Showing posts with label ဧရာဝတီသတင်းမှ. Show all posts
Showing posts with label ဧရာဝတီသတင်းမှ. Show all posts

ဒုက္ခသည်များ ပြန်မပို့ရန် ထိုင်း - မြန်မာ မိတ်ဆွေများ တောင်းဆို

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် ၃၀၀၀ ခန့်ကို အန္တရာယ်ရှိသည့် မိုင်းကွင်းထဲသို့ ပြန်မပို့ရန် အတွက် Friends of Burma (ထိုင်း - မြန်မာ မိတ်ဆွေများ အဖွဲ့)က ယနေ့ တောင်းဆို လိုက်သည်။

“ဒုက္ခသည်များကို ပြန်ပို့မယ်ဆိုလို့ရှိရင် သေတွင်းကို ပို့တာနဲ့တူတယ်”ဟု ယနေ့ ဘန်ကောက်မြို့၌ကျင်းပသော Friends of Burma သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကရင် အမျိုးသမီး အစည်းအရုံး(KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူး မင်းနိုက်ဇန်က ဧရာဝတီသို့ ပြောသည်။

လူသားချင်း စာနာထောက်ထားသည့် အနေနှင့် ဒုက္ခသည်များကို မိုင်းနယ်မြေများ၊ အန္တရာယ်ရှိသည့် နေရာများသို့ ပြန်မပို့ဘဲ လက်ရှိ နေရာတွင် ဆက်လက်နေထိုင်ခွင့်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုလိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
Friends of Burma အဖွဲ့အစည်းသည် အစိုးရမဟုတ်သော NGO အဖွဲ့တခုဖြစ်ပြီး မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေ သောအဖွဲ့အစည်းတခုလည်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင် အတွင်း မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်ဖွဲ့DKBA ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် KNLAတပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ဒေသခံ ကရင်ဒုက္ခသည်များသည် ထိုင်း နိုင်ငံသို့ ထွက်ပြေး လာကြခြင်းဖြစ်သည်။
ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။ ၎င်း ဒုက္ခသည်များကို မနက်ဖြန်တွင် ထိုင်းအစိုးရက မြန်မာဘက်ကမ်းသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

“ဒုက္ခသည်တွေကို မနက်ဖြန်ကနေ စပြီးတော့ ရွှေ့တော့မယ်၊ ရွှေ့မယ့် အဖွဲ့က နောင်ဘိုမှာရှိတဲ့ ဒုက္ခသည်စခန်းထဲက ၃၅ အိမ် ထောင်စုကို ရွေးထားတယ်၊ လူဦးရေ ၁၆၁ ယောက်ရှိတယ်၊ အဲဒီတစုကို စတင်ပို့ဖိုရှိနေတယ်၊ သတင်းလည်း ရထားတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က ဆိုသည်။
ယခုအခါ မြန်မာ စစ်တပ်များနှင့် DKBA တပ်များက ၎င်းဒေသများကို ထိန်း ချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင် သည့်အတွက် လူ့အခွင့်အရေး ဆောင်ရွက်နေသူ များကလည်း စိုးရိမ်နေကြသည်။

နော်ဘလူးမင်းနိုက်ဇန်က“တိုက်ပွဲဖြစ်ပြီးတော့ ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်ကို အဲဒီ မြေမြှုပ်မိုင်းရှိတဲ့ နေရာကို ပြန်သွားခိုင်း တယ် ဆိုတာကတော့ ဒီနိုင်ငံ အနေနဲ့ရော၊ နိုင်ငံတကာအနေနဲ့ရော လုံးဝ ဒါဟာ လူသားချင်း မစာနာတဲ့စိတ်ပေါ့နော် ဒုက္ခသည် တွေရဲ့ ဘ၀တွေကိုလည်း တန်ဖိုးမထားဘဲနဲ့ အပစ်မဲ့တဲ့ ပြည်သူတွေရဲ့အသက်ကိုလည်း မလေးစားတော့ဘဲနဲ့ သေတွင်းကို တွန်းပို့တာပဲလို့ ပြောချင်တယ်”ဟု ဆိုသည်။
ဒုက္ခသည်များကို ပြန်ပို့ရန် အတွက် DKBA နှင့် KNLA တပ်မဟာ (၇) မှ ခေါင်းဆောင် တချို့က အားတက်သရော ဆောင်ရွက်နေ ကြသည်ဟု နယ်စပ်ရှိ ကရင် တိုင်းရင်းသားများက ဆိုသည်။

ထိုင်း အစိုးရ အနေဖြင့် မြန်မာ နိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ် စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန် ခိုင်းလေ့ရှိသည်။
တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခြင်းမရှိတော့သဖြင့် ဒုက္ခသည်များ အနေဖြင့် မြန်မာပြည်သို့ ပြန်သွားပါက လုံခြုံ စိတ်ချရပြီ ဖြစ်ကြောင်း၊ နောက်ထပ် ယာယီခိုလှုံခွင့်နှင့် ပတ်သက်၍ ထိုင်းအစိုးရတွင် မူဝါဒ မရှိကြောင်း ပြောကြားခဲ့သည်ဟု ထိုင်း စစ်ဗိုလ်ချုပ် Thanongsak Apirakyothin၏ အဆိုကို ကိုးကား၍ ဇန်န၀ါရီလ ၂၅ ရက်နေ့ Thai News Agency တွင် ဖော်ပြထားသည်။

Read More...

