စစ်ရေးတင်းမာမှုကြောင့် အပစ်ရပ် SSA တပ်ဖွဲ့များ မိုင်းရှုးမှထွက်ခွာ

သျှမ်းသံတော်ဆင့် မှ...

မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်အသွင်ပြောင်း ဖွဲ့စည်းရေး လက်မခံသေးသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော်(SSA) လက် အောက်ခံ တပ်မဟာ ၁ တပ်ဖွဲ့ တို့ကြား လတ်တလော စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသောကြောင့် မေလဆန်းပိုင်းမှစ၍ တပ်မဟာ ၁ တပ်ဖွဲ့များ မိုင်းရှုးမြို့နယ် ကျောက်တွင်းများမှ ထွက်ခွာနေသည်။

ပုဂ္ဂလိကကျောက်တူးကုမ္ပဏီများအတွက် အခကြေးငွေဖြင့် လုံခြုံရေးယူနေသော တပ်မဟာ ၁ အဖွဲ့များ သျှမ်းပြည်(တောင် ပိုင်း)မိုင်းရှုးမြို့နယ် ကျောက်တွင်းများမှ ပြန်လည်ထွက်ခွာသွားရာ ကျောက်တွင်းများတွင်စိုးရိမ်မှုအရှိန်မြင့်တက် နေ ကြောင်း မိုင်းရှုးမြို့ရှိ ကျောက်ကုမ္ပဏီဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီတစ်ပတ်အတွင်း အခြေအနေက တော်တော်ကိုတင်းမာလာတယ် ကျောက်တွင်းတွေမှာ လုံခြုံရေးယူထားတဲ့ သျှမ်းအဖွဲ့ တွေ ပြန်ရုပ်သွားပြီ မိုင်းရှုးကနေ ၁၈ မိုင်လောက်ဝေးတဲ့နေရာမှာ သျှမ်းတပ်ဖွဲ့စခန်းတစ်ခုရှိတယ် အဲဒီစခန်းမှာလည်း ရုံး အစောင့်ပဲထားတော့တယ် အားလုံးတောထဲပြန်ဝင်သွားတဲ့ သဘောရှိတယ် ” ဟု သူက ပြောသည်။

အပစ်ရပ်အက်အက်အေ တပ်မဟာ ၁ ဋ္ဌာနချုပ်ရှိရာ ၀မ်ဟိုင်းဒေသအနီးသို့ မြန်မာစစ်တပ်များ ချဉ်းကပ်နေရာယူထားပြီး စ၀်ယွက်ဆစ် ခေါင်းဆောင်သည့် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အဖွဲ့များလည်း အဆိုပါဒေသသို့ ထိုးဖေါက်ရောက်ရှိ နေကြောင်း သိရသည်။

“သျှမ်းတပ်ဖွဲ့တွေကို လုံခြုံရေးယူဖို့ငှားတာက ကုမ္ပဏီတွေက လစာပေးပြီးငှားတာပေါ့ သူတို့ရှိတော့ ကျောက်ခိုးတာတို့ ဗမာပြည်ကလာတဲ့ အလုပ်သမားတွေကို ထိန်းရတာပိုပြီး အဆင်ပြေတာပေါ့” ဟု သူက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ဘဏ္ဍာငွေကြေး အကြပ်အတည်း ကာလမှစ၍ မိုင်းရှုးကျောက်ဈေးကွက် ယိုင်နဲ့ နေပြီး စစ်တပ်နှင့်ဆက်နွယ်သည့် ကြံ့ဖွံ့ သျှမ်းရိုးမ စီးပွားရေးဦးပိုင်လိမိတက် စသည့်ကျောက်တူး ကုမ္ပဏီများမှလွဲ၍ ကျန် ပုဂ္ဂလိကကုမ္ပဏီအများအပြား လုပ်ငန်းရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် သျှမ်းပြည်(မြောက်ပိုင်း) ကိုးကန့်အထူးဒေသ (၁) တပ်ဖွဲ့တို့ စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်းကိုးကန့် နှင့် ၀ ကျောက်ကုမ္ပဏီများလည်း လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ယခုစစ်ရေးတင်းမာလာချိန်တွင် မိုင်းရူးကျောက်နယ်မြေ အတွင်း ပိုမို ခြောက်ကပ်လာသည်ဟု သိရသည်။

ဧပြီလကုန်ပိုင်းက စိန်ကျော့အခြေဆိုက် ဦးလွယ်မောဝ်းဦးဆောင်သည့် အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ မြန်မာစစ်တပ်၏ ပြည်သူ့စစ်အသွင်ပြောင်းဖွဲ့စည်းရေးကို လက်ခံခဲ့သော်လည်း လက်နက်ကိုင်အင်အားတောင့်တင်းသည့် ၀မ်ဟိုင်းအခြေဆိုက် ဗိုလ်ချုပ်ပန်ဖ ဦးစီးသည့် တပ်မဟာ ၁ အဖွဲ့မှာမူ ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

0 comments:

Post a Comment