လာပြီး ချိန်တာတွေ ဘာတွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျနော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူးလေးရွာကြားက မေတ္တာလမ်းမတံတားနားမှာ ကျနော်တို့ တပ်နဲ့ နအဖတပ်နဲ့ တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်” ဟုပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ နအဖဘက်မှ ဒီကေဘီအေဘက်သို့ ဖုန်းဆက်၍ တောင်းပန်ခဲ့ပြီး လက်ရှိအချိန်တွင် တဖက်နှင့်တဖက် ရန်စခြင်း၊ နယ်မြေကျူးကျော်ခြင်းများ မလုပ်ရန် သတိပေးထားကြောင်း ၎င်းက ပြောသည်။
ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်တဦးက “ဒီကေဘီအေက နယ်ခြားစောင့်တပ်လုပ်ဖို့ကိစ္စကို အစိုးရနဲ့ သဘောတူပြီးသွားပြီ။ ဥက္ကဋ္ဌ ဦးသာထူးကျော်၊ စစ်ဦးစီးချုပ် ကျော်သန်းနဲ့ အဖွဲ့နာယက မြိုင်ကြီးငူ ဘုန်းကြီး ဦးသုဇနတို့ရဲ့ အစီအစဉ်တွေပဲ။ တချို့တပ်တွေက သဘောမတူတာတွေ လက်မခံတာတွေ ရှိနေတုန်းပဲ။ ပြောရရင်တော့ ဒီကေဘီအေထဲမှာလည်း အခြေအနေက သိတ်တော့ မကောင်းဘူး” ဟု ပြောသည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ဒီကေဘီအေတပ်ရင်း တပ်ဖွဲ့အသီးသီးကို ယခုလ (၂၄) မတိုင်မီ နောက်ဆုံးထား၍ လက်နက်နှင့် တပ်ဖွဲ့ဝင်စာရင်း ပေးပို့ရန် ဗဟိုမှ အမိန့်ပေးထားသော်လည်း စာရင်းမပေးသည့် တပ်အချို့ရှိနေသည်ဟုလည်း သိရသည်။
ဒီကေဘီအေမှ တပ်မှူးတဦးက “အသွင်ပြောင်းမယ့်ကိစ္စကို ဗဟိုက သဘောတူ လက်ခံလိုက်ပေမယ့် လူတိုင်းရဲ့သဘောတော့ မဖြစ်ပါဘူး။ ဒီလ (၂၈) ရက်နေ့ ကျော်ရင်တော့ ကျနော်တို့ဆီမှာ အဖြူ အမည်း ကွဲမှာပါ” ဟု ပြောသည်။
ဒီကေဘီအေအပါအ၀င် နအဖနှင့်ပူးပေါင်းသွားသည့် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် စောဌေးမောင်ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတဖွဲ့တည်းသာ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း အတိအလင်း ကြေညာထားသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိနေသည့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို ယခုလ (၂၈) ရက်တွင် နောက်ဆုံးထား၍ အသွင်ပြောင်းပေးရမည်ဟု အမိန့်ထုတ်ထားပြီး လက်မခံသည့် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် ကြေညာသွားမည်ဖြစ်ကြောင်း နအဖစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ပြောဆိုထားသည်ဟု အပစ်ရပ်အဖွဲ့များက ပြောသည်။
မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက် (အပိုင်း၁)
မန်ဇူး(ဘာသာပြန်သည်) နေ့သစ်မှကူးယူသည်။
KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ ဌာနချုပ်
ထိုးကော်ကိုး၊ ကရင်ပြည်နယ်
ဗိုလ်မှူးချုပ် ရဲမြင့်
စစ်ထောက်လှမ်းရေးချုပ်
နေပြည်တော်
မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက်
ဧပြီလ ၇ ရက် မွန်းလွဲပိုင်း ၁၂ နာရီ မော်လမြိုင်မြို့မှာ KNU/ KNLA ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သည့် အစီရင်ခံစာ တင်ပြချက်တွေအရ မြန်မာစစ်အစိုးရ အဖွဲ့တွင်းသို့ဝင်ရောက်ရန် ဖိအားပေး တောင်းဆိုသည့် အဆိုပြုချက်ကို လက်ခံရရှိ ခဲ့သည်။ နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲရန် နောက်ဆုံးအကြိမ် ဖိအားပေးတောင်းဆိုခဲ့ပြီး ယခုတဖန် အမည်သစ် ပြောင်းလဲ ခေါ်ဆိုထားသည့် Burma Army Militia Group လက်အောက်သို့ ဝင်ရောက်ရန် ထပ်မံဖိအားပေး တောင်းဆိုလာပြန်တယ်။ ရိုးရှင်းဆုံး ပြောဆိုချင်တာက မည်သို့သော အမည်နာမတွေ ခေါ်ဝေါ်ပြောင်းလဲ သတ်မှတ်ပါစေ၊ ကျနော်တို့အနေနဲ့ သဘောတူလက်ခံခြင်း သို့ တည်းမဟုတ် ကရင်လူမျိုးတွေရဲ့ ငြိမ်းချမ်း၊လုံခြုံရေးကို အနှောက်အယှက်ဖြစ်စေနိုင်သည့် မည်သို့သော စစ်အုပ်စု၏ လုပ်ဆောင်ချက် များကို တုံ့ပြန်သွားမှာဖြစ်သည်။ ဒီ့ထက်မက ပြောရရင် မြန်မာစစ်အစိုးရပိုင် ရုပ်သံလွှင့်အစီအစဉ်နှင့် အလုံးစုံသော ဂျာနယ်အသီး သီးမှာ ဖော်ပြပါရှိချက်တွေအရ မူဝါဒပိုင်းဆိုင်ရာနှင့် ဝါဒဖြန့်ချိမှုတွေနဲ့ ဆီလျော်ကိုက်ညီခြင်း မရှိဘူး။
တိုင်းပြည်တွင်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်၊
တည်ငြိမ်အေးချမ်းမှုမှသည် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်သို့ အောင်မြင်စွာ အရောက်လှမ်းရန်၊
အဆိုပြုတင်သွင်းချက်နဲ့ မူဝါဒပိုင်းဆိုင်ရာ တလွဲဆိုသလိုဖြစ်နေတယ်။ အစောပိုင်းနှစ်ကာလတွင်း နယ်စားစောင့်တပ်အဖြစ် ကမ်းလှမ်း ခဲ့ပြီး ခလောက်ဆန် မွှေနှောက်ခဲ့သည့်အတွက် ထွက်ပေါ်လာသည့် ပြဿနာရပ်ပေါင်းစုံတို့ရဲ့ နောက်ဆက်တွဲကြောင့် ယနေ့ကာလ ကျနော်တို့ နယ်မြေအတွင်းမှာရှိတဲ့ အပြစ်မဲ့ ကရင်လူမျိုးတွေခုထိတိုင် ဆိုးရွားမှုတွေကြုံတွေ့နေရတုန်းပဲ။ နယ်ခြားစောင့်တပ် အဆိုပြု ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့ တချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တပ်သားသစ် စုဆောင်းဖို့ရာအတွက် ကျေးရွာတ ရွာမှာ ယောက်ျား ၅ ဦးမှ ၁ဝ ဦးအထိ စုဆောင်းရှာဖွေပေးကြရတယ်။ စစ်သားအဖြစ်သို့သွတ်သွင်းခြင်းကို ရှောင်ဖယ်လိုသည့် မိသား စုဝင်တွေဟာ ဒဏ်ကြေးအဖြစ် မြန်မာငွေ ၁ဝ သိန်းပေးဆောင်ရမှာဖြစ်တယ်။ ရှိသမျှ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကို ရောင်းချပေးလိုက် ရသည့်အတွက် မိသားစုဝင် အများစုဟာ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်စွမ်း မရှိကြတော့ဘူး။ မိသားစုဝင် တစုမှာ ဆိတ်တကောင်သာ ပိုင်ဆိုင်ကြခြင်း၊ တချို့သော မိသားစုဝင်တွေဟာ စပါးကျီ သို့တည်းမဟုတ် ကျွဲ၊ နွား တိရစ္ဆာန် အစရှိသည့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အတင်းအကျပ် ရောင်းချဖို့ရာအတွက် ဖိအားပေးတောင်းဆိုလာသည့်အတွက် နယ်ခြားစောင့် အမည်မသွင်တော့ဘူးလို့ ဆိုရတော့မှာ ပဲ။
မြန်မာစစ်အစိုးရ နယ်ခြားစောင့်တပ်ဆိုတဲ့ စီမံကိန်းကြောင့် ကျေးလက်ဒေသနေထိုင်သူအများစုကြား စိုးရိမ်ကြောင့်ကြခြင်း၊ ဆင်းရဲ နွမ်းပါးခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်း၊ နာကျင် ဝမ်းနည်းရခြင်း အစရှိသည်တို့အပြင် လူထုရဲ့တည်ငြိမ်အေးချမ်းသည့် ဘဝတွေကိုပါ နှောက် ယှက်ဖျက်ဆီးပစ်သလိုဖြစ်နေသည့်အတွက် ပြဿနာရပ်ပေါင်းစုံကို ဖန်တီးတည်ဆောက်ယူသလိုကို ဖြစ်နေတော့တယ်။ နေ့စဉ် ထုတ် လွှင့်ပြသသည့် ရုပ်သံလွှင့် အစီအစဉ်နဲ့ အစိုးရပိုင် သတင်းစာတွေထဲပါ မူဝါဒပိုင်းဆိုင်ရာ ထုတ်နှုတ်ဖော်ပြချက်တွေအရ တိုင်းပြည် တွင်းရှေ့ဆက်သွားမည့် လမ်းစဉ်တွေကို ခွင့်ပြုထားသယောင် လုပ်ဆောင်ထားတယ်။
ရှေ့ဆက်ဆွေးနွေးတိုင်ပင်ခြင်း မပြုလုပ်ခင် အခြေခံကျလှတဲ့ အောက်ဖော်ပြပါ မေးခွန်းသုံးရပ် အဖြေကိုသိချင်တယ်။
၁။ ကရင်ပြည်နယ်အတွင်းရှိ ထောင်ပေါင်းများစွာသော ကျေးလက်ဒေသတွေမှ ဗိုလ်မှူးချုပ် ရဲမြင့်နှင့် အပေါင်းအပါစစ်အုပ်စုတွေ စု ဆောင်းသိမ်းယူထားသည့် ငွေကြေးတွေ ဘယ်မှာလဲ။
၂။ သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိထားသည့် မူဝါဒပိုင်းဆိုင်ရာနဲ့ စစ်အုပ်စု အစီအမံတွေကြား ကွဲလွဲခြားနားချက်တွေကို ဘယ်ပုံ နည်းလမ်းနဲ့ ရှင်းချက်ထုတ်မှာလဲ။
၃။ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ပါ အနာဂတ် ကရင်ပြည်နယ်တွင်းရှိ ကရင်လူမျိုး တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်အစိုးရမှ ကူညီထောက်ပံ့မှုပေးမည်ဆိုသည့် ကတိကဝတ်ကို ဘယ်ပုံနည်းလမ်းနဲ့ ဖြည့်စွမ်းပေးမှာ လဲ။
မြန်မာ စစ်အစိုးရ နယ်ခြားစောင့်တပ် စီမံဆောင်ရွက်ချက် နောက်ဆက်တွဲ အကျိုးရလဒ်ကြောင့် ထွက်ပေါ်လာသည့် အထက်ဖော်ပြပါ ပြဿနာရပ်ပေါင်းစုံတွေ ကြုံတွေခံစားခဲ့ရသည့် ကရင်ကျေးလက်ဒေသနေ ကရင်လူမျိုး အများစု ကျနော့်ထံသို့ ရောက်ရှိလာကြပြီး စုံ စမ်းမေးမြန်း အကူအညီတောင်းဆိုလာကြတယ်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီတာဝန်ယူဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အ တွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အထူးသဖြင့် လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်သော သင်တို့အနေဖြင့် ခြိမ်းခြောက်ခြင်း မပြုလုပ် ရန် (သို့) ကျေးလက်ဒေသနေ လူထု ဒုက္ခမရောက်စေရန် ကြားဝင်ပြောဆိုရခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို အနှောက်အ ယှက်ဖြစ်စေသည့် လုပ်ရပ်ကြောင့် ကျေးလက်ဒေသတွင်း နေထိုင်သူ အများအပြား ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်ခို လှုံခဲ့ကြသည့်အတွက် ဒီပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ခြင်းဟာ ကောင်းမွန်သည့် လုပ်ရပ်လို့ ခံယူရပ်ခံထားတယ်။ ယနေ့ မျက်မှောက်ကာလတွင်း စစ်အစိုးရအနေဖြင့် များပြားလှတဲ့ အစီအမံတွေ မလိုအပ်သေးဘူးလို့ဆိုရမှာပဲ။ တိုင်းပြည်တွင်း တကယ် လက်ရှိ လိုအပ်နေတာက တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားနိုင်ရေးပဲဖြစ်တယ်။ ကောင်းမွန်စွာ အကြံပြုပြောဆိုရသော် ရွေးကောက်ပွဲကို မရွေးချယ်သင့်ဘူး။ လူထုတွေအတွက်လူထုကသာ ရွေးကောက်တင်မြှောက် ရမှာဖြစ်တယ်။ ရွေးကောက်ပွဲ ဖော်ဆောင်ကျင်းပဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ပြည်နယ်တွေအတွင်း များမြောင်လှတဲ့ ပြဿနာရပ်တွေအ ပြင် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းနှင့် နေရာအနှံ့ စိမ့်ဝင်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ တိုင်းပြည်တွင်း ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြောင့် ပြိုလဲပျက်စီးသွားမှာကို အလွန်တရာမှကို စိုးရိမ်ပူပန်မိပါတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံး စစ်အစိုးရ ခေါင်းဆောင်မှုအ ပေါ် သက်ဝင်ယုံကြည်ခြင်း အလျဉ်းမရှိခဲ့ကြပါဘူး။ ဗမာပြည် နေရာအနှံ့အတွင်း ကိုယ်စားပြုမယ့် အစိုးရ ကိုယ်စားလှယ်တွေ စစ်အစိုး ရ အနေဖြင့် ရွေးချယ်ခဲ့ပြီးပြီလို့ နားလည်ထားသော်ငြား အတိုက်အခံအင်အားစု ပါတီတွေကို ခွဲခြားခြင်းမရှိပဲ လွတ်လပ်စွာ ရွေး ကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှသာ ပြည်သူလူထုအနေနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ၂ဝဝ၇ ခုနှစ် ဧပြီလ ၇ ရက် နေ့ PC ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဖော်ပြခဲ့သည့် အကြောင်းချင်းရာ ၅ ချက်မှာ …
၁။ လက်နက်ကိုင် အဖွဲ့အစည်းတရပ်အနေဖြင့် မြန်မာ စစ်တပ်ထိန်းချုပ် ကွပ်ကဲမှုအောက်သို့ ကျရောက်ခြင်းအပေါ် ၂ဝ၁ဝ ခုနှစ် ဧပြီ လ ၂၂ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန်၊ အငြင်းသဘောဆောင်သည့် တုံ့ပြန်ချက်ဆိုလျှင် တရားမဝင် အဖွဲ့အစည်း အ ဖြစ် ခြိမ်းခြောက်ခြင်းခံရမည်။
၂။ စစ်အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။
၃။ အခြားသော တိုင်းရင်းသား အင်အားစုတွေနဲ့ အဆက်အသွယ်ပြုလုပ်ခြင်း တားမြစ်ပိတ်ပင်ထားသည်။
၎။ KNU နှင့်တွေ့ဆုံခြင်း မပြုရ။
၅။ ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး မထူထောင်ရ (သို့) ယုံကြည်လက်ခံခြင်းမပြုလုပ်ရ။
သင်တို့ရဲ့တောင်းဆိုချက်တွေကို တချက်ခြင်း အချက်ကျကျ ရှင်းလင်းစွာ ဖြေရှင်းလိုသည်။
၁။ မြန်မာ စစ်တပ် ထိန်းချုပ်ကွပ်ကဲမှုအောက်သို့ ကျရောက်သွားသော လက်နက်ကိုင် အဖွဲ့အစည်းတရပ်
ပြည်သူ့စစ်သို့ အသွင်မပြောင်းသလို (သို့) လက်နက်ကိုင် အဖွဲ့အစည်းတရပ် အသွင်ဖြင့် အကြမ်းဖက် လုပ်ဆောင်ခြင်း၊ ဆူပူအုံကြွ ခြင်း၊ လုံခြုံမှုမရှိခြင်း (သို့) ခြိမ်းခြောက်ခြင်း (သို့) စစ်အင်အားကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးပိုင်းဆိုင်ရာ အကျင့်ပျက်လာဘ်စား ခြင်း၊ မင်းဆိုးမင်းညစ်တို့ကြောင့် တိုင်းပြည်ချွတ်ခြုံကျစေမည့် မည်သည့် နိုင်ငံရေးပါဝါကိုမျှ ထောက်ခံခြင်း အလျှင်းမရှိကြောင်း KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ကြေငြာချက်ထုတ်ပြန်သည်။ စစ်အစိုးရ ထုတ်လွှင့်သည့် နိုင်ငံပိုင် သတင်းမီဒီယာတွေပါ မူဝါဒပိုင်းဆိုင် ရာနှင့် ဝါဒဖြန့်ချိမှုတွေမှာ ဖော်ပြပါရှိထားသည့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ ကရင် ပြည်နယ်တွင်း လွတ်လပ်ပြီး သာယာဝပြောရေး အစရှိသည်တို့ကို KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ထောက်ခံအတည်ပြုပါသည်။ ကရင်ပြည်နယ်တွင်းရှိ လူထု ငြိမ်းချမ်းစွာ တည်ရှိရေး (သို့) တိုင်းပြည်ငြိမ်းချမ်း တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်မျိုး မည်သည့်အခါမှ ပြုလုပ်မည် မဟုတ်ကြောင်း ရိုးရှင်းစွာတင်ပြလိုခြင်းဖြစ်သည်။ ကရင်ပြည်နယ်အတွင်းရှိ အပြစ်မဲ့ ကရင်လူထု လူ့အဖွဲ့ အစည်းတွေ ထိခိုက်နာကျင်မည့် ခြိမ်းခြောက် လုပ်ဆောင်မှုမျိုး (သို့) လူထု အသက်အိုးအိမ် စည်းစိမ်ကို ဥပဒေဘောင်အတွင်းမှကာ ကွယ်လုံခြုံမှုပေးမည်ဆိုသည်ကို အမြဲတမ်းဆိုသလို KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ငြိမ်းချမ်းရေးတပ်တွေ အစဉ်အမြဲဆိုသလို တာဝန်ယူလုပ်ဆောင်မှာဖြစ်တယ်။ မည်သို့သော ထိခိုက်နာကျင်စေမည့် အလွဲသုံးစား လုပ်ဆောင်ချက် (သို့) ဥပဒေဘောင်ပြင်ပ (သို့) နှောက်ယှက်ဖျက်ဆီးမည့် မည်သို့သော လုပ်ဆောင်ချက် (သို့) ကရင်ပြည်နယ်အတွင်းရှိ လူထုပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာကို လုယူ ခြင်း၊ ကရင်ပြည်နယ်အတွင်းရှိ သဘာဝ သံယံဇာတ ရင်းမြစ်တွေသည် ကရင်လူထုအတွက်သာလျှင် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ် သည့် အတွက် ကာကွယ်စောင့်ရှောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကျွန်ုပ်တို့ ကရင်လူမျိုး အကျိုး စီးပွားသာလျှင် ဖြစ်သည်။ ကရင်နဲ့ဗမာတို့ရဲ့ နှစ်ခြောက်ဆယ်ကြာ ပဋိပက္ခအဆုံးသတ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်းနဲ့ နောက် ထပ်နှစ် ၁ဝဝ ခန့် အငြင်းပွား ပဋိပက္ခဖြစ်ခြင်းမျိုး ထပ်မံမကြုံတွေ့ချင်တော့သည့် အကြောင်းရင်းက ကျွန်ုပ်တို့ လူထုကိုသာ ထိခိုက် ခြင်းမဟုတ်ပဲ တတိုင်းပြည်လုံးသို့ လာရောက်ဆက်နွယ် ပတ်သက်သည့်အတွက်ကြောင့်သာလျှင် ဖြစ်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် သဟဇာတဖြစ်စေမယ့် လမ်းကြောင်းကိုရွေးချယ်ခြင်းသည်သာ ကျွန်ုပ်တို့ရဲ့လိုလားချက် ပန်းတိုင်ဖြစ်တယ်။ တိုင်းပြည်မူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက် အစီအမံတွေကို အတင်းအကျပ် ပုံဖော်ဖန်တီး တည်ဆောက်မယူပါနဲ့။
