မြန်မာ့နိုင်ငံရေး တိုးတက်မှုအပေါ် အမေရိကန်မူ အခြေခံသင့်

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ပြဋ္ဌာန်းထားတဲ့ တချိန်တည်းမှာ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေကို အခြေခံပြီး အကူအညီတွေ ပေးနိုင်အောင် ပြင်ဆင်ထားသင့်တဲ့ အကြောင်း မြန်မာ့အရေး မူဝါဒ ဆန်းစစ် ဝေဖန်သူတွေက အကြံပေး ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်မြို့တော် Asia Society အဖွဲ့က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်လေ့လာရေး အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး အမေရိကန် ပြည်ထောင်စုဘက်က မြန်မာ့အရေး လုပ်ဆောင်သင့်တာတွေကို အကြံပေးလိုက်တဲ့ တချိန်တည်းမှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို တရားဝင် အသိအမှတ် ပြုတာမျိုးတွေ မလုပ်မိအောင် ရှောင်ရှားဖို့လည်း အမေရိကန် အစိုးရကို သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ လက်ငင်းအကျိုးကို ကြည့်တဲ့ ပြောင်းလွယ် ပြင်လွယ် ထိတွေ့ဆက်ဆံရေး မူဝါဒကို ကျင့်သုံးဖို့ Asia Society အဖွဲ့ရဲ့ မူဝါဒ ဆန်းစစ်ရေးအဖွဲ့က အဓိက အမေရိကန် အစိုးရကို အကြံပေး တင်ပြပါတယ်။ ဒီအကြံပေးချက်တွေကိုပဲ မြန်မာပြည်ရဲ့ လက်ရှိ ပကတိ အခြေအနေနဲ့ အနာဂတ် အလားအလာ ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။

Asia Society အဖွဲ့ဟာ ၀ါရှင်တန်အခြေစိုက် အစိုးရလက်အောက်ခံ မဟုတ်တဲ့ အဖွဲ့ဖြစ်ပြီး ဒီအဖွဲ့ရဲ့ အကြံပေးအဖွဲ့တွေမှာ အစိုးရ ထိပ်တန်း အရာရှိဟောင်းတွေ၊ သံအရာရှိတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ထည့်သွင်း ဖွဲ့စည်းထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဆန်းစစ်ရေး အဖွဲ့မှာလည်း အရင်က အမေရိကန် ပြည်ထောင်စု ဒီမိုကရက်ပါတီ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ဖူးတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ၀က်စ်လေ ကလာ့ခ် (Wesley Clark) က ပူးတွဲ သဘာပတိအဖြစ် တာဝန်ယူထားတာပါ။ သူက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ပထမဆုံးအနေနဲ့ ကျနော်တို့က စစ်အစိုးရနဲ့ပဲ ထိတွေ့ ဆက်ဆံတာမျိုး မဟုတ်ဘဲ မြန်မာပြည်အတွင်းမှာ ရှိတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ ဆက်ဆံရပါလိမ့်မယ်။ အထူးသဖြင့် အခုလို ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အချိန်၊ ဒီရွေးကောက်ပွဲဟာ အားလုံး ပါဝင်ခွင့်ရတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်လာဖို့ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာစစ်အစိုးရကို တောင်းဆိုရပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးမချင်း၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ အပြည့်အ၀ ပါဝင်ခွင့် မပေးမချင်း အမေရိကန် ပြည်ထောင်စု အနေနဲ့ စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ပြဋ္ဌာန်းရလိမ့်မယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုက်ရိုက် စောင့်ကြည့် လေ့လာတာမျိုးတွေမှာ အမေရိကန် ပြည်ထောင်စုက မပါဝင်သင့်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။ ဒီလို ပါဝင်မယ်ဆိုရင် အပြစ်အနာအဆာတွေ အများကြီး ရှိနေတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ကိုယ့်ဘက်က တရားဝင် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားနိုင်ပါတယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒကို ချမှတ်ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အဓိက မဏ္ဍိုင်ပြုပြီး ဦးစားပေး စဉ်းစားရမယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေရပါလိမ့်မယ်။” လို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ၀က်စ်လေ ကလာ့ခ်က ပြောပါတယ်။

ဒီလို အမျိုးသားဒီမိုကရေစီ အင်အားစုကို အဓိက မဏ္ဍိုင်အဖြစ် ထားပြီး သတ်မှတ်ဖို့ တိုက်တွန်းထားပေမဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ မပါဘူးလို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် NLD ရဲ့ အနာဂတ် ရပ်တည်မှုနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့်လည်း အဖွဲ့အစည်းတွေ အားလုံးနဲ့ ထိတွေ့ဆက်ဆံရာမှာ အခက်အခဲတွေ ရှိနိုင်တယ် ဆိုတာကို မူဝါဒ ဆန်းစစ်လေ့လာတဲ့ သူတွေက ၀န်ခံပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒကို နိုင်ငံတကာ အစိုးရတွေနဲ့ ပူးပေါင်းဆက်သွယ်ပြီး အကောင်အထည် ဖော်သင့်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီရင်ခံစာက အကြံပေးထားတာပါ။ မူဝါဒ ဆန်းစစ်လေ့လာရေး အဖွဲ့မှာ ပါတဲ့ USAID ခေါ် အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု အထောက်အကူပြုရေး အဖွဲ့ရဲ့ အကြီးအကဲဟောင်း ဟန်န်ရီတာ ဖိုး (Henrietta Fore) က အခုလို ပြောပါတယ်။

“စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာဖို့အတွက် အာရှဒေသတွင်း အဓိက နိုင်ငံတွေနဲ့ ပူးပေါင်း ဆက်သွယ် ဆောင်ရွက်တာမျိုး အမေရိကန် ပြည်ထောင်စုက လုပ်နိုင်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် တိုးတက်မှု ပိုရနိုင်ပါတယ်။ အာရှနိုင်ငံတွေရဲ့ အကြံပေးချက်နဲ့ ပံ့ပိုးတာကို အနောက်နိုင်ငံတွေနဲ့ စာရင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက ပိုပြီး လက်ခံနိုင်ပါတယ်။”

Asia Society ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်သံရုံး တာဝန်ခံအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ပရက်စီလာ ကလပ်ပ် (Pricilla Clap) က တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ပြောဆိုသွားပါတယ်။ မြန်မာပြည် အခြေအနေတွေဟာလည်း ဒီ ဆယ်စုနှစ်အတွင်း ပြောင်းလဲမှုတွေ အများအပြား ရှိခဲ့တယ်ဆိုတာကို ထည့်သွင်းပြောဆိုပါတယ်။

ဒီလို အပြောင်းအလဲဆိုတာ ပြည်သူတွေရဲ့ လူမှုအဖွဲ့အစည်းအတွင်း လှုပ်ရှားမှုတွေ၊ အောက်ခြေပြည်သူတွေရဲ့ လှုပ်ရှားမှုတွေလို့ မစ်စ် ပရက်စီလာ ကလပ်ပ်က ပြောသွားတာပါ။

“မြန်မာနိုင်ငံ ပြောင်းလဲတိုးတက်လာအောင် ကျမတို့က ကိုယ့်ဘာသာလည်း လုပ်ပေးလို့ ရတယ်ဆိုပြီး ပြောတာမျိုး မဟုတ်ပါဘူး။ အပြောင်းအလဲတွေကို ပြည်တွင်းက စပြီး လုပ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီလို အရေးကြီးတဲ့နှစ်မှာ မြန်မာပြည်တွင်းက လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာဖို့ လိုသလို ကျမတို့ ဆောင်ရွက်ချက်တွေဟာ ပြည်တွင်းက အဖြစ်အပျက်တွေနဲ့ ညှိပြီး ဆက်စပ် လုပ်ကိုင်ဖို့ လိုပါတယ်။”

မြန်မာနိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေကို အခြေခံပြီး ပြည်တွင်းက အဖွဲ့အစည်းတွေ၊ ပြည်သူတွေကို အကူအညီ ပေးနိုင်အောင် ဆန်းစစ်လေ့လာသူတွေက အမေရိကန် အစိုးရကို အကြံပေးပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲက နယ်စပ်ဒေသတွေက ပဋိပက္ခတွေ ချုပ်ငြိမ်းပါ့မယ်ဆိုတဲ့ အာမခံချက် မရှိတဲ့အတွက် နယ်ခြားဒေသကို ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ လက်ရှိ ဒုက္ခသည်တွေကို ပေးအပ်နေတဲ့ အကူအညီတွေကိုလည်း ဆက်ပေးဖို့ လိုတဲ့အကြောင်း မြန်မာ့အရေး လေ့လာဆန်းစစ်သူတွေက အစီရင်ခံစာကနေ အမေရိကန် အစိုးရကို အကြံပေး ထောက်ပြထားပါတယ်။

VOA သတင်းမှ

0 comments:

Post a Comment