မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး

(ခေတ်ပြိုင် မှ)
စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများအပါအ၀င် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မတ် (၂၄) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးပိတ် အစည်းအဝေးတရပ် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးကို မစ္စတာဘန်ကီမွန်းနှင့် မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့တို့ အစည်းအဝေးမတိုင်မီ တရက်စောပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ မတ်ဂရန့်က မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေသစ်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီအဖွဲ့ဝင် အတော်များများက စိုးရိမ်မကင်းဖြစ်ကြသည်ဟု ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ရွေးကောက်ပွဲဥပဒေများသည် နိုင်ငံတကာအသိုင်းအ၀ိုင်းက မျှော်လင့်ထားသည့် လွတ်လပ်တရားမျှတသည့် ဖြစ်စဉ်များနှင့် ကင်းကွာနေပြီး ယခင်လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်း ဖြစ်ပေါ်လာခြင်းမရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခင် ထုတ်ပြန်ချက်များတွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန်နှင့် အခြေအနေကောင်းများ ဖန်တီးပေးရန် တောင်းဆိုတင်ပြခဲ့သည်။

ယခု မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နအဖစစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘောင်းဒေါင်ကမူ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတခုဖြစ်ပြီး မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ရွေးကောက်ပွဲကိစ္စသည် သူ့နိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသည့်နိုင်ငံတခုအတွက် ရွေးကောက်ပွဲကျင်းပခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း၊ သို့သော် ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီရေး လုပ်ငန်းစဉ်များတွင် အလွန်အရေးကြီးသည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အပြုသဘောဖြင့် ကူညီသွားကြရန် အလွန်အရေးကြီးကြောင်း မစ္စတာ လီဘောင်းဒေါင်က ပြောကြားသွားသည်။

ထိုသို့ တရုတ်သံအမတ်ကြီး၏ ပြောဆိုချက်ကို ဗြိတိန်သံအမတ်ကြီးက “ကျနော်တို့ သဘောမတူပါဘူး။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တရားဝင်ဆွေးနွေးရေး အစီအစဉ်မှာ သတ်မှတ်ထားပါတယ်” ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရ ယခုထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်စေမည် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို နည်းအမျိုးမျိုးဖြင့် ရွေးကောက်ပွဲတွင် မှတ်ပုံမတင်နိုင်ရန် ရေးဆွဲထားသည်ဟုလည်း မစ္စတာ မတ်ဂရန့်က ပြောဆိုလိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြောင့် ဖြစ်လာမည့် မတည်ငြိမ်မှုများဖြစ်လာပါက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးခြိမ်ခြောက်မှုတခု ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက ပြောကြားသွားကြောင်း သိရသည်။

၂၀၀၉ ခုနှစ် သြဂုတ်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးကို နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ပြီးနောက်ပိုင်း ယခုပထမဆုံးအကြိမ် ပြန်လည်ဆွေးနွေးခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်လျှောက်ထားချက်ကို ဗဟိုတရားရုံးက ငြင်းပယ်သည့်ကိစ္စ၊ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ အစီရင်ခံစာပါ လူ့အခွင့်အရေးအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မတ် (၂၅) ရက်တွင်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် အစည်းအဝေးပြုလုပ်ရန် ရှိကြောင်းသိရသည်။

မြန်မာ့မိတ်ဆွေများအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြသည်။

0 comments:

Post a Comment