၂။ စစ်အင်အား တိုးချဲ့ခြင်းမပြုရ။
KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် အစိုးရ စစ်တပ်နှင့် ယှဉ်ပြိုင်၍ အင်အားတိုးချဲ့တည်ဆောက်ယူခြင်းမျိုး လုပ်ဆောင်ခဲ့ ခြင်း အလျဉ်းမရှိခဲ့သလို အဲဒီလို မူဝါဒမျိုး ပုံဖော်တည်ဆောက်ခဲ့ခြင်းမရှိပါဘူး။ နှစ်ဦးနှစ်ဖက် လက်ခံထားခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် တစိတ်တဒေသကို ထုတ်နှုတ်ဖော်ပြရသော် နှစ်ဦးနှစ်ဖက်စလုံး စစ်ရေးလှုပ်ရှားမှု တိုးချဲ့လုပ်ဆောင်ခြင်း မပြုလုပ် ရလို့ဆိုထားသော်ငြား ငြိမ်းချမ်းရေးရပြီး သုံးနှစ်အတွင်း ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့ရှုသည့် လုပ်ဆောင်ချက် များတွင် စစ်တပ်အနေဖြင့် ငွေကြေးကို ခွဲတမ်းချသုံးစွဲခွင့်ပြုထားခဲ့ပေမယ့်လို့ ကရင်လူထုအတွက် လက်တွေ့အကောင်အထည်ဖော်ပြ စရာ အကျိုးဖြစ်ထွန်းမှုဆိုလို့ မရှိခဲ့ပေမယ့် ချွင်းချက်လုပ်ဆောင်ချက်တွေဖြစ်တဲ့ အိုးအိမ်တည်ဆောက်ရေှးနှင့် လမ်းတံတား ဖောက် လုပ်ရေး လုပ်ငန်းတွေတော့ရှိပါတယ်။ ဒီကြိုးပမ်းအားထုတ် လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု တန်ဖိုးထားတယ်ဆိုပေမယ့်လို့ ခြိမ်းခြောက်ခံဘဝနဲ့ ဆင်းရဲတွင်းထဲက သန်းပေါင်းများစွာသော လူထုတွေအတွက် ဒါဟာ ကောင်းမွန်သည့် ရည်မှန်းချက် ပန်းတိုင်မ ဟုတ်နိုင်ဘူး။ စစ်ရေးအမြင်သဘောထားဆိုင်ရာ အယူအဆတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ယူနိုင်မယ်ဆိုတဲ့ မဟာမိတ် လက် နက်ကိုင် အင်အားစုတွေနဲ့ စစ်အစိုးရတို့ကြောင့် ကရင်လူမျိုးတွေကြား ပဋိပက္ခတွေ ဖန်တီးတည်ဆောက်ယူမှုကြောင့် အစောပိုင်းနှစ် ကာလတွေအတွင်း ကရင်လူမျိုးအချင်းချင်းကြား သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာရတော့တာပေါ့။ ဒါတင်မကသေးဘဲ စစ်အစိုးရ နောက် လိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထူးအခွင့်အရေးတွေပေးပြီး စစ်အစိုးရကိုယ်တိုင် သစ်ရောင်းဝယ်ရေးလုပ်ငန်းအတွက် သစ်တောတွေ ပြုန်းတီးဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးရောင်းဝယ်ခြင်းနှင့် နေ့စဉ်ဆိုသလို ထောင်ပေါင်းများစွာသော လူ တွေကို လူးလားခေါက်ပြန် တဦးကျလျင် ဘတ်ငွေ ၁၅ဝဝ ဖြင့် လူကုန်ကူးသန်းရောင်းဝယ်ခြင်းနှင့် ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းဝန်းကျင် အ နီးတဝိုက်နိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေပေးရေးအတွက် တဦးကျလျင် ဘတ်ငွေ ၅ဝဝဝဝ တောင်းခံရယူခြင်းတွေ လုပ်ကိုင်ပြုမူ ဆောင်ရွက်လျက်ရှိသည်။ နယ်မြေအတွင်းမှာရှိတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ ထိုင်း-ဗမာ နယ်စပ်တလျှောက်မှာရှိတဲ့ တချို့သော ထိုင်း မာဖီးယားဂိုဏ်းသားတွေဆီသို့ ဒီများပြားလှသည့် ငွေကြေးအမြောက်အများ စီးဆင်းဖြတ်သန်းသွားပြီး ကြားခံအဖြစ် အသုံးချခံ ရတာကတော့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်တယ်။ စစ်အစိုးရအမိန့်အာဏာ တည်တံ့အောင် အားပေးအားမြှောက်ပြုနေ တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်စပ်မျဉ်းတလျှောက်မှာရှိတဲ့ သဘာဝ သံယံဇာတရင်းမြစ်ဆိုတဲ့ အခွင့်အလမ်းတွေပေးခြင်း၊ ကရင်ပြည်နယ်တွင်းရှိ နေထိုင်သူ ကရင်၊ ဗမာ၊ အိန္ဒိယ၊ တရုတ်နဲ့ လူမျိုးအသီးသီးကို နည်းမျိုးစုံ ခြိမ်းခြောက်မှုတွေသုံးပြီး ညှင်းပန်းနှိပ် စက်ခြင်းတို့ကြောင့် ကျယ်ပြန့်လာကြီးထွားလာတဲ့ အကျင့်ပျက်ခြစားမှု အစရှိသည့် ခက်ခဲလှသော ဘက်ပေါင်းစုံ အထွေထွေ အကျပ် အတည်းကြီးနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရတော့တာပဲ။
လုံခြုံမှုကင်းမဲ့စွာ ခြိမ်းခြောက်ခြင်းကို ကြုံတွေ့ခံစားနေရတဲ့ လူထုကြား ပုံဖော်ချမှတ်ပေးတဲ့ နယ်ခြားစောင့်တပ်နဲ့ အခြားသော များပြား လှတဲ့ စစ်ဖက်ဆိုင်ရာ စီမံကိန်းချလုပ်ဆောင်ချက်တွေအရ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ငြိမ်းချမ်းရေးတပ်တွေကို ကာကွယ်နိုင် စွမ်းရှိသော်ငြား လုပ်ဆောင်ချက်တွေကတော့ စိတ်ပျက်ဖွယ်ရာ အပြည့်လို့ဆိုရမှာပဲ။ ငြိမ်းချမ်းရေးတပ်တွေအနေနဲ့ လူထု လုံခြုံရေးနဲ့ နယ်မြေတွင်း တည်ငြိမ်ရေးကို အကောင်းဘက်က လုပ်ဆောင်နိုင်ခဲ့ပေမယ့်လို့ အခြားတဖက်ကကြည့်ရင်တော့ ကရင်လူမျိုး တဦးချင်း စီနဲ့ ဗမာပြည်သား တချို့အတွက်တော့ ဝရုန်းသုန်းကား နိုင်လှတယ်လို့ဆိုရလိမ့်မယ်။
စစ်အစိုးရ စီမံကိန်းချ လုပ်ဆောင်ချက်တွေအပေါ် သဘောထားကိုက်ညီခြင်း မရှိသည့်အတွက်ကြောင့် ဝင်ငွေနဲ့ ဆက်ဆံရေးထူထောင် မည့် လုပ်ဆောင်ချက်မှန်သမျှကို စစ်အစိုးရနဲ့ အပေါင်းအပါ ဒေသဆိုင်ရာ အာဏာပိုင်တွေ နည်းလမ်းအသွယ်သွယ်ဖြင့် ဖိအားပေး တားမြစ်ပိတ်ပင်ထားကြတယ်။ စစ်အစိုးရ စီမံလုပ်ဆောင်ချက်တွေအပေါ် သဘောတူညီထားသူတွေကို အထူးအခွင့်အရေး အနေဖြင့် သဘာဝ သံယံဇာတရင်းမြစ်တွေပေးခြင်း အကျိုးဆက်အနေဖြင့် ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အင်အား ခိုင်မာကြီးထွားလာပြီး ကရင်ပြည်နယ်အတွင်းရှိ နေထိုင်သူ တိုင်းသူပြည်သားအပေါင်းဟာ လူ့အခွင့်အရေးဆိုင်ရာ အလွဲသုံးစား ချိုးဖောက် ခြိမ်းခြောက်ခံရ ခြင်းဟာ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ရလဒ်ဆိုးကျိုးတွေဖြစ်ပြီး ဒီရလဒ်ဆိုးတွေကို ကျနော်တို့လည်း အထိုက်အ လျောက်ဆိုသလို ကြုံတွေ့ခဲ့ကြသည့်အတွက် ယနေ့မျက်မှောက်ကာလ ကျနော်တို့ရဲ့ ဦးတည်ရည်မှန်းချက်က ကုန်ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းခြင်း၊ စိုက်ပျိုးရေး ဆည်မြောင်း ရေသွယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းမြစ်ဖြစ်သည့် သစ်ပင်ပန်း မန်တွေကို ကာကွယ်စောင့်ရှောက်ခြင်းတို့အပြင် ဆန်ရေစပါး ပေါကြွယ်ဖူလုံရေးနှင့် အဓိကပင်မအဖြစ် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့အစည်းကိုယ်တိုင် ပြည့်ကြွယ်လုံပြီး ကျနော်တို့ နယ်မြေဒေသအတွင်း လူထုအပေါ် သြဇာသက်ရောက် လွှမ်းမိုး နိုင်ရေးတို့ ဖြစ်တယ်။