မပြီးဆုံးသေးတဲ့ ကရင့် တော်လှန်ရေး

ဒီအပတ်မှာ ကျရောက်တဲ့ (၆၁) နှစ်မြောက် ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို ကရင်အမျိုးသား တပ်မတော် (KNLA) ရဲ့ တပ်မဟာ (၆) ဋ္ဌာနချုပ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ကရင်လူမျိုး အရပ်သားနဲ့ ရဲဘော် (၂၀၀) ခန့် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

ကရင်အမျိုးသား အလံတော်ကို အလေးပြုနေတဲ့ ဗိုလ်မှူးကြီး နယ်ဒါးမြ


အခမ်းအနား ကျင်းပရာ မြန်မာ - ထိုင်း နယ်စပ် အနီးက တောင်ကြော တခုရဲ့ထိပ်မှာ ဗျူဟာမြောက် တည်ထားတဲ့ စခန်းတခုလုံး စိတ်လှုပ်ရှားမှု တွေနဲ့ ပျံ့လွင့်လို့ နေပါတယ်။ ရဲဘော်တွေက ရယ်ရယ် မောမောနဲ့ ရှိနေကြပြီး တချို့ဆိုရင် ပုခက်လွှဲစီးရင်း ဂစ်တာ တီးနေတာကို တွေ့ရပါတယ်။ အလည်လာသူ တွေကတော့ တနေရာကနေ တနေရာ ကူးချည် သန်းလှည့် လုပ်ရင်းနဲ့ သူတို့ရဲ့ မိတ်ဆွေ တွေကို ဓာတ်ပုံ ရိုက်ယူ နေကြပြီး မိသားစုဝင် တွေကလည်း သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ အတူ ပျော်ပျော် ပါးပါး ရှိနေကြပါ တယ်။
တချို့ရဲဘော် တွေဆိုရင် ကရင့် တော်လှန်ရေး နေ့မှာ ပျော်ပျော် ရွှင်ရွှင် တရက်လေး အနားရဖို့ သူတို့ရဲ့ရှေ့တန်း နေရာတွေ တည်ရှိရာ တောနက် ထဲကနေ မကြာခင်ကမှ ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ငြိမ်းငြိမ်း ချမ်းချမ်း ရှိတယ်လို့ ဆိုနိုင်ပေမယ့် တပ်မဟာရှိတဲ့ နေရာက တိုးတက်သော ဗုဒ္ဓာဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နဲ့ အစိုးရ တပ်တွေရဲ့ စခန်းတွေနဲ့ နီးတာမို့ အမြဲတမ်း လုံခြုံရေး အထူးဂရု စိုက်ရတဲ့ နေရာဖြစ်ပါတယ်။
ကျနော်တို့ တပ်မဟာကို အသွား တောင်ကုန်း ထိပ်တခုပေါ်က မြေပြန့်လေးပေါ် ခြေချမိချိန်မှာတော့ ကျနော့် ခရီးဖေါ် စောမူတူးက "DKBA စခန်းက အဲ့ဒီ တောင်တွေရဲ့ ဟိုဘက်လေးမှာပဲလေ၊ အဲ့ဒီဘက်ကို ဆက်သွားရင် အရမ်း အန္တရာယ်ကြီး သွားပြီ"လို့ ကျနော့်ကို ပြောပြပါတယ်။

ကရင့် တော်လှန်ရေး နေ့ရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး တော့လည်း သူက"ဒီအချိန်ဟာ ကရင်လူထုကို ကာကွယ်ရင်း ဘ၀တွေ ပေးဆပ် သွားကြတဲ့ သူတွေကို ကျနော်တို့ အမှတ်ရ နေရမယ့် အချိန် ပြီးတော့ ကျနော်တို့ ဘာ့ကြောင့် ဒီနေရာကို ရောက်နေ ရသလဲ ဆိုတာကို သတိရ နေရမယ့် အချိန်ပဲဖြစ်တယ်"လို့ ပြောပါတယ်။

DKBA ဟာ စတင်ဖွဲ့စည်းကတည်းက KNLA အတွက် အဓိကပြဿနာတော်တော်များများကို ဖြစ်စေခဲ့တာပါ၊ KNLA ရဲ့စခန်းတွေ နယ်စပ်နဲ့ပိုနီးလာအောင် တွန်းပို့ခံရတာလည်း သူတို့ကြောင့်ပါပဲ။ မနှစ်တုန်းကလည်း DKBAအကူအညီနဲ့ နအဖက တပ်မဟာ (၇) ဋ္ဌာနချုပ်ကို သိမ်းယူခဲ့ပါသေးတယ်၊ အဲ့ဒီတိုက်ခိုက်မှုက KNLA ရဲ့ တပ်မဟာ (၅) နဲ့ (၆) ဆက်သွယ်မှုလမ်းကြောင်းကို ဆိုးဆိုး ၀ါးဝါး ပြတ်တောက်စေခဲ့ပါတယ်။

အခုဆိုရင် DKBAတပ်တွေဟာ နအဖတပ်တွေရဲ့ ရှေ့မှာနေရာယူထားပြီး တပ်မဟာ (၅) ကို အတူချီတက်နေကြပါပြီ။ သူတို့ဟာ တပ်မဟာဋ္ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ မိုင်းရှင်းတာတွေကိုလည်း လုပ်နေကြပါပြီ။ ဒီစစ်ဆင်ရေးက KNLA အတွက် နောက်ထပ်နယ်မြေတခု ဆုံးရှုံးသွားနိုင်တဲ့အနေအထားကို ဦးတည်နေပါတယ်။

ဒါပေမယ့် KNLA ခေါင်းဆောင်တွေကတော့ သူတို့ မမှုဘူးလို့ဆိုပါတယ်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့ သားကြီး ဗိုလ်မှူးကြီး နယ်ဒါမြ က KNLA မှာ နည်းဗျူဟာအသစ်တွေရှိတာမို့ လာမယ့် ဒီနှစ်စစ်ပွဲတွေမှာ KNLA က အသာစီးရမယ်လို့ သူ့အနေနဲ့ယုံကြည်စိတ်ချမှုရှိကြောင်း ပြောပါတယ်။

"တပ်မဟာ (၇) ဋ္ဌာနချုပ်ကို လက်လွှတ်လိုက်ရတာဟာ ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး၊ သူတို့ နယ်မြေရသွားတာကို ကျနော်တို့ စစ်ရှုံးတယ်လို့ မဆိုနိုင်ပါဘူး"လို့ သူကရှင်းပြပါတယ်။

တော်လှန်ရေးနေ့အခမ်းအနားပြီးလို့ စစ်ရေးပြကွင်းမှာ လူတွေရှင်းသွားတဲ့အချိန် ခုံတန်းတခုမှာ ထိုင်မိကြတော့ သူက "ကျနော်တို့ က ပြောက်ကျားတပ်ဖြစ်တယ်၊ တကယ်လို့ ကျနော်တို့က နယ်မြေ အကျယ်ကြီးကို ထိန်းထားတယ်ဆိုရင် အစိုးရတပ်တွေအတွက် အဲ့ဒါကို ပြန်သိမ်းဖို့လွယ်တယ်လေ၊ အခုတော့ ကျနော်တို့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး နည်းဗျူဟာအသစ်၊ တပ်မဟာအသစ်တွေနဲ့ လှုပ်ရှားနေကြတာ"လို့ ဆက်ပြောပါတယ်။

KNLA ရဲဘော်တွေရဲ့ စိတ်ဓာတ်ရေးရာမြင့်မားမှုကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သူယုံကြည်ကြောင်း နယ်ဒါမြက ပြောပါသေးတယ်။

"DKBAက ငွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တိုက်တာ၊ ဒါပေမယ့် KNLAကတော့ သူတို့ ပြည်သူလူထုအတွက် တိုက် တာ ဖြစ်တယ်၊ ကျနော်တို့ တိုက်ပွဲက ပြည်သူလူထုအတွက်ဖြစ်တယ်"လို့ သူကဆိုပါတယ်။

တခြားရဲဘော်တွေကလည်း နယ်ဒါမြနဲ့ ဆင်ဆင်တူတဲ့ သူတို့ရဲ့ ခံစားချက်တွေကို ပြောပြကြပါတယ်။ စောချူချူက တီးလက်စ ဂစ်တာကို ရပ်လိုက်ပြီး သူ့စားသောက်ဆိုင်မှာ ကရင်အလံချိတ်မိတဲ့အတွက် သူအဖမ်းခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့မျိုးချစ်စိတ် ထက်သန်မှုအတွက် အစိုးရရဲဘော်တွေရဲ့စော်ကားမှုကို ခံခဲ့ရကြောင်း ကျနော့်ကို ပြောပြပါတယ်။

"ကျနော့်ပြည်သူကို ကျနော်ချစ်တယ်၊ ပြီးတော့ ကရင်ဖြစ်ရတာကို ကျနော်ဂုဏ်ယူတယ်၊ ဒါပေမယ့် ဗမာအစိုးရက ခွင့်ပြုမှာ မဟုတ်ဘူး"လို့ သူကဆိုပါတယ်။

"ကျနော်က ကျနော့်ဆိုင်ကလေးကို ဂရုစိုက်ရင်း ရော့ခ် အင်န် ရိုးလ် သီးချင်းတွေကို ဆိုချင်နေခဲ့တာပါ၊ ဒါပေမယ့် ကျနော်နေလို့ မရခဲ့ဘူး၊ ကရင်ပြည်နယ်မှာဖြစ်နေတဲ့ သတင်းတွေကြားရတာမို့ ကျနော်တို့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဒီကို ထွက်လာခဲ့တာ"လို့ သူကဆက်ပြောပါတယ်။

