ရဲဘော်ဖိုးသံချောင်း (ခေတ်ပြိုင်မှ)
အခုတလော မြန်မာပြည်မှာ လူအများစိတ်ဝင်စားခြင်းခံနေရတဲ့ ကိစ္စတခုကတော့ နအဖဗိုလ်ချုပ်တွေဟာ
ပြည်တွင်း-ပြည်ပ ဘယ်သူ့ကိုမှ၊ ဘယ်ကိုမှ တရားဝင်ကြေညာအသိပေးခြင်းမရှိဘဲ နိုင်ငံပိုင်ဓနများကို ပုဂ္ဂလိကပိုင်အဖြစ်
ပြောင်းလဲပစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တနေ့ပြီးတနေ့ ဘယ်လုပ်ငန်းကိုဖြင့် ဘယ်သူဌေးလက်အပ်လိုက်ပြီ၊ အဲဒီ
သူဌေးက ဘယ်ဗိုလ်ချုပ်နဲ့နီးစပ်တယ်၊ ဘယ်ဗိုလ်ချုပ်ကိုယ်စားလုပ်နေတာ စတဲ့သတင်းမျိုးတွေကိုလည်း ဒင်းတို့ပါးစပ်က
ကြားရတာမဟုတ်ဘဲ ဟိုကတစ၊ ဒီကတစနဲ့ ဆက်တိုက်ကြားနေကြရပါတယ်။
ဘာဥပဒေနဲ့၊ ဘာကော်မရှင်ရဲ့ဦးစီးမှုနဲ့လုပ်တယ်ဆိုတာကိုလည်း ဘယ်သူကမှမပြောသလို၊ ဘယ်သူကမှလည်း
မသိရပါဘူး။ သူခိုးဓားပြတွေ တိုက်ရာပါပစ္စည်းခွဲယူကြသလို တကယ့်ကို လက်သိပ်ထိုးလုပ်နေကြတာဟာ ဗမာပြည်
သမိုင်းမှာ မဆလလက်ထက် ၁၉၆၄ ခုနှစ်တုန်းက ပြည်သူပိုင်သိမ်းတယ်ဆိုတာရဲ့နောက်မှာ အကြီးမားဆုံးပိုင်ဆိုင်မှု လက်ပြောင်းလက်လွှဲလုပ်မှုကြီးပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ သမိုင်းရဲ့ ဟာသကွက်လိုဟာတခုကို ထောက်ပြလိုပါတယ်။ အဲဒါကတော့ မဆလစစ်အစိုးရဟာ ဆိုရှယ်လစ်စကားလုံးတွေ လေကြီးဟစ်ကျယ်ပြောပြီး “ပြည်သူပိုင်သိမ်းတယ်” ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်တွေ၊ လုပ်ငန်းတွေကို စစ်
အုပ်စုပိုင်လုပ်ခဲ့ပါတယ်။ သူတို့အပြောက ဒါဟာဝိသမလောဘသမားတွေရဲ့ လက်ကနေ ဆိုရှယ်လစ်အရင်းအနှီးစုဆောင်းတာဖြစ်ပါသတဲ့။ ဒါပေမယ့် လက်တွေ့မှာတော့ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားပြီး သူတို့တစုသာ ချမ်းသာသွား ကြပါတယ်။ သူတို့နေရာကိုဆက်ခံတဲ့ နအဖစစ်အုပ်စုကတော့ ဈေးကွက်စီးပွားရေး တည်ဆောက်တယ်ဆိုပြီး အရင်းအနှီးခွဲဝေတာတွေ လုပ်ပြန်ပါတယ်။ တိုင်းပြည်ဟာ မွဲသထက်မွဲ သူတို့နဲ့အပေါင်းပါတွေသာ ချမ်းသာသထက်ချမ်းသာလာတာကို မျက်မြင်တွေ့နေရပါတယ်။ တိုင်းပြည်မွဲရေးနဲ့ ကိုယ်ချမ်းသာရေးဆီကို ချီတက်ရာ လမ်းကြောင်းများ သိချင်ရင် မြန်မာပြည်က စစ်အာဏာရှင်များဆီသာ သွားမေးပေတော့လို့ ပြောရမလိုပါ။
