၂၀၁၀ မြန်မာ့သတင်း အနှစ်ချုပ်

VOA သတင်းမှ.....

၂၀၁၀ ပြည့်ဟာ မြန်မာ့နိုင်ငံရေး မှာအရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပွါးခဲ့တဲ့ နှစ်တနှစ်ဖြစ်တယ်လို ဆိုရင်မှားမယ် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်အတွင်း လူအများ လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ ပါတီစုံရွေးကောက်ပွဲ ဆိုတာ မြင်တွေ့ခဲ့ရသလို မြန်မာ့နိုင်ငံရေးမှာ အချက်အခြာကျတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နှစ်ဦးတို့ဟာလဲ ဒီနှစ်အတွင်းမှာပဲ လွတ်မြောက်လာခဲ့ကြပါတယ်။၂၀၁၀ နှစ် အစောပိုင်းဖြစ်တဲ့ ဖေဖေါ်ဝါရီလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦး လွတ်မြောက်ခဲ့ပြီး နှစ်ကုန်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလမှာတော့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုနဲ့တင်ပဲ၂၀၁၀ ဟာ ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာ သိသာလောက်ပြီလို့ ဆိုရမှာပါ။
ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးကို ဒီနှစ်အတွင်း လွတ်ပေးမယ်ဆိုတဲ့ အကြောင်းကိုတော့ စစ်အစိုးရပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး က နှစ်ဆန်းပိုင်းကတည်းက ပြောခဲ့ပါတယ်။

ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးကို ဒီနှစ်အတွင်း လွတ်ပေးမယ်ဆိုတဲ့ အကြောင်းကိုတော့ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး က နှစ်ဆန်းပိုင်းကတည်းက ပြောခဲ့ပါတယ်။ တကယ်တော့လည်း စစ်အစိုးရအနေနဲူ့သူတို့ရဲ့ ဥပဒေအရကို ဆက်လက်ချုပ်နှောင်ထားစရာ မရှိတောတဲ့ အခြေအနေ ရောက်နေခဲ့တာပါ။
ဒါကြောင့်လည်း သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရမယ်ရှာ အမှုလုပ်ပြီး ထောင်ဒဏ်ပေးလိုက် ဗိုလ်ချုပ်မှူးကြီးကသက်ညှာတတယ်ဆိုပြီး နေအိမ်အကျယ်ချုပ် တနှစ်ခွဲဆက်ထားလိုက် လုပ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်သူတွေ ဥဒေပညာရှင်တွေ တညီတညွတ်တည်း ဆိုခဲ့ကြတာတွေ့ရ ပါတယ်။
ဦးတင်ဦး ကို ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ကလေးမြို့ အကျဉ်းထောင်ကတဆင့် ပုဒ်မ ၁၀ (က) နဲ့ နေအိမ်အကျယ်ချုပ်ချ တောက်လျှောက်ထားတာ ဖြစ်ပါတယ်။ သူတို့၂ ဦးကို ဆက်လက်ချုပ်နှောင်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့နိုင်ငံတကာ ရဲ့ဝေဖန် ရှုတ်ချ သံ တွေလဲ မိုးမွှန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ဖေဖေါ်ဝါရီလမှာဘဲ NLD ဒုတိယဥက္ကဌ ဦးတင်ဦးတယောက် နေအိမ်အကျယ်ချုပ်က ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။
“မတရားဘူးလို့ ခံစားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လုပ်တာကိုလည်း မတရားဘူး။ ကျနော်တို့နဲ့ ပတ်သက်လို့လည်း မတရားဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ဒီမိုကရေစီနဲ့ ဆောင်ရွက်နေသူမှန်သမျှ အားလုံးဝိုင်းဝန်ပြီးတော့ မူအရာလုပ်ကိုင်ဆောင်ရွက်နေသူတွေကို ဒီလို တားဆီးပိတ်ပင်ဆိုတာက ကျနော်တို့အနေနဲ့ ဘဝင်မကျဘူး။”
