ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ်ပယ်ချ

သျှမ်းသံတော်ဆင့် သတင်းမှ
ယမန်နေ့က နအဖ ကိုယ်စားလှယ်ဖြစ်သည့် ဂျီဝမ်းများ နှင့် ၀ ခေါင်းဆောင်တို့ ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံခဲ့ ရာ ‘ BGF ရာနှုန်းပြည့်လက်ခံရမယ်လို့ တဘက်သတ်ပြောတယ်ဆိုတော့ ကျနော်တို့ တောင်းဆိုချက်ကို လုံးဝ ပယ်ချတဲ့သဘော’- ဟု အမည်မဖေါ်လိုသည့် ၀ တပ်မှူးတဦးကပြောပါသည်။

ဧပြီ ၉ ရက် မနက် ၈း၃၀ မှ ၁၀း၀၀ နာရီအထိ တြိဂံတိုင်းဂျီဝမ်း (ဦးစီးအရာရှိ ပထမတန်း စစ်ဖက်ရေးရာလုံခြုံရေး ဌာန) ဒုဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ လားရှိုးရှိ ရပခ ဂျီဝမ်း နှင့် တန့်ယန်းအခြေစိုက် အမှတ် ၃ အခြေချစစ်ဗျူဟာ တို့အဖွဲ့ အား ပန်ဆန်းမှ ၀ ဒု ဥက္ကဌ (၁) ဦးဆောင်သည့် အင်အား ၁၀ ယောက်ပါအဖွဲ့က ပန်ဆန်း ၀ ဌာနချုပ် ၌ လက်ခံတွေ့ဆုံခဲ့သည်ဟု ကြားသိရပါသည်။
“ခင်ဗျားတို့ တောင်းဆိုအချက်အသစ်တွေကို လက်မခံနိုင်ဘူးလို့တော့ တိုက်ရိုက်မပြောဘူး၊ ခင်ဗျားတို့ BGF လက်ခံရင် အခြားဟာတွေ ဘာမှထည့်ပြောဖို့မလိုတော့ဘူး၊ ၀ ပုလိပ်ကိစ္စတို့၊ အုပ်ချုပ်ရေးယန္တရားအဖွဲ့တို့ ထည့်မပြောနဲ့၊ နယ်မြေ ကိစ္စလဲဖွဲ့စည်းပုံက ၆ မြို့နယ်ပေးထားပြီးပြီ၊ မိုင်းပေါက်ဒေသက မိုင်းယန်းမြို့နယ် အတွင်း မှာ နဂိုကတည်းကပါပြီးသား”- ဟု နအဖ အဆင့်မြင့်ကိုယ်စားလှယ်များကပြောကြားသည်ဟု ခိုင်လုံသည့် ပန်ဆန်းသတင်း ကဆို၏။

ဝ တို့၏ တောင်းဆိုချက် အသစ် ၈ ချက်အား နအဖ အဆင့်မြင့်ကိုယ်စားလှယ် စကားလုံးအသုံးအနှုန်းများက တခွန်းတပါဒမှ မပါ မထိမိသော်လည်း -
၁။ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးအတွက် ၆ မြို့နယ် သတ်မှတ်ပေးထားပြီး ဖြစ်သောကြောင့် မိုင်းပေါက် နှင့် မိုင်းဖျဲန်ဒေသအား ၀ နယ်မြေအတွင်းသတ်မှတ်ဖို့ရန် မဖြစ်နိုင်ကြောင်း၊ ဖွဲစည်းပုံအရ မိုင်းယန်းမြို့ အတွင်း နဂိုကတည်းက ပါရှိထားပြီးဖြစ်ကြောင်း၊
၂။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ လက်ခံလိုက်ပါက တခြားအကြောင်းကိစ္စများ ( ၀ တို့ ၏ ရဲတပ်ဖွဲ့ အုပ်ချုပ်ရေးယန္တရားအဖွဲ့အကြောင်း) ပြောစရာ မလိုတော့ကြောင်း၊ နအဖ ချထားသည့်အသွင်ပြောင်းရေးလမ်းကြောင်း အတိုင်းသာ သွားရမည်ဖြစ်ကြောင်း၊
၃။ ၀ နယ် အတွင်းစီးပွားရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းရှင် နိုင်ငံခြားသားများ အတွက်လည်း ထည့်ပြောရန်မလို ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၀ တပ်ဖွဲ့ အသွင်ပြောင်းပြီးပါက နိုင်ငံတော်၏ မူအတိုင်း တသွေမတိမ်း ဆက်လက် လုပ်ကိုင်သွားရမည်ဟု နအဖ ကိုယ်စားလှယ်များကပြောကြောင်း - သျှမ်းသံတော်ဆင့် သို့ အဆိုပါပုဂ္ဂိုလ်က ပြောကြား၏။

နအဖ အဆင့်မြင့်ကိုယ်စားလှယ်ပြောကြားသည့်အချက်အပေါ် ၀ ဌာနချုပ် က တဖန်အစည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်ချက်ချ အကြောင်းပြန်မည်ဟု ဒု ဥက္ကဌ ရှောက်မင်လျှံက ပြန်လည်ပြောကြားခဲ့သည် ဆို၏။

ဝ တပ်ဖွဲ့၏ အဆိုပါ တောင်းဆိုချက်အသစ်က နအဖဆန္ဒကို အများအပြားလိုက်လျောထားသည် ဟုဆိုသော် လည်း ‘နအဖက လက်မခံဘဲ လုံးဝပယ်ချလိုက်သည်’ ဆိုသည့်အချက်ကမှန်ကန်ကြောင်း - သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်၊ ထိုင်းနယ် စပ်လုံခြုံရေး သတင်းရပ်ကွက်တို့က အသီးသီး အတည်ပြုပြောဆိုပါသည်။

တဘက်တွင်လည်း နအဖစစ်တပ်သည် သျှမ်းပြည်တပ်မတော် (အပစ်ရပ်မြောက်ပိုင်းတပ်ဖွဲ့) နယ်မြေ၊ တောင်ပိုင်း ၀ မြောက်ပိုင်း ၀ နယ်မြေ ၊ မိုင်းလားနယ်မြေ ဘက်သို့ အသွားလမ်းတလျှောက် စစ်ကြောင်းများ၊ လုံခြုံရေး လမ်းကင်းတဲများ အများအပြားတိုးချထားသည်ဟု နယ်စပ်ဒေသ ခရီးသွားလာသူတဦးက ပြောပါသည်။

0 comments:

Post a Comment