ဒီအဖြစ်အပျက်တွေထဲကနေ သမိုင်းရဲ့ သင်ခန်းစာတခုဆွဲထုတ်ပါဆိုရင် စစ်အာဏာရှင်တွေဟာ သူတို့အိတ်ထဲကို ထည့်ဖို့ဆိုရင် ဘာကြွေးကြော်သံကိုမဆို ကြွေးကြော်မယ်၊ တဖက်လှည့်နဲ့ပြန်ပြောရရင် သူတို့တတွေဘယ်လိုပဲ ကြွေးကြော်-ကြွေးကြော် လက်တွေ့ကျတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွေကို သူတို့အိတ်ထဲထည့်တာပဲလို့ ပြောရပါမယ်။ သူတို့ထဲက စိတ်မလုံတဲ့လူ တချို့ကတော့ သူတို့လို တိုင်းပြည်အတွက် လုပ်နေသူတွေအဖို့ အကျိုးကျေးဇူး တစုံတရာ ခံစားသင့်ပါတယ်လို့ ဆင်ခြေပေးကြပါတယ်။ သူတို့စားတာ စားသင့်ပါတယ်၊ ခိုးတာ ခိုးသင့်ပါတယ်လို့ တိုက်ရိုက်မပြောရုံ တမယ်ပါပဲ။
မဆလလက်ထက် စစ်အုပ်စုနည်း စစ်အုပ်စုဟန် ဆိုရှယ်လစ်စနစ်ကာလတုန်းကတော့ တရုတ်ကုလားနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်အားလုံးဟာ ၀ိသမလောဘသမား အရင်းရှင်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းမှန်သမျှ၊ ဆိုင်မှန်သမျှကို သိမ်းယူခဲ့ပါတယ်။ ဒါကြောင့်မို့ ဆင့်ဥစ္စာခွေးမချီနိုင်ဖြစ်ခဲ့တဲ့ ကိစ္စတွေ အများကြီးပေါ်ခဲ့ပါတယ်။
အခု နအဖနည်းနအဖဟန် ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးမှာကျတော့ နအဖဗိုလ်ချုပ်တွေဟာ မဆလဗိုလ်ချုပ်တွေ
အတွေ့အကြုံနည်းလို့ ဒုက္ခရောက်ခဲ့တာတွေကို သင်ခန်းစာထုတ်ယူထားလိုက်ကြပါတယ်။ ကွမ်းယာဆိုင်ကို ပြည်သူပိုင်
သိမ်းလိုက်လို့ အလုပ်ရှုပ်ရတာမျိုး သူတို့က အဖြစ်မခံတော့ပါဘူး။ နောက်ပြီး ဗိုလ်နေ၀င်းတို့က ဆိုရှယ်လစ်စကားတွေ
ပြော၊ နယ်ချဲ့ဆန့်ကျင်ရေး မီးရှူးမီးပန်းတွေဖောက်လွှတ်နေလို့ ပြည်ပအရင်းအနှီးနဲ့ဝေးခဲ့တာမျိုးကိုလည်း သူတို့က ရှောင်ရှား
ပါတယ်။ ကောင်းတဲ့ အလားအလာရှိတဲ့လုပ်ငန်းကိုမှ ကိုယ့်အိတ်ထဲထည့်ပါတယ်။ မကောင်းရင် ပြည်သူပိုင်အဖြစ် ချန်
ထားပါတယ်။ နောက်ပြီး ကိုယ့်အတွက်သာအကျိုးရှိမယ်၊ စားကွက်ရှိမယ်ဆိုရင် န၀တ၊ နအဖစစ်ဗိုလ်တွေဟာ အရှေ့က
ဖြစ်ဖြစ်၊ အနောက်ကဖြစ်ဖြစ် ဘယ်ကမဆို အရင်းအနှီးမှန်သမျှကို လက်ခံပါတယ်။ အဓိကကျတာက သူတို့ထိပ်သီးတွေ
