မောရဝတီ ရေတပ်စခန်းမှ လယ်မြေဧက (၁ဝဝ) ကို တပ်ပိုင်အဖြစ် သိမ်းဆည်း

လက်နက်အားကိုးပြီး လူထုတွေကို နည်းမျိုးစုံပြသနာရှာ အနိုင်ကျင့်နေတဲ့ သန်းရွှေ ရဲ့ ဒူးမနာသားတွေ မြန်မြန်ကောင်းရာသုဂတိလားပါစေ........

ကောင်းဝါသတင်း မှ..........
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာ အခြေစိုက် မောရဝတီရေ တပ်စခန်းမှ ရွာသားများပိုင် လယ်မြေဧက (၁ဝဝ) ကျော်ကို တပ်စိုက်ပျိုးမြေအဖြစ် ယခုရက်ပိုင်းအတွင်း အတင်းအဓမ္မ သိမ်းဆည်းခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။

အဆိုပါ တပ်ပိုင်လယ်ယာမြေသိမ်းရာတွင် နေပြည်တော်မှ ညွှန်ကြားချက်အရ သိမ်းဆည်းခဲ့သည်ဟု ဆို၏။

ဤကဲ့သို့ လယ်ယာမြေများကို မတရား သိမ်းဆည်းခဲ့သော်လည်း လျော်ကြေး ပေးခြင်း မရှိဟု ဒေသခံ တစ်ဦးမှ ကောင်းဝါ သတင်းဌာနကို အောက်ပါအတိုင်း ပြောဆိုခဲ့ပါသည်။

“တပ်အနေနဲ့ လျော်ကြေး မပေးဘူး။ ကျေးရွာက ငွေကြေး ကောက်ခံပြီးတော့ သူတို့ ယူလိုက်တဲ့ လယ်ပိုင်ရှင်တွေကို ပြန်ပြီး တစ်ဧကကို(၅) သိန်းနဲ့ ပြန်ပေးမယ်ဆိုပြီးတော့ ရွာကို အစည်းအဝေးပွဲ ခေါ်တယ်ပေါ့။ အခုလောလောဆယ်ဆယ် မပေးရ သေးဘူး။ ရွာသားတွေဆီကနေပြီးတော့ ပြန်ကောက်ဖို့ အမိန့်ထုတ်ထားတယ်ပေါ့။ အဲလယ်သမားတွေ အနေနဲ့ကတော့ လောလော ဆယ်ဆယ် သူတို့က ကြောက်တာ တစ်ခုထဲ သိတယ်။ သူတို့ကို မေးလိုက်တဲ့ အခါမှာ ဘာမှ ပြန်မပြော ချင်ဘူးပေါ့နော်။ ဒီသူတို့ ပစ္စည်းဆုံးရှုံးတဲ့အတွက် သူတို့ မကျေနပ်ဘူးပေါ့။ သူတို့ တစ်ခုခု ကြောက်နေပုံရတယ်။”

ယခုလို လယ်ယာမြေ သိမ်းဆည်းခံရသည့်အပေါ် မည်သူ့ ကိုတိုင် ကြားရမည် မသိဟု လယ်မြေ အသိမ်းဆည်းခံရသူ လယ်သမား တစ်ဦးမှ ပြောပါသည်။

“အရင်ကဆိုရင် မွန်ပြည်သစ်ပါတီကိုတိုင်ရင် သူတို့ အနေနဲ့ အထက်ကို တင်ပေးတိုင်ကြားပေးနိုင်သေးတယ်။ အခုတော့ ပါတီနဲ့ အစိုးရတို့ ပြေလည်မှု မရှိတော့ ကျွန်တော်တို့ ဘယ်သူ့ကိုတိုင် ရမလဲဆိုတာ စဉ်းစားလို့ မရဘူး။ ကိုယ့်ဘိုးဘွားပိုင်မြေ ဆိုတော့ နှစ်မြောတာပေါ့ဗျာ။”
ကျွဲသုံးညီမကျေးရွာတွင် အခြေချထားသည့် ရေတပ်သည် ကျေးရွာသားများအပေါ် အမြဲတမ်းလိုလို ဖိနှိပ်အနိုင်ကျင့်ခြင်း ပြုလုပ်နေသည်ဟုလည်း ရွာသားများမှ ပြောပါသည်။ ရွာအပြင် ထွက်ရန်အတွက် စစ်တပ်မှ ထောက်ခံစာယူရပြီး တစ်စောင်လျှင် ကျပ် (၃ဝဝ) မှ (၇ဝဝ) အထိ ပေးဆောင်နေ ကြရသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် (၂ဝဝဝ) ပြည့်နှစ်မှ ယနေ့အထိ ပြည်သူများ၏ လယ်ယာခြံမြေဧကပေါင်း တစ်သောင်း ကျော်ကို တပ်ပိုင်မြေအတွက်သော်၎င်း ဂက်ပိုက်လိုင်း လုပ်ဆောင်ရန်အတွက်သော်၎င်း စစ်တပ်မှ သိမ်းပိုက်ခဲ့ပြီးကြောင်း စစ်တမ်း ကောက်ယူထားသည့် မွန်ပြည် လူ့အခွင့်အရေး ဖေါင်ဒေးရှင်း၏ ဒါရိုက်တာ နိုင်ကဆော့မွန်မှ ပြောပါသည်။

မြန်မာတပ်မတော်တွင် စစ်အင်အားသာ တိုးချဲ့လာသော်လည်း စစ်တပ်အတွင်း လုံလောက်သော ဘတ်ဂျက်ငွေ မရှိတဲ့ အတွက် ယခုလို ပြည်သူများ၏ ခြံမြေများကို သိမ်းယူပြီး တပ်တွင်း ရန်ပုံငွေ ဖူလုံရေးအတွက် လုပ်ဆောင်နေရသည်ဟု နိုင်ကဆော့မွန်မှ ပြောပါသည်။

0 comments:

Post a Comment