စစ်တပ်က မီးရှို့သဖြင့် ကရင်ရွာသား ၁၀၀၀ ကျော် ထွက်ပြေး

ဆလိုင်း ဟံသာစန်း(မဇ္ဈိမသတင်း)
နယူးဒေလီ (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ကရင်ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၇၀ ခန့်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အစိုးရတပ်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာသား ၁၀၀၀ ကျော် ထွက်ပြေးနေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အဆိုအရ သိရသည်။
ယခုလ ၇ ရက်နေ့နှင့် ၉ ရက်နေ့တွင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စီတိုထာနှင့် ကဒီးမူ ကျေးရွာတို့ ထိုသို့ မီးရှို့ဖျက်ဆီးခံရသဖြင့် ရွာသားများသည် တောများအတွင်း ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

''ထွက်ပြေးနေတဲ့ ရွာသားတွေ ၁၀၀၀ ကျော်လောက် ရှိတယ်။ တောထဲက လုံခြုံတဲ့နေရာကို ရှောင်နေရတာပေါ့။ ရွာတွေက ကရင်ရွာတွေပါ။ သူတို့ရဲ့ အလိုဆန္ဒကို မလိုက်လျောလို့ တနည်းတဖုံနဲ့ တိုက်ခိုက်တဲ့ သဘောမျိုးပါ။ သူတို့က လူမျိုး မုန်းတီးရေးနဲ့ လုပ်နေတာ'' ဟု KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက မဇ္ဈိမကို ပြောသည်။
ကျောက်ကြီးမြို့နယ်အတွင်း စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ ခမရ ၃၆၂၊ ခလရ ၃၀ အပါအဝင် တပ်ရင်း ၉ ရင်း တပ်စွဲထားပြီး KNU ဘက်ကလည်း တပ်မဟာာ ၃ လက်အောက်ခံ KNLA တပ်ရင်း ၉ ၊ ရွှေကျင်မြို့နယ်တွင် တပ်ရင်း ၇ နှင့် မုံးမြို့နယ်တွင် တပ်ရင်း ၈ တို့ တပ်စွဲထားသည်။

စစ်အစိုးရက ရဲရန်အောင် အမည်ရှိ စစ်ဆင်ရေးကို KNU တပ်မဟာ ၃ အခြေစိုက်ရာ ကျောက်ကြီးမြို့နယ်အတွင်း ဆင်နွှဲမည်ဟု သတင်းများ ထွက်လာပြီး ရက်ပိုင်းအတွင်း ယခုလုပ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
KNU သည် စစ်အစိုးရ အဓမ္မ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယခုနှစ်အတွင်း ကျင်းပမည်ဆိုထားသည့် ရွေးကောက်ပွဲကို ကန့်ကွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

“ဒါက ပြည်သူလူထုကို ဓားစာခံအဖြစ်နဲ့ တမင်ကို ညှဉ်းပန်းနှိပ်စက်နေတာပါ။ သူတို့က ကျနော်တို့ လူမျိုးတွေကို ညှဉ်းပန်းတော့ နောက်ဆုံး လက်လျှော့ပြီး သူတို့ဆီကို ခေါင်းငုံ့ဝင်လာအောင် ဗျူဟာချ လုပ်ဆောင်နေတာပါ” ဟု KNU သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးစောလှငွေက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့်လအတွင်း ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ကရင်အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ခဲ့ကာ၊ ရွာသား ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၂ လုံးနှင့် စာသင်ကျောင်း တကျောင်းကိုပါ မီးတင်ရှို့ခဲ့သေးကြောင်း သူက ဆက်ပြောသည်။

ယမန်နေ့ထုတ် စစ်အစိုးရ ကြေးမုံသတင်းစာတွင် KNU တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၂၂ မှ သောင်းကျန်းသူ ၄ ဦးသည် ယခုလ ၆ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပက်ကျောကျေးရွာရှိ ဆယ်အိမ်မှူး ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဆက်ကြေးငွေ သိန်း ၅ဝ ကျပ် တောင်းခံခဲ့ကြောင်း ရေးသားစွပ်စွဲထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး KNU ဒုဥက္ကဋ္ဌက ''နအဖ က မဟုတ်တာတွေ လျှောက်ရေးပြီး ဝါဒဖြန့်နေတာပါ။ ဒီလို ဆက်ကြေးတောင်းတာ မရှိပါဘူး။ ဘာကြောင့် ပုတ်ခတ်သလဲဆိုတော့ ကျနော်တို့က ရွေးကောက်ပွဲကို လက်မခံဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း လက်မခံတဲ့အတွက် ဖြစ်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း စစ်အစိုးရတပ်များနှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တို့၏ ပူးတွဲထိုးစစ်ကြောင့် KNU တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင်အတွင်းမှ စစ်ပြေးဒုက္ခသည် ၄ဝဝဝ ခန့် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မဲ့သရီ၊ သလေထာ့၊ အူသူးထ၊ နို့ဘိုး စသည့် ယာယီစခန်းများ၌ ခိုလှုံခဲ့ကြရသည်။
နေရပ်ရင်းတွင် လုံခြုံမှုမရှိဘဲ အသက်အန္တရာယ် ရှိနေသဖြင့် ၎င်းတို့ကို ပြန်မပို့ရန် ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများက ပြောဆိုခဲ့သော်လည်း ထိုင်းအာဏာပိုင်များက နို့ဘိုး ဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၃ စုမှ အမျိုးသမီးနှင့် ကလေး စုစုပေါင်း ၇ ဦးကို ယခုလ ၅ ရက်နေ့တွင် နယ်စပ်မှတဆင့် ပြန်ပို့ခဲ့သည်။ နို့ဘိုးစခန်းတွင် လူဦးရေ ၉ဝဝ ကျော် ရှိသည့်အနက် အိမ်ထောင်စု ၃ဝ ကို ပြန်လည်ပို့ဆောင်ရန် မူလက စီစဉ်ခဲ့သော်လည်း အိမ်ထောင်စု ၃ စုကိုသာ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒုက္ခသည်များ ပြန်သွားရမည့် နယ်မြေအတွင်း ကရင်လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော DKBA နှင့် KNLA (KNU လက်အောက်ခံတပ်) အဖွဲ့များက ထောင်ထားသည့် မြေမြှုပ်မိုင်းများ ရှိနေသဖြင့် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ တာဝန်မယူနိုင်ကြောင်း အဆိုပါ အဖွဲ့ နှစ်ဖွဲ့လုံးက သတင်းဌာနများမှတဆင့် တရားဝင် ပြောဆိုထားခဲ့သည်။
KNU သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှ စတင်ပြီး လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလာသည့် တိုင်းရင်းသား အဖွဲ့အစည်းတခုဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

0 comments:

Post a Comment