၂၀၁၀ အတွင်း စစ်မက်ဖြစ်ပွားရာဒေသတွေမှာ ဘာတွေဖြစ်မလဲလို့ ကျနော်ကမေးကြည့်တော့ တခြားရဲဘော်တယောက်ဖြစ်တဲ့ စောကီတိုးက DKBAရဲဘော် အများအပြား သေမှာပေါ့လို့ လွယ်လွယ်ပဲ ဖြေပါတယ်။

"ကျနော်တို့ ပြင်ဆင်ရင်းစောင့်နေကြတယ်၊ ကျနော်တို့ ရန်သူကို တချိန်လုံးစောင့်ကြည့်နေတယ်၊ မကြာခင် သူတို့ကို တိုက်ပြီးတော့ ကျနော်တို့ ကိုယ့်နယ်မြေ ကိုယ်ပြန်သိမ်းဖို့လုပ်နေကြတယ်"လို့ သူကဆိုပါတယ်။

စစ်ဆင်ရေးအစီအမံတွေက နယ်မြေသိမ်းပိုက်ရေးထက် ပြောက်ကျားနည်းဗျူဟာအပေါ် ပိုပြီး အခြေခံလာတာမို့ KNLA စခန်းတွေ ဟာ မကြာခဏဆိုသလို လက်လွှတ်ရလိုက် ပြန်သိမ်းလိုက် ဖြစ်နေတတ်ပါတယ်။ တပ်မဟာ (၆) ဋ္ဌာနချုပ်ဖြစ်တဲ့ ဝေါလေခီးကို ကေအဲန်အယ်လ်အေက ပြန်သိမ်းတဲ့အခါ ရဲဘော်တွေ စိတ်ဓာတ်ရေးရာ တက်လာတယ်လို့ ဗိုလ်မှူးကြီးနယ်ဒါမြက ပြောပါတယ်။ KNLA တပ်မှူးတွေရဲ့အဆိုအရ အဲ့ဒီတိုက်ပွဲမှာ KNLAဘက်က ရဲဘော် နှစ်ဦးကျဆုံးပြီး DKBAက(၇၂)ဦး သေဆုံးတယ်လို့ သိရပါ တယ်။

နိုင်ငံရေးနယ်ပယ်မှာတော့ KNLA ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား ပြည်ပရောက် အစိုးရတရပ် ဖွဲ့စည်းဖို့ အဆိုပြုထားပါတယ်။ တကယ်လို့ အခုလိုမျိုး တစုတစည်းတည်းဖြစ်မယ်ဆိုရင် KNLA အနေနဲ့ အတိုက်အခံတပ်မတော် တရပ်ရဲ့အစိတ်အပိုင်းတခုအဖြစ် တခြား တိုင်းရင်းသားတပ်တွေနဲ့ ပိုနီးနီးကပ်ကပ် အလုပ်လုပ်နိုင်မှာဖြစ်ပါ တယ်။ အဲ့ဒီလို ပေါင်းစည်းမှုက KNLA ကို အခုထက်ပို အားကောင်း မောင်းသန် ဖြစ်လာစေပါလိမ့်မယ်။

KNU တွဲဖက်အတွင်းရေးမှူး စောလှငွေက "အခုအချိန်ဟာ တိုင်းရင်းသားလက်ကိုင်တပ်တွေအားလုံးနဲ့ အစိုးရတရပ်ဖွဲ့ဖို့ ကျနော်တို့ စုစည်းရမယ့် အချိန်ဖြစ်တယ်။ တိုင်ရင်းသားတပ်တွေမှာ သူတို့ ဒေသဆိုင်ရာ တာဝန်ဝတ္တရားတွေ ဆက်ရှိနေလိမ့်ဦးမယ် ဒါပေမယ့် အစိုးရတခုလုံးအတွက် တပ်မတော်တခုပဲ ရှိမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ KNU အတွက်တော့ ဒါဟာ ကျနော်တို့ ဖြစ်စေချင်တဲ့အရာပါ" လို့ ပြောပါတယ်။

ဒီနှစ် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွေကို တပ်မဟာအသီးသီးမှာ ကျင်းပတာဖြစ်ပါတယ်။ တပ်မဟာ (၆) က ကရင့် တော်လှန်ရေးနေ့ အခမ်းအနားကို တက်ရောက်ကြသူတွေထဲမှာ KNLA ရဲဘော်ဟောင်းတွေ အုန်းဖြန်မိုင် ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေနဲ့ အခြားဖိတ်ကြားထားသူတွေ ပါဝင်ပါတယ်။ အခမ်းအနားကိုပေးပို့တဲ့ KNU ဥက္ကဋ္ဌ စောတာမလာဘောရဲ့ မိန့်ခွန်းကိုတော့ ကျောင်းသူလေးတဦးက ဖတ်ကြားပါတယ်။ အဲ့ဒီမိန့်ခွန်းထဲမှာ သူက KNU အနေနဲ့ ပဋိပက္ခကို နိုင်ငံရေး နည်းအရဖြေရှင်းဖို့ ထပ်ခါတလဲလဲ ကြိုးစားခဲ့ကြောင်း နအဖ က KNU ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ကြောင်း အရေးတယူ ထည့်သွင်းပြောကြားထားပါတယ်။

"KNU က စစ်အာဏာရှင်နဲ့ အခါးအားလျှော်စွာ အကြိမ်တော်တော်များများ စကားပြောခဲ့ပြီးပြီ။ ဒါပေမယ့် ပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းနဲ့ဖြေရှင်းဖို့ဆန္ဒမရှိတဲ့ စစ်အာဏာရှင်ကတော့ ကရင်ပြည်သူလူထုရဲ့ ခုခံမှုကို စစ်ရေးနည်းနဲ့အမြစ်ဖြတ်ဖို့ ဆက်ကြိုးစားနေတုန်းပဲ" လို့ သူ့ရဲ့ မိန့်ခွန်းစာထဲမှာ ထည့်သွင်းထားပါတယ်။

ကရင်တော်လှန်ရေးနေ့အခမ်းအနားကို တက်ရောက်လာတဲ့ အုန်းဖြန်မိုင်က ကျောင်းသူလေး အိုးစူး ကတော့ အခမ်းအနားကို သစ်ပင်တွေအောက်မှာ ကျင်းပရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း နဲ့ "ကျမတို့မှာ စင်ပေါ်မှာ ကျင်းပနိုင်တဲ့ အခွင့်အလမ်း မရှိဘူးလေ"လို့ ဆိုပါတယ်။

သူက "ဒါပေမယ့် ကျမတို့အခမ်းအနားလုပ်နိုင်တာမို့ ကျမတော့ အရမ်းပျော်တယ်" လို့ ဆက်ပြောပါသေးတယ်။

လူငယ်တော်တော်များများက လေ့လာသင်ယူမှုတွေပြီးရင် KNLA ထဲဝင်ဖို့ ဆန္ဒရှိကြောင်း ပြောပြကြပါတယ်။ တချို့ က ဋ္ဌာနချုပ်မှာ အလုပ်လုပ်ချင်ကြပြီး တချို့ကျတော့လည်း တိုက်ပွဲဝင်ရဲဘော်တွေ ဖြစ်ချင်ကြောင်း သိရပါတယ်။

KNLA မှာ ပြဿနာတွေရှိနေပေမယ့် ကရင်လူငယ်တွေကြားမှာတော့ သူတို့မှာ သူတို့လူထုအတွက် တာဝန်ရှိတယ်ဆိုတဲ့ စဉ်းစားမှုမျိုး ရှိနေပုံရပါတယ်။ KNLA ရဲဘော်တွေဟာ ယုံကြည်စိတ်ချမှု ရှိပုံပေါ်နေပြီး တပ်မှူးတွေကလည်း သူတို့ရဲ့ ဆန်းသစ်ပြောင်းလဲမှုနဲ့ နည်းဗျူဟာအသစ်တွေက အစိုးရရဲ့ ထိုးစစ်တွေကို ချေဖျက်နိုင်လိမ့်မယ်လို့ ပြောနေကြပါတယ်။

စစ်ရေးပြကွင်းကို ကျော်လွန်လို့ နေလည်းဝင်သွားပြီမို့ အရပ်သားတွေဟာ အတော်လေးလမ်းလျှောက်ပြန်ရမယ့် သူတို့ရဲ့အိမ်တွေ ဆီ ခြေဦးလှည့်ကြပါပြီ။

အဲဒီအချိန်မှာပဲ "မနှစ်က အခမ်းအနားကျင်းပဖို့ အခက်အခဲရှိတယ်၊ ဒီနှစ်တော့ ကျနော်တို့ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်"လို့ ခပ်တိုးတိုးပြောလိုက်တဲ့ KNLA ရဲဘော် တယောက်ရဲ့ စကားသံကို ကြားလိုက်မိပါတယ်။

Read More...

ဦးသန့်၏ ခေါင်းဆောင်မှုကို ဘန်ကီမွန်း ချီးကျူး

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကမ္ဘာ့အရေး အခင်းများကို နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည့် အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ကို ယမန်နေ့က ချီးကျူး လိုက်သည်။
ဘန်ကီမွန်းက နယူးဒေလီ မြို့တွင် ပြုလုပ်သည့် ဦးသန့် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာတွင် “ဦးသန့်သည် သံတမန် တဦးအဖြစ် တာဝန် ထမ်းဆောင်စဉ် အရည်အချင်း ပြည့်ဝပြီး ဇွဲလုံ့လ ၀ီရိယ ကြီးမားသူ တဦး ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂကို ဆယ်စုနှစ် တခုကြာ တာဝန်ယူ ကိုင်တွယ်စဉ်က ကျူးဘားနိုင်ငံ ဒုံးလက်နက်များ ဖယ်ရှားရေး၊ ကွန်ဂိုနိုင်ငံ ပြည်တွင်းစစ် အဆုံး သတ်ရေး စသည့် အရေးအခင်း များတွင် အဓိက အခန်း ကဏ္ဍမှ ဖြေရှင်း ပေးခဲ့သူ ဖြစ်သည်” ဟု ရေးသား ထားသည်။

၁၉၇၁ ခုနှစ်က နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်တွင် မိန့်ခွန်းပြောနေသော ဦးသန့် (ဓာတ်ပုံ - UN)