၃။ မည်သည့် တိုင်းရင်းသား လူမျိုးစုတွေနှင့်မှ ဆက်ဆံခြင်း သို့ မဟာမိတ်ဖွဲ့ခြင်း မပြုလုပ်ရ
စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်း မပြုလုပ်မီကာလတည်းက ဗမာလူမျိုးတွေအပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်းစုံတို့နှင့် ဆက်ဆံ ရေးတည်ဆောက်ထားသည့်အတွက်ကြောင့် ဖြတ်တောက်ပစ်ဖို့ရာ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိဘူး။ နိုင်ငံတနိုင်ငံအတွင်း အတူတကွ မှီ တင်း နေထိုင်ကြသည့်အတွက် ညီအစ်ကို မောင်နှမသဖွယ် သွေးစည်းညီညွတ်နေပြီဖြစ်တယ်။ အကိုင်းအခက်အလက်ခက်ဖြာရာ မတူ ကွဲပြားကြသော်လည်း ပင်မတခုတည်းဖြစ်သည့်အတွက် သွေးစည်းညီညွတ်ပြီး ကွဲလွဲမှုမရှိပဲ အများသဘောညီ ဘုံရည်မှန်းချက်ကို ဖော်ဆောင်နိုင်မှသာ အနာဂတ်မှာ အားလုံးအတွက် အကျိုးဖြစ်ထွန်းအောင်မြင်မှာဖြစ်တယ်။ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့စနစ် အမွေဆိုး ဖြစ်တဲ့ သွေးခွဲအုပ်ချုပ်ရေး မူဝါဒတွေနဲ့ တိုင်းရင်းသား ညီရင်းမောင်နှမတွေကြား သွေးခွဲဖို့ရာ ကြံစည်လုပ်ဆောင်ချက်တွေကို ကာ ကွယ်ဖို့ရာ အခွင့်အရေး ကျနော်တို့အားလုံးမှာရှိတယ်။ မောက်မာဝင့်ကြွား ထည်ဝါခြင်းမရှိပဲ ဗမာပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစု အားလုံးကို ညီရင်းမောင်နှမသဖွယ် ဆက်ဆံပြီး တန်းတူညီမျှစွာ အခွင့်အရေးပေးမယ်ဆိုရင် ကြောက်ရွံ့ထိပ်လန့်နေစရာ အကြောင်း ဘာမှမရှိဘူး။ အမျိုးသား သွေးစည်းညီညွတ်ရေးလမ်းကြောင်းကို သွေဖယ်စေသည့် အတွေးအခေါ် အယူအဆရှိသူတွေကလွဲလို့ မည် သူ တဦးတယောက်ကိုမှ ရန်သူအဖြစ် သတ်မှတ်သဘောထားခြင်း မရှိခဲ့ပါဘူး။ လူမျိုးစုအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သက် ဆိုင်ရာနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး လိုလားကြသူတွေပါပဲ။ အငြင်းပွားဖွယ်ရာ ပဋိပက္ခတွေ လိုလားနှစ်သက်ခြင်း အလျဉ်းမရှိကြဘူး။ ပြု မူဆက်ဆံ သဘောထားချက်အပေါ်မှာသာ ပြန်လည်တုံ့ပြန်ကြခြင်းဖြစ်တယ်။ ကျနော်တို့ ယနေ့ကြုံတွေ့နေရသလောက်တော့ တိုင်း ရင်းသား လူမျိုးစုတွေရဲ့ နယ်မြေဒေသတွင်းရှိ သဘာဝ သံယံဇာတ ရင်းမြစ်တွေဟာ အကျင့်ပျက်ခြစားသည့် အာဏာပိုင်တွေနဲ့ သူတို့ ရဲ့ အပေါင်းအပါ စီးပွားရေးသမားတစုရဲ့ လက်ဝယ်ကျရောက်သွားသည့်အတွက် တိုင်းရင်းသား လူမျိုးစုတွေရဲ့အကျိုးစီးပွားဆိုလို့ ဘာ တခုမျှမရှိတော့သလောက်ပါပဲ။ တိုင်းရင်းသား မျိုးနွယ်စုတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုတာကလည်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားသည့် တိုင်းရင်းသား ခေါင်းဆောင်တွေလက်ဝယ်အတွင်း ရှိနေတာမဟုတ်ပဲ အိမ်နီးချင်းနိုင်ငံရပ်ခြား ကုမဏီတွေ လက်ထဲ သို့ ရောင်းထုတ်ထားခြင်းဖြစ်တယ်။ ဒီကြုံတွေ့နေရသည့် ပြဿနာရပ်အလုံးစုံကို ကြုံတွေ့ခံစားနေရတဲ့ ကျနော်တို့အနေနဲ့ စစ်အစိုးရ စီမံကိန်းတွေကို ရှေ့ဆက်ဘယ်လို ယုံကြည်လေးစားရမှာလဲ။ ကျနော်တို့ အပါအဝင် တိုင်းရင်းသား လူမျိုးစုအားလုံးက ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကိုပဲ လိုလားနှစ်ခြိုက်ကြတယ်။ စစ်အစိုးရအနေနဲ့ အတင်းအကျပ် ဖိအားပေးပြီး စီမံကိန်းတွေကို အ ကောင်အထည်ဖော်နေရတာလဲ။ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်အတွက် နှောင့်နှေးကြန့်ကြာစေမည့် စီမံကိန်းတွေမှ သွေဖယ်ရှောင် ရှားသင့်နေပြီ။ ဗမာပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးပါတီအားလုံး ဒီရွေးကောက်ပွဲမှာ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရာ ခွင့်ပြုမှသာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယုံကြည်လေးစားမှုကိုရရှိပြီး ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်မှာ ဖြစ်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ပဋိပက္ခပြဿနာရပ်တွေကြား ဗမာပြည် လုံထွေးပြီး နစ်နာဆုံးရှုံးမှုရှိတာ နှစ်ရှည်လများကြာမြင့်လှ ပြီ။ ကျနော်တို့ မြင်တွေ့လိုတဲ့လာမည့် အနာဂတ်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းသာသုခနဲ့ ပြီးပြည့်စုံ လုံခြုံတာကိုပဲ မြင်တွေ့ချင် ကြတာပါ။
၎။ KNU နဲ့ တွေ့ဆုံခြင်းမပြုရ
ကရင်လူမျိုးမဟုတ်သည့် သူတချို့ကနော်တို့ထံ ရောက်လာပြီး ကိုယ့်တိုင်းရင်းသား ကရင်လူမျိုးတွေနဲ့ မတွေ့ဆုံဖြစ်ဖို့ပြောတာ အ တော့်ကို အံ့အားသင့်ဖွယ်ရာပဲ။ တွေ့ဆုံဖို့ရာ ရွေးချယ်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီ့နောက်ဆက်တွဲကနေ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာမှာဖြစ်တယ်။ ကရင်တိုင်းရင်းသား လူမျိုးတွေဖြစ်တဲ့ ကျနော်တို့ဟာ တအူတုံဆင်းမောင်နှမရင်းချာတွေပါ။ KNU ထီးရိပ် အောက်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အဓိကဦးစားပေးအရာက သွေးစည်းညီညွတ်ရေးဖြစ်တယ်။ ကျနော်တို့ကြားမှာရှိတဲ့ သွေး စည်းညီညွတ်မှုအဟုန်နဲ့အတူ တတိုင်းပြည်လုံး သွေးစည်းညီညွတ်မှုကို လိုလားနှစ်ခြိုက်တယ်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှာ ရန်သူဆိုတာ မရှိပါဘူး။ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကိုပဲ လိုလားနှစ်ခြိုက်ပါတယ်။ အတိတ်ကာလတုန်းက သင့်အကြံပြုချက် အ တိုင်း ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းဖော်ဆောင်နိုင်မယ် မှတ်ထင်ခဲ့လို့ သမက်ဖြစ်သူအပါအဝင်၊ ကရင်တပ်မှူး အများစုနဲ့ အပြစ်မဲ့ပြည် သူလူထုရဲ့အသက်တွေ ဆုံးရှုံးစတေးခဲ့ကြရတယ်။ စိုးရွံ့ထိပ်လန့်ဖွယ်ရာ မှားယွင်းသည့် လွဲချော်မှုတွေကြောင့် အချင်းချင်း သတ်ဖြတ် ခဲ့ကြတယ်။ သင့် အကြံပေးလုပ်ဆောင်ချက်တွေကြောင့် ကရင်လူမျိုးအချင်းချင်းကြား ပိုမိုပဋိပက္ခတွေ ကြီးထွားလာခဲ့ကြရတယ်။ သင့် အမိန့်အာဏာနောက်ပါးလိုက်ရင်း ဆုံးရှုံးခဲ့ရတဲ့ ကရင်လူမျိုး အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း မ သိဘူး။ သမိုင်းကြောင်းအရကို ကိုလိုနီအုပ်စိုးစဉ်ကာလတည်းကနေ ယနေ့ထိတိုင် ကရင်လူမျိုးတွေဟာ စစ်ရေး (သို့) နိုင်ငံရေးရာကိစ္စ တွေမှာ အလွဲသုံးစား အသုံးချခြင်းကို ခံခဲ့ကြရတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကြား သွေးစည်းညီညွတ်မှုကို ပျက်ပြားစေမည့် ပဋိ ပက္ခတွေ ဖန်တီးဖြစ်ပေါ်လာစေမည့်တခြားသော အတွေးအခေါ်အယူအဆတွေနောက်မလိုက်ဖို့ရာ များပြားလှတဲ့ သမိုင်းကြောင်း ဆိုင် ရာ လေ့လာသင်ကြားမှုတွေခံခဲ့ကြရတယ်။ ဒီအကြောင်းရင်းချက်တွေကြောင့် အဓိကမဏ္ဍိုင်ဖြစ်တဲ့ သွေးစည်းညီညွတ်ရေးကို ဦးစား ပေးဆောင်ရွက်မှသာ ကျနော်တို့ ကရင်လူမျိုးတွေအတွက် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်တယ်။
