တပ်တွင်းလက်နက်တိုက် ပေါက်ကွဲမှု ဒေသခံများ ဖမ်းဆီးခံနေရ

ခေတ်ပြိုင် မှ.........

ကချင်ပြည်နယ် ဟိုပင်မြို့အနောက်ဘက် (၄) မိုင်အကွာတွင် တည်ရှိသည့် ခလရ (၃၈၉) ၏ လက်နက်တိုက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်အနီးရှိ ဒေသခံများအား မသင်္ကာမှုဖြင့် စစ်တပ်က ဖမ်းဆီးထားသည်။

ပြီးခဲ့သည့် ဇွန် (၃၀) ရက်၊ ညနေ (၃) နာရီဝန်းကျင်တွင် ခလရ (၃၈၉) ဗဟိုကင်းစခန်း၏ အနောက်ဘက် လက်နက်တိုက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အထူးစစ်ဆေးရေးအဖွဲ့များ လာရောက် စစ်ဆေးပြီးနောက်ပိုင်း တပ်အနီးရှိ နူံးချိုနှင့် ရွာသစ်ကြီးကျေးရွာရှိ ကျေးရွာသား (၁ဝ) ဦးကျော်ကို ဖမ်းဆီးထားကြောင်း ရွာသစ်ကြီးကျေးရွာသားတဦးက ပြောသည်။

၎င်းက “သူတို့တပ်ထဲ ဖြစ်တဲ့ကိစ္စကို ဘာမှမဆိုင်တဲ့ ကျေးရွာသားတွေက ခံနေရတာ။ ကေအိုင်အေ (ကချင်ပြည် လွတ်လပ်ရေးအဖွဲ့၏ လက်နက်ကိုင်တပ်မတော်) ကနေ ထွက်ထားတဲ့သူတွေ၊ ဓားပြမှုတို့နဲ့ ထောင်ကျဖူးတဲ့သူတွေကို ဖမ်းထားတယ်။ သူတို့မိသားစုတွေကိုကျတော့ အကျယ်ချုပ်လို ထားတယ်။ သွားတာ၊ လာတာကို ပိတ်ထားတယ်။ အရေးကြီးလို့သွားချင်ရင် ရွာဥက္ကဋ္ဌတွေဆီကတဆင့် စစ်ဗိုလ်တွေဆီမှာ ဝန်ခံလက်မှတ် ထိုးပေးနေရတယ်။ ကျနော် တို့ရွာသားတွေ ဟိုပင်ကို ဈေးသွားဝယ်ဖို့တောင် အတော်ခက်သွားတယ်။ စစ်ဆေးတာတွေ ပိုလုပ်လာတယ်” ဟု ပြောသည်။

ခလရ (၃၈၉) သည် ၁၉၉ဝ ခုနှစ်ဝန်းကျင်ကတည်းက ဟိုပင်မြို့အနောက်ဘက် နူံးချိုကျေးရွာနှင့် ရွာသစ်ကြီး ကျေးရွာအကြားရှိ ကချင်တိုင်းရင်းသားများနေထိုင်သည့် မလီဇွပ်ကျေးရွာအား ဖယ်ရှားကာ တပ်တည်ထောင်ခဲ့သည်။

အဆိုပါ တပ်ရင်းသစ်အတွက် နေအိမ်နှင့်လယ်ယာမြေများ အသိမ်းခံကြရသည့် ကျေးရွာသားများအကြားတွင် မကျေနပ်မှုများ ရှိခဲ့သော်လည်း လုံခြုံရေးချထားသည့် စစ်တပ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ရန်ဆိုသည်မှာ မလွယ်ကူကြောင်း ဟိုပင်ဒေသခံတဦးက ပြောသည်။

၎င်းက “မလီဇွပ်ရွာဆိုတာက ကေအိုင်အေ အမြဲ ဝင်ထွက်သွားလာတဲ့နေရာ။ သူတို့ကို ထောက်ခံနေတဲ့ ကျေးရွာ မျိုးဖြစ်နေတယ်။ ဟိုပင်-အင်းတော်ကြီး ကားလမ်းပေါ်မှာရှိတဲ့ ရွာလည်းဖြစ်တယ်။ ဒါကြောင့် နဝတ တက်လာပြီး နောက်ပိုင်း ၁၉၉၁-၉၂ လောက်မှာ မလီဇွပ်ရွာကို သိမ်းပြီး တပ်တည်ခဲ့တာ။ တကယ်တမ်း စစ်တပ်ကို မကျေနပ်လို့ တိုက်မယ်ဆိုရင် အဲဒီတုန်းက ကေအိုင်အေလည်း ငြိမ်းချမ်းရေး မယူသေးဘူး။ ဒါပေမယ့် မတိုက်ခဲ့ပါဘူး။ အခုလည်း အဲလို ဗုံးခွဲဖို့မပြောနဲ့ တပ်ထဲတောင် အလုပ်ကိစ္စမရှိဘဲ ဝင်လို့ မရဘူး။ ရွာသားတွေအနေနဲ့ ဘယ်လိုမှ ပတ်သက်စရာလည်း မရှိဘူး” ဟု ပြောသည်။

အဆိုပါ လက်နက်တိုက်ပေါက်ကွဲသည့် တပ်ရင်းနှင့် တမိုင်ကျော်အကွာရှိ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ဝအရာရှိတဦး၏ ရာဘာခြံအား စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ရာတွင် အမဲလိုက်သည့် တူမီးသေနတ်တလက် သိမ်းဆည်းရမိသည့်အတွက် ဟိုပင်မြို့ရှိ အဆိုပါ ဝအရာရှိအိမ်ကို ရှာဖွေမှုများ ပြုလုပ်ပြီး ကားများကို သိမ်းယူသွားကြောင်း ဟိုပင်ဒေသခံတဦးက ပြောသည်။

၎င်းက “ဝအရာရှိက ဦးအိုက်ထွန်းတဲ့၊ သူ့မိန်းမက ဟိုပင်ကပဲ။ ပေါက်ကွဲမှုမဖြစ်ခင် အစောပိုင်းမှာ သူ့မိန်းမက တရုတ်ပြည်ဘက် ဆေးသွားကုတာ သူလည်း ပါသွားတယ်။ အဲလိုအချိန်မှာ ပေါက်ကွဲမှုဖြစ်ရော၊ ဦးအိုက်ထွန်း မရှိတော့ တိမ်းရှောင်သွားသလိုလို ဘာလိုလို သတင်းတွေ ထွက်နေတာ၊ အမှန်က သူနဲ့လည်း ဘာမှမပတ်သက်ဘူး။ သူ့ရာဘာခြံထဲက တူမီးသေနတ် တွေ့ရာကနေ ဟိုပင်က အိမ်ကို စစ်ပြီး ကားတွေ သိမ်းသွားတာ” ဟု ပြောသည်။

ယခုအချိန်အထိ ပေါက်ကွဲရသည့်အကြောင်းရင်းနှင့် ထိခိုက်သေကျေမှုအခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

0 comments:

Post a Comment