ဒီတစ်ပတ်ကိုတော့ Saw Marvellous ပြန်ဆိုထားတဲ့ ဃံလzဒိ၃်ယကညီမု၃် သီချင်းလေးနဲ့ အဆုံးသတ်သွားကြရအောင်ဗျာ...........
သီချင်းချစ်တဲ့သူများအတွက်....
ရွေးကောက်ပွဲမကျင်းပရန် ကန့်သတ်နယ်မြေများတွင် ကရင်ပြည်နယ်အများဆုံး
KIC မှ.......
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကရင်၊ ကချင်၊ ကယား၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ နယ်မြေအချို့တွင် ရွေးကောက်ပွဲ ကျင်း ပခြင်းမပြုရန် ယမန်နေ့က တရားဝင် စာရင်းများ ထုတ်ပြန်လိုက်ရာ ကရင်ပြည်နယ်သည် ကျေးရွာအုပ်စုပေါင်း ၁၅၅ဖြင့် အများဆုံး ဖြစ်သည်ဟု သိရသည်။
နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်မှ စက်တင်ဘာလ ၁၆ရက်နေ့စွဲဖြင့် ကြေညာချက် အမှတ် ၉၉/၂၀၁၀ ကချင်ပြည်နယ်တွင် လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၀/၂၀၁၀ ကယားပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၁/၂၀၁၀ ကရင် ပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၂/၂၀၁၀ မွန်ပြည်နယ်တွင်လည်းကောင်း၊ ကြေညာချက်အမှတ် ၁၀၃/ ၂၀၁၀ ရှမ်းပြည်နယ်တွင်လည်းကောင်း စသည့် ပြည်နယ် ၅ခုမှ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရန် ယမန်နေ့ ညနေပိုင်းက မြန်မာ့အသံမှတဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။
ထိုပြည်နယ် ၅ခုထဲမှ မြို့နယ် ၄ခုနှင့် ကျေးရွာအုပ်စုပေါင်း (၃၀၀)ခန့်တွင် ရွေးကောက်ပွဲ မကျင်းပရန် ကန့်သတ်ထားခြင်းဖြစ်ပြီး ကရင်နှင့် ရှမ်းပြည်နယ်မှ နယ်မြေများ အများဆုံးပါဝင်ပြီး မည်သည့်အကြောင်းကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ကို ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။
ကြေညာချက် အမှတ် ၁၀၁/၂၀၁၀ အရ ကရင်ပြည်နယ်အတွင်းရှိ ဖားအံမြို့နယ်တွင် ကျေးရွာအုပ်စု (၁၁)စု၊ လှိုင်းဘွဲမြို့နယ်တွင် ကျေးရွာအုပ်စု (၁၇)စု၊ ဖာပွန်မြို့နယ်တွင် ကျေးရွာအုပ်စု (၂၇)စု၊ သံတောင်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၃၆)စု၊ မြ၀တီမြို့နယ် တွင် ကျေးရွာအုပ်စု (၄)စု၊ ကော့ကရိတ်မြို့နယ်တွင် ကျေးရွာအုပ်စု(၁၄)စုနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၄၆) စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် ဒေသများအဖြစ် သတ်မှတ်ထားသည်ဟု ပါရှိသည်။
နအဖ စစ်အစိုးရက ယခုလို မဲဆန္ဒနယ်အတော်များများကို ရွေးကောက်ပွဲ မကျင်းပရန် ကန့်သတ်လိုက်ခြင်းသည် ၎င်းတို့ အနိုင်ရရှိ ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယခုရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တွဲဖက်အတွင်းရေးမှူး-၁ ဗိုလ်မှူးစောလှငွေက ယခုလို ဝေဖန်သုံးသပ်သည်။
သူက “အဓိကတော့ သူတို့ (နအဖ)အနိုင်ရဖို့အတွက်ပဲ။ အဲဒီဒေသတွေမှာရှိတဲ့ လူထုတွေက သူတို့ကို ထောက်ခံမဲပေးမဲ့ လူတွေ မဟုတ်ဘူး။ အဲဒါကြောင့် လုံခြုံရေးအတွက် အကြောင်းပြပြီးတော့ ဖယ်ရှားလိုက်တာဖြစ်တယ်။ သူတို့အတွက် အရှုံးမရှိဘူး။ ကျန် တဲ့ဒေသတွေမှာ ၀င်ရောက်အရွေးခံမဲ့ ကိုယ်စားလှယ်တွေကို သူတို့လှည့်ချင်သလို လှည့်လို့ရတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုဒေသများအတွင်း စစ်အစိုးရကို ဆန့်ကျင်တော်လှန်သည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)တပ်ဖွဲ့များ၊ နယ်ခြားစောင့် တပ်များ၊ နယ်ခြားစောင့်တပ်ကို ငြင်းဆန်နေသည့် ဒီကေဘီအေတပ်ဖွဲ့များနှင့် နအဖတပ်များ တည်ရှိနေသည့်အတွက် မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသဖြင့် ယခုလို ရွေးကောက်ပွဲ မကျင်းပရန် ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ လူထု များက ယူဆနေကြသည်။
ကော့ကရိတ်နယ်သားတဦးက “သူတို့ (နအဖ) လာလုပ်ဘယ်ရဲမလဲ။ ဒီဘက်ကလူ(ကေအဲန်ယူ)တွေ သူတို့ကို တိုက်ခိုက်မှာ စိုးရိမ် လို့ ထင်ပါတယ်။ အခုလည်း နယ်စပ်မှာ တိုက်ပွဲ ခဏခဏဖြစ်နေတော့လေ။”ဟု ကေအိုင်စီကို ပြောသည်။
အလားတူ အခြား မွန်၊ ကယား၊ ကချင်၊ ရှမ်းပြည်နယ်တို့်တွင်လည်း စစ်အစိုးရကို ဆန့်ကျင်တော်လှန်သည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို ငြင်းဆန်နေသည့် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များ ရှိနေ သည့်အတွက် စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ဝေဖန်သူများလည်း ရှိသည်။
ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၇ခုရှိပြီး ပြီးခဲ့သည့် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ၌လည်း မြန်မာနိုင်ငံ၌ နယ်မြေအေးချမ်းမှုမရှိဟု ယူဆရသော မဲဆန္ဒနယ် ၇ခုတွင် ရွေးကောက်ပွဲ ကျင်းပခြင်း မရှိခဲ့ကြောင်း သိရသည်။
ဖားအံမြို့တွင် လုံခြုံရေးအတွက် ပိုမိုစောင့်ကြပ်နေ
KIC မှ.......
ရွေးကောက်ပွဲရက်နီးလာသည့်အတွက် ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့ရှိ စစ်တပ်ဂိတ်များနှင့် မြို့တွင်း၌ ယခုလဆန်းပိုင်း မှစ၍ လုံခြုံရေးအတွက် လှည့်လည်စောင့်ကြပ် သတိထားမှုများ ပိုမိုများပြားလာသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဖားအံမြို့တွင်းရှိ စစ်သားများက ၎င်းတို့၏ သက်ဆိုင်ရာ တပ်ဂိတ်ရှေ့တွင် ပုံမှန် စောင့်ကြပ်နေသည့်အပြင် ဂိတ်ပေါက်နှင့် မနီး မဝေးတွင် သွားလာသူများကို မှောင်ရိပ်ခိုကာ စောင့်ကြည့်နေသည့် စစ်သားအတော်များများရှိကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။
“စစ်သားတွေက သူတို့တပ်ရှေ့နားမှာပဲ စောင့်တာ။ အရင်က စောင့်ပါတယ်။ ၂ယောက်၊ ၃ယောက် အများဆုံးပဲ။ အခုက တပ် အရှေ့ဘေးပေါ့နော်။ အဲမှာ မှောင်ရိပ်ခိုပြီး စောင့်တာက ၈ယောက်သတ်သတ်ပဲ။ သူတို့က ဂိတ်ပေါက်နဲ့ အလှမ်းနည်းနည်းဝေး ပြီး အမှောင်ကျတဲ့နေရာမှာ။ အဲလို ခွဲစောင့်တာ။ ည ၁၀နာရီလောက်ဆို စစောင့်ပြီ။”ဟု ပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်လက ပဲခူးမြို့တွင်း၌ ပိုစတာကပ်မှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း ယခုလို လုံခြုံရေးပိုချထားခြင်း ဖြစ် သည်ဟုလည်း အဆိုပါမြို့ခံက ဆိုသည်။ “ပဲခူးမှာဖြစ်သွားတဲ့ ပိုစတာကပ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီဘက်မှာလည်း တခုခု လုပ်မှာစိုးလို့ အခု ပိုပြီးတော့ လုံခြုံရေးလုပ်တဲ့သဘောပဲ။”ဟု ဆိုသည်။
၎င်းအပြင် ဖားအံမြို့မှ ရဲများကလည်း ညဘက်တွင် ဆိုင်ကယ်များဖြင့် လှည့်လည်ကြည့်ရှုခြင်းများလည်း ရှိနေကြောင်း လမ်း သွားလမ်းလာ မြင်တွေ့သူ မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
ကျောင်းသူတစ်ဦးက “ရဲတွေကလည်း ညဘက် ယူနီဖောင်းတွေနဲ့ ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ လိုက်လှည့်နေတယ်။ ဘယ် သူတွေ ဘာလုပ်မလဲဆိုပြီးတော့လေ။”ဟု ပြောသည်။
ဖားအံမြို့တ၀ိုက် မြို့တွင်းမြို့ပြင်နေရာများတွင် နအဖ တပ်မ(၂၂)၊ (၂၀၁)တပ်ရင်း၊ အမှတ်(၉)ရပ်ကွက် ဇွဲကပင်ကုန်းရှိ ထောက်ပို့တပ်အပြင် ၎င်းရပ်ကွက်နှင့် တဆက်တည်း ကြာအင်းလမ်း၌ (၂၂၂)တပ်ရင်းများ ထားရှိသည်။
ညာမို ရင်ဆိုင်တိုက်ပွဲ နအဖတပ်ကြပ်ကြီး ကျဆုံး
တို့ ညီအစ်ကိုများလည်း လက်သံပြောင်ပါ့......
