ပြည်နယ်အဆင့် အပစ်ရပ်ရေး လက်မှတ် ထိုးပြီး နိုင်ငံရေး ကို ဆွေးနွေးသွားမည်ဟု KNU ပြောဆို

KIC

အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် မြန်မာအစိုးရနှင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ငြိမ်းချမ်းရေးအဖွဲ့တို့ လက်မှတ်ရေးထိုးမှုအပြီးနောက်ပိုင်း တွင် နိုင်ငံရေးအရ ဆွေးနွေးသွားရမည်ဟု KNU ဘက်က ပြောသည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့အခုလို ဘားအံမှာ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးလိုက် တာက တိုင်းရင်းသားဒေသအားလုံးအတွက် ပြည်နယ်အဆင့် သဘောတူညီမှုပါ။ ဒါကလည်း မူအရ သဘောတူညီမှုပဲ ရှိပါ သေးတယ်။ ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးမှု မပါသေးတဲ့အတွက် ထပ်ပြီး ဆွေးနွေးသွားရမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောဒေးဗစ်ထောတို့ ဦးဆောင်သည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၉ဦးအဖွဲ့သည် ယနေ့မ နက် ၉နာရီမှစ၍ နှစ်နာရီကျော်ကြာ မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁နာရီခန့်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေးကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဘားအံမြို့ရှိ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုး တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုး သိန်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် KNU ဘက်မှ အချက် ၁၁ချက်ကို တောင်းဆိုပြီး မြန်မာအစိုးရဘက်မှ အချက် ၄ချက် တောင်းဆိုခဲ့သည်။

ကေအဲန်ယူက ၁။ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာနှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် ၂။ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘ၀အဖြစ် အာမခံချက်ပေးရန်နှင့် ယုံကြည်ရသည့် အခြေ အနေများ တည်ဆောက်ရန် ၃။ ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၄။ အဓမ္မလုပ် အားစေခိုင်းခြင်း ၅။ နည်းမျိုးစုံနှင့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် ၆။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ၇။ ပြည်သူ များဘ၀ ပြန်လည်ထူထောင်ရေးနှင့် လူထု၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန် ၈။ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် မှန်ကန် သည့် အစီအစဉ်များ ချမှတ်ပြီး ဘက်အားလုံးမှ တည်မြဲမည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို တိုးတက်ဖြစ်ပေါ်လာစေရန် ၉။ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း ၁၀။ လက်နက်မပါဘဲ ကရင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ၁၁။ နှစ်ဘက် တပ် တည်နေရာ သတ်မှတ်ခြင်းများကို တောင်းဆိုခဲ့သည်။

ယခုလို ပြည်နယ်အဆင့် သဘောတူညီခဲ့သည့်အချက်များတွင် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးဖွင့်လှစ်ရန်၊ လက်နက်မပါ ဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့်များ ဆက်လက် ဆွေးနွေးသွားရန်တို့ ပါဝင်သည်။

သို့သော် တွေ့ဆုံဆွေးနွေးရေးတွင် ယခုလို ချက်ချင်း လက်မှတ်ရေးထိုးရန်အတွက်ကိုမူ mandate ပေးထားခြင်း မရှိကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုသလို မကြာခင်အချိန်ပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်သွားမည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ လုံခြုံရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ စစ်ဋ္ဌာနချုပ်များမှ စစ်ဦးစီးမှူး (ပထမတန်း)များ တက် ရောက်ခဲ့ကြောင်း ပြည်တွင်းမှ The Voice Weekly တွင် ဖော်ပြထားသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအတွင်းရေးမှူး ပဒို စောဒေးဗစ်ထော၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ဒုဗိုလ်မှူးကြီးရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒိုစောအယ်ဝါး၊ ပဒို စောလေးလော်ဆော၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ပဒိုစောအောင်မော်အေး၊ ပဒိုစောသောသီဘွဲ၊ ဗိုလ်ကြီးစောဂျီး ဂျီ၊ ဗိုလ်ကြီးစဂျွန်၊ ဗိုလ်ကြီးဆာ့စေး၊ ပဒိုစောအောင်ဝင်းရွှေ၊ ပဒိုစောလှထွန်းနှင့် စောတာမုလားတို့ ပါဝင်ခဲ့သည်။

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် များသည် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်နေပြီးဖြစ်ကြောင်း ကေအဲန် ယူ အသိုင်းအ၀ိုင်းမှ ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက KNU တို့ တောင်းဆို ထားသည့် အချက် ၁၁ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သလို ပြည်ထောင်စုအဆင့်ကိုလည်း လာမည့် ၄၅ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

နော်စီဖိုးရာစိန်က “အစိုးရဘက်က ကျမတို့ တောင်းဆိုတဲ့အချက် ၁၁ချက်ကို မူအရ သဘောတူတဲ့အပေါ် ကျမတို့ ကြိုဆိုပါ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

KNU နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ် အောက်တိုဘာလ ၉ရက်၊ နိုဝင်ဘာလ ၁၉-၂၀ရက်နှင့် ဒီဇင် ဘာလ ၂၁ရက်တို့တွင် ထိုင်းနိုင်ငံအတွင်း၌ ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လာမည့် ၃၁ရက်နေ့တွင် တော်လှန်ရေး ၆၃နှစ် သက်တမ်းပြည့်ပြီဖြစ်သည့် KNU သည် ၁၉၄၉ခုနှစ် ဧပြီလတွင်တကြိမ်၊ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင်တကြိမ်၊ ၁၉၆၃ခုနှစ် သြဂုတ်လတွင်တကြိမ်၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာလတွင်တကြိမ်နှင့် ၂၀၀၄ခုနှစ်တွင် တကြိမ် ၅ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

0 comments:

Post a Comment