အတွက် ခံစားခွင့်ပါဖို့ပါပဲ။
ထောက်ပြသင့်တဲ့ စစ်အုပ်စုတွေရဲ့ အဓိက၀င်ငွေလမ်းကြောင်း နောက်တခုကတော့ နယ်စပ်တွေကလာတဲ့ဝင်ငွေ လမ်းကြောင်းပါ။ မြန်မာပြည်မှာ နယ်စပ်ဒေသကို စစ်တပ်ကချုပ်ကိုင်ခဲ့တာဟာ ၁၉၄၈ ခုနှစ်ကစလို့ အစဉ်အလာတခုလို
ဖြစ်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ရှိနေတော့ သူတို့မှာ အကြောင်းပြလို့ ပိုကောင်းသလို ဖြစ်နေပါတယ်။ ဒီကြားထဲ တရုတ်ဖြူ ကူမင်တန်ကျူးကျော်မှုလိုဟာမျိုးကလည်း ဖြစ်ပေါ်ခဲ့တော့ နယ်စပ်ဒေသနဲ့ ပြည်နယ်တွေဟာ စစ်ဗိုလ်တွေရဲ့ စားကွက်ချည့်
ဖြစ်ခဲ့တယ်မဟုတ်ပါလား။ နောက်ပြီး အဲဒီစားကွက်တွေအတွက်ပဲ သူတို့ချင်း စားခွက်လုကြ၊ ဂိုဏ်းအုပ်စုဖွဲ့ကြတာတွေလည်း ပေါ်ခဲ့ပါတယ်။ ၁၉၅၀ စုနှစ်များရဲ့ နောက်ပိုင်းတုန်းက ရှမ်းပြည်နယ်ထဲမှာ ထောက်လှမ်းရေးဗိုလ်မှူးကိုင်နိုကို သတ်
ပစ်ခဲ့တာ၊ ၁၉၇၀ စုနှစ်များတုန်းက အိန္ဒိယ-မြန်မာနယ်စပ်မှာ တာဝန်ကျတဲ့ သူရညွန့်တင်ကို ရုံးတင်တရားစွဲတာ စတာတွေဟာ အဲဒီလိုဂိုဏ်းအုပ်စုနဲ့ စားခွက်ပြဿနာတွေကြောင့်ပါပဲ။ ဒီလိုနဲ့ အဲဒီတုန်းက တိုင်းမှူးတွေနဲ့ စစ်ဒေသထိပ်သီးတွေဟာ
နယ်ခံအာဏာရှိသူတွေနဲ့ လုံးမိကြတာလည်းရှိ၊ အညှိုးအတေးတွေ ပေါ်ပေါက်တာလည်းရှိ ဆိုတာမျိုး ဖြစ်ခဲ့ပါတယ်။ တဖက်မှာကျတော့ သူတို့တပ်တွေရဲ့လုပ်ရပ်တွေကြောင့် တိုင်းရင်းသားလူမျိုးစုတွေက လူမျိုးရေးအရ နာကြည်းတာတွေ
ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗိုလ်အောင်ကြီးတို့ လက်ထက်ကစလို့ စစ်အုပ်စုထိပ်သီးတွေနဲ့ နယ်စပ်က ဘိန်းရာဇာတွေ ရေစက်ဆုံခဲ့ကြတာပါပဲ။
ဒါပေမယ့် တရုတ်-မြန်မာနယ်စပ်မှာ ဗကပပေါ်လာတော့ စစ်အုပ်စုထိပ်သီးတွေအဖို့ စားကျက်တွေပျောက်ကုန်ကြပါတယ်။
သူတို့ရဲ့ ရောင်းရင်းအပေါင်းအသင်း နယ်ခံထိပ်သီးတွေ၊ ဘိန်းရာဇာတွေလည်း “လက်မဲ့တွေ” ဖြစ်ကုန်ကြပါတယ်။ ဒိနောက်
၁၉၈၉ ခုနှစ်မှာ ဗကပထဲက ခွဲထွက်မှုတွေပေါ်တော့မှ စစ်အုပ်စုထိပ်သီးတွေဟာ သူတို့ရဲ့စီးပွားရေး “အောင်မြေ” ကို ပြန်နင်း
နိုင်ခဲ့ပါတယ်။ မဆလထိပ်သီးတွေဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေကို န၀တ၊ နအဖထိပ်သီးတွေရခဲ့ပါတယ်။ ရတာမှ အတိုးနဲ့