ဆက်ရန် …
မြန်မာအစိုးရ ကမ်းလှမ်းချက် ကရင် ငြိမ်းချမ်းရေးကောင်စီ လက်မခံ
VOA သတင်းမှ
ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီက မြန်မာစစ်အစိုးရ ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ကို ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက အသွင်ပြောင်းရေးကို ဒီလ ၂၂ ရက်နေ့ အကြောင်းပြန်ဖို့ တောင်းဆိုထားရာမှာ ဗိုလ်ချုပ်ထိန်မောင်က စာရေးသား အကြောင်းပြန်တာ ဖြစ်တယ်လို့ ကရင် ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ဗိုလ်ချုပ်ထိန်မောင်ခေါ် ဗိုလ်ချုပ်ဌေးမောင်ဟာ အရင်က ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ ရဲ့ တပ်မဟာမှူးဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA Peace Council) အမည်နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုးကော့ကိုး ကျေးရွာမှာ အခြေစိုက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာစစ်အစိုးရဘက်က တခြား အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနည်းတူ ကရင် ငြိမ်းချမ်းရေးကောင်စီကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့ပေမဲ့ သူတို့ဘက်က လက်မခံခဲ့ပါဘူး။ ဒီလ ၇ ရက်နေ့မှာတော့ နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလဲရင် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာစစ်အစိုးရက ထပ်မံ တိုက်တွန်းခဲ့ပေမဲ့ ဗိုလ်ချုပ်ထိန်မောင်က လက်မခံခဲ့ဘူးလို့ ကရင် ငြိမ်းချမ်းရေးကောင်စီက တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။
“ကျနော်က ထိုးကော့ကိုး အဖွဲ့အစည်းပဲ၊ အဖိုးထိန်မောင် အဖွဲ့အစည်းပဲ။ ဟိုးအရင်ကတည်းက သူတို့ပြောတာက နယ်ခြားစောင့်တပ် လုပ်ပေါ့။ အဖိုးပြောတာတော့ မလုပ်ဘူး။ ဟို ကြိုးကြားကြိုးကြားတော့ အဖိုးကို မှာတယ်။ အဲဒီမှာလေ၊ အဖိုးတော့ မလာဘူး။ သွားတာတော့ အဖိုး ရင်နုရယ်၊ ဖိုးထော်လေးရယ်၊ ဖိုးနွမ်းမူရယ်၊ တပ်ရင်းမှူးတို့ ပါတယ်၊ တယောက် နှစ်ယောက်။ အားလုံး ၇ ယောက်မှာတယ်။
“သွားတော့ သူပြောတာက နင်တို့ နယ်ခြားစောင့်တပ် မလုပ်ရင် ပြည်သူ့စစ် ပြန်လုပ်ရမယ်။ အဖိုးထော်လေးက ပြောတာပေါ့။ ဒီကိစ္စက ကျနော်တို့နဲ့ချည်း မပြီးဘူး။ အဖိုးထိန်မောင်ကို ပြန်မေးရမယ်။ သူပြောတာက ၂၁ ရက်လား၊ ၂၂ ရက်လား သတင်းလာပို့ပါ။ အဖိုးတော့ စာရေးတာပေါ့။ ငါ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ပြည်သူ့စစ်လည်း မလုပ်ဘူး။ ကျနော်တို့ ဒီလိုပဲ နေမယ်။ တိုက်လည်း မတိုက်ဘူးပေါ့။ အဖိုးကလည်း လယ်ပဲ ၀ါသနာပါတယ်။ ပြောပြောနေတာ လယ်သွားမယ်တဲ့ အဖိုးထိန်မောင်လေ။”
ကရင် ငြိမ်းချမ်းရေးကောင်စီက ကိုယ်စားလှယ်တွေဟာ ဒီလ ၇ ရက်နေ့က စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ကရင် ငြိမ်းချမ်းရေးကောင်စီက ၂၂ ရက်နေ့က ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ဆီ တပ်အသွင်ပြောင်းရေးကို လက်မခံကြောင်း စာရေး အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီစာမှာတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ လက်ခံတဲ့ တချို့တပ်ဖွဲ့တွေက ရွာတရွာကို လူ ၅ ယောက်ကနေ ၁၀ ယောက်အထိ စစ်သားသစ် စုဆောင်းနေတယ်၊ စစ်မှုမထမ်းလိုသူတွေကို ဒဏ်ငွေ သိန်းချီ ရိုက်နေတာကြောင့် ဒေသခံ ကရင်ပြည်သူတွေ လယ်ယာမြေနဲ့ ကျွဲနွားတွေ ရောင်းချပေးနေရလို့ ပိုမို ဒုက္ခရောက်နေရကြောင်း ဖော်ပြထားပါတယ်။
အခြား ကရင် ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် တယောက်ကတော့ အခုလို ငြင်းဆိုလိုက်တာကြောင့် မြန်မာစစ်အစိုးရဘက်က ဖိအားပေးတာတော့ မရှိသေးကြောင်း ပြောပါတယ်။
“အဲလိုတော့ ကျနော်တို့ကို အတင်းအကျပ် ဖိအားပေးထားတာတော့ မရှိသေးဘူးခင်ဗျ။ ကျနော်တို့ ဒီပြန်လာကတည်းက ငြိမ်းချမ်းရေး ယူထားတာ နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် ဖွဲ့ဖို့လည်း မပါဘူးလေ။ ကျနော်တို့ ဒီမူအတိုင်းပဲ ဆက်ပြီးတော့ ရပ်တည်မှာပဲခင်ဗျ။ ဖိအားတော့ ကျနော်တို့ကို လောလောဆယ်တော့ မပေးထားဘူးပေါ့နော်။ ဒီမှာ ကျနော်တို့ အထက်အောက် လူကြီးတွေကိုပဲ ညှိနှိုင်းခိုင်းထားတာပဲ ရှိတယ်။ ကျနော်တို့ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းကြည့်မှာပေါ့နော်။ ဒီလိုပဲ ညှိနှိုင်းကြည့်ရမှာပေါ့။”
မနေ့ကတော့ ဌာနချုပ်ဖြစ်တဲ့ ထိုးကော်ကိုးမှာ ကရင် ငြိမ်းချမ်းရေးကောင်စီက ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေ အစည်းအဝေး လုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာလည်း နယ်ခြားစောင့်နဲ့ ပြည်သူ့စစ် ဖွဲ့စည်းတာကို လက်မခံကြောင်း၊ အခြား အပစ်ရပ် အဖွဲ့တွေရဲ့ အခြေအနေကို စောင့်ကြည့်သွားဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ကရင် ငြိမ်းချမ်းရေးကောင်စီဟာ လောလောဆယ် လူအင်အား ၇၀၀ လောက်ရှိပြီး လက်နက်ကိုင်အင်အား ၂၀၀ လောက် ရှိတယ်လို့ KNU ခေါင်းဆောင်တွေက ခန့်မှန်းထားပါတယ်။
မြန်မာစစ်အစိုးရက လွန်ခဲ့တဲ့နှစ် ဧပြီလကုန်က အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပြီး ၀၊ ကချင်၊ မွန်နဲ့ မိုင်းလားအဖွဲ့တွေက ဒီနေ့အထိ လက်မခံသေးပါဘူး။ လွန်ခဲ့တဲ့အပတ် အတွင်းကတော့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) က အင်အားစုတချို့ဟာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ သဘောတူခဲ့ပါတယ်။
တိုက်ဆိုင်လှတဲ့ ပေါက်ကွဲမှုတွေ
ရဲဘော်ဖိုးသံချောင်း(ခေတ်ပြိုင်)
နအဖရဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာပြည်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်စေမယ်လို့ တွက်ခဲ့ကြ၊
တွက်ထားကြသူတွေ မနည်းပါဘူး။ အခုတော့ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ မြန်လည်းမြန်၊ ပုံသဏ္ဌာန်တွေလည်းစုံ၊ စိတ်ဝင်စားစရာကောင်းလှပါတယ်။ နအဖဟာ နယ်စပ်တွေကို ဖိအားပေးနေတုန်း ရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးတွေကွဲပါတယ်။ မြန်မာပြည်ရဲ့ အရှေ့ဖျားဆုံး တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ်တွေကို တပ်တွေပို့နေတုန်း အနောက်ဖျားက ရခိုင်ပြည်နယ်မှာ ဗုံးတွေကွဲပြန်ပါတယ်။ ဒီဗုံးကွဲမှုတွေရဲ့ အနှံ့အပြားဖြစ်မှုနဲ့ အရေအတွက်ဟာ သိပ်ထူးခြားနေပါတယ်။ အချိန်ကာလအရပြောရရင်လည်း မြန်မာပြည်နိုင်ငံရေးရဲ့ တကယ့်အကွေ့အချိုးကာလ၊ အရေးကြီးကာလဖြစ်နေပါတယ်။
နောက်ထူးခြားတာတချက်က ဘယ်မှာမှ လက်သည်မပေါ်၊ သဲလွန်စလေးတောင်မှ မရတာပါ။ နအဖရဲ့ အုပ်ချုပ်ရေး