ရေးသားသူ - ဒီမင်း (ကန္တာရ၀တီတိုင်း(မ်))
ကရင်နီအမာခံ ညာမူတပ်စခန်းနှင့် မျက်နှာချင်း ဆိုင်ရှိသော နအဖတပ်စခန်းများ တပ်စစ်ဆင်ရေး အလဲအလှယ် ပြုလုပ်နေချိန် ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ပွဲ ဖြစ်ခဲ့သောကြောင့် နအဖဘက်မှ တပ်သားတဦးနှင့်အတူ တပ်ကြပ်ကြီးတဦး ပါကျဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ညာမိုတပ်စခန်း၏ အနောက်ဘက်မှ ၁၅ မိုင်အကွာတွင် ဒု-ဗိုလ်မှူးကြီး စိုးမင်းလတ် ဦးဆောင်လာသော ခမရ ၅၁၆ တပ်ရင်းနှင့် ကရင်နီတပ်ရင်း ၃ မှ ဒုရင်းမှူး ဗိုလ်မှုးဇော်နိုး ဦးဆောင်သော တပ်မှ ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ တိုက်ပွဲ ဖြစ်တာ အဲဒီမှာ လမ်းဖြတ်ပြီးတော့မှ သူတို့လည်း ရောက်လာ၊ အဲမှာ တိုးကြပြီးတော့မှ တိုက်ပွဲ ဖြစ်ပွားကြတယ်လေ” ဟု ဗိုလ်မှူးဇော်နိုးက ပြောပါသည်။
အဆိုပါ တိုက်ပွဲတွင် နအဖဘက်မှ တပ်ကြပ်ကြီးတဦး ကျဆုံးပြီး MA 1 သေနတ် တစ်လက်၊ အီကွင်းမင်း တစ်စုံနှင့် ကျော်ပိုးအိပ်တစ်လုံး သိမ်းဆည်းရမိသည်ဟု ကရင်နီ စစ်ဘက်ဆိုင်ရာ ထောက်လှန်းရေး အရာရှိ တဦးက ပြောသည်။
ကရင်နီတပ်မတော်တို့သည် အခုနောက်ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲထက် ပြောက်ကျားတိုက်ပွဲကို ဆင်နွဲလေ့ရှိသည်။
“ရင်ဆိုင်တိုက်ပွဲ ပဲဖြစ်ဖြစ် ပြောက်ကျားတိုက်ပွဲပဲဖြစ်ဖြစ် အဓိကကတော့ ပေါ်လစီပေါ် မူတည်တယ်နော်။ ဒီတော့ ကျနော်တို့က ကရင်နီတပ်မတော် အနေနဲ့ အင်အားနည်းသလို စုစည်းကြီးစေချင်လို့ လုပ်တာပေါ့” ဟု ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။
တရက်တာ ငြိမ်းချမ်းရေး ပြုလုပ်မည်ဟု ကေအဲန်ယူ ထုတ်ပြန်
KIC သတင်းမှ.....
ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်နှင့် ကုလသမဂ္ဂကို လေးစားလိုက်နာသောအားဖြင့် ယခုနှစ် ကျရောက်မည့် စက်တင်ဘာလ (၂၁) ရက်နေ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် နအဖ စစ်အစိုးရနှင့် တရက်တာ ယာယီအပစ်အခတ် ရပ်ဆိုင်းရေး လုပ်မည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ယမန်နေ့၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နအဖအပေါ် တရက်တာ ယာယီအပစ်ရပ်ဆိုင်းရေး တောင်းဆိုလိုက်ခြင်းသည် ကေအဲန်ယူမှနိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။
ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ အဖွဲ့အစည်းဟာ ငြိမ်းချမ်းရေးကို တကယ် ချစ်မြတ်နိုးတယ် ဆိုတာ နိုင်ငံတကာ သိအောင် ဒီကြေညာချက်ကို ထုတ်ပြန် လိုက်တာပါ။ နအဖ စစ်အစိုးရ အနေနဲ့လည်း ငြိမ်းချမ်းရေးကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် ဒါကို သူတို့ လိုက်လျောသင့်တယ်” ဟု ကေအိုင်စီကို ပြောသည်။
ဆက်လက်၍ သူမက ယခုလာမည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့၌ စစ်ဆင်ရေး မလုပ်ရန် ကေအဲန်ယူ ရှေ့တန်းနယ်မြေရှိ ရဲဘော်များကို အကြောင်းကြား ထားပြီး ဖြစ်ကြောင်းနှင့် အကယ်၍ နအဖ စစ်တပ်မှ စစ်ဆင်ရေး လုပ်လာပါက မိမိကိုယ်ကို ခုခံသည့် အနေဖြင့် ပြန်လည် တိုက်ခိုက် သွားမည်ဟုလည်း ရှင်းပြပြောဆိုသည်။
တချိန်တည်းမှာပင် ကေအဲန်ယူ၏ ထုတ်ပြန်ကြေညာချက်ကို ဗြိတိန်နိုင်ငံအခြေစိုက် Christian Solidarity Worldwide – CSW က ကြိုဆိုလိုက်ကြောင်း ကြေညာချက်တစ်စောင် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ စာထဲတွင် လာမည့် စက်တင်ဘာလ (၂၁)ရက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကေအဲန်ယူ၏ တရက်တာ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေးကို နအဖ စစ်အစိုးရ အနေဖြင့် လက်ခံပေးပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်နယ်များမှ ထိုးစစ်များ ရပ်တန့်ထားရန် တောင်းဆိုထားသည်။
ကရင်ပြည်နယ်အတွင်း နအဖ၏ ထိုးစစ်မှန်သမျှကို ရုပ်သိမ်း၍ တပ်များပြန်လည်ရုပ်သိမ်းရန်၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့်နိုင်ငံရေးနှင့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းရန်အပြင် ကရင်ပြည်နယ်ရှိ နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဂျီနီဗာ သဘောတူညီချက်ကို ဆန့်ကျင်ရာရောက်သည်ဟု ကြေညာချက်၌ တိုက်တွန်းရေးသားထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များ၊ ကုလသမဂ္ဂ အတွင်းရေးမှူး၏ တောင်းဆိုချက်များနှင့် ဇွန်လ စက်မှုထိပ်သီး (၈)နိုင်ငံ အစည်းအဝေးမှ မြန်မာ့နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရမည့် ဆုံးဖြတ်ချက်များကို လေးစားလိုက်နာသောအားဖြင့် တရက်တာ ယာယီအပစ်ခတ် ရပ်ဆိုင်းရေးကို တောင်းဆို လိုက်ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။
ကေအဲန်ယူ ထုတ်ပြန်ကြေညာချက်အပေါ် ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုအောင်နိုင်ဦးက “ငြိမ်းချမ်းရေး နေ့မှာ ကေအဲန်ယူက ဒီလို ထုတ်ပြန်ချက် ထုတ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ထုတ်တာတော့ သိပ်ပြီးတော့ မထူးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နအဖက လိုက်နာချင်မှ လိုက်နာမှာလေ။ တကယ်လို့ ကေအဲန်ယူနဲ့ နအဖတို့ ဆက်ဆံရေး ကောင်းတဲ့ အနေထားမှာ ရှိရင် ဒီကြေညာချက်ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုများကိုနှစ်စဉ် ကျင်းပလာခဲ့သည့် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ယခုနှစ်တွင် ရုံးခွဲများ ဖြစ်သည့် မဲဆောက်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ငြိမ်းချမ်းရေး ဆုတောင်းပွဲများ၊ စာစီစာကုံးနှင့် ပန်းချီ ပြိုင်ပွဲများ ပြုလုပ်သွားမည်ဟု သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံမှ ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ ဖြင့် ပြီးခဲ့သည့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့ကိုနိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် ချမှတ်ခဲ့ပြီး ကေအဲန်ယူ အနေဖြင့် ယခုလို ကြေညာချက် ထုတ်ပြန်ခြင်းမှာ ပထမဆုံး ဖြစ်သည်။
တိုင်းရင်းသား ဒေသများတွင် ပဲခူးလူသတ်မှုကဲ့သို့ ဖြစ်ရပ်များ အမြဲလိုပင် ဖြစ်
ဧရာဝတီ မှ...