ဦးတင်ဦး လွတ်မြောက်လာခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အတွက် တအားတက်စရာ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရပြုလုပ်မဲ့ ရွေးကောက်ပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့သဘောထား၊ ရွှေဂုံတိုင် ကျေညာချက်တို့ကို ဆက်လက်ကိုင်စွဲသွားဖို့ ပြောဆိုပါတယ်။ ဦးတင်ဦးဟာ အခုအခါမှာ နေ့စဉ် ရုံးမတက်နိုင်ကြတော့တဲ့ စစ်ဗိုလ်ဟောင်း လူကြီးတွေထက် ပါတီဝင်ထု လူငယ်ထုနဲ့ နီးစပ်သူ အစေးကပ်သူ ဖြစ်တဲ့အပြင် အာဏာပိုင်တွေကို လဲ ဦးဝင်းတင်တို့ထက် ပိုပြီးလက်တွေ့ရင်ဆိုင်ဖို့ ကောင်းတဲ့ နောက်ကြောင်းရှိခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ပါတီဌာနချုပ်မှာ လုပ်လို့မရတဲ့ လူစုလူဝေးတွေ အခမ်းအနားတွေကို သူရဲ့နေအိမ်မှာပဲ ပေါ်ပေါ်ထင်ထင်ပြုလုပ်ခဲ့ပါတယ်။
ဦးတင်ဦးလွတ်မြောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ခံရတဲ့ကိစ္စကို ဥပဒေကြောင်းအရ ပြန်လည်ခုခံနေခဲ့ပါတယ်။

ဒီ ၂၀၁၀ နှစ်ဦးပိုင်းမှာဘဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr Gambari နေရာမှာ Mr Vijay Nambia ကို အစားထိုးဖို့ စီစဉ်လာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အရာရှိနောက်တဦးဖြစ်တဲ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခ Tomas Oje Kintana နှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြန်ပါတယ်။ ဒီတကြိမ် မြန်မာနိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုကျူးလွန်မှုတွေ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့
ပြစ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ဘို့ ကုလသမဂ္ဂကို အဆိုပြု
ခဲ့ပါတယ်။
“ကျနော်ရဲ့  နောက်ဆုံးအစီရင်ခံစာထဲမှာ အခြားအခြားသော လူ့အခွင့်အရေး စုံစမ်းရေးမှုးတွေ ရေးခဲ့ကြသလိုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေသော ပဋိပက္ခထဲမှာ ပါဝင်တဲ့ဘက်အားလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း မြောက်မြားစွာဖြစ်နေတယ်။ ဒါဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှု စစ်ရာဇဝတ်မှုကြီးဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ ဖြေကြားဖို့ တာဝန်ယူဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့မှာ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိနေပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိလာတဲ့ နိုင်ငံတကာဥပဒေက ဒီလိုပဲ ပြဌာန်းထားတာပါ။ ဒါကြောင့် ဒီကိစ္စဟာ မြန်မာစစ်အစိုးရအတွက် ကောင်းသလား၊ မကောင်းဘူးလား၊ မြန်မာပြည်သူတွေအတွက် ကောင်းသလား၊ မကောင်းဘူးလားဆိုတဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးအရ ပြဌာန်းထားတဲ့ မူပိုင်းဆိုင်ရာကိစ္စတရပ် ဖြစ်ပါတယ်။”
