ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော

ကျော်ခ (မဇ္ဈိမ) သတင်းမှ...........

စစ်အစိုးရတပ်များက ထိုးစစ်ဆင်မည်ဟူသော သတင်းကြောင့် လက်ဦးမှုအရယူကာ စစ်ဦးကျိုးစေရန်အတွက် တိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အစည်းအရုံး KNLA က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ် ဒေသတွင်း၌ လှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် - စကခ ၈ လက်အောက်ခံတပ်များက ကရင်အဖွဲ့အပေါ် တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ်တပတ်အတွင်း ခြုံခိုတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကရင်တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်ရန် နေပြည်တော်က ညွှန်ကြားမှုများရှိခဲ့သည်ဟု ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ KNLA တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးထဲနေက ပြောသည်။

ယမန်နေ့က မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် ခြေမြန်တပ်ရင်း ၂၈၄ ၏ အင်အား ၆ဝ ခန့်နှင့် ကရင်ပြောက်ကျားတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဘက်မှ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း KNLA ကပြောသည်။ သီးခြားအတည်ပြုချက်မရနိုင်ပါ။

ထို့အပြင် ယခုလ ၁ဝ ရက်နေ့က စကခ ၈ လက်အောက်ခံ တပ်ရင်းများနှင့် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုတို့ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်က ကျဆုံးမှု ၁၃ ယောက်ရှိခဲ့ပြီး ၂၁ ဦးဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ သွားသည့် ကားလမ်းမပေါ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားတစီးထဲသို့ ကရင်ပျောက်ကြား များက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုနေ့မှာပင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ မြိုင်သာယာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးရာ နအဖတပ်က တဦးသေ၍ သုံးဦးဒဏ်ရာရသည်ဟု KNLA ဘက်က ပြောသည်။

“ကျနော်တို့ဘက်က ပြောက်ကျားဆိုတော့ ၂-၃ ယောက်လောက်နဲ့ ထိအောင်ပစ်၊ လွတ်အောင်ရှောင်၊ လုံအောင်ပုန်းပဲဟာ။ နယ်မြေအရလည်း ကျွမ်းပြီးသားလေ” ဟု ဗိုလ်ကြီးထဲနေက ပြောသည်။

လေ့လာသူများအဆိုအရ ကရင်လက်နက်ကိုင်တပ်များသည် ပျောက်ကြားစစ်တွင် ပိုမိုကျွမ်းကျင်မှုရှိပြီး နယ်မြေခံလူထု၏ ထောက်ခံမှု ပိုမိုရခြင်းကြောင့် ပျောက်ကြားစစ်တွင် အသာရလေ့ရှိသည်။

KNLA သည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၆ဝ ကျော် လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သည်။

0 comments:

Post a Comment