“ဦးသန့်သည် ဆင်းရဲမှု တိုက်ဖျက်ရေး၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကို အကျိုးရှိစေမည့် ကုလသမဂ္ဂ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေး ညီလာခံတို့ ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းခဲ့သည်” ဟု သ၀ဏ်လွှာတွင် ဆက်လက် ရေးသားထားသည်။

“၀မ်းနည်းဖွယ် ကောင်းသည်မှာ သူ၏ လူသား ဖွံ့ဖြိုးရေး မျှော်မှန်းချက်များသည် သူ၏ နိုင်ငံတွင် အကောင်အထည် မဖော်နိုင်သေးသည့် အချက်ဖြစ်သည်” ဟု ဘန်ကီမွန်းက ဆိုသည်။
“ယခု ကျွန်ုပ် တာဝန်ယူထားသည့် ရာထူးနေရာအား ဆက်ခံခဲ့သူ အများအပြားကို အားကျ အတုယူခဲ့ပါသည်။ ထိုသူများအနက် ဦးသန့်သည် ထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ယူဆပါသည်။ ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုကို ဟန့်တားရေးအတွက် ကျွန်ုပ်တို့ ယနေ့ ကြိုးပမ်းနေမှုများကို ဦးသန့်၏ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်များက အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပေသည်” ဟု ဘန်ကီမွန်းက သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဦးသန့်သည် ဧရာဝတီတိုင်း ပန်းတနော်မြို့ဇာတိ ဖြစ်ပြီး ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်တွင် မွေးဖွားသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့၌ နယူးယောက်မြို့တွင် အဆုတ်ကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သည်။
မစ္စတာ ဘန်ကီမွန်းသည် တောင်ကိုရီးယား နိုင်ငံသားဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခံရသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက်စဉ် ဘန်ကီမွန်းက “ကျနော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောက်မေ့ မိပါတယ်” ဟု ရန်ကုန်မြို့တွင် ပြောဆိုခဲ့သေးသည်။

Read More...

ကလေးစစ်သားများ စစ်တပ်က ဆက်လက်စုဆောင်းနေ

ဗြောင်လိမ်ဗြောင်စား ခွေးသားနအဖ။ အသက်မပြည့်တဲ့ ကလေးတွေကို စစ်တပ်ထဲ ဆွဲသွင်းပြီး “ဘူး”ခံပြီးညင်းနေတယ်။ ဒါပေမဲ့ အမှန်တရားဆိုတာ ပုဂံပြားနဲ့ဖုံးထားလို့မရဘူး။ အချိန်တန်တော့ နွားပိန်ကန်ပြီး မှန်ကန်မှုတွေက သူ့ဟာသူပေါ်လာတာပဲ။ စောက်ရှက်လေး နဲနဲရှိပါ နအဖ ရာ။ ဧကန်ဏ ဒီစစ်ချုပ်တွေ မွေးတုန်းက ချက်ကျောနဲ့ အရှက်ကျောကိုမှားများ ဖြတ်ထားလေသလားမသိတော့ပါဘူး။ ဒါကြောင့် မျက်စိမှိတ်ပြီး လိမ်။ လူလိမ်လူညာတွေကတိုင်း ပြည်ကိုလည်းမတရားအုပ်ချုပ်နေတော့ ဘယ်လာပြီးကောင်းတော့မှာလဲ။
ကလေးငယ်တွေရဲ့ ဘဝ အနာဂတ် လှပဖို့အတွက်ဘာမှ မလုပ်ဆောင်ပဲနဲ့ စစ်ထဲအတင်းအဓမ္မဆွဲထဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သင်ပေး၊ ဒီကလေးတွေရဲ့ဘဝကိုဖျက်စီး၊ စစ်ခွေးနအဖတွေရေ ယုတ်မာထား၊ တနေ့ မင်းတို့ ကောင်းကောင်းပြန်လည်ပေးဆပ်ရမယ်။ ဆွေစဉ်မျိုးဆက်များစွာတိုင်အောင်ပေးဆပ်ရမယ် ဆိုတာနှလုံးသွင်း မှတ်ထားပါ။


မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်း မရှိဟု စစ်အစိုးရက ပြောဆိုနေ သော်လည်း ကလေးစစ်သား အဖြစ် အဓမ္မ ခေါ်ဆောင်မှုများ ရှိနေသေးကြောင်း သိရသည်။
မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထွန်းအား ဆင်ပေါင်ဝဲမြို့နယ် မိကျောင်းရဲမြို့ အခြေစိုက် ခလရ ၈၃ တပ်ရင်းမှ ဒုတပ်ကြပ် နိုင်ဝင်းဆိုသူက ဇန်န၀ါ ရီလ ၁၉ ရက်နေ့တွင် ခေါ်ဆောင် သွားကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းက ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သို့ ဆက်သွယ် ခိုဝင်လာသော စစ်အစိုးရ စစ်တပ်မှ ကလေးစစ်သား တဦး (ဓာတ်ပုံ - FBR)