မစ္စတာကင်တားနား ထောက်ပြတဲ့အထဲမှာ အဓိကအားဖြင့် တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ်ရဲ့ လုပ်ရပ်တွေကို ညွှန်းဆိုထားတာပါ။ စစ်အစိုးရဟာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိင်းမှု တစုံတရာမရှိပဲ အပစ်ရပ်ဆိုင်းထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လက်နက်စွန့်ခိုင်းလို့ မရတဲ့အဆုံး နယ်ခြားစောင့်တပ်ဖွဲ့တွေ ပြည်သူ့စစ်တွေအဖြစ် အတင်းအသွင်ပြောင်းခိုင်းလာပါတော့တယ်။ ဒါဟာ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ခါတော်မီလုပ်လာတာလဲဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြည့်ဝတဲ့ဖယ်ဒရယ်ပြည်ထောင်စု ဖွဲစည်းရေးကိုလိုလားနေကြတာပါ။ စစ်အစိုးရက လုံးဝလိုလားတဲ့လက်ခံတဲ့ အရိပ်အရောင်မတွေ့ ရပါဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးကဆိုရင် ဖယ်ဒရယ်မူဆိုတာ ပြည်ထောင်စုဖြိုခွဲရေးမူသာ ဖြစ်တယ်လို့ စစ်သူနာပြု တက္ကသိုလ်ကျောင်းဆင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီနယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စကြောင့် အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား အခြေအနေ တင်းမာလာတာဟာလည်း ၂၀၁၀ ပြည့် မြန်မာ့နိုင်ငံရေးမှာ ထူးခြားမှုတရပ်ဖြစ်ပါတယ်။ အပြည့်ရပ်အဖွဲတွေအထဲကမှ စစ်အစိုးရနဲ့ ပုလဲနံပသင့်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီလို့ခေါ်တဲ့ KNLA ဗိုလ်ချုပ်ဌေးမောင်တို့အဖွဲ့၊ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ဟာ စစ်အစိုးရနဲ့ ရန်သူတွေဖြစ်ကုန်ကြပါတယ်။ တချို့နေရာတွေမှာဆို ထိပ်တိုက်ရင်ဆိုင်မှုတွေ အပြန်အလှန်ပစ်ခတ်မှုတွေတောင် ဖြစ်လာခဲ့ပါတယ်။

၂၀၁၀ မတ်လအတွင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို သပိတ်မှောက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာလိုက်ပါတယ်။
“ ကျနော်က လက်မခံနိုင်ဘူး။ လျှောက်လည်းဘယ်မှာ လမ်းသွားဆုံးမလဲ။ ဂိတ်ဆုံးမယ့်နေရာက ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးတော့ အောင်စည်ရွန်းမယ့်ဂိတ်မှာ သွားဆုံးမယ်။ ကျနော်က အဲဒါကို သွားနေမှာမဟုတ်ဘူး။ ကျနော်သွားနေမယ့်လမ်းမှာ စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော လူ့အခွင့်အရေး ပန်းတိုင်ကို ဦးတည်သွားနေတာ။ အဲဒါကို ကျနော်တို့ပြောနေတာ။ ကျနော်တို့ လျှောက်နေပါတယ်။ လမ်းကိုလျှောက်နေတယ်။ ဦးတည်ချက်ကို လျှောက်နေတယ်။ အခုနပြောတဲ့ သူတို့ရဲ့  ဟိုဒင်းတွေမဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကို လျှောက်နေတာ မဟုတ်ဘူး။ အခုလျှောက်နေတာ ပြည်သူနဲ့အတူ လျှောက်နိုင်အောင် ကြိုးစားနေပါတယ်။ ပြည်သူကို စည်းရုံးနေပါတယ်။ ပြည်သူကို လက်တွဲနေပါတယ်။ ပြည်သူနဲ့အတူ လျှောက်မယ့်လမ်းကတော့ ဘာလဲဆိုတော့ ဒီမိုကရေစီလမ်း၊ တွေ့ဆုံဆွေးနွေးသွားခြင်းအားဖြင့်၊ ငြိမ်းချမ်းသောအားဖြင့် ဖြေရှင်းသောလမ်း၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်တူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းမှုဆိုတဲ့ အခွင့်အရေးတွေရှိရေးဆိုတဲ့လမ်း၊ လူ့အခွင့်အရေးတွေ ပြည့်ဝတဲ့လမ်းကို ကျနော်တို့လျှောက်နေပါတယ်။ ဟိုလမ်းပေါ်မှာ လျှောက်မှမဟုတ်ပါဘူး။ ဟိုလမ်းက နေပြည်တော်လမ်းလို့ ကျယ်ပြန့်တဲ့လမ်း ဖြစ်ကောင်းဖြစ်မယ်။ ဒီရွေးကောက်ပွဲလမ်းဆိုတာ ကျနော်တို့လျှောက်နေတဲ့ လမ်းက နယ်ကလမ်းတွေလို ပျက်တဲ့လမ်းတွေ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ကျနော်ကတော့ ကျနော်တို့ ပန်းတိုင်နဲ့ ကျနော်တို့ ဦးတည်ချက်ရှိပါတယ်။ လမ်းမလျှောက်ဘဲ နေတာလည်း မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။”