ပဲခူးမြို့တွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်သတ်လိုက်မှုကြောင့် ဝေဖန်မှု များစွာထွက်ပေါ်လာသော်လည်း ထိုကဲ့သို့ အနိုင် ကျင့် သတ်ဖြတ်မှုများသည် အစွန်အဖျား တိုင်းရင်းသား နယ်မြေများ၌ အမြဲလိုပင် ဖြစ်ပျက်နေသော ရာဇဝတ်မှုများဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြသည်။
ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်တွင် စက်တင်ဘာ ၄ ရက်နေ့၌ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ တပ်သားများနှင့် ပဲခူးမြို့ခံ လူငယ်များ အချင်းများရာမှ တပ်သားတဦး၏ ပစ်ခတ်မှုကြောင့် မောင်အောင်သူဟိန်း (၂၃ နှစ်) နှင့် မောင်စိုးပိုင်ဇော် (၁၉ နှစ်) သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက ကုလသမဂ္ဂ အထွေ ထွေ ညီလာခံသို့ တင်သွင်းမည့် အစီရင်စာတွင် ပဲခူး လူသတ်မှုအကြောင်း ထည့်သွင်းဖော်ပြသွားမည်ဟု ပြောကြားသည်။
ပဲခူး လူငယ်နှစ်ဦး အသတ်ခံရမှုသည် အပြစ်ပေး ကွပ်မျက်သည့် ပုံစံ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ မောင်အောင်သူဟိန်းတွင် သေနတ်ဒဏ်ရာ ၆ ချက်နှင့် မောင်စိုးပိုင်ဇော်တွင် သေနတ်ဒဏ်ရာ ၄ ချက် ထိထားပြီး ခန္ဓာကိုယ်မှာ ဆန်ခါပေါက်ဖြစ်နေကြောင်း ဒေသခံဆရာဝန်တဦးက ပြောသည်။
ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) မှ နန်းဆိုင်နောင့်က ပဲခူးကဲ့သို့သော မြို့ကြီး တခု၏ လမ်းပေါ်တွင် ပစ်သတ်ခံရမှု ဖြစ်သေးလျှင် တိုင်းရင်းသားဒေသများကဲ့သို့ ဝေးလံသည့်နေရာများတွင် နအဖ စစ်တပ်က ဤကဲ့သို့သော ပြစ်မှုပေါင်း မည်မျှ ကျူးလွန်ခဲ့သည်ကို မသိနိုင်ကြောင်း ပြောသည်။
“စစ်အာဏာရှင်တွေ လက်အောက်မှာ ပြည်သူ့အတွက် မလုံခြုံပါဘူး။ အထူးသဖြင့် ဝေလံခေါင်သီတဲ့နေရာတွေမှာ နေတဲ့ သူတွေ ဆို ပိုမလုံခြုံပါဘူး။ သူတို့ဘဝက အန္တရာယ်များတယ်။ အမျိုးသမီးတွေက ပိုပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရ တယ်ဆိုတာ တကယ့်အမှန်တရားပါပဲ”ဟု နန်းဆိုင်နောင့်က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၀၀၉ ခုနှစ် အောက်တိုဘာလထုတ် အစီရင်ခံစာတွင် မြောက်ပိုင်း ကရင်ဒေသနှင့် ရှမ်းပြည် တောင်ပိုင်း ဒေသများသည် မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံး ဒေသများဖြစ်ကြောင်း၊ သတ်ဖြတ်မှု၊ နှိပ်စက် ညှဉ်းပန်းမှု၊ ခြိမ်းခြောက်မှု၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုနှင့် မြေယာသိမ်းယူမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) များကို ကူညီနေသည့် TBBC ၏ အစီရင်ခံစာတွင် ၂၀၀၈ သြဂုတ်လနှင့် ၂၀၀၉ ဇွန်လအတွင်း ရွာပေါင်း ၁၂၀ ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်မှစ၍ မြန်မာပြည် အရှေ့ဘက်ပိုင်းတွင် အဓမ္မရွှေ့ပြောင်းမှုများနှင့် ဖျက်ဆီးမှုများကြောင့် ရွာပေါင်း ၃၅၀၀ ကျော် ပျက်စီးပြီး ဒေသခံရွာသားများ ထွက်ပြေးပုန်းရှောင် ခဲ့ရကြောင်း ဖော်ပြထားသည်။
TBBC ၏ အစီရင်ခံစာအရ မြန်မာပြည်အရှေ့ပိုင်း ကျေးလက်ဒေသများတွင် ရွှေ့ပြောင်းခြင်းခံရသူ ၄ သိန်းခွဲနှင့် IDP ငါးသိန်းကျော်ရှိကြောင်း သိရသည်။
သတင်းအချက်အလက်ရရှိရန် ခက်ခဲခြင်းနှင့် မီဒီယာများ လက်လှမ်းမမီခြင်းကြောင့် နအဖစစ်တပ်က ကျူးလွန်သော လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို မသိရှိရကြောင်း နန်းဆိုင်နောင့်က ပြောသည်။
ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ သူတွေရဲ့ အခြေ အနေက မျှော်လင့်ချက် မရှိပါဘူး။ အကူအညီ သွားတောင်းစရာလည်း မရှိဘူး” ဟု ဆိုသည်။
စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းမီဒီယာများသည် ဗုံးကွဲမှုကဲ့သို့သော အကြမ်းဖက်မှုများကို ဖော်ပြပြီး အတိုက်အခံများ ကို စွပ်စွဲလေ့ရှိသော်လည်း နအဖ စစ်တပ် ကိုယ်တိုင်၏ ရာဇဝတ်မှုများကိုမှု တလုံးတပါဒမျှ ဖော်ပြလေ့မရှိဟု လေ့လာ အကဲခတ်သူများက ထောက်ပြသည်။
