ကြံ့ဖွံ့အစိုးရ စစ်တပ်က ရွာကို လက်နက်ကြီးနဲ့ ထု

နေ့သစ်မှ.........

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဇင်းနဲ့ ကျိုက်ဒုံ သွားတဲ့ လမ်းပေါ် မိနအပ်ရွာကို သြဂုတ်လ ၃၁ ရက်နေ့က လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရွာသားအိမ် သုံးလုံး လက်နက်ကြီးထိမှန် ပျက်စီးသွားခဲ့တယ်လို့ သိရှိ ရပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့က အဇင်းနဲ့ ကျိုက်ဒုံလမ်းပေါ်ရှိ မိနအပ်ရွာအနီးမှာ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်မ ၂၂ လက် အောက်ခံ စစ်ကြောင်းကို ဒီကေဘီအေ ၉၀၂ တပ်ဖွဲ့ဝင်တွေက ပြောက်ကျားတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲ ဖြစ်ပွားပြီးနောက် ကြံ့ဖွံ့အစိုးရ စစ်တပ်က အနီးအနားရှိ မိနအပ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားခဲ့ပါတယ်။

မိနအပ်ရွာအတွင်း ထိခိုက်မှုအခြေအနေကို ရွာသားတဦး ပြောပြတာက ..
“အိမ်သုံးလုံးတော့ ပျက်စီးသွားတယ်။ လူတွေတော့ ဘာမှမဖြစ်ကြပါဘူး။ ကျနော်တို့ ရွာတွေက အိမ်တိုင်းမှာ ဗုံးကျင်း ရှိတယ်လေ။ အဲဒီနေ့က တိုက်ပွဲဖြစ်သံကြားကတည်းက အကုန်းလုံး ကျင်းထဲရောက်နေတာ” လို့ ပြောပြသွားပါတယ်။
မိနအပ်ရွာကို ကြံ့ဖွံ့အစိုးရ စစ်တပ်တွေ ပစ်ခတ်သွားတာနဲ့ ပတ်သက်ပြီး DKBA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင် ကို မေးမြန်းကြည့်ရာ …
“အဲဒီနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးတော့ အနားက ရွာကို လက်နက်ကြီးနဲ့ ပစ်ထဲ့တယ်။ ရှင်းရှင်း ပြောရရင်တော့ ကုလားမနိုင် ရခိုင်မဲလိုက်တာပဲ။ ဒီအစိုးရနဲ့ ဒီစစ်တပ်က ပြည်သူကို ရန်သူလို သဘောထားခဲ့တာ ကြာပြီ ခုမှ မဟုတ်ဘူး။ ခုလည်း သတင်းတွေမှာ ကြားနေရတာပဲ၊ ငြိမ်းချမ်းရေးကော်မတီဖွဲ့တယ်တို့၊ လူမျိုးစုဒေသအလိုက် ငြိမ်း ချမ်းရေး စကားပြောဖို့ ကြားခံလူတွေ လွှတ်တယ်တို့ အပေါ်ယံကြည့်ရင်တော့ ဒီကြံ့ဖွံ့ အစိုးရက တကယ်ပဲ ငြိမ်းချမ်းရေး လိုလားသလိုလို၊ တကယ်ပဲ ငြိမ်းချမ်းရေး တည်ဆောက်တော့ မလိုလိုနဲ့ ဟန်ရေးပြနေပြီး၊ တကယ့်လက်တွေ့ ကျနော်တို့ ဒေသတွေမှာ ဖြစ်ပျက်နေတာတွေက ကြံ့ဖွံ့အစိုးရ စစ်တပ် စစ်ကြောင်းတွေ စစ်ရေးအရ လှုပ်ရှားမှုတွေ ရှိနေတယ်။ ကိုယ် စားလှယ်တွေ လွှတ်ပြီး ငြိမ်းချမ်းရေးစကား ပြောမယ့် လက်နက်ကိုင်း တော်လှန်ရေးအဖွဲ့တွေကို ချေမှုန်းဖို့ လက်ဦးမှုယူ တိုက်ခိုက်ဖို့ အမြဲပြင်ဆင်လှုပ်ရှားနေတယ်။ အပြစ်မဲ့တဲ့ ကျနော်တို့ ပြည်သူတွေကို ရန်သူလို သဘောထားပြီး တိုက်ခိုက် တာတွေ ရှိနေတယ်။ ဒီ ကြံ့ဖွံ့အစိုးရ ငြိမ်းချမ်းရေး တည်ဆေက်မယ်ဆိုတာ စဉ်းစားစရာပဲ” ဟု ပြောပြသွားပါတယ်။

0 comments:

Post a Comment