“လစာတွေ တိုးနေပြီ၊ ငါတို့တောင်မှ အခု လစာကနေ နှစ်ဆတိုးပြီလို့ ပြောပြီး ဆွယ်သွားတယ်”ဟု ၎င်းက ဆိုသည်။

ဒုတကြပ်နိုင်ဝင်းက လစာငွေ ကျပ် ၆၀၀၀၀ ရရှိမည်ဟု ပြောဆိုပြီး ၎င်း၏ စစ်ယူနီဖောင်းကို မောင်ကျော်မင်းထွန်းအား ၀တ်ဆင် ပေးကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မောင်ကျော်မင်းထွန်းသည် လက်တဘက် မသန်သည့် ဒုက္ခိတ တဦးဖြစ်ပြီး ကျန်းမာရေးလည်း မကောင်းကြောင်း မိခင်ဖြစ်သူက ပြောပြသည်။

ဒေါ်စန္ဒာဝင်းသည် သားဖြစ်သူအား ပြန်လည် ခေါ်ဆောင်ရန် အတွက် ၂ ရက်တိုင် ခလရ ၈၃ သို့ သွားသော်လည်း တာဝန်မှူးက တွေ့ဆုံခွင့် မပေးဘဲ ဆူပူကြိမ်းမောင်း၍ ပြန်လွှတ် လိုက်ကြောင်း သိရသည်။
ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ မကြာသေးမီက စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တာပီအိုလာ တို့ ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်သည့် သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သက်ဆိုင်ရာ အထက်လူကြီးများမှ သဘောတူညီ ထားသည့် စာချုပ်ကို အောက်ခြေ အရာရှိအရာခံ အကြပ် တပ်သားများက ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ကလေးစစ်သား စုဆောင်းမှုများ အတွက် လိုက်ပါဆောင်ရွက် နေသည့် ပဲခူးမြို့ မှ ရှေ့နေကြီး ဦအေးမြင့်က ပြောသည်။

“အမေနဲ့သား နှစ်ယောက်တည်းရှိပြီး ရောဂါသည်ကိုလည်း မရှောင်ဘူး ခေါ်သွားတယ်၊ မိသားစုဘ၀ကို ဖျက်ဆီးတာပဲ၊ အညာဒေသမှာ ကလေးစစ်သား စုဆောင်းမှုက ပြန်ပေးဆွဲသလို ဖြစ်နေတယ်”ဟု ၎င်းကဆို သည်။
ကလေးစစ်သားနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ်က အမှုပေါင်း ၁၂၁ မှုရှိကြောင်း၊ ယခုအမှုသည် ၂၀၁၀ ခုနှစ်အတွက် ဒုတိယ အကြိမ်မြောက် တိုင်ကြားသည့် အမှုဖြစ်ကြောင်း၊ ပြစ်မှုကျုးလွန်သူ များကို အရေးယူမှ သာလျှင် ကမ္ဘာ့အလယ်တွင် နာမည်ကောင်း ရမည်ဖြစ်သည်ဟု ဦးအေးမြင့်က ပြောသည်။

ပဲခူးတိုင်းအတွင်း ကလေးစစ်သား စုဆောင်းခံရမှုနှင့် ပတ်သက်၍ စစ်အစိုးရ၏ သက်ဆိုင်ရာ ၀န်ထမ်းများသာမက နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ၀ိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြောင်း သိရသည်။
အဓမ္မကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ ILO သို့ တိုင်ကြားမှုသည် ၂၀၀၉ ခုနှစ် အတွင်းတွင် ပိုမိုများပြား လာကြောင်း ကယ်ရီ တာပီအိုလာ ကလည်း ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည်နှစ် မတ်လက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သည့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုသည့် အစီအရင် ခံစာတွင် နိုင်ငံတကာ အလုပ်သမား အဖွဲ့သည် မိမိသဘော ဆန္ဒမပါဘဲ စုဆောင်းခြင်း ခံထားရသည့် ကလေးသူငယ် ၂၃ ဦး လွတ်မြောက်ရေး အတွက် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီနှင့် ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့သည့် ကလေး ၁၂ ဦးရှိကြောင်း သိရသည်။ တခြားသော ကလေး ၁၄ ဦးနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ရန် အတွက် အစိုးရများထံမှ တုံ့ပြန်ချက်ကို စောင့်ဆိုင်း နေကြောင်းလည်း ပါရှိသည်။

Read More...

ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ

ထိုင်း - မြန်မာ နယ်စပ်၊ နို့ဖိုး ဒုက္ခသည် စခန်းတွင် ယာယီ ခိုလှုံခွင့် ပေးထားသော ကရင် ဒုက္ခသည် ၃၀၀၀ ခန့်အား ထိုင်း အာဏာပိုင်များက ဖိအားပေး ပြန်ပို့မည်ကို ကရင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။ ယာယီ ခိုလှုံခွင့် ပေးထားသော ဒုက္ခသည်များက မပြန်ချင် သော်လည်း ထိုင်း အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့မည်ကို စိုးရိမ်ရသည်ဟု မယ်လ ဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