စက်တင်ဘာ ၁၃ ရက်နေ့ထုတ် The New Light of Myanmar သတင်းစာတွင် ပဲခူးတိုင်းအတွင်း ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အရပ်သား နှစ်ဦး ဒဏ်ရာရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ လက်ချက်ဖြစ်ကြောင်း စွပ်စွဲ ဖော်ပြထားသည်။
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ယောမင်းကြီးလမ်း (ယောက်လမ်း) တို့ကို ဆက်သွယ်ထားသည့် မီးရထားခုံးကျော် လူကူးသစ်သားတံတားတွင် တွေ့ရှိရသော ချိန်ကိုက်မိုင်းနှင့် မွန်ပြည်နယ် သထုံမြို့၊ ဒုံဝန်းကျေးရွာ အုပ်စုရှိ လျှပ်စစ် ဓာတ်အား လိုင်းတာဝါတိုင်တွင် တွေ့ရှိရသော မိုင်းများသည် ရွေးကောက်ပွဲ မအောင်မြင်စေရန် သွေးထိုးလှုံ့ဆော်ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် ယင်းသို့ သွေးထိုးလှုံ့ဆော်ခြင်းသည် မကြာသေးမီက ပဲခူးမြို့တွင် စစ်တပ်က ပစ်သတ်မှုကြောင့် အရပ်သား လူငယ် ၂ ဦး သေဆုံးမှု ဖြစ်စဉ်တို့နှင့် အချိန်ကိုက် ချိတ်ဆက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
ရှေ့နေကြီး ဦးအေးမြင့်ကမူ ထိုသို့ ဆက်စပ် စွပ်စွဲခြင်းသည် အခြေအမြစ်မရှိကြောင်း၊ မြန်မာပြည်မှ တက်ကြွလှုပ်ရှားသူများက ပဲခူး လူသတ်မှုကဲ့သို့သော ကိစ္စများကို ကမ္ဘာကသိရန် လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်အစိုးရအပေါ် ထိုအပြုအမှုများ ရပ်တန့်သွားရန် ဖိအားပေးသင့်ကြောင်း ပြောသည်။
ကုလသမဂ္ဂသို့ အကြံပြုထားသည့် စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရေးသည် မြန်မာပြည်သူများအတွက် မျှော်လင့်ချက် ရောင်ခြည်ဖြစ်ကြောင်း ဦးအေးမြင့်က ဆက်လက်ပြောသည်။
စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ် သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။
CoI ဖွဲ့စည်းရေးကို သြစတြေးလျ၊ ချက်နိုင်ငံ၊ ဆလိုဗက်ကီးယား၊ ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန်တို့ထံမှ ထောက်ခံမှု ရရှိပြီး ဖြစ်သည်။
မြန်မာပြည်အရှေ့ပိုင်းရှိ အဓမ္မ ရွှေ့ပြောင်းခံရမှုများ၊ IDP ဖြစ်ရန် တွန်းပို့ခံရခြင်းများသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ “လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” စံသတ်မှတ်ချက်နှင့် အကျုံးဝင် ကြောင်း လေ့လာစောင့်ကြည့်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
တက်ကြွလှုပ်ရှားသူများက မြန်မာပြည်တွင် နအဖ စစ်တပ်က ကျူးလွန်နေသည့် လူသတ်မှု၊ အဓမ္မပြုကျင့်မှု ၊ နှိပ်စက် ညှဉ်းပန်းမှု၊ အဓမ္မ ရွှေ့ပြောင်းမှုများကို ဆူဒန်နိုင်ငံ ဒါဖာဒေသတွင် ဖြစ်ပွားခဲ့သည့် လူ ၃ သိန်း အသတ်ခံရပြီး ၂.၅ သန်း နေရပ်ဒေသကို စွန့်ခွာ ထွက်ပြေးနေရမှုနှင့် နှိုင်းယှဉ် ပြောဆိုကြသည်။
ပြည်ပရောက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဧရာဝတီနှင့် မေးမြန်းခန်း တခုတွင် “မြန်မာပြည်မှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတယ်လို့ သေချာပေါက် ပြောလို့ရပါတယ်” ဟု ပြောထားသည်။
ကရင် လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်သည့် စောဖိုးရှမ်းက “IDP ဧရိယာတွေမှာ စစ်အစိုးရတပ်တွေက ရွာသား တွေကို မြင်မြင်ကရာ ပစ်တာပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို သစ္စာခံတယ်လို့ သံသယ ရှိရင် မသတ်ခင် နှိပ်စက် ခံရသေးတယ်”ဟု ပြောသည်။
ထိုကဲ့သို့သော နအဖ စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများသည် ကရင်ပြည်နယ်တွင် မကြာခဏ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ပဲခူး လူသတ်မှု စစ်တပ်က အရေးမယူ ၊ရဲမွန် တပ်မှ တပ်ရင်းမှုး များ ကို အရေးယူ
Freedom News Group မှ..
ရဲမွန် တပ်မြို့  ရှိ တပ်ရင်းများ မှ ရှောင်တစ်ခင် အလစ်အငိုက် ဖမ်းဆီးထားသော တပ်ရင်းမှုးနှင့် ဗျူဟာမှုး ရှစ်ဦးအား နေပြည်တော် တွင် စစ်ခုံရုံး တင်ကာ စစ်ဆေးနေသည်။၎င်းတို့ အားမိသား စု နှင့် တွေ့ ခွင့် မပေးသည့် ပြင် အပြင်းအထန်နှိပ်စက် ထားသည် ဟု သံချပ်ကာ ယန္တယားတပ်မှ အရာရှိ တစ်ဦး က FNG
သို့ ပြောသည်။
စစ်သား စုဆောင်း လစာငွေ ထုတ်မပေးမှုကြောင့် အခြား အဆင့် တပ်သားများ ဆန္ဒ ထုတ်ဖော်မှုတွင် ဂရုဏာ သက်မိသည့် တပ်ရင်းမှုး များ အပြင် အရာရှိ များ ကို ပါဖမ်းဆီးထား သည် ဟု သိရသည်။ရဲမွန် တပ်မြို့  အား အခြား တပ်တစ်ခု က သိမ်းပိုက် ထားပြီး ဌာနေ တပ်သား များ ကို တပ်ပြင် ထွက်ခွာခွင့် ကန့် သတ်ထားသည်။
ရဲမွန် အခြေစိုက် တပ်ရင်းများ မှ တပ်သားနှင့် အရာရှိ များ အားအရေးယူသော် လည်း စက်တင်ဘာလ ၄ရက်နေ့ က ပဲခူးမြို့  ဇိုင်ဂနိုင်း ရပ်တွင် လူငယ်နှစ်ဦး အား ပစ်သတ် ခဲ့သည့် ခလ၇ (၅၉) မှ တာဝန်ရှိသူများ ကို အရေး ယူမှု မရှိသေး ဟု သိရသည်။
လူမဆန်မှုသတင်း
တပ်မဟာ(၂) တောင်ငူခရိုင်။
-ထန်းတပင်မြို့ နယ်၊ ၁၃.၉.၂၀၁၀နေ့ ဖြင်စလိုရှိ ခလရ(၁၀၂)အုပ်စုသည်ပြင်စလိုရွာသူရွာသား စုစုပေါင်း ၃၀ ယောက်အား သပြေညွှန့် မှပြင်စလို စခန်းသို့ သူတို့ ၏စစ်တပ်နှင့်ဆိုင်ရာ အသုံးအဆောင်များကို အတင်းအကြပ်သယ်ယူခိုင်းခဲ့ကြောင်းသတင်းရရှိသည်။
-၁၃.၉.၂၀၁၀နေ့ ကလော်မီးဒဲရှိ နအဖစစ်အုပ်စုသည် ထိုရွာသားများအား ဝါး(၃၀)ချောင်း ကိုသူတို့ ၏နေရာပြန်ပြင်ဖို့ အတွက်အတင်းအကြပ် တောင်းဆိုခဲ့သည်။
တပ်မဟာ(၇) ဖားအံ့ခရိုင်။
-၁၄.၉.၂၀၁၀နေ့ တွင် BGF(၁၀၁၇) မှ အစိန် ၄၂နှစ်သည် မိခင်KNUထံသို့ ပြန်လည်ခိုလှုံကြောင်းသတင်းရရှိသည်။
သုံးရက် တိုက်ပွဲကြောင့် နအဖ စစ်တပ် ထိခိုက်ကျဆုံးမှုများထဲတွင် ဗိုလ်မှူးတဦး ပါဝင်
ကေအိုင်စီ
မြ၀တီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဒေသတွင် ကေအဲန်ယူနှင့် နအဖတပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း ရင်ဆိုင်တိုက်ပွဲ သုံး ရက် ဆက်တိုက် ဖြစ်ပွားမှုကြောင့် နအဖဘက်မှ ထိခိုက်ကျဆုံးမှုများလျှက်ရှိရာ ထိုအထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့မွန်းလွဲ ၂နာရီကျော်တွင် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်ယူ တပ်ရင်း(၂၀၁)နှင့် နအဖ ခလရ(၉၇)တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ထိခိုက်ကျဆုံးမှုများရှိကြောင်း ကေအဲန်ယူနှင့် မြ၀တီဘက်မှ သတင်းအရင်းအမြစ်များအရ သိ ရသည်။
အဆိုပါနအဖတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က “ဒီနေ့ ၂နာရီ မိနစ် ၂၀မှာ ကျနော်တို့တပ်ဖွဲ့ ခလရ(၉၇)နဲ့ ၁၀မိနစ်နီးပါးလောက် တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့နေရာက မောခီးရွာနားမှာပဲ။ သူတို့တပ်က အဲဒီတ၀ိုက်မှာ တက်လိုက်ဆင်းလိုက်နဲ့ ထိတော့ထိတယ်။ အတိအကျတော့ ကျနော်တို့ မသိရသေးဘူး။”ဟု ဆို သည်။
“ကျနော်တို့ ကြားတာက ဒီနေ့တိုက်ပွဲမှာ နအဖဘက်က ၂ယောက် ကျတယ်။ ၄ယောက် ဒဏ်ရာရတယ်။ အဲဒီဒဏ်ရာရတဲ့သူေ တွကိုတော့ ကော့ကရိတ်ဆေးရုံကို ပို့လိုက်ပြီလို့ သိရတယ်။”ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ မြ၀တီမြို့ခံတစ်ဦးက ဆို သည်။
နအဖ ခမရ(၄၀၃)နှင့် ခလရ(၉၇)တပ်များသည် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ဖွဲ့နှင့် စက်တင်ဘာလ ၁၃ရက်နေ့ကတကြိမ်၊ စက်တင်ဘာ ၁၄ရက် ယမန်နေ့က နှစ်ကြိမ်နှင့် ယနေ့ တိုက်ပွဲတကြိမ် ထပ်မံ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ကေအဲန်အယ်လ် အေဘက်မှ ထိခိုက်ကျဆုံးမှု လုံးဝ မရှိဟု ကေအဲန်ယူက ဆိုသည်။
ယမန်နေ့ မနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ခမရ(၄၀၃)မှ စစ်ကြောင်းတာဝန်ခံ တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး အပါအ၀င် ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခလရ(၉၇)နှင့် ဖြစ်ပွားသည့် ညနေပိုင်း တိုက်ပွဲတွင်မူ နအဖဘက်မှ ၂ဦးကျကာ ၅ဦး ဒဏ်ရာရရှိသွားခဲ့ ကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဗိုလ်မှူးစောကြည်အောင်က အတည်ပြု ပြောဆိုသည်။
“မနေ့မနက် ၆း၄၀နာရီ ကနဲလေးရွာအနောက်ဖက်မှာ တခါဖြစ်တယ်။ ဆယ်မိနစ်နီးပါးလောက်ကြာတယ် တိုက်ပွဲက။ ရန်သူက ၄ယောက် ဒဏ်ရာရတယ်။ အဲဒီမှာက ဗိုလ်မှူးတစ်ယောက် အပါအ၀င် အားလုံး ၄ယောက်ပေါ့။ ခမရ(၄၀၃)။ နောက်တခါက ညနေ ၄နာရီက စဖြစ်ပြီးတော့ တိုက်ပွဲက ၁၅မိနစ်ကြာတယ်။ အဲဒါက ခလရ(၉၇)နဲ့ဖြစ်တာ။ ၂ယောက်သေ၊ ၅ယောက်ထိ တယ်။ စုစုပေါင်း ၉ယောက် ဒဏ်ရာရတယ်။ ၂ယောက် သေတယ်။ အားလုံး ၁၁ယောက်ပေါ့။”ဟု ဆိုသည်။
မြ၀တီမြို့ ဆေးရုံဝန်ထမ်းများ၏ ပြောပြချက်အရ ယမန်နေ့ည ၉နာရီက ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်နှစ်ဦး အပါအ၀င် ဒဏ်ရာ ရ နအဖ စစ်သည် ၈ဦး ရောက်ရှိလာပြီး ယနေ့မနက်စောစောတွင် ဖားအံဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဒဏ်ရာရသူများမှာ ခမရ(၄၀၃)မှ ဗိုလ်မှူးသက်ဦးမောင် ၃၁နှစ်၊ တပ်သားများဖြစ်သည့် ထွန်းထွန်းဝင်း ၂၂နှစ်၊ မျိုးဇော် ဦး ၂၄နှစ်၊ သန်းစိုး ၃၀နှစ်နှင့် ခလရ(၉၇)မှ တပ်ကြပ်နှစ်ဦးဖြစ်သည့် အောင်ကျော်ဦး ၃၄နှစ်၊ ဇော်မင်းဦး ၃၀နှစ်၊ တပ်သား အေးမင်းစိုး ၃၀နှစ်နှင့် နေလင်းဦး ၂၃နှစ်တို့ဖြစ်ကြောင်း နအဖ၏ ထိခိုက်ကျဆုံး စာရင်းများအရ သိရသည်။
တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ မြ၀တီပြည်သူတစ်ဦးက “အခု ဒဏ်ရာရလာတဲ့ ၈ဦးထဲမှာ ၃ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ မှာ ရှိနေတယ်။ တချို့က ခေါင်းကိုထိတယ်။ တချို့က လမ်းမှာကြာတော့ သွေးလွန်လာပြီး သတိလစ်နေတယ်လေ။”ဟု ပြော သည်။
ထိုဒေသတွင် ယခုရက်ပိုင်းအတွင်း နအဖတပ်များမှာ အပြောင်းအလဲ ပြုလုပ်လျှက်ရှိရာ ခမရ(၄၀၃)၊ ခလရ(၂၈၃)၊ ခလရ(၉၇) နှင့် ခမရ(၄၀၇)တို့က အင်အား ၆၀၀ကျော်နှင့် စခန်းထိုင်ဗျူဟာတပ်များပါဆိုလျှင် နအဖအင်အား စုစုပေါင်းမှာ တစ်ထောင် ကျော်ရှိပြီး ရှေ့ဆက်၍ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးစောကြည်အောင်က ခန့်မှန်းပြောဆိုလိုက်သည်။
“တိုက်ပွဲက ဆက်ဖြစ်လာဖို့တော့ အလားအလာ အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူကလည်း အင်အားကို ဖြည့်မှ ဖြည့်။ ဖြည့်မှဖြည့်ပဲလေ။ အင်အားဖြည့်တဲ့အခါကျတော့ တိုက်ပွဲက ဆက်ဖြစ်မှာပဲ။”ဟု သုံးသပ်ပြောဆိုသည်။
၎င်းဝေါ်လေဒေသတွင် အလားတူ အခြေစိုက်နေသည့် နယ်ခြားစောင့်တပ် လက်မခံသော ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ် ခမ်းမွှေး)၏ ဒီကေဘီအေ တပ်အင်အားမှာလည်း နအဖတပ်နှင့် ဆတူ တစ်ထောင်ကျော်ပင်ရှိပြီး ၎င်းတို့တပ်များနှင့် နအဖတပ် များ ယနေ့အထိ စစ်ရေးအရ ထိတွေ့မှု မရှိသေးပေ။
ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်
မဇ္ဈိမ သတင်းမှ....
