ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု သတင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်ထားသော X2O ရေကစားမဏ္ဍပ်၌ မွန်းလွဲပိုင်း (၃) နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ကာ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၃၀) ဦး၊ စုစုပေါင်း (၉၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း (၁၅-၄-၂၀၁၀) (၁၇း၀၀) ချိန်ခန့်တွင် စစ်ဖက် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရေကစားမဏ္ဍပ်မှာ အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြတဲ့ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရသည်ဟုလည်း နအဖ စစ်အစိုးရ သတင်းဌာနက ဖေါ်ပြ ထားပါတယ်။ အဖျက်အမှောက်သမားများဟာ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေကြစဉ် ယခုကဲ့သို့ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြခြင်းမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်ခြင်းသည် အများပြည်သူအား စော်ကားခြင်း ဖြစ်ကြောင်း၊ ဗုံပေါက်ကွဲမှုနှင့် ပတ်သတ်၍ သတင်းကြားသိသူ ပြည်သူများက မြန်မာတမျိုးသားလုံး တန်ဖိုးထား ပျော်ရွှင်ကြသည့် ရိုး ရာသင်္ကြန်ပွဲတော်တွင် ယခုကဲ့သို့ ဖေါက်ခွဲမှု ပြုလုပ်ခြင်းအား အထူးစက်ဆုပ် ရွံရှာ မုန်းတီးလျှက်ရှိကြောင်း ဟုလည်း နအဖ က ဖေါ်ပြထားပါတယ်။

နအဖ စစ်အစိုးရ အနေနဲ့ အဖျက်အမှောက်သမားများအားဖမ်းဆီးရမိရေး တာဝန်ရှိသူများက ကြိုးပမ်းရှာဖွေဖေါ်ထုတ်လျှက်ရှိသည်ဟု ဖေါ်ပြထားသော်လည်း ယခုအချိန်ထိ မည်သူမည်ဝါ ဆိုတာ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပြည်တွင်းရှိ မျိုးချစ် တပ်မတော်သားများက ဗုံးခွဲ သူများကို အကြမ်းဖက်သမားများအဖြစ် ရှုံ့ချထားပြီး နအဖ ကိုလည်း ပြစ်တင် ဝေဖန် ထားကြောင်း၊ အမှန်တကယ် ကန်တော်ကြီး ၀န်းကျင် ကရ၀ိတ် အနီးတ၀ိုက်တွင် ယခင်အခါက လှေသဘင် ပွဲတော်များ ကျင်းပခဲ့ရာ နေရာမို့ လုံခြုံရေးတင်းကြပ်ခဲ့တဲ့ နေရာ ဖြစ်သလို ယခုအခါ ရွှေတိဂုံဘုရား သွေးဆေးကန် တ၀ိုက် လုံခြုံရေးတပ်များ ရှိလျက်နှင့် ဗုံးပေါက်ကွဲမှု မဖြစ်သင့်ကြောင်း၊ ယခု ရန်ကုန်တိုင်း လုံခြုံရေးကို   တာဝန် ယူထားတဲ့ ပြည်ထဲရေး နဲ့ ရဲသတင်း အထူးတပ်ဖွဲ့မှာလည်း အပြင်စည်း အဝေးစည်း လုံခြုံရေးကွန်ယက်ပေါက်ပြဲနေမှုနဲ့ စီးပွားရေး အကြံအဖန်လုပ်ဖို့သာ စိတ်ကူးနေကြောင်း၊ ရန်ကုန်မြို့ ဗုံးပေါက်ကွဲတိုင်း ဗုံးခွဲတရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသည်မှာ ယခင် ရန်ကုန်တိုင်း တိုင်းမှူး လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ က အစ တာဝန်ပျက်ကွက်ပေါ့ဆမှုတွေ ရှိနေကြောင်း၊ တာဝန် ရှိသူများအား ထိရောက်စွာ အရေးယူမှုများ မလုပ်နိုင်ခဲ့ကြောင်း သုံးသပ်တင်ပြလာပါတယ်။
စည်းလုံးခြင်းရဲ့အင်အားမှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment