တယောက်လက် တယောက်ကူး .. ကရင်နှစ်သစ်ကူး

http://www.blogger.com/post-create.g?blogID=4008378868610760579

နို့ဖိုးတောင်ထိပ်ဖျားမှာ ကရင်အမျိုးသားအလံကို လွှင့်ထူထားတယ်။ လေထဲမှာ တလွင့်လွင့် လှုပ်နေတဲ့ အလံက ကရင်လူမျိုးတွေရဲ့ ရင်ထဲကခံစားမှုနဲ့ ထပ်တူထပ်မျှ ဖြစ်ပါလိမ့်မယ်။ တောပန်းတောင်ပန်း ရနံ့တွေကြား သင်းပျံ့ပျံ့ မွှေးနေတဲ့ ကောက်သစ်စပါးကို မောင်းထောင်းရင်း ကရင်လုံမငယ်တွေ တေးသီချင်း သီဆိုနေကြတယ်။

သူတို့ကရင်ဘာသာကို ကျမနားမလည်ပေမယ့် သီချင်းသံကိုနားထောင်ပြီး ပျော်ရွှင်လိုက်၊ လွမ်းမောလိုက် ဖြစ်နေတဲ့ ကရင်မိန်းကလေးကိုကြည့်ပြီး ခံစားနိုင်ပါတယ်။ စကောကရင်လူမျိုးတွေက “ထာ” ဆိုတဲ့ သီချင်းဆိုပွဲ လုပ်သလို ပိုးကရင်တွေက ဒုံးယိမ်းကပြီး နှစ်သစ်ကူးပွဲ ကျင်းပကြတယ်။

ဒုံးယိမ်းကနေသူတွေကလဲ ကရင့်နှစ်သစ်ကူး ဒုံးပြိုင်ပွဲမှာ အနိုင်ရဖို့ ကြိုးစားနေကြတယ်။ အားမာန်ပါတဲ့ သီချင်းသံနဲ့ စုပေါင်း ကခုန်နေတဲ့ လှုပ်ရှားသံတွေက ဟိန်းထွက်နေတယ်။ ကောက်သစ်စပါးကို မောင်းနေတဲ့ အသံကလဲ ဒုံးယိမ်းသံကြားမှာ ပျောက်မသွားဘူး။ ဒီကောက်သစ်စပါးနဲ့ “ ဖိဖိနတ်” ကို တင်မြှောက်မယ်။ ဖိဖိနတ်က ဝမ်းစာဖူလုံဖို့ စောင့်ရှောက်ကူညီမယ်ဆိုတာ သူတို့ယုံကြည်ကြတယ်လေ။ နောက်ပြီးဒီနှစ်က ထူးခြားတယ်။

၆နှစ်တကြိမ် ဝါထပ်တာမို့ ၂ဝ၁၁ ဇန်နဝါရီ၅မှာ ကရင်နှစ်သစ်ကူးတကြိမ်၊ ၂ဝ၁၁ ဒီဇင်ဘာ၅မှာ ကရင်နှစ်သစ်ကူးတကြိမ် ပေါင်း၂ကြိမ်မို့ ထူးခြားတယ်။ ဒါကြောင့် ခါတိုင်းနှစ်သစ်ကူးထက် ဒီနှစ် နှစ်သစ်ကူးမှာ အကြံအစည်တွေ ပိုပြီး အောင်မြင်မယ်လို့ မျှော်လင့်ယုံကြည်ကြတယ်။

ရှေးရှေးပဝေသဏီ လူ့ယဉ်ကျေးမှုအစအဦးထဲက လူ၊ တိရစ္ဆာန်၊ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ တိုးတက်ပွားစည်အောင် အပျက်အစီး မရှိအောင် ဆုတောင်း တင်မြှောက်တဲ့ ဓလေ့ ရှိတယ်ဆိုတာကို သက်သေ သာဓကတွေနဲ့ တင်ပြတာ ကျမဖတ်ဖူးတယ်။
အခုလဲ ကရင်နှစ်သစ်ကူးပွဲတော်မှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို “ဖိဖိနတ်” နတ်စင်ဆောက်ထားတဲ့ နေရာမှာ ပုံထားမယ်။ ကောက်သစ်စပါးနဲ့ ထမင်းချက်၊ ကြက်ကို အင်္ဂါစုံအောင် ချက်ထားမယ်။ တာလပေါဟင်း ချက်မယ်။ အားလုံးစုံအောင် လုပ်ပြီးရင် ဖိဖိနတ်ကို ပူဇော်တင်မြှောက်မယ်။ နောက်နှစ်တွေမှာ ရာသီဥတု ကောင်းအောင်၊ ကောက်ပဲသီးနှံတွေ အပျက်အစီး မရှိအောင် ဆုတောင်းကြတဲ့ ပွဲတော်လဲဖြစ်ပါတယ်။