“ထိုင်းက စခန်း အသစ်ဖွင့်ဖို့လည်း ပေါ်လစီ မရှိဘူး၊ စခန်းထဲဝင်ဖို့ အစီအစဉ်လည်း မလုပ်ပေးဘူး။ နောက်တခု၊ ထိုင်းအစိုးရရဲ့ သဘောထား ကလည်း သူတို့ကို ပြန်စေချင်တယ်။ ဒုက္ခသည်တွေက မပြန်ချင်ဘဲနဲ့ နောက်ဆုံး ပြန်ရမယ့် အခြေအနေဆိုရင် သူတို့ အတွက် အခက်အခဲတွေ အများကြီး ကြုံရမှာကို စိုးရိမ်ရတယ်” ဟု သူက ပြောသည်။

ယခုအခါ မြန်မာ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တပ်များက ဤဒေသများကို ထိန်းချုပ်ထားပြီ ဖြစ်သောကြောင့် DKBA တပ်သားအဖြစ် စုဆောင်းခြင်း၊ အဓမ္မ လုပ်အားခိုင်းစေခြင်း စသည့် အန္တရာယ်များ ကြုံတွေ့နိုင်သေးကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ဆိုသည်။

ထိုင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ကရင် ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့်ပေးထားသော်လည်း ၎င်းတိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

ထိုင်း - မြန်မာ နယ်စပ်တလျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ဒုတိယ တာဝန်ခံ ဆယ်လီ သွန်မဆင်က ကရင်ဒုက္ခသည်များကို မြန်မာဘက်ကမ်းသို့ ပြန်ရန် ထိုင်း အာဏာပိုင်များက နေ့စဉ် ဖိအားပေးနေကြောင်း ပြောသည်။

“တကယ်လို့ ဒီဒုက္ခသည်တွေ မြန်မာပြည်ထဲကို ပြန်ရရင် သူတို့ အခြေချမယ့် နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတယ်၊ အဲဒီတော့ သူတို့ အတွက် လုံခြုံမှု မရှိဘူး။ တကယ်လို့ ပြန်ရရင်လည်း သူတို့ ဘာသာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်”ဟု ၎င်းက ဆိုသည်။

TBBC အဖွဲ့သည် ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်း စာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့ များ စုစည်းထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။ ထို့အပြင် ဒုက္ခသည်များကို အခြေခံ ရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား အစရှိသည်တို့ကို ထောက်ပံ့ပေးနေပြီး ပြင်သစ် NGO လူမှုအဖွဲ့အစည်းများက ရေနှင့် သန့်ရှင်းရေး ပစ္စည်းများ ထောက်ပံ့ ပေးလျက်ရှိသည်။

၂၀၀၉ ခုနှစ် ဇွန်လဆန်းပိုင်းက စ၍ ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် DKBA ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) မှ တပ်စခန်းများကို ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်။

ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်များအား ပြန်ပို့ရန် စီစဉ်နေချိန်၌ ပဲခူးတိုင်း ညောင်လေးပင် ခရိုင်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော ရွာသား ၁၀၀၀ ကျော်သည် လတ်တလော မြန်မာစစ်အစိုးရ၏ ထိုးစစ်များကြောင့် တောထဲတွင် ထွက်ပြေးပုန်း အောင်းနေကြရ သည်ဟု ကယ်ဆယ်ရေး အဖွဲ့များ ကပြောဆိုသည်။

တချို့သော အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများတွင် လသားအရွယ် ကလေးငယ်များ ပါဝင်ပြီး တောထဲတွင် အအေးဒဏ်ကိုလည်း ခံနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သည့် Committee for Internally Displaced Karen People (CIDKP)မှ စောစတိဗ်က ဧရာဝတီသို့ ပြောသည်။

“တောထဲမှာ ပုန်းအောင်းနေကြရတဲ့ ရွာသူ ရွာသားတွေဟာ အခု အအေးဒဏ်ကို အရမ်းခံနေတယ်၊ အအေးဒဏ်ကို ကာကွယ်ဖို့ အတွက် မီးတောင် မဖိုရဲကြဘူး” ဟု ၎င်းက ဆိုသည်။

ရွာသားများသည် တောထဲ၌ ဆက်လက်၍ ထွက်ပြေး ပုန်းအောင်းနေရပါက စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိ ကြောင်းလည်း သိရသည်။

စစ်အစိုးရတပ်ဖြစ်သော စစ်ဒေသ ကွပ်ကဲရေး ဌာနချုပ် (စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၆၇ တပ်ဖွဲ့ဝင်များက ယင်းကျေးရွာများကို မီးရှို့ခြင်းနှင့် ဒေသခံများကို သတ်ဖြတ်မှုတို့ကြောင့် တောထဲသို့ ထွက်ပြေးပုန်းအောင်း နေကြရခြင်း ဖြစ်သည်။

စစ်အစိုးရက ကျေးရွာများကို ၀င်ရောက်တိုက်ခိုက်မှုကြောင့် အသက် ၄၇ နှစ်အရွယ် စောမြကော်ထူး အမည်ရှိ ရွာသား တဦး ပစ်သတ်ခံရပြီး စာသင်ကျောင်း တကျောင်းနှင့် နေအိမ် ၁၁ လုံးခန့်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကရင်ကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

Read More...