ဘုရားသုံးဆူမြို့အနီး ပေါက်ကွဲမှု ဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေး လက်ပစ်ဗုံးတစ်လုံးလည်း တွေ့ရ

ကောင်းဝါ သတင်းဌာန မှ........

ယနေ့နံနက် (၀၃း၃၀) ခန့်အချိန်၌ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ အနီးတွင် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည့်အပြင် မြေစာရင်းရုံးရှေ့တွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း အမည်မဖေါ်လိုသူ ဝန်ထမ်းတစ်ဦး ပြောသည်။

ထိုပေါက်ကွဲသံကို ထိုင်းနယ်မြေရှိ ဘုရားသုံးဆူရွာ၊ ဘုရားကုန်းရပ်ကွက်နေ ရွာခံများလည်း ကြားသိရကြောင်း အတည်ပြုပြောကြားသည်။
“အသံအကျယ်ကြီး ကြားရပါတယ်၊ လက်နက်ကြီး အသံလား၊ မိုင်းဗုံးသံလားတော့ မပြောတတ်ဘူး” ဟု ရွာခံတစ်ဦး ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် ထိခိုက်မှုသတင်းများ မကြားသိရသေးပေ။

အဆိုပါ ပေါက်ကွဲမှုမှာ ဘုရားသုံးဆူမြို့အပြင် မဲကသာသို့ သွားသည့်လမ်း ဒီကေဘီအေ စောအေဝမ်းဂိတ် အနီးရှိ ရာဘာခြံတစ်ခုတွင် မိုင်းဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်ကို စုံစမ်းသိရှိရကြောင်း တပ်မဟာ (၆) ကေအဲန်ယူ ထောက်လှန်းရေး အရာရှိတစ်ဦး ပြောသည်။

ထို့အပြင် “မြေစာရင်းရုံးကို လက်ပစ်ဗုံး ပစ်ထည့် လိုက်တယ်လို့ ယူဆရတယ်၊ ဗုံးကမကွဲဘူး၊ အထိအခိုက် မရှိ” ဟု ဘုရားသုံးဆူမြို့မှ ရဲဝန်ထမ်းတစ်ဦး သုံးသပ်ပြောဆိုပါသည်။လွန်ခဲ့သည့် ကြာသပတေးနေ့တွင်လည်း ဘုရားသုံးဆူမြို့၊ မီးအားပေး ထရန်စဖေါ်မာ တစ်လုံးအောက်တွင် လက်လုပ်ဗုံးတစ်လုံး မြန်မာအာဏာပိုင်များ တွေ့ရှိသိမ်းဆည်း ခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

ပုံမှန်အားဖြင့် ဘုရားသုံးဆူဒေသ၌ ဗုံးတွေရှိမှု၊ ဗုံးဖေါက်ခွဲမှု ပြဿနာများ သုံးလတစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း သတင်း မှတ်တမ်းများ ရှိခဲ့သော်လည်း ယခုတွင် တစ်ရက်ခြား၍ ဗုံးတွေ့ရှိမှု ဖြစ်ပေါ်ခဲ့သည်။

ဘုရားသုံးဆူ၌ ခလရ (၃၂) တပ်ရင်း၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ဒီကေဘီအေ၊ အပစ်ရပ် ကရင်ငြိမ်းချမ်းရေး (ဟောင်သရော ဒေသ) KPF, KNU/KNLA-PC ဗိုလ်ထိန်မောင်အဖွဲ့၊ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရကို တိုက်ခိုက်နေဆဲ ဖြစ်သည့် KNU တပ်မဟာ ၆ လှုပ်ရှားရာဒေသလည်း ဖြစ်သည်။

ဘရားသုံးဆူဒေသရှိ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး ပြုလုပ်သွားရန် စစ်အစိုးရမှ အစီအစဉ် ချမှတ်နေသော်လည်း လက်တွေ့အကောင်အထည် မဖေါ်နိုင်သေးဟု သိရသည်။

0 comments:

Post a Comment