ကရင်နီမှ သဘာဝ သံယံဇာတ ဈေးနှစ်ဆ ထိုးတက်

သတင်း - ကန္တာရ၀တီတိုင်း(မ်)
ကရင်နီပြည် လွိုင်ကော်ဒေသအနီးတ၀ိုက်တွင် ထွက်ရှိသည့် သဘာဝ သံယံဇာတ တစ်ခုဖြစ်သည့် ခနောက်စိမ်းသည် ယခုနှစ်တွင် တစ်တန်လျင် ၁၀ သိန်းဝန်းကျင် ရှိသောကြောင့် ယခင်နှစ်များထက်စာလျင် ဈေးနှစ်ဆ တက်နေကြောင်း သိရသည်။
ယခင် ၂၀၀၇ နှင့် ၂၀၀၈ ၀န်းကျင်တွင် ၁ တန်လျင် မြန်မာငွေ ၃ သိန်းမှ ၅ သိန်းကျပ်ခန့်သာရှိပြီး ယခုဈေးပြန်လည်လှုပ်ရှားလာချိန်တွင် ၁ တန်လျင် ၈ သိန်းမှ ၁၀ သိန်း ၀န်းကျင်ခန့်အထိ ဈေးထိုးတက်နေသည်ဟု ခနောက်စိမ်း ကုန်သည် ပွဲစားတစ်ဦးက ပြောသည်။

“အလျူမီနီယံသတ္တုလေ၊ လေးမျိုးပြန်ခွဲထုတ်ရတယ်။ ရွေနည်းနည်းပါတယ်။ အလျူမီနီယံ သတ္တုကို ကားအင်ဂျင်တို့၊ ဆိုင်ကယ်ဘလောဂ့်တို့ ဘာတို့ ထုတ်တဲ့ဟာမျိုးမှာ အသုံးပြုတယ်” ဟုကုန်သည်ပွဲစားကပြောသည်။

ဆက်လက်ပြီး ၎င်းက “သူ့ဟာက ကမ္ဘာ့စီးပွားရေး တက်သလိုလိုက်တက်တယ်။ အခုက ၂၀၁၀ က ဒီရွေးကောက်ပွဲပြီးမယ် ဆိုလို့ရှိရင် ကမ္ဘာ့ဈေးကွက်တွေက နည်းနည်းပြန်လှုပ်ရှားမယ်၊ တခြားနိုင်ငံလည်း စီးပွားရေးနည်းနည်း ပြန်ဦးမော့လာပြီ ဆိုတော့ လိုက်လာမှာပဲ” ဟုပြောကြားသွားပါသည်။

ခနောက်စိမ်းများအား ကရင်နီပြည်နယ်ရှိ ဟိုယာ၊ ဘီယာ၊ ထူးချောင်း၊ ဒိုရော၊ ရိုကား၊ ဟာခရူ နှင့် ခွေ့တလုတ် စသည့်ကျေးရွာများတွင် တူးဖော်ရယူခြင်းဖြစ်သည်။

0 comments:

Post a Comment