ဒီဆုံးဖြတ်ချက်ကို ဘဝင်မကျ သူတချို့ ရှိခဲ့ပေမဲ့ ဒီမိုကရေစီအင်အားစု အများအပြားတို့က ထောက်ခံခဲ့ကြတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ကို နားလည်တဲ့စကားဆိုကြပါတယ်။
တဘက်မှာတော့ ရွေးကောက်ပွဲ ဝင်ဖို့လိုလားတဲ့ပါတီတွေ မှတ်ပုံတင်လာကြပါတယ်။ အထင်ရှားဆုံး ကတော့ အာဏာလက်ရှိစစ်အစိုးရကို ကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပဲဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်ပြီး စစ်ဗိုလ်ချုပ်ကြီးတွေ ဝန်ကြီး၊ ဝန်ကြီးတွေ အားလုံး အရပ်သားပါတီဝင်အမတ်လောင်းတွေဖြစ်ကုန်ကြပါတယ်။ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ယှဉ်ပြိုင်မှုမဖြစ်နိုင်တဲ့သဘော ပိုမိုပီပြင်လာပြီလို့ သုံးသပ်သူတွေက ပြောဆိုလာကြပါတယ်။
ရွေးကောက်ပွဲကို တနေ့နေ့ကျင်းပလာနိုးနဲ့ စောင့်စားနေကြချိန်မှာ ဂီရိ (Giri) ဆိုက်ကလုံး တိုက်ခတ်တဲ့အတွက် ရခိုင်ဒေသအထိနာခဲ့ရပါတယ်။ တနာရီ မိုင် (၁၀၅) နှုန်းတိုက်ခတ်သွားခဲ့တဲ့ ဒီမုန်တိုင်းကြောင် လူပေါင်း ၅၀ ခန့်သေဆုံးပြီး နှစ်သိန်းနီးပါး အိုးအိမ်ဆုံးရှုံးခဲ့ရပါတယ်။
နိုင်ငံရေးဘက်မှာတော့ အာဏာလက်ရှိ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ ကိုစိမ်ခေါ်နိုင်လောက်တဲ့ အတိုက်အခံပါတီ ဆိုလို့တပါတီမှ မပေါ်ထွန်း လာခဲ့ ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တချို့ က အမျိုးသားဒီမိုကရေစီအင်အားစုဆိုတဲ့ နာမည်ကိုခံယူပြီးမှတတ်ပုံတင်ခဲ့ပေမယ့် အင်အားကတော့ ကျန်ပါတီတွေလိုဘဲ ခပ်ယဲ့ယဲ့သာ ရှိခဲ့ပါတယ်။
ကြံ့ဖွံ့ကလွဲလို့ ကျန်ပါတီတွေဟာ လှုပ်ရှားစည်းရုံးရေးမှာ ကန့်သတ်မှုတွေ နိုင့်ထက်စီးနင်း ပြုလုပ်တာတွေ နဲ့ရင်ဆိုင်ရတဲ့အကြောင်း ညည်းတွားတိုင်တန်းသံတွေလဲ အမြောက်အများပေါ်ထွက် ခဲ့ပါတယ်။ အဲဒီအထဲမှာမှ တချို့ ဒေသမှာ ဌာနဆိုင်ရာတွေမှာ ကြိုတင်မဲထည့်ခိုင်းတယ်ဆိုပြီး ကြံ့ခိုင်ရေးအတွက် ထောက်ခံမဲတွေ အတင်းရယူသွားတဲ့ကိစ္စကတော့ အကျယ်လောင်ဆုံးပဲလို့ ဆိုရပါလိမ့်မယ်။
ဘာပဲပြောပြော ဒီရွေးကောက်ပွဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အမည်ခံစစ်အစိုးရ အနိုင်ယူမယ့် လိမ်ဆင်ကြီးသာ ဖြစ်တယ်လို့ ပြောဆိုသူတွေ အများကြီးပါ။
“ဒီရွေးကောက်ပွဲဟာ သူတို့လိမ်ညာမယ်ဆိုတာကို သိတယ်။ နောက်တခါ သူတို့ ယူနီဖောင်း ဝတ်ထားနေရာကနေ ယူနီဖောင်းချွတ်ပြီးတော့ ကြံ့ဖွံ့ဆိုတဲ့ပါတီကို ပြောင်းလိုက်တယ်။ ပြောင်းပြီးတော့ သူတို့ကိုယ်တိုင် သူတို့မဲကို သူတို့ထည့်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီမဲတွေက ကျနော်တို့ ထည့်စရာမလိုဘူး။ လုံးဝလက်မခံဘူးဆိုတာကို ကျနော်တို့ပြတာ။”
နိုဝင်ဘာ ရ ရက်နေ့မှာတော့ မြန်မာတနိုင်ငံလုံးလိုလို ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။ ပြည်ပသတင်းစာဆရာတွေကို ရွေးကောက်ပွဲအတွက် လာရောက်သတင်းယူခွင့် လုံးဝမပြုခဲ့အပြင် အဖြေထွက်ပြီးသား ရွေးကောက်ပွဲ ဖြစ်နေတဲ့အတွက်လည်း အုတ်အော်သောင်းနင်း မဟုတ်လှဘူးလို့ ဆိုရပါလိမ့်မယ်။
“ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့  ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ဖို့ဖြစ်တယ်။ ပြည်သူလူထုက အခုရွေးကောက်ပွဲမှာဝင်တဲ့ ပါတီတွေရဲ့  ပေါ်လစီတွေကဘာလဲ။ တိတိကျကျ မှန်မှန်ကန်ကန်သိဖို့ လိုအပ်တယ်။ သူတို့မေးချင်တာတွေကိုလည်း မေးခွင့်ရှိရမယ်။ ၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း ကနေပြီး ဦးနေဝင်း ကို အာဏာလွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်ကြီးတွေနဲ့ အရပ်သားအစိုးရပေါ်လာတာ။ အခုလည်း ဗိုလ်ချုပ်ကြီးသိန်းစိန် က ဦးသိန်းစိန် ကို အာဏာလွှဲပေးလိုက်တဲ့အတွက် ခေါင်းပေါင်ကြီးတွေနဲ့ အစိုးရပေါ်လာမှာ။”
တချိန်တည်းမှာပဲ နယ်ခြားစောင့်အသွင်ပြောင်းရေးးကို လက်မခံတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေအပေါ်မှာလဲ စစ်အစိုးရရဲ့ အကြပ်ကိုင်မှုတွေဟာ အထူးပဲတင်းကျပ်လာခဲ့ပြီး စစ်ရေးအရအရေးယူ ချေမှုန်းရေးဆီ ဦးတည်လာပါတော့တယ်။ တိုင်းရင်းသားနယ်စပ်တွေမှာ စစ်ရေး ပြင်ဆင်မှုတွေ ပိုလုပ်လာပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဟာ တိုက်ပွဲအဆင့်ထိ ကြီးထွားလာခဲ့ ပါတယ်။
“ကျနော်တို့က ဘယ်လိုပြောမလဲ။ နံပတ်တစ်အချက်က ကျနော်တို့ တိုင်းရင်းသားတွေအားလုံးရဲ့  ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတဲ့အထိ မျှော်မှန်းတယ်။ လက်ရှိ ကျနော်တို့နဲ့ တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်းရှိတယ်။ ဆိုလိုတာက ကျနော်တို့က ကိုယ်ပိုင်ပြဌာန်းခွင့် ရလောက်တဲ့အထိ မျှော်မှန်းတယ်။ နောက်ပြီးတော့ ဖိနှိပ်ခံလူတန်းစားတွေအားလုံး လွတ်မြောက်ဖို့အတွက်ထိ ရည်မှန်းချက်ရှိတယ်။ နိုင်ငံရေးအဖြေထုတ်ဖို့ စစ်ရေးအရ ကျနော်တို့ ပျောက်ကြားစစ်နဲ့ သွယ်ဝိုက်ပြီး တိုက်ရမယ်။ မြို့ ပေါ်မှာလည်း ဝင်ရောက်ထိုးဖောက်နိုင်ရင်လည်း ဝင်ရောက်ထိုးဖောက်လှုပ်ရှားမှာပဲ။ တကယ်တော့ စစ်ကြီးက မကောင်းဘူး။ စစ်ရဲ့  အနိဌာရုံအောက်မှာ လူသားတွေဒုက္ခရောက်နေတယ်။ သူတို့ အဲဒီအမြင်မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံး၊ အဖိနှိပ်ခံပြည်သူအားလုံး နဲ့ ဆွေးနွေးပြီးတော့ ကျနော်တို့ ပြန်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စပြောမယ်ဆိုရင်တော့ နည်းနည်းလေး နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့တစုတည်းကိုပဲ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီးတစု၊ နှစ်စု မှည့်ခြွေးသွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ်တွေးတတ်လာပြီ။”
တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ကြီးထွားလာချိန်မှာပဲ တိုင်းရင်းသားပြည်သူတွေနဲ့ ကမ္ဘာကပါ မျှော်လင့်နေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ နေ့ဟာ ရွေးကောက်ပွဲအပြီး ၆ ရက်မြောက်တဲ့နေ့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စစ်အစိုးရအနေနဲ့ သူတို့စိတ်တိုင်းကျ ကျင်းပခဲ့ပြီး မျှော်လင့်တဲ့အဖြေ ရရှိတော့မယ်ဆိုတာ သေချာစိတ်ချလို့ လွှတ်ပေးလိုက်တယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။ တချို့ကလည်း စစ်အစိုးရဟာ သူတို့ရဲ့ မတရားရွေးကောက်ပွဲအပေါ် နိုင်ငံတကာရှုတ်ချနေတာ လျော့ပါးသွားအောင်၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာက ထောက်ခံလာအောင် နိုင်ငံရေးကစားကွက်တခုအနေနဲ့ လွှတ်ပေးခြင်းသာ ဖြစ်တယ်လို့ ဆိုကြသူတွေလဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဘာကြောင့်ဘဲလွှတ်လွှတ် နိုင်ရေးအကျဉ်းသားတွေကို လွှတ်ပေးရင် ကောင်းတာချည်းဘဲလို့ ပြောခဲ့ပါတယ်။
“ကျမလွတ်လာတော့ ကျမရဲ့  အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နိုင်ငံရေးအမြတ်ထုတ်လို့ လွတ်သည်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွတ်ပေးခံရမယ့် နိုင်ငံရေးအကျဉ်းသားအနေနဲ့ ဘာမလုပ်ရ၊ ညာမလုပ်ရဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ဖြစ်ရပ်ပဲ။ ကိုယ်အလုပ်တွေကို ပိုပြီးတော့ လုပ်ခွင့်ရလာတာပါပဲ။”
မြန်မာ့ဒီမိုကရေစီရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက ပြည်သူတရပ်လုံးအတိုင်းအတာနဲ့ ဒီမိုကရေစီကွန်ယက်တခု ဖြစ်ထွန်းလာသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။
“ကျမ အဖွဲ့ချုပ်တခုတည်းနဲ့ လုပ်တာမဟုတ်ဘူးနော်။ ကျမတို့ ဒီမိုကရေစီအတွက် လုပ်နေတဲ့ အစုအဖွဲ့တွေအားလုံးနဲ့ ပေါင်းပြီးတွဲပြီး လုပ်ချင်တယ်။ ”
ဒါ့အပြင် မြန်မာနိုင်ငံ စစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့နေရာမှာ ထိပ်ဆုံးကပါတဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို ပြန်ပြောင်းသုံးသပ် သင့်တယ်လိုလဲ ပြောကြားလိုက်ပါတယ်။
“အခုအချိန်အထိတော့ ဒီဝါဒရဲ့  အောင်မြင်မှု အတိုင်းအတာကတော့ သိပ်ပြီးတော့ ထင်ထင်ရှားရှားတော့ သိပ်မရှိဘူး။ ဒါပေမဲ့ အခုအချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စီစစ်သင့်ပြီလို့ ကျမထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဟာက နှစ်ကတနှစ်ကျော်လာလို့ နှစ်နှစ်ကျော်လာလို့တင်မကပါဘူး အခုအချိန်အခါမှာဆိုရင် ရွေးကောက်ပွဲတွေလည်း လုပ်ပြီးပြီ။ အခြေအနေတွေလည်း ပြောင်းလဲတာတွေ မြင်နေရပြီဆိုတော့ အဲဒီ အပြောင်းအလဲမှုတွေပေါ်မှာ အခြေခံပြီးတော့ မူဝါဒကို ပြောင်းလဲဖို့ စဉ်းစားလာသင့်ပြီလို့ ကျမထင်ပါတယ်။”
အဲဒီနောက် ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲရလာဒ်တွေကတော့ ကြိုတင်ယူဆထားကြတဲ့အတိုင်းပါဘဲ။ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအပြတ်အသတ်အနိုင် ရရှိတယ်လို့ဆိုပါတယ်။ စစ်အစိုးရနဲ့ အလွမ်းအသင့်ဆုံးဖြစ်တဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာန က မြန်မာအစိုးရ ရွေးကောက်ပွဲကော်မရှင်ကို ကိုးကားပြီး လွှတ်တော် ၃ ရပ် လုံးမှာ ၀န်ကြီးချုပ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်နေရာစုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာ ရာခိုင်နှုန်းအားဖြင့် ၇၆.၄၃ ရာခိုင်နှုန်းရရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကြံ့ဖွံ့ပါတီပြီးရင် တဆည က ၆၄ နေရာ၊ SNDP ခေါ် ရှမ်းအမျိုးသားတွေရဲ့  ကျားဖြူပါတီက ၅၇ နေရာ၊ RNDP ခေါ် ရခိုင်အမျိုးသားများ ဖွံ့ဖြိုးရေးပါတီက ၃၅ နေရာ၊ NDF အမျိုးသားဒီမိုကရေစီပါတီ အင်အားစုနဲ့ AMRDP မွန်တိုင်းရင်းသားပါတီတို့က ၁၆ နေရာစီအသီးသီး ရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ရင် ရွေးကောက်ပွဲမတိုင်ခင် ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ချက် တစုံတခု လုပ်ချင်တယ်ဆိုရင် အနည်းဆုံးလွှတ်တော်အမတ် ရ၀ ရာခိုင်နှုန်းက အဆိုတင်သွင်းရမယ်လို့ ပြဌာန်းထားလေတော့ အခုရလာဒ်အတိုင်းဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ ရွေးကောက်ခံ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စိတ်ကူးထဲတောင်မထည့်နိုင်တဲ့ အခြေအနေဖြစ်သွားတာ တွေ့ရပါတယ်။
တိုင်းရင်းသားဒေသအတော်များများ အနိုင်ရရှိခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဟာလဲ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဆိုတာတွေထက် ဒေသဖွံ့ဖြိုးရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပူးပေါင်းဆောင်ရွက်ရေးလောက်ကိုပဲ ပြောနေကြပါတယ်။ လက်ရှိအစိုးရအဖွဲ့ဝင် ကြံ့ဖွံ့ခေါင်းဆောင်တချို့လည်း နယ်ခရီးထွက်ရင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။
ဘာဘဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းသည်သာ မြန်မာနိုင်ငံရေး ပင်မရေစီးကြောင်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ အလှည့်အပြောင်းကြီးတရပ် ဖြစ်စေခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းကြီးအဖြစ် တွင်ရစ်ပါလိမ့်မယ်။ တဖက်မှာလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီရွေးကောက်ပွဲကို ဝင်ရောက်ခြင်းမရှိခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး ပင်မလမ်းကြောင်းက သွေဖီသွားခဲ့ပြီလားဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တဦးအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အခန်းကဏ္ဍဟာ ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်နိုင်စရာအကြောင်းမရှိပေမဲ့ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက် မှုတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်လုပ်ကိုင်ချက်တွေ ဘယ်လောက်ထိအရေးပါ အရာရောက် နေသလဲဆိုတာ စောင့်ကြည့်ရ ပါလိမ့်မယ်။
နောက်ထပ် စောင့်ကြည့်ကြရမယ့် အချက်တရပ်ကတော့ အကျဉ်းထောင်တွေထဲမှာရှိနေဆဲ နိုင်ငံရေးအကျဉ်းသားတွေပဲ ဖြစ်ပါတယ်။ စစ်အစိုးရဟာရွေးကောက်ပွဲ ရလာဒ်ကိုစိတ်ချလို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရဲတယ်ဆိုရင် ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့် မလွှတ်ရဲတာလဲ၊ ဘာကိုကြောက်နေသေးသလဲဆိုတာ စဉ်းစားစရာပါ။အထူးသဖြင့် ကျောင်းသားလူငယ်ထု ကြောထောက်နောက်ခံရှိတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး တို့လို၊ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို တစိုက်မှတ်မှတ် ကြွေးကြော်နေတဲ့ ဦးခွန်ထွန်းဦး တို့လို ပုဂ္ဂိုလ်တွေကို ကတိက၀တ်တစုံတရာ မရယူဘဲ လွှတ်ပေးမဲ့ ကိစ္စကိုတော့ အာဏာချုပ်ကိုင်လိုသူတွေအနေနဲ့ အကြိမ်ကြိမ် ထပ်မံစဉ်းစားကြမှာမလွဲပါဘူး။
ဒါတွေအားလုံးဟာ ကုန်ဆုံးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၁ ကို လွှဲပြောင်းပေးအပ်လိုက်တဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေ ဖြစ်ပါလိမ့်မယ်။

0 comments:

Post a Comment