နတ်တင်နေတဲ့ အချိန်မှာ လေတိုက်ပုံကိုကြည့်ပြီး လာမယ့်နှစ် မိုးကောင်းမယ် မကောင်းဘူးလဲ ကြိုတင် ခန့်မှန်းကြတယ်။ ပြာသိုလဆန်း ၁ရက်မှာတော့ ဖိဖိနတ်ကို တင်မြှောက်ကြပါတယ်။ ဖိဖိနတ်ကို တင်မြှောက်ပြီးတာနဲ့ နတ်တင်သူနား ဝိုင်းနေသူတွေက ဆုတောင်းပြည့်အောင် တဇွန်းလောက်၊ တဆုပ်လောက် စတိစားကြတယ်။ သပြေပန်းတွေ ခေါင်းထိုးကြတယ်။ အန္တရာယ်ကင်းအောင် ဆောင်ထားကြတယ်။

“ဖိဖိနတ်”တင်ပြီးတာနဲ့ ချောတိုင်တက်ပွဲ၊ လက်ဝှေ့ပွဲ၊ ဘောလုံးပွဲတွေ၊ ဒုံးယိမ်းပွဲတွေ ကျင်းပကြတယ်။ ကရင်နှစ်သစ်ကူး မတိုင်ခင် ဒုက္ခသည်စခန်းထဲမှာ ၁ လကြိုပြီး ဘောလုံးပွဲ ကျင်းပတယ်။ နှစ်သစ်ကူးနေ့မှာတော့ ဗိုလ်လုပွဲအတွက် ကစားကြတယ်။ ဘောလုံးပွဲကို ရွာနီးချုပ်စပ်က ကရင်လူမျိုးတွေ ဒေသအခေါ် တောင်ပေါ်ကရင်တွေပါ ဝင်ပြိုင်ကြတယ်။

ဘောလုံးပွဲမှာ အားကစားကော်မတီက ကွင်းလယ်ဒိုင်၊ စည်းကျပ်ဒိုင်အတွက် ဒုက္ခသည်တွေထဲက စိတ်ပါဝင်စားသူတွေကို သင်တန်းပေးပြီး ကူညီ ဆောင်ရွက်ခိုင်းပါတယ်။ ကမ္ဘာ့ဖလားပွဲတွေမှာလို ဗီဒီယို မှတ်တမ်းတွေနဲ့ ရိုက်ထားတာမရှိတော့ အငြင်းပွားစရာတွေ အများကြီးပေါ့။ ဒါပေမဲ့လဲ ကရင်လူမျိုးတွေကို ပူးပေါင်း ပါဝင်ပေးတဲ့ ဘောလုံးအသင်းဝင်တချို့က ခွင့်လွှတ်ပေးကြပါတယ်။ ညီညွတ်ခြင်းဆိုတာ တဦးချင်း တာဝန်ကျေမှုနဲ့လဲ ဆိုင်တယ်ဆိုတာကို သိထားကြတာမို့ မုဒိတာပွားစရာပါပဲ။

ဘောလုံးပွဲကိုတော့ ကလေးလူကြီး အကုန်ကြိုက်ကြတယ်။ သက်ကြီးရွယ်အို၊ ကျားမ မရွေးလူစုံပဲ။ ရင်ခွင်ပိုက်ကလေးတွေ၊ ကျောပိုးအရွယ်တွေအစ မတ်တတ်ပြေးအရွယ်တွေပါ ဘောလုံးပွဲလာကြတယ်။ ကိုယ်ကြိုက်တဲ့ အသင်း၊ ကိုယ်ကြိုက်တဲ့ ဘောလုံးသမားကို “ထူး…ထူး”လို့ ကရင်လို အော်ကြတယ်။ ဗမာလို ကန်..ကန်လို့ အဓိပ္ပာယ်ရပါတယ်။ ဖိနပ်မစီးနိုင်သူရော၊ ကားဆိုင်ကယ်စီးနိုင်သူရော တပြေးညီ ရင်ဖွင့်ခံစားနိုင်တာက ဘောလုံးပွဲပါပဲ။ ဒုက္ခသည်တွေရဲ့ ရင်တွင်းခံစားချက်တွေ၊ မွန်းကျပ်မှုတွေကို ထွက်ပေါက်ပေးနိုင်တဲ့ ဘောလုံးပွဲမို့ ဘောလုံးကွင်းထဲမှာ ပရိသတ်က ဝက်ဝက်ကွဲ။

