ရွေးကောက်ပွဲ မတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူရန် ပြည်သူ့စစ် ၃ ဖွဲ့ ညွှန်ကြားခံရ

ကချင်သတင်းမှ................

စစ်အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက ၎င်းတို့ သစ္စာခံ နာမည်ဆိုးနှင့် ကျော်ကြားသော မူးယစ်ရာဇာ ပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးအား နိုဝင်ဘာ ၇ ရွေးကောက်ပွဲ မတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ၎င်းတို့အား အစိုးရ အပြောင်းအလဲ မလုပ်ခင် မုးယစ်ဆေးဝါး စီးပွားရေး အမြန်လုပ်ယူကြရန် ထိုစဉ်က အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်မှ အကြံပေးခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးနဲ (Tamungnye) ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်ဂွယ်တ၊ ကွတ်ခိုင်မြို့နယ် ရှော်ဟော-လုံထန် (Shauhaw-Lunghtan) ပြည်သူ့စစ် ခေါင်းဆောင် ဦးယန်လင်နှင့် နမ့်ခမ်းမြို့နယ် ပန်ဆဲ (Panse) ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် တို့အား တိုင်းမှူးက ဆင့်ခေါ်၍ ညွှန်ကြားခြင်း ဖြစ်သည်။

၎င်းပြည်သူ့စစ် တပ်ဖွဲ့များသည် ခွဲ-ကချင်ပြည်နယ် (Kachin Sub-state)၊ စစ်အစိုးအရအခေါ် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အခြေစိုက်ထားသည့် အဖွဲ့များလည်း ဖြစ်ပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့မှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး ၎င်းတို့အား မြန်မာစစ်အစိုးရမှ ရှမ်းပြည်မြောက်ပိုင်း ကချင်နှင့် ရှမ်း လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ ချေမှုန်းရာတွင် အသုံးချနေသည်မှာ ယခုအနှစ် (၂၀) ခန့် ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံများ ပြောသည်။

အတုန့်အလှည့် အခွင့်အရေးအားဖြင့် ပြည်သူ့စစ်များအား မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ ကုန်ကူး၊ ရောင်း-၀ယ် ဖေါက်ကားခြင်းနှင့် အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စစ်အစိုးရမှ နားလည်မှု ပေးထားကြောင်း ဒေသခံမူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူများ ပြောသည်။

ပြည်သှု့စစ်ခေါင်းဆောင် ၃ ဦးကို တိုင်းမှူးက “အစိုးရ အပြောင်းအလဲ မကြာမီ ဖြစ်လာတော့မယ်။ အဲဒါကြောင့် အရင်ကလို ငါတို့ စစ်တပ်က နှင်တို့ကို ကာကွယ်ပေးဖို့ လွယ်မယ် မလွယ်ဘူး ဆိုတာ မသိဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးကို အစိုးရ အပြောင်းအလဲ မတိုင်ခင် မြန်မြန်လုပ်ကြ” ဟု ညွှန်ကြား ကြောင်း ၎င်းတို့နှင့် နီးစပ်သူများ ပြောပါသည်။

ယခုလို ညွှန်ကြားခဲ့ပြီး နောက်လ သြဂုတ်၌ စစ်အစိုးရအတွင်း စစ်တပ်ရာထူး အပြောင်းအလဲ ပေါ်ပေါက်ကာ ဗိုလ်ချုပ် အောင်သန်းထွဋ်မှာ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)–၂ မှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။

အဓိက ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာမနှင့် အခြားစိတ်ကြွဆေးပြား အမျိုးမျိုးကို ပြည်သူ့စစ်များ ၎င်းတို့ ထိန်းချုပ်ရာ ဒေသမှ ထုတ်လုပ်နေခြင်း ဖြစ်သည်။

ထိုအဖွဲ့ ၃ ဖွဲ့မှ မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာတန်ဆာပလာများကို စစ်အစိုးရ အာဏာပိုင်များ တွေ့ရှိလျှင်လည်း သိမ်းဆည်းအရေးယူခြင်း မရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများ ပြောသည်။

ယင်းမူးယစ်ဆေးဝါးများကို အဓိက ရှမ်းပြည်နယ်တ၀န်း၊ ကချင်ပြည်နယ်နှင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံသို့ ဖြန့်ဖြူးနေကြောင်း သိရသည်။

ယခင်နှင့်မတူ ယခုနှစ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားခြင်းများကို ရှမ်းပြည်မြောက်ပိုင်းတွင် ပို၍ လွတ်လွတ်လပ်လပ် ပြုလုပ်လာနိုင်သည်ကို မြင်တွေ့နေရကြောင်း ဒေသခံလေ့လာသူများ ပြောသည်။

တစ်ချိန်ထဲမှာပဲ ဦးယန်ဂွယ်တသည် စစ်အစိုးရ၏ ကြံ့ဖွတ်ပါတီ (USDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မှ ၀င်ပြိုင်ရန်နှင့် ဦးကျော်မြင့်မှာလည်း USDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နမ့်ခမ်းမှ ၀င်ပြိုင်ရန်ရှိသည်ဟု ၎င်းတို့ နှစ်ဦးနှင့် နီးစပ်သူများ ပြောသည်။

တာမိုးနဲ ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်ဂွယ်တသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှု ရှိကြောင်း သိရသည်။

နှစ်စဉ် ထိုပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့မှ နေပြည်တော် စစ်အစိုးရသို့ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ လဒ်ငွေပေးရသည့်အပြင် ယခင် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ကိုလည်း နှစ်တိုင်း လဒ်ငွေကျပ်သိန်း ၅၀၀ (US $526,316) အထက် ပေးခဲ့ရကြောင်း ၎င်းတို့အဖွဲ့နှင့် နီးစပ်သူများ ပြောသည်။

0 comments:

Post a Comment