ယခုလ ၂၁ ရက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ခုခံစစ်အသင့်ဖြင့် တနေ့တာ အပစ်ရပ်စဲမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ကြေညာလိုက်သည်။
“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းဆိုတာကို ပြချင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာတယ်ဆိုတာ လည်း တချိန်တည်းမှာ ပြချင်သလို နအဖကိုလည်း ငြိမ်းချမ်းရေးဆိုတာ လိုအပ်တယ်လို့ သတိပေးလိုတယ်” ဟု KNU ပြောခွင့်ရ စောဒေးဗစ် သကဘောက မဇ္ဈိမကို ပြောသည်။
KNU ထိန်းချုပ် နယ်မြေများရှိ တပ်ရင်းတပ်ဖွဲ့များသို့လည်း အပစ်ရပ်မည့်အကြောင်းကို လွန်ခဲ့သည့် ၃ ရက်ကတည်းက အကြောင်းကြားထားသော်လည်း စစ်အစိုးရကိုမူ တရားဝင် အကြောင်းကြားခြင်း မရှိဘဲ သိစေလို၍ သတင်းထုတ်ပြန်သည်ဟု ဆိုသည်။
ထိုနေ့တွင် စစ်အစိုးရက ထိုးစစ်ဆင်လာလျှင် ပြန်လည်ခုခံသွားမည်ဟု စောဒေးဗစ်သကဘောက ဆိုသည်။ “တိုက်ခိုက်ရင်တော့ ပြန်ပြီး တိုက်ရမှာပဲ။ ကိုယ့်ကို တိုက်ခိုက်ရင် မကာကွယ်ရဘူးလို့ မရှိပါဘူး” ဟု သူက ပြောသည်။
နှစ် ၆၀ ကျော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေစဉ် စစ်ဒဏ်ကြောင့် သေဆုံးသော ပြည်သူများမပါ KNU အဖွဲ့ဝင်ပင် တသောင်းနီးပါး ကျဆုံးခဲ့သည်ဟု ဒေးဗစ်သကဘောက ခန့်မှန်းထားသည်။
နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာလိုခြင်းနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတိုက်တွန်းမှုကို လေးစားလိုက်နာသောအားဖြင့် အပစ်ခတ်ရပ်စဲရေးခေါ်ရသည်ဟု ဆိုသည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆိုချက်များနှင့် စက်မှုထိပ်သီး ၈ နိုင်ငံ ဇွန်လ စည်းဝေးပွဲက မြန်မာ့နိုင်ငံရေးကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်သည့်ဟူသော ဆုံးဖြတ်ချက်ကြောင့်ဟု သူက ရှင်းပြသည်။
ယခုလ ၁၃ ရက်နေ့က KNU နှင့် စစ်အစိုးရတပ်များအကြား နောက်ဆုံးတကြိမ် တိုက်ပွဲဖြစ်ခဲ့သေးသည်။
KNU ၏ တနေ့တာ ယာယီ အပစ်အခတ်ရပ်စဲမှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
’’KNU ရဲ့ တဖက်သတ် ကြေညာချက်အပေါ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို တလေးတစား ရှိကြောင်း အရေးတကြီး ပြလိုက်တဲ့ လက္ခဏာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ လွတ်မြောက်ရေးကို လိုလားတဲ့ ကရင်ပြည်သူတွေရဲ့ ဆန္ဒသင်္ကေတလည်းဖြစ်တယ်’’ ဟု CSW အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers က ကြေညာပြောဆိုသည်။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နှင့် မဲဟောင်ဆောင်၌ ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ကလေးပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်သွားမည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) စောစံငြိမ်းသူ ကပြောသည်။ WLB က အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။
ကုလ အထွေထွေ ညီလာခံက စက်တင်ဘာလ ၂၁ ရက်နေ့ကို နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် ၂၀၀၁ ခုနှစ်မှစ၍ သတ်မှတ်ခဲ့သည်။
လူမဆန်မှုသတင်း
တပ်မဟာ(၃)ညောင်လေးပင် ခရိုင်
၅၊ ၉၊ ၂၀၁၀ ရက်နေ့ တွင် ဗမာ့တပ်မတော် စကခ ၁၆ လက်အောက်ခံ ခမရ ၂၄၆ စစ်ကြောင်းသည် ညောင်လေးပင် ခရိုင်ရှိ မတောကုန်းရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပါသည်။ ၄င်းပစ်ခတ်မှုတွင် ရွာသူ မုဆိုးမ တစ်ဦးဖြစ်သူ နော်လေးမူး(၃၈နှစ်) သည် ပြင်းထန်စွာဒဏ်ရရှိကြောင်း သတင်းရရှိပါသည်။
၆၊ ၉၊ ၂၀၁၀ ရက်နေ့ တွင် နအဖ စစ်တပ်များသည် ရွာသားများအား တိုက်ပွဲဖြစ်ခဲ့သည့်နေရာအား ခုတ်ထွင်ရှင်းလင်းခိုင်းပါသည်။ အမျိုးသားများသည် အတွေ့ မခံရဲသဖြင့် နအဖ စစ်သားများက အမျိုးသမီးများကို တိုက်ပွဲဖြစ်ပွားသည့် နေရာများအား ခုတ်ထွင်ရှင်းခိုင်းပါသည်။ ယခုအချိန်သည် လမ်းမကြီးပေါ်တွင် တည်ရှိသော ရွာများ လယ်ကွင်းပိုင်ရှင်များအား ၆၊ ၉၊ ၂၀၁၀ ရက်နေ့ မှစ၍ နေ့ တိုင်း ခုတ်ထွင်ရှင်းလင်းခိုင်းကြောင်း သတင်းရရှိပါသည်။
သောသီခိုမှကူးယူဖော်ပြထားသည်။