ဒီကေဘီအေ တပ်ဖွဲ့ ကော့ကရိတ်မြို့နယ်တွင်း လူထုစည်းရုံးရေးနဲ့ ရန်ပုံငွေရရှိရေး လုပ်ငန်းများ လုပ်ဆောင်

နေ့သစ်မှ..........

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နအဖ စစ်အုပ်စုနဲ့ အပစ်ခတ်ရပ်တာတွေ ပျက်ပြားပြီး မြန်မာစစ်အုပ်စုကို ပြန်လည်တော်လှန် တိုက်ပွဲဝင်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ မနေ့က နေ့လည်လောက်မှာ မြဝတီနဲ့ ကော့ကရိတ် ကားလမ်းပေါ်က ရန်ကုတ်ရွာအနီးမှာ ကျေးရွာပြည်သူတွေနဲ့ ခရီးသွားပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီး စည်းရုံးရေးလုပ်ငန်းနဲ့ တော်လှန်ရေးရန်ပုံငွေ ရရှိရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကြားသိရပါတယ်။

မနေ့က ရန်ကုတ်ရွာအနီးမှာ နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီလောက်ထိ ရွာသားတွေနဲ့ ကုန်သည်၊ လုပ်ငန်းရှင် တွေကို ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင် ဦးစီးကာ စည်းရုံးရေးတရားများ ဟောပြောသွားတယ်လို့ မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦး ပြောပြတာက …
“ဟုတ်တယ် မနေ့က တောင်ပေါ်လမ်းမှာ အဆင်းကားတွေကို တားထားတာတဲ့။ ပထမတော့ ခရီးသည်တွေလည်း သေနတ်တွေနဲ့ဆိုတော့ ကြောက်နေကြတယ်တဲ့၊ ခဏကြာတော့မှ လူတွေစုပြီး စကားပြောတာတဲ့။ တော်လှန်ရေး ရန်ပုံငွေကိစ္စ ပြောတယ်။ လူထုတွေ လုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ပြောသွားတယ်။ ပြော တာဆိုတာကတော့ အေးဆေးပါပဲ၊ အတင်းအဓမ္မ လုပ်တာမျိုး မဟုတ်ပါဘူး” လို့ ပြောပြသွားပါတယ်။
အခြေအနေ အပြည့်အစုံကိုသိရဖို့ ဒီကေဘီအေ တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က …
“ကျနော်တို့ ပြည်သူတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နိုင်ဖို့ ကျနော်တို့ တိုက်ပွဲဝင်နေတယ်၊ ကျနော်တို့ကို ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်အရ အားပေးတာကျေးဇူးတင်တယ်၊ ဒါပေမယ့် စိတ်ဓါတ်အရ အားပေးတာလောက်နဲ့ မလုံးလောက်ဘူး၊ လက်တွေ့လုပ်ပေးနိုင်တာတွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ ရန်ပုံငွေလိုအပ်ပါတယ်။ တော်လှန်ရေး ရဲဘော်တွေအတွက် ဝတ်စရာ စားစရာ လက်နက်ခဲယမ်း အဲဒါတွေအတွက် ငွေလိုအပ်ပါတယ်။ ကျနော်တို့ အဲဒီလို ပြောပြီး စည်းရုံးခဲ့တာပါ။ မနေ့က ကျနော်တို့ စည်းရုံးပြီး အကူအညီတောင်းခံခဲ့တာ ကျပ်ငွေ ၂၁ သိန်း ကျော်ကျော် လက်ခံရရှိပါတယ်။ နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင့်ပြုလက်မှက် ပုံမှန်လုပ်ဖို့ကိုပါ နေရာသတ်မှတ်ပေးထားပါတယ်။ ကျနော်တို့ လက် ရှိ တော်လှန်ရေး လုပ်နေတယ်ဆိုတာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရပ်တည်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ တဦးတယောက်ထဲ တမျိုးသားထဲအတွက် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအားလုံးနဲ့ ပူးပေါင်းလုပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ လိုအပ်တာကို ပြည်သူလူထုဆီက အကူအညီတောင်းတယ် ပြည်သူလူထုကို မှီခိုတယ်။ ပြည်သူလူထုကြားမှာပဲ တည်ဆောက်တယ်။” လို့ ပြောပြသွားပါတယ်။
ဒီကေဘီအေ တပ်ဖွဲ့တွေရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ညနေ ၅ နာရီ လောက်မှာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ၇ ချက်လှမ်းပစ်ခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ မေလ နောက်ဆုံးသတင်းပတ်တွေမှာ ယခင် ဒီကေဘီအေဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ဒီကေဘီအေတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရဲ့ တော်လှန်ရေးနယ်မြေ တိုးချဲရေးနဲ့ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပိုမိုလုပ်လာနိုင်တာ တွေ့ရှိရပါတယ်။

0 comments:

Post a Comment