ဘောလုံးပွဲကြည့်ပြီး လက်ဝှေ့ပွဲကြည့်ရသလို ခံစားရတဲ့အခါလဲ ရှိတယ်။ ကွင်းထဲမှာ ကန်နေသူကို အားမရလို့ ကွင်းအပြင်က ကြည့်နေသူပရိသတ်က “ဘယ်လိုကန်လိုက်ပါလား”.. “ဘယ်လိုဖမ်းလိုက်ပါလား”လို့ ပြောနေကြတဲ့ အသံတွေလဲ ကြားရတယ်။ ဒီလိုပြောနေသူကို အချင်းချင်း မြှောက်ပင့်ပြီး “ဦးလေး ဝင်ကန်ပါလား” .. “ဟ.ငါအသက်ကြီးပြီ။ ကွင်းတပတ်လောက် ပြေးရင် ချွဲထလာမှာပေါ့”..“လွယ်ပါတယ်ဦးလေးရယ်။ အောက်စီဂျင်ဘူး ကျောပိုးပြီး ဝင်ကန်ပေါ့”တဲ့။ ဒီလိုဟာသတွေကလဲ ဘောလုံးပွဲကို ကူပံ့ပေးတယ်။
တောင်ပေါ်ကရင်လို့ ခေါ်ကြတဲ့သူတွေက ဒုက္ခသည်စခန်း ရွာနီးချုပ်စပ်တွေမှာ နေကြတယ်။ သူတို့က စစ်ပြေး ဒုက္ခသည်ဘဝကနေ နှစ်ကြာလာလို့ တောင်ပေါ်သားကဒ်ကို အိမ်ရှင်နိုင်ငံက ထုတ်ပေးထားတာမို့ အဆင်ပြေနေကြပြီ။ ဒါပေမဲ့ မိရိုးဖလာ ကရင်နှစ်သစ်ကူးကိုတော့ မမေ့နိုင်ဘူး။

မိခင်တို်င်းပြည်ကို စွန့်ခွာလာရတဲ့ ကရင်လူမျိုးတွေ၊ သူတို့ရဲ့ဘိုးဘွားမိဘများထဲမှာ စစ်အာဏာရှင်ရဲ့ ထိုးစစ် တိုက်စစ်ကြောင့် သားသေကျည်ခ၊ လင်ဒုက္ခိတ ဖြစ်ကြရသူတွေ။ မိဘဆွေမျိုးသားချင်းတချို့ သေကွဲကွဲကြ။ တချို့ရှင်ကွဲကွဲပျောက် ငရဲဘုံရောက်သလား၊ ကောင်းကင်ဘုံရောက်သလား မသိရတော့။ ယာမြေအိမ်မြေစွန့်ခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ဝင်ခိုလှုံရသူတွေ။ သူတို့သားသမီးမြေးမြစ်ရတဲ့အထိ မိခင်နို်င်ငံကို မပြန်နိုင်သေးဘူး။ သူတို့ဓလေ့ထုံးစံတွေကိုတော့ သားသမီးမြေးမြစ်တွေထိ လက်ဆင့်ကမ်းပေးခဲ့တယ်။ ဒါကြောင့်လဲ ကရင်နှစ်သစ်ကူးကို ဒုက္ခသည်စခန်းထဲမှာ ကျင်းပနိုင်ခဲ့တာပါ။

မြန်မာနိုင်ငံ ကရင်ပြည်နယ်ဒေသတွေမှာ ကျွဲချိုမှုတ်သံ၊ ဖားစည်သံ၊ ဒုံးယိမ်း စည်းချက်သံတွေ သေနတ်သံဗုံးသံတွေကြားမှာ တိမ်မြုပ်ခဲ့ရတယ်။ “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး” ဆိုပြီး စစ်အာဏာရှင်က ကမ္ဘာကြီးကြားအောင် နှုတ်ဖျားမှာ ပန်းပွင့်ပြီး နှလုံးသားမှာ ရန်လိုဓားဝင့်လုပ်နေကြတယ်။ ခုတော့ ကျမတို့ ဒုက္ခသည်စခန်းနဲ့ ၂နာရီကြာသွားရတဲ့နေရာက သေနတ်သံတွေ မကြာခဏကြားနေရတယ်။ တောင်ယာလုပ်လိုက်၊ စစ်ပြေးဒုက္ခသည်ဖြစ်လိုက် ပြေးလွှားပုန်းရှောင်နေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေကို ရောဂါပိုး သယ်သူတွေဆိုပြီး ထိုင်းနိုင်ငံက လက်မခံဘဲ ငြင်းဆန်နေပါတယ်။ တွယ်ရာမဲ့ တောထဲတောင်ထဲ ပြေးလွှား ပုန်းရှောင်နေရတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေက ကလေးကို သယ်ရလွယ်အောင် ပလိုင်းလုပ် ကျောပိုးထားရတယ်။

ဒီကလေးတွေက သူတို့ကို ပလိုင်းထဲကချလိုက်ရင် ငိုတော့တာပဲ။ ပလိုင်းထဲမှာနေရတာ လုံခြုံတယ်လို့ ကလေးတွေက ထင်ကြတယ်လို့ ကျောပိုးအိတ် ဆေးလုပ်သားတွေက ပြောကြတယ်။ လက်ရှိ စစ်ပြေး ဒုက္ခသည်တွေကို ကာကွယ်ဆေး ထိုးပေးပေမယ့် အစာအဟာရ လုံလောက်မှု မရှိတာ၊ တောထဲတောင်ထဲ ပြေးလွှား ပုန်းအောင်းနေရတာတွေကြောင့် ရောဂါရမှာဘဲလို့ စိတ်ထိခိုက်စွာ ပြောကြတယ်။ ကလေးငယ်တွေမှာ ရောဂါအဖြစ်အများဆုံးတဲ့။

မိခင်တွေက ရင်သွေးတွေကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့ပေမယ့် ရင်သွေးတွေဘဝကိုတော့ မွေးဖွား မပေးနိုင်ပါဘူး။ ရင်သွေးကို လောကရဲ့ အကောင်းဆုံး လက်ဆောင်တွေနဲ့ ဘဝကိုမွေးဖွားပေးဖို့ ကရင်မိခင်တွေကို စစ်အာဏာရှင်စနစ်က ခွင့်မပြုခဲ့ပါဘူး။ အဲဒိစစ်အာဏာရှင် စနစ်ကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ်နဲ့ ကရင်နှစ်သစ်ကူးကို ကျင်းပနေရတာ မှုတ်လား။
ပြာသိုလဆန်း၁ရက် ကရင့်နှစ်သစ်ကူးပွဲတော်မှာ သက်ကြီးရွယ်အို ကရင့် အဘိုးအဘွားတွေကို ကန်တော့ကြတယ်။ ဒီလို အဘိုးအဘွားတွေထဲမှာ ကရင်တော်လှန်ရေးသမားကြီးတွေလဲ ပါတယ်။ ဇရာရဲ့အရေးအကြောင်းတွေ ပေါ်နေတဲ့ ခန္ဓာကိုယ်ကို သယ်ပိုးနေရတဲ့ ကရင်တော်လှန်ရေးသမားကြီး မြစ်ဝကျွန်းပေါ်သား ဦးဗလာဒူးက ကရင်နှစ်သစ်ကူး အမှတ်တရ စကားပြောခဲ့ပါတယ်။

“ကျနော်တို့ငယ်ငယ်က အမျိုးသား စိတ်လွန်ကဲမှုကြောင့် မလိုလားအပ်တဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ရတယ်။ ဘုံရန်သူ ပျောက်ခဲ့ရတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မန်းဘဇံတို့က အတွေးအခေါ် လက်နက် တပ်ဆင်ပေးတယ်။ ဒီတော့မှ အမျိုးသားရေးနဲ့ လူတန်းစားအရေး ကွဲကွဲပြားပြား သိလာတာ။
ကရင်တော်လှန်ရေး သေနတ်သံ ပြောင်းသွားတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေး သမိုင်းလှေကားထစ်ကို ခုန်ကူးသွားတယ်။ စစ်အာဏာရှင်တွေက ကျနော်တို့ကရင်လူမျိုးတွေရဲ့ လွတ်လပ်ရေးကို လုယူခဲ့တာ မဟုတ်ဘူး။

မြန်မာတနိုင်ငံလုံးက ပြည်သူအားလုံးရဲ့ ဂုဏ်သိက္ခာရှိတဲ့ လူ့အခွင့်အရေးတွေ အလုခံခဲ့ရတာ။ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဒီနေ့ခေတ် စကားနဲ့ပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ဒုတိယပင်လုံဖြစ်ခဲ့ရင် ကျနော်တို့တွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်ပြဿနာ၊ လူမျိုးစုပြဿနာတွေ အေးချမ်းရမှာအမှန်ပဲ။

ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ကျနော့်အသက်အရွယ်အရ မမြင်ရတော့ရင်တောင် ကျနော်တို့ လက်ဆင့်ကမ်းခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေကြောင့် မြန်မာတပြည်လုံး ချိုးငှက်တွေ ပျံသန်းနိုင်ရမယ်။ မြန်မာတပြည်လုံး သံလွင်ခက်တွေ ဝှေ့ယမ်းနိုင်ရမယ်လို့ ကရင်နှစ်သစ်ကူးမှာ ကျနော် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်”……………………………တဲ့။

0 comments:

Post a Comment