ရတာလို့တောင် ပြောနိုင်ပါတယ်။ ဒါတွေကို အားလုံးသိပြီးမို့ အထူးရေးဖို့မလိုတော့ပါဘူး။ ဒီနေ့ နယ်စပ်ဒေသက အပစ်ရပ်
အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်လုပ်ရေးကိစ္စမှာ နအဖဗိုလ်ချုပ်တွေ စပ်ပူစပ်လောင်ဖြစ်နေကြတာမှာ ဒီစားကျက်ကြီး
ပြန်ပျောက်သွားမှာစိုးနေတဲ့ အကြောင်းရင်းလည်းပါပါတယ်။ သူတို့အဖို့က တကယ့်ကို အဆီနဲ့ဝင်းဝင်းပါ။
ကိုယ့်အတွက် အရင်းအနှီးစုဆောင်းရာမှာ နအဖနဲ့မဆလ မတူတဲ့ နောက်အချက်တချက်ကတော့ ဗိုလ်နေ၀င်းတို့ဟာ
အထက်မှာပြောခဲ့သလို ပြည်တွင်းကလုပ်ငန်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေကို ရန်လုပ် ဒုက္ခပေးခဲ့ပေမယ့် ဗိုလ်သန်းရွှေတို့
ကတော့ အဲဒီလိုလူတွေအထဲက သူတို့အသုံးချမယ့်လူတွေကို ရှာဖွေမွေးမြူပါတယ်။ ဒီဖြစ်စဉ်ထဲမှာပဲ ဗိုလ်ချုပ်တွေက
ဘိန်းဘုရင်တွေရဲ့ ငွေကိုခ၀ါချပေး။ တခါ ဘိန်းဘုရင်တွေက ဗိုလ်ချုပ်တွေရဲ့ ငွေတွေကို ပြန်ခ၀ါချပေးဆိုတာမျိုးတွေလည်း
ဖြတ်သန်းခဲ့ကြပါတယ်။ နောက်ပြီး ဗိုလ်ချုပ်တွေကိုယ်စား နာမည်ခံစီးပွားရေးလုပ်ငန်းထောင်ပေးမယ့် လူတွေကိုလည်း
စိစစ်မွေးမြူတာလုပ်ပါတယ်။ စစ်အုပ်စုရဲ့လက်ဝေခံလူတန်းစားတရပ် ထပ်မွေးယူတာပါ။ မွေးတာမှ လိုအပ်ရင် သမီးပေး၊
တူမပေးလို့တောင် မွေးယူကြပါတယ်။
အခု ရွေးကောက်ပွဲမတိုင်မီ ဗိုလ်သန်းရွှေတို့ထိပ်သီးတွေ အလုအယက်ဖြစ်နေကြတာဟာ ဆိုရှယ်လစ်စစ်ဗိုလ်အုပ်စု
က စခဲ့တဲ့ မြန်မာပြည်စစ်အုပ်စု အဆက်ဆက်တွေရဲ့ တွေးခေါ်လုပ်ကိုင်နည်းရဲ့ အဆက်တွေသာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်
အာဏာသိမ်းမှုကနေ ပေါ်ထွက်ခဲ့တဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ဘီအီးဒီစီပိုင်ကြယ်ငါးပွင့်လိုင်းကို အခု နအဖရဲ့ ဦးပိုင်က ယူတော့မယ်လို့ သတင်းထွက်လာတာ ကြားရတော့ “ဟိုအရင် ပဒုမုတ္တရာဘုရားလက်ထက်က ---------------- ဟာ
ငါဘုရားလက်ထက်မှာ ဒေ၀ဒတ်ဖြစ်လာတယ်” ဆိုတဲ့ ဇာတ်ပေါင်းစကားမျိုးကို ပြန်ကြားလိုက်ရသလိုပါပဲ။
0 comments:
Post a Comment