ခေတ်ပြိုင်မှ............
၂၀၁၀ ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး BGF ၊ HGF ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းဖွဲ့စည်းကြရန် အပစ်ရပ်အဖွဲ့များ (KIO ၊ UWSP ၊ SSA –N ၊ မိုင်းလားအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ) အား နအဖက ရာဇသံပေးခဲ့ဖူးတယ်။
ထိုအပစ်ရပ်အဖွဲ့တိုင်းက မိမိတို့နဲ့သက်ဆိုင်တဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်များကို သတ်မှတ်ရက် မတိုင်မီကတည်းက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ အသွင်ပြောင်းရေးစီမံချက်ကို လက်မခံသည့် အပစ်ရပ်အဖွဲ့အစည်းအများစုဟာ မူလနိုင်ငံရေး ရပ်တည်ချက်တွေကိုပဲ ဆက်လက်ဆုပ်ကိုင်ထားလိုက်တယ်။ နအဖရဲ့ရာဇာသံကို အာခံလိုက်သလို ဖြစ်သွားခဲ့တယ်။ နအဖအတွက် နိုင်ငံရေးအရ အရှက်ကွဲစရာတခု ထပ်မံရရှိလာခဲ့ပြန်ပြီ။ ဒါကလည်း နအဖက ရှက်တတ်ဦးမှပါ။ ရှက်ရမ်းရမ်းပြီ မာန်ဖီလာမယ်၊ အာဃာတတွေ ကြီးထွားလာမယ်ဆိုရင် အပစ်ရပ်နိုင်ငံရေးပြဿနာ ဖြေရှင်းရေးဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ဘက်ကို ဦးတည်ရွေ့လျားသွားမယ့် အလားအလာရှိနေတယ်။
အခုတော့ နအဖနိုင်ငံတော်ရဲ့ သဘောထားအမှန်နဲ့ အပစ်ရပ်အဖွဲ့တခုခြင်းစီရဲ့ အကျိုးစီးပွား တထပ်တည်းမကျတော့ဘူး။ တကယ်ဆိုရင် အပစ်ရပ်အဖွဲ့တွေရဲ့ တုံ့ပြန်ပြောဆိုချက်တွေဟာ နအဖနဲ့ နိုင်ငံရေးအရ ဆက်ဆံခဲ့စဉ်က ရရှိခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံများအပေါ် အခြေခံပြီး တင်ပြတောင်းဆိုချက်များသာ ဖြစ်တယ်။ အပစ်ရပ်အဖွဲ့များရဲ့ တုံ့ပြန် တောင်းဆိုချက်တွေအပေါ် နအဖကလည်း ဘ၀င်မကျတော့ဘူး။ ဧပြီ (၂၈) နောက်ပိုင်းရက်တွေမှာ နအဖနဲ့ အပစ်ရပ် အဖွဲ့များကြားက အေးစက်လာတဲ့ ဆက်ဆံရေးတွေကို ကြည့်လိုက်ရင် သိသာတယ်။ တယောက်ခြေလှမ်း တယောက်က မျက်ခြည်မပြတ် စောင့်ကြည့်နေရတဲ့ အခြေအနေထိတောင် ရောက်နေလို့ပါပဲ။
ဒီရက်ပိုင်းအတွင်း အပစ်ရပ်ဒေသများတွင် ငြိမ်းချမ်းရေးတေးသံတွေ တိုးတိမ်လာနေသလိုပဲ။ အဲဒီအစား နအဖ စစ်ကားတွေ၊ စစ်သားတွေရဲ့လှုပ်ရှားသံတွေက အသံပိုကျယ်လာနေတယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ အပစ်ရပ်နိုင်ငံရေး အခြေအနေ ပျက်စီးပျောက်ကွယ်သွားမလဲဆိုတဲ့ စိုးရိမ်စိတ်ကလည်း အပစ်ရပ်ဒေသမှ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲအထိ ခြိမ်းခြောက်လာနေပြီ။
နအဖစစ်အစိုးရဟာ ဧပြီ (၂၈) ရက်နေ့ နောက်ဆုံး ရာဇာသံပေးပြီးနောက် အပစ်ရပ်များရဲ့ တောင်းဆိုချက်တွေကို မဆိုင်းမတွ ပယ်ချခဲ့တယ်။ အဲဒီနောက် အပစ်ရပ်အဖွဲ့များအား နိုