ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

ဧရာဝတီ သတင်းမှ.....

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။


ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။

မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment