ဗျူဟာမှူး ရှေ့တန်းအပြန် စစ်ကြောင်း အရပ်သားများကို ပေါ်တာဆွဲ

ကောင်းဝါသတင်းမှ.........

ဘုရားသုံးဆူနယ်စပ်မှ ပြန်လည်ထွက်ခွာသွားသော မြန်မာစစ်အစိုးရ ဗျူဟာမှူး လုံခြုံရေး စစ်ကြောင်းသည် ချောင်းဆုံရွာတဖက်ကမ်းရှိ ကျုံမိပြင်ရွာသား (၅) ဦးအား ပေါ်တာဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများ ပြောကြားခဲ့သည်။

ဖေါ်ပြပါကျုံမိပြင်ရွာ ဥက္ကဌဟောင်းဦး ကျော်ရင်နှင့်အတူ အမည်မသိရသေးရွာသား (၄) ဦးကို ခလရ (၃၂) စစ်ကြောင်းက ယမန်နေ့ ညနေတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


“ချောင်းဆုံလွန်ရင် ကားစီးလို့ မရတော့ဘူးလေ၊ အဲဒါနဲ့ ရွာသားတွေကို လမ်းပြအဖြစ်ရော၊ အထမ်းသမား အနေနဲ့ပါ ခေါ်သွားတာ၊ ဘယ်အချိန်မှာ ဘယ်လို ပြန်ရောက် လာကြမလဲဆို တာကို သူတို့ မိသားစုတွေ စိုးရိမ်စွာနဲ့ မျှော်လင့်နေကြပါတယ်” ဟု ၎င်းတို့နှင့် နီးစပ်သူ အမည်မဖေါ်လိုသော ရွာသားတစ်ဦးက ပြောသည်။

ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦး အဆိုအရ ပေါ်တာအရေအတွက် (၅) ဦးထက်မနည်း ခေါ်ဆောင်သွားသည်ဟု သိရှိရသည်။

ရတခ အမှတ် (၃) ရှေ့တန်းဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ထွန်းသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ လေးရက်ခန့်အကြာ ရောက်ရှိ လာပြီး ရှေ့တန်းဗျူဟာရုံးသို့ ပြန်သွားရန် ယနေ့ နံနက် (၉) နာရီအချိန်တွင် ချောင်းဆုံရွာသို့ မြို့ခံသူဌေး မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည်ဟု ဒေသခံများ ပြောကြားသည်။

ဘုရားသုံးဆူ-သံဖြူဇရပ်အကြား အနန်းကွင်းရွာ၌ ရတခ အမှတ် (၃) ရှေ့တန်းဗျူဟာမှူးရုံး တည်ရှိသည်။

အဆိုပါ လုံခြုံရေး စစ်ကြောင်းများတွင် အင်အားတစ်ရာကျော်ခန့်ရှိ ခလရ (၃၂) တပ်ရင်းတစ်ရင်းနှင့် အင်အား (၆၀) ခန့်ရှိ ခမရ (၄၀၅) စစ်ကြောင်း (၁) ပါဝင်ပြီး ကုန်းကြောင်းခရီးဖြင့် ဂျပန်ခေတ်ဘုရားသုံးဆူ-သံဖြူဇရပ် သေမင်းတမန်လမ်းကြောင်းအတိုင်း ချီတက်နေသည်ဟု စစ်ရေးလေ့လာသူများ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဗျူဟာမှူးနှင့် လုံခြုံရေး စစ်ကြောင်းများသည် အပလုံရွာ၌ ယနေ့ ညပိုင်းတွင် စခန်းချ ညအိပ်နိုင်မည်ဟု ယူဆထားကြောင်း ကေအင်န်ယူ တပ်မဟာ (၆) မှ ပြောသည်။

ဘုရားသုံးဆူနယ်စပ်ဖက်သို့ တက်လာစဉ် လွန်ခဲ့သည့် စက်တင်ဘာလ (၂၉) ရက်နေ့လည်း အဆိုပါ ဗျူဟာမှူးနှင့် လုံခြုံရေး စစ်ကြောင်း များအား အပလုံရွာနှင့် မြိုင်သာယာရွာအကြား၌ ကေအင်န်ယူ တပ်မဟာ (၆)မှ ပြောက်ကျား ပစ်ခတ်ခဲ့ရာ မြန်မာစစ်တပ်မှ တစ်ဦး ကျဆုံးမှု ရှိခဲ့သည်ဟု ကေအင်န်ယူ ပြောဆိုချက်ကို အခြေခံပြီး သတင်းများတွင် ဖေါ်ပြကြသည်။

အထူးသဖြင့် အဆိုပါ ဒေသသည် ကေအင်န်ယူ တပ်မဟာ (၆) လှုပ်ရှားရာ အမာခံ နယ်မြေများ ဖြစ်သည်။

“တပ်အပြောင်းအလဲ လုပ်ဖို့ တက်လာတိုင်း ချောင်းပစ်ခံခဲ့ရတယ်၊ ခုလည်း မလွဲမသွေ ထပ်ဖြစ်မှာဘဲ၊ သူတို့ သွားလာလှုပ်ရှားမှုတွေကို ကေအင်န်ယူက သိနေတယ်” ဟု နယ်စပ်စစ်ရေး စောင့်ကြည့်သူများက သုံးသပ်ပြသည်။

ယခုအကြိမ် ဗျူဟာမှူး ဘုရားသုံးဆူနယ်စပ်သို့ လာရောက်ခြင်းသည် ခလရ (၃၂) အစား ခလရ (၂၈၃) တပ်အပြောင်းအလဲ ပြုလုပ်ရန် ဖြစ်သည်ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင်များ သုံးသပ်ပြောဆိုနေကြသည်။

ယင်းကဲ့သို့ တပ်အပြောင်းအလဲ ပြုလုပ်တိုင်း စစ်ကြောင်းများ ပေါ်တာဖမ်းဆီးမှု ပြုလုပ်ခဲ့သည့် ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။

အလားတူ လွန်ခဲ့သော ဇူလိုင် ၁၂ ရက်နေ့တွင်လည်း ဘုရားသုံးဆူဒေသ ချောင်းဆုံကျေးရွာတွင် ခြံအလုပ်လုပ်နေသော မွန်ပြည်သစ် ပါတီမှ အရန်တပ်ဖွဲ့ဝင် သုံးဦးနှင့် တားဒိန်ရွာသား ၂ ဦးကိုလည်း ခမရ ၄၀၉ တပ်ရင်း စစ်ကြောင်းအပြန်ခရီးတွင် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်သွားခဲ့သည့် ဖြစ်ရပ်များ ယခင် သတင်းများတွင် ဖေါ်ပြခဲ့သည်။

အဆိုပါ ပေါ်တာအထမ်းသမား လုပ်အားပေး ကိစ္စရပ်များ ပြည်သူလူထုအပေါ် မပြုလုပ်ရန် အာဏာပိုင်များက ညွှန်ကြားချက်များဖြင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည် ရှေ့တန်းစစ်မြေပြင်ရောက် မြန်မာစစ်အစိုးရ စစ်ကြောင်းများ အမိန့်နာခံမှု မရှိကြောင်း ဖတ်ရှိရသော သတင်းများအရ သိရသည်။

ယခု ဘုရားသုံးဆူဒေသသည် ဂျပန်ခေတ်တွင် ပေါ်တာချွေးတပ်သားများ ဖမ်းဆီးကာ မီးရထားလမ်း ဖေါက်လုပ်စေခဲ့ရာတွင် လူအစုလိုက် အပြုံလိုက် သေကြေပျက်စီးစေခဲ့သဖြင့် ကမ္ဘာတွင် သေမင်းတမန်လမ်းမကြီးဟု သမိုင်းထင်ရှားခဲ့သည်။

0 comments:

Post a Comment