နယ်ခြားစောင့်တပ်မှ ပြည်သူပိုင်ပစ္စည်း မတရားဖျက်ဆီး၍ ခေါင်းရှောင်

သတင်း - ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အခြေစိုက်ထားသော နယ်ခြားစောင့်တပ်သည် ရွာသားပိုင် မော်တော်ဆိုင်ကယ်အား မတရား အသုံးပြု ဖျက်ဆီးခဲ့ပြီး ယေါ်ကျေးမပေးဘဲ ခေါင်းရှောင်နေသည်ဟု ရွာသားများက ပြောသည်။

နယ်ခြားစောင့်တပ်သားတဦးမှ မိုဆိုကျေးရွာသားပိုင်ဆိုင်သော ဆိုင်ကယ်အား အတင်းအဓ္ဓမယူစီး၍ ပျက်ဆီးခဲ့ခြင်းဖြစ်သည်။

"သူတို့(နယ်ခြားစောင့်တပ်)အဖွဲ့ထဲကတစ်ဦးက သူ့(ဆိုင်ကယ်ပိုင်ရှင်)ဆိုင်ကယ်ကို အတင်းတောင်းပြီးဖရူဆိုဆင်းသွားတယ်လေ။ ပြန်လာတယ်။ ဆိုင်ကယ်ဒူးကာတွေ ဆိုင်ကယ်ခေါင်းတွေကွဲကုန်တယ်။ အယော်ပြန်တောင်းတယ်။ ဒါပေမဲ့အခုထိထိတော့မပေးသေးဘူး။ ၂ရက်အတွင်း ပြန်ပြင် ပေးမယ် ပြောတယ်။ အခု ၁ လကျော်သွားပြီ။ ပြန်မပြင်ပေးသေးဘူး။ လုပ်ပျက်တဲ့တစ်ယောက်လည်းထွက်ပြေးသွားပြီ။ သူတို့အကြီးတွေလည်း သူတို့နဲ့မဆိုင်သလို ပဲနေလိုက်တယ်။ ဆိုင်ကယ်ယိုးဒယားဟာဆိုတော့ဈေးကြီးကြီးနဲ့ပေးဝယ်ရတယ်လေ။"ဟု အဖြစ်ပျက်အားမြင်တွေ့ ထားသော ရွာသားတဦးကပြောပြသည်။

အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတအဖွဲ့မှ အင်အား ၇၀၀ခန့်ဖြင့် ပြီးခဲ့သည့် ၂၀၀၉နိုဝင်ဘာလ ၈ရက်နေ့တွင် မြန်မာစစ်အစိုးရမှချမှတ်ပေးထားသော နယ်ခြားစောင့်တပ်အဖြစ်သဘောတူလက်ခံခဲ့ကြသည်။ ကရင်နီပြည်တွင် နယ်ခြားစောင့်တပ်အမှတ် ၁၀၀၄အား မယ်စဲ့မြို့နယ် ပန်တုန်းကျေးရွာအနီးတွင်အခြေစိုက်ထားစေပြီး၊ အမှတ် ၁၀၀၅အား ရွာသစ်မြို့အနီးရှိ ပန်ဆန်းလဲ စခန်းတွင်အခြေစိုက်လျက်ရှိသည်။

မိုဆိုကျေးရွာအနီးအခြေစိုက်ထားသော နယ်ခြားစောင့်တပ်များသည် အမှတ် ၁၀၀၅မှအဖွဲ့ခွဲများဖြစ်သည်။ ၎င်းတို့သည် မိုဆိုကျေးရွာမှ ရွာသားများ ပိုင်ဆိုင်သော ပစ္စည်းများကိုပိုင်ရှင်ဆန္ဒမပါဘဲအသုံးပြုနေကြသည့်အပြင် ဈေးဆိုင်များ၌ယူထားသည့် အကျွေးများကိုလဲ မပေးဘဲနေလျက် ရှိသည်ဟု ဖရူဆိုမြို့မှဆိုင်ရှင်တဦးကပြောသည်။

0 comments:

Post a Comment