ယန္တရားနဲ့ ထောက်လှမ်းရေးအဖွဲ့မျိုးစုံတို့ဟာ ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေကြလို့လား၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နဲ့ အပစ်ရပ်အဖွဲ့တွေအပေါ် ဆင်နွှဲတော့မယ့် နောက်ဆုံးနှိပ်ကွပ်ပွဲကြီးအတွက် အသားကုန်လုံးပန်းနေကြလို့လား။
ဘာကြောင့်ပဲဖြစ်ဖြစ် နအဖအစိုးရ အုပ်စိုးမှုယန္တရားရဲ့ ယိုပေါက် ဟာကွက်တွေကို အထင်အရှားမြင်တွေ့နေရတာကတော့
အမှန်ပါပဲ။ လာမယ့်ရွေးကောက်ပွဲအမီ နအဖကို အပြတ်ဖားနေကြရတဲ့ “ဆောင်းပါးရှင်” ဆိုသူတွေမှာတော့ ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘယ်လို တွယ်ရမယ်မှန်းမသိဖြစ်နေပြီး အသားလွတ် ရမ်းသမ်းချနေရတဲ့အခြေအနေ
ဆိုက်နေပါတယ်။
တချို့ကတော့လည်း “သူခိုးလိမ္မာမျက်နှာကြီးမို့” လက်သည်မပေါ်တာ၊ ရဲတွေက တက်တက်ကြွကြွ မရှာဖွေတာလို့ ပြောနေကြပါတယ်။ ဘာမဆိုဖြစ်နိုင်တဲ့ အနေအထားမို့ ဒါလည်း စဉ်းစားစရာအဖြစ် သတ်မှတ်သင့်ပါတယ်။
တကယ်တော့ နအဖကို ဆန့်ကျင်တာပဲဖြစ်ဖြစ်၊ အချင်းချင်းတွယ်ကြတာပဲဖြစ်ဖြစ်၊ ပြည်သူလူထုကို ထိခိုက်သေကျေ
စေတဲ့အထိ ဖြစ်တာကတော့ မကောင်းတာအမှန်ပါပဲ။ ဒါမျိုးကို တော်လှန်ရေးမဆန်တဲ့ လုပ်ရပ်လို့ပဲ သတ်မှတ်ရမှာပါ။ အားမပေးသင့်ပါဘူး။
ဒါပေမယ့် ရက်စက်ရှည်ကြာတဲ့ အုပ်စိုးမှုတခုကို မခံနိုင်လွန်းလို့ ဖြစ်တဲ့နည်းနဲ့ဆန့်ကျင်တဲ့လူတွေကိုတော့ နားလည်ဖို့ လိုပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ အမျိုးသားတော်လှန်ရေး၊ လူတန်းစားတော်လှန်ရေး စတာတွေ ဖြစ်လာတယ်ဆိုရင်၊ အထူးသဖြင့် အစပိုင်းမှာ ဒီလိုပဲ တဦးချင်းစွန့်စား လုပ်ကြတဲ့၊ မဆိုင်သူတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ပေါ်လာလေ့ရှိကြတယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ အယူအဆ မကြည်လင်တာကြောင့်မို့ မင်းလောင်းပုံစံနဲ့ အင်္ဂလိပ်ကို ထ’ချကြတာကို မြန်မာပြည်ရဲ့ မဝေးလှတဲ့ သမိုင်းမှာ လှမ်းတွေ့နိုင်ပါတယ်။ ကျေးလက်တွေမှာ ဓားပြဂိုဏ်းလိုလို၊ သူပုန်အဖွဲ့လိုလိုဆိုတာတွေကလည်း ဒီသဘောပါပဲ။ မြန်မာပြည်က ‘ရော်ဘင်ဟု’ တွေဟာ ခေတ်မီနိုင်ငံရေး အတွေးအခေါ် မတပ်ဆင်နိုင်တဲ့ လယ်သမား သူပုန်တွေသာ ဖြစ်ပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေမှာ လွန်ကျွံတယ်လို့ ထင်မြင်စရာရှိတာ၊ မဆိုင်သူကို ထိခိုက်တာတွေ ပါလာတတ်ပါတယ်။ နိုင်ငံရေးအားနည်းသေးလို့သာ ဖြစ်ပါတယ်။
ရုရှနိုင်ငံမှာ ဘော်ရှီဗစ်တွေရဲ့ တော်လှန်ရေးမတိုင်မီ အနားခစ္စလို့ခေါ်တဲ့ လုပ်ကြံရေးဂိုဏ်းက အရင်ပေါ်လာတာပါ။ လီနင်ရဲ့အစ်ကိုကိုယ်တိုင် အဲဒီအထဲမှာပါခဲ့ပြီး ဖမ်းမိလို့ ကွပ်မျက်တာလည်း ခံခဲ့ရပါတယ်။
မြန်မာပြည်မှာတော့ ၁၃၀၀ ပြည့် အရေးတော်ပုံနောက်ပိုင်းမှာကိုပဲ နဂါးနက်ဂိုဏ်းဆိုတာ ပေါ်ခဲ့ပါတယ်။ အဲဒီဂိုဏ်းဟာ ပေါ်ကာစတုန်းက လုပ်ကြံရေးဂိုဏ်းတမျိုးသာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဂိုဏ်းသားတွေဟာ နောက်ပိုင်းမှာ တော်လှန်တဲ့ အတွေးအခေါ်တွေ၊ အသိတွေနဲ့ ပေါင်းစပ်မိတော့ ရာသက်ပန်တော်လှန်ရေးသမားတွေဖြစ်လာပြီး တော်လှန်ရေးထဲမှာပဲ ကျဆုံးသွားကြပါတယ်။ အလားတူပဲ လက်နက်ကိုင်တော်လှန်ရေး ထဲကို ပြောင်းလဲပါဝင်လာကြတဲ့ ဓားပြတွေ၊ ‘ရော်ဘင်ဟု’ တွေ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့လို တိုင်းပြည်ရဲ့ စီးပွားရေးက အောက်ဆုံးရောက်နေ၊ ကြံ့ဖွံ့လို နအဖရဲ့ လူမိုက်တွေက နေရာတကာမှာ ရမ်းကားအနိုင်ကျင့်နေ၊ ဒီကြားထဲမှာ နအဖရဲ့ ဒီမိုကရေစီကြောင့် မှန်ကန်တဲ့နိုင်ငံရေး အတွေးအခေါ်တွေကို ဖြန့်ချိခွင့်မရဖြစ်နေတဲ့ အခြေအနေမှာ နည်းမျိုးပေါင်းစုံသော ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာတာဟာ သဘာဝကျတယ်လို့ပဲ ဆိုရမှာပါ။
ဒီလိုနာကြည်းပေါက်ကွဲမှုတွေကို နည်းမှန်လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ဟာ အင်မတန်မှအရေးကြီးတယ်ဆိုတာကို အထူးပြောနေစရာမလိုပါဘူး။ သူတို့လုပ်တဲ့နည်းဟာ မအောင်မြင်နိုင်ဘူး၊ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်စေ နိုင်တယ်ဆိုတာတွေ ထောက်ပြရပါမယ်။ နအဖကို ရွံမုန်းနာကြည်းတယ်၊ ဖြုတ်ချရမယ်ဆိုတဲ့ သာမန်စဉ်းစားတွေးခေါ်နည်းလောက်နဲ့ မလုံလောက်တော့ဘူးဆိုတာ ရှင်းနေပါတယ်။ မှန်ကန်တဲ့အတွေးအခေါ်ကို လူထုဆီ ပို့ဖို့ဆိုတာဟာ အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်လှပါဘူး။ အထူးသဖြင့် မြန်မာပြည်လူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ကျေးလက်လူထုဆီကို ပို့ဖို့ဖြစ်ပါတယ်။
တကယ်က ဒီအရေးတော်ပုံမှာ လယ်သမားတွေပါလာဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ သူတို့ပါလာမှ ပွဲက
ပြတ်မှာပါ။ ဒါပေမယ့် ဒီနေ့အခြေအနေမှာ လယ်သမားတွေကို စည်းရုံးဖို့ဆိုတာ တယ်လွယ်လှတာ မဟုတ်ပါဘူး။ သူတို့ဆီကိုကားစီးသွား ပြောချင်တာပြော၊ တောထမင်း တောဟင်းစားပြီး ပြန်လာရုံနဲ့ မရပါဘူး။ အချိန်ယူလုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။ သူတို့အကြားမှာ အကြာကြီးနေလို့ရအောင် ဘယ်လိုလုပ်မလဲ။ ရအဖတွေ၊ ကြံ့ဖွံ့တွေမသိအောင် ဘယ်လိုဝပ်မလဲ စတဲ့လက်တွေ့ပြဿနာတွေကို ဖြေရှင်းရပါမယ်။ မြို့ပြနဲ့ ကျေးလက်ပေါင်းစည်းတဲ့ လှုပ်ရှားမှုတွေ ဘယ်လိုဖော်ထုတ်မလဲ စဉ်းစာအဖြေရှာကြရပါမယ်။ ဒါဆိုရင် တိုက်ပွဲခွင်လည်းကျယ်လာ၊ နည်းသဏ္ဌာန်တွေလည်းစုံလာ၊ လူထုထောက်ခံမှုလည်း ပိုရလာမှာ ဖြစ်ပါတယ်။
နောက်ပြီး လယ်သမားသားသမီးအများစုဖြစ်တဲ့ သံဃာတွေ၊ စစ်သားတွေရဲ့အသည်းနှလုံးကိုလည်း ဖမ်းစားနိုင်မှာဖြစ်
ပါတယ်။
ဒီကေဘီအေနှင့် နအဖ တင်းမာမှုဖြစ်
သတင်း - ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူးကျေးရွာအနီးတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော်(ဒီကေဘီအေ)နှင့် နအဖ တပ်ဖွဲ့ဝင်များ ယနေ့မနက်ပိုင်းတွင် တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
နအဖ အမှတ်(၉) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၁၀၆)တပ်ဖွဲ့သည် အဆိုပါကျေးရွာသားများအား သေနတ် ဖြင့် လာရောက်ခြိမ်းခြောက်မှုများ ပြုလုပ်သည့်အပေါ် ဒီကေဘီအေနှင့် နအဖတပ်များ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာသွားခဲ့ သည်ဟု တပ်မဟာ(၅)မှူး ဗိုလ်မှူးကြီးစောလားပွယ်(နှုတ်ခမ်းမွှေး)က ကေအိုင်စီကို ယခုလို ပြောသည်။
“ဒီနေ့မနက် ၈နာရီခွဲလောက်မှာ နအဖတပ်တွေက ရွာထဲဝင်လာပြီး ရွာသားတွေကို သေနတ်နဲ့လာပြီး ချိန်တာတွေ ဘာတွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျနော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူးလေးရွာကြားက မေတ္တာလမ်းမတံတားနားမှာ ကျနော်တို့ တပ်နဲ့ နအဖတပ်နဲ့ အခြေအနေ တင်းမာမှုနည်းနည်းဖြစ်သွားတယ်”ဟု ဆိုသည်။
ယင်းဖြစ်ပွားမှုမှာ ပစ်ခတ်မှုအထိ မရှိခဲ့သော်လည်း နအဖ တပ်ဖက်မှ ဖုန်းဆက်တောင်းပန်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် တဖက်နှင့်တဖက် မကျူးကျော်ကြရန် သတိပေး ပြောဆိုထားခဲ့ကြသည်ဟု သိရသည်။
ထိုအခြေအနေနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ရွာသားတဦးက “ကျနော် သိသလောက် နအဖဟာ နယ်ခြားစောင့်တပ်အ တွက် ဒီကေဘီအေကို ၂၄ရက်နေ့က လက်နက်အပ်ခိုင်းတာ မအပ်လို့ သိပ်မကျေနပ်ဘူး။ ခုအခြေအနေက သူတို့တွေ တဖက် နဲ့တဖက် အလစ်မပေးဘဲ စောင့်ကြည့်နေကြတဲ့ အနေအထားမှာရှိတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၄ရက်နေ့က ဒီကေဘီအေတပ်များ နယ်ခြားစောင့်တပ်အဖြစ် နအဖတပ်ထံ လက်နက်အပ်နှံမည်ဟု ကြားသိရ သော်လည်း တပ်မဟာ(၉၉၉)မှ တပ်ရင်းမှူး တဦးက ၎င်းတို့အနေဖြင့် တပ်အင်အားစာရင်းကို ထိုနေ့တွင်ပင် အထက်သို့ ပို့ ဆောင်လိုက်ပြီဟု ပြောဆိုခဲ့သည်။
ယခုလ ၂၂ရက်နေ့က ဒီကေဘီအေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူရှိ ရွှေဂွန်းကျေးရွာအနီးတွင် နအဖတပ်များနှင့် ဒီကေဘီအေ တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နအဖ ဘက်မှ လူမှား၍ ပစ်ခတ်မိခြင်းဖြစ်ကြောင်း အကြောင်းပြပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရ သော်လည်း အတည်ပြုချက် မရရှိခဲ့ပေ။
ယင်းသို့ နအဖ တပ်များ၏ လူထုအပေါ် ပြုမူမှုများသည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် သက်ဆိုင်နိုင်သည်ဟု ခန့် မှန်းရပြီး အခြေအနေကြည့်ကာ လှုပ်ရှား ရပ်တည်သွားရမည်ဟု ဗိုလ်မှူးကြီးစောလားပွယ်က ယခုလို ပြောဆိုသည်။
သူက “နအဖတွေ လူထုကို ဒီလိုလုပ်တာဟာ နယ်ခြားစောင့်တပ်ကိစ္စနဲ့လည်း ဆိုင်နိုင်တယ်။ သူတို့ အေးအေးဆေးဆေးလုပ် ရင် ကျနော်တို့လည်း အေးအေး ဆေးဆေး ပဲ။ ၂၈ရက်နေ့ကျရင်တော့ စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်။
နအဖ စစ်အစိုးရသည် လာမည့် ဧပြီ ၂၈ရက်နေ့တွင် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် အပြီး ပြောင်းလဲရမည်ဟု သတ်မှတ်ညွှန်ကြား ထားခဲ့သည်။
စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ
VOA မှ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။
စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။
အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။
စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။
စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။
တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။
ကျိုင်းတုံစစ်ဒေသ သျှမ်းပြည်တပ်မတော် နှင့် နအဖတပ် ဆက်တိုက် တိုက်ပွဲဖြစ်
စ၀်ယွက်စစ်ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် ကျိုင်းတုံစစ်ဒေသ နှင့် တြိဂံတိုင်းလက်အောက်ခံ စကခ ၁၈ နှင့် စကခ ၁၄ တို့အကြား ယခုလအတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“လဆန်းပိုင်းက ဖြစ်တဲ့တိုက်ပွဲက နအဖ ဘက် သေကြေဒဏ်ရာရတဲ့သူတော်တော်များမယ်၊ ခမရ ၃၂၉ နဲ့ ခလရ ၂၄၄ တို့ စစ်ကူဖြည့်ပြီး ကား ၂ - ၃ စီးနဲ့ ဒဏ်ရာရသူတွေ အလောင်းတွေ ပြန်တင်လာတာ တွေ့ရ တယ်” - အမည် မဖေါ်လိုသည့် ဒေသခံ တဦးကပြောပါသည်။
ဧပြီ ၂၁ ရက်နေ့ မနက် ၇ နာရီ မှ ၈ နာရီ အထိ မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံတပ်ရင်းနှင့် မိုင်းဆတ် အခြေစိုက် စကခ ၁၄ လက်အောက်ခံ တပ်ရင်း ၃-၄ ရင်း ပူးပေါင်းပြီး လားဟူပြည်သူ့စစ်နှင့်အတူရှေ့တန်း ထွက်ချိန် မိုင်းဆတ်မြို့မြောက်ဘက် ကီလိုမီတာ ၃၀ ကျော် မိုင်းကုတ်ကျေးရွာအုပ်စုအတွင်း သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲ တနာရီကြာဖြစ်ပွားခဲ့၏။
“တိုက်ပွဲဖြစ်တဲ့ နှစ်နေရာစလုံးက မြေပြန့်လေ၊ တိုက်ပွဲပြီးတော့လဲ ၀င်ရောက်စစ်ဆေးဖို့က မလွယ်ဘူး၊ ပစ်ခတ် နေချိန် နအဖဘက်က လဲကျတာတွေ အများကြီးတွေ့ရတယ်၊ ဘယ်လောက်သေကြေလဲတော့မသိဘူး၊ ကျနော် တို့လူတယောက် ကျဆုံးတယ်၊ သိမ်းဆည်းရတဲ့ပစ္စည်းမရှိသလို ဆုံးရှုံးတာလဲမရှိဘူး”- ဟု SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပသည်။
ထို့အတူ ဧပြီ ၄ ရက်နေ့ မွန်းတည့်ချိန်မှ မွန်းလွဲ ၁၄း၄၅ နာရီအထိ တိုက်ပွဲ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ နအဖ စစ်တပ်ဘက် သေကြေဒဏ်ရာရသူ ဦးရေအတိအကျမသိရှိရသော်လည်း တိုက်ပွဲနှစ်ခုစလုံး ၇-၈ ယောက် ထက်မနည်း (သို့မဟုတ်) ဆယ်ယောက်ကျော် ဒဏ်ရာရဖွယ်ရှိကြောင်း၊ သျှမ်းပြည်မတော်မတာ် (ကျိုင်းတုံစစ် ဒေသ) အမှတ် ၁ စစ်ဒေသ မှ တဦး ကျဆုံးကြောင်း အမည်မဖေါ်လိုသည့် အဆိုပါအရာရှိက အတည်ပြုပါသည်။
“နအဖ ဘက်က ခမရ ၃၂၈ ဗိုလ်ကြီးဖြိုးအောင် ဦးဆောင်တယ်၊ လားဟူ (မိုင်းဖြတ် - နမ့်ယုံး) ဂျဆေးဘို ပြည် သူ့စစ်က ဂျလားနဲ့ဂျဆီတို့ဦးဆောင် (ပူးပေါင်း) အင်အား ၆၀ ကျော်က နှစ်ဖွဲ့ခွဲပြီး SSA နယ်လှည့်တပ်ဖွဲ့ နောက်ယောင်ခံလိုက်လို့ တိုက်ပွဲဖြစ်တာ၊ တိုက်ပွဲ ၂ နာရီကျော်ကြာတယ်ဆိုတော့ နအဖဘက်လဲအများကြီး သေ ကြေဒဏ်ရာရတယ်”- ဟု ဒေသခံ ရွာသားနောက်တဦးကပြောပါသည်။
တိုက်ပွဲနှစ်ခုစလုံး၌ နအဖ စစ်တပ်ဘက်မှ ၈၁ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟုလည်း သျှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသ တပ်မှူး တဦးကပြောပါသည်။
အသွင်ပြောင်းရေး တနှစ်ပြည့်သည့်နေ့၌ ၀ တပ်ဖွဲ့လူအင်အားစာရင်းပေးပို့ရန် ဒက်လိုင်းပေးထားသည့်အတိုင်း နအဖက ဖိအားအကြိမ်ကြိမ်ပေးခဲ့သော်လည်း လက်မခံသော တောင်ပိုင်း ၀ တပ်ဖွဲ့အား ဖြတ်လေးဖြတ်ဖြင့် ဖြတ်တောက်ရန် ကြိုးပမ်း နေချိန် သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သျှမ်းသံတော်ဆင့် မှ
ဗိုလ်ချုပ်မှူးကြီး ဆင်ဖြူတော်စီး
အောင်သက်ဝိုင်း (ဧရာဝတီ မှ)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦး အသုံးပြုသည့် သီးသန့် လေယာဉ် ၂ စီးကို ဗေဒင်အရ “ဆင်ဖြူတော်” ဟု အမည်သတ်မှတ် ခေါ်ဝေါ်နေရကြောင်း သတင်းရရှိသည်။
အဆိုပါ လေယာဉ် ၂ စီးကို ဆေးအဖြူရောင် ခြယ်ထားပြီး ATR 72-500 အမျိုးအစား လေယာဉ်များ ဖြစ်ကြောင်း၊ ထိုလေယာဉ် ၂ စီးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ၅ ဦးသာ စီးနင်းခွင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
“လေယာဉ် ၂ စီးစလုံးကို ဆင်ဖြူတော် ဆိုတဲ့ နာမည်သုံးဖို့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် အမိန့်ပေး ထားတာလို့ သိရတယ်။ ဒီလေယာဉ်တွေက ခေါင်းဆောင် ၅ ဦးနဲ့ ဗိုလ်ချုပ်မှူးကြီး မိသားစု ခရီးထွက်ဖို့ပဲ သုံးရတဲ့ လေယာဉ် အသစ်တွေပါ” ဟု မင်္ဂလာဒုံလေတပ်နယ်မှ စစ်အရာရှိကြီးများနှင့် နီးစပ်သူတဦးက ဆိုသည်။
အဆိုပါ လေယာဉ်များကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့လေကြောင်းက တာဝန်ခံ ၀ယ်ယူ ပေးထားရပြီး မင်္ဂလာဒုံလေတပ် အထူးလေယာဉ် ထိန်းသိမ်းဆောင်တွင် လုံခြုံရေး တင်းကျပ်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားရကြောင်း သိရသည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ သွားရောက်စဉ်ကမူ မြန်မာ့လေကြောင်းလိုင်းပိုင် MAI လေယာဉ်ဖြင့် သွားခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။
လေယာဉ်များကို “ဆင်ဖြူတော်” ဟု ခေါ်ဝေါ်သုံးစွဲရခြင်းသည် ယတြာချေခြင်းဖြစ်ပြီး အတိုက်အခံ ရန်စွယ် အပေါင်းကို အောင်နိုင်စေခြင်း အတိတ်ဖြင့် ခေါ်ဝေါ်အသုံးပြု ခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ နာမည်ကျော် ဗေဒင်ဆရာတဦးက သုံးသပ်သည်။
“ရှေးမြန်မာ ဘုရင်မင်းတွေ ဘုန်းတန်ခိုးကြီးလာရင် ဆင်ဖြူတော် အလိုလိုပေါ်ရတယ်။ ဒါမှမဟုတ် အိမ်နီးချင်းတိုင်းပြည်တွေက ဆင်ဖြူတော် ဆက်သရတယ်။ ဆင်ဖြူတော် စီးရတဲ့ ဘုရင်တွေက ရန်စွယ်အပေါင်းကို အောင်နိုင်တယ် ဆိုတဲ့ သက်သေ သာဓကတွေ မြန်မာရာဇ၀င် သမိုင်းတွေမှာ အထင်အရှားရှိတယ်။ ဒါကြောင့် ဒီနာမည်ကို ဗေဒင်သဘောနဲ့ ပေးထားတာ” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည် နက္ခတ်ဗေဒင်လက္ခဏာ ယုံကြည်မှုလွန်ကဲရုံမက မိသားစု ဆွေမျိုးများအကြား ထီးသုံး၊ နန်းသုံးစကားများကို ပြောဆို ခေါ်ဝေါ်သုံးစွဲကြသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
စစ်အစိုးရက ၂၀၀၉ ခုနှစ်အတွင်းတွင် ငါးထောင်တန်ငွေစက္ကူအသစ် ထုတ်ဝေခဲ့ရာ “ဆင်ဖြူ တော်” တံဆိပ်ကို ငွေစက္ကူသစ်၏ အမှတ်အသား အဖြစ်သုံးစွဲခဲ့ခြင်း၊ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ အုပ်ချုပ်ရေးယန္တရားကို ပျဉ်းမနား၊ ကြပ်ပြေးသို့ ပြောင်းရွှေ့ အခြေစိုက်ခဲ့ရာ၌ မြို့တော်သစ်ကို နေပြည်တော် ဟု တရားဝင် သတ်မှတ် သုံးစွဲစေခဲ့ခြင်းများတွင် ဗေဒင်နက္ခတ် သဘောတရားများ အဓိက ပါဝင်နေသည်ကို တွေ့မြင်နိုင်ကြောင်း ရန်ကုန် ဗေဒင်ဆရာ အသိုင်းအဝန်းက သုံးသပ်သည်။
စစ်အစိုးရ ခေါင်းဆောင်ကြီးများသည် ဗေဒင်နက္ခတ်ကျွမ်းကျင်သည့် ပုဏ္ဏားများကို ၎င်းတို့၏ နေအိမ်များသို့ခေါ်၍ အပတ်စဉ် ဗေဒင်တွက်ချက် ယတြာချေခိုင်းကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။
ထောက်လှမ်းရေး ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်ကလည်း ဆင်ဖြူတော် ရှာဖွေကာ ဘွဲ့များ ပေးအပ်ပြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားသော လောကချမ်းသာ အဘယလာဘမုနိ ဘုရားကြီး ဘေးတွင် အဆောင် ဆောက်လုပ် မွေးမြူခဲ့သည်။
နိုင်ငံရေးမှုဖြင့် လူငယ် ၇ ဦးကို ရဲက ဖမ်းဆီး
ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ လှည်းတန်း ဘူတာအနီးရှိ တိုက်ခန်းတခုထဲနေ လူငယ် ၇ ဦးကို နိုင်ငံရေး လှုပ်ရှားသည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးသွားသလို နောက်ထပ် ဖမ်းဆီးမှုများလုပ်ရန် ရှာဖွေနေသေးသည်ဟု အိမ်နီးချင်းများ အပြောအရ သိရသည်။
အမှတ် ၂၉ ၊ မြေညီထပ်၊ ၁ လမ်း၊ ကွမ်းခြံမြောက်ပိုင်း ၄ ရပ်ကွက်ကို သောကြာနေ့အလွန် စနေနေ့ နေ့ကူးပြီခါစ အချိန်တွင် ရဲများက လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။
လက်နက် တပ်ဆင်ထားသော ရဲ ၆၀ ခန့် ဖမ်းဆီးမှုတွင် ပါဝင်ပြီး မိုဘိုင်းတယ်လီဖုန်း ၃ လုံးကို သိမ်းယူသွားကာ အခန်းကိုလည်း ချိတ်ပိတ်လိုက်ကြသည်။
ရန်ကုန်တိုင်း ရဲနှင့် ကမာရွတ် မြို့နယ် ရဲစခန်းတို့က နိုင်ငံရေးမှုကြောင့် ဖမ်းဆီးရပါသည်ဟု အတည်ပြု ပြောကြားသော်လည်း အထက်လူကြီးများ အမှုကို ကိုင်တွယ်နေမှုနှင့် သတင်းထုတ်ပြန်ခွင့်မရှိ ဟုဆိုကာ အသေးစိတ် ဖြေကြားရန် ငြင်းဆန်သည်။
”အိပ်နေတဲ့ အချိန်ဆိုတော့ တချို့ကလည်း စွတ်ကျယ်နဲ့၊ တချို့ကလည်း ဘောင်းဘီတိုတွေနဲ့ ပါသွားတယ်” ဟု အိမ်နီးချင်း တဦးက မဇ္ဈိမသို့ ပြောသည်။
အဖမ်းခံရသူများမှာ ကိုဗိုလ်ဗိုလ်သိန်း၊ ကိုသောင်းထိုက်ဦး၊ ကိုတင်ထွန်း၊ ကိုစိုးမိုးကျော်၊ ကိုစောယဉ်ရှင်၊ ကိုသော်ဇင်နှင့် ကိုအောင်အောင်တို့ ဖြစ်ကြသည်။
ရဲက နောက်ထပ် လူဖမ်းပွဲအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုနေရာ အနည်းဆုံး တဦးကို သဲကြီးမဲကြီး ရှာနေသည်ဟု သိရသည်။ ရဲက ရှာဖွေနေသူတွင် ကိုကျော်မောင်ဦးဆိုသူ ပါဝင်သည်ဟု သိရသည်။
ရပ်ကွက် အာဏာပိုင်များနှင့် နီးစပ်သော အိမ်နီးချင်းများ ပြန်ပြောပြချက်အရ အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်များနှင့် အသက် ၃၀ ပတ်ဝန်းကျင်များဖြစ်ကြပြီး ယခင် သီတင်းပတ်ကတည်းက ရဲက စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
”သူတို့ ဒီရပ်ကွက်ထဲ နေတာကြာပြီး၊ ရပ်ကွကထဲ ခိုက်ရန် ဖြစ်ပွားတာတော့ မကြားဖူးဘူး”ဟု အိမ်နီးချင်းတဦးက ပြောသည်။
သင်္ကြန်တွင်း ရန်ကုန်မြို့ ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်ရှေ့ ပေါက်ကွဲမှုသုံးခု ဆက်တိုက် ဖြစ်ပွားပြီးနောက် ရဲ၏ ခေါ်ယူစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုသတင်းများ ထွက်ပေါ်လာနေသည်။
သတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ပေါက်ကွဲမှု ဖြစ်ပွားသော နေရာများကို ဓာတ်ပုံရိုက်မှုဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့သည်။
စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပါဝင်ခဲ့သော စစ်အင်ဂျင်နီယာ တဦး အပြောအရ လူအုပ်ထဲ လက်ပစ်ဗုံး သုံးလုံး ပစ်သွင်းခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသော ပေါက်ကွဲမှုများကြောင့် စစ်ဘက် အရာရှိများနှင့် ပြည်ထဲရေးအောက်ရှိ ရဲနှင့် လုံခြုံရေးဝန်ထမ်းများ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ အပါအဝင် လူ ၁၀ ဦးသေဆုံးကာ ၁၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။
သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက်
သျှမ်းသံတော်ဆင့် မှ(Saturday, 24 April 2010 22:00)
တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။
“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။
ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့က ညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။
တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။
ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။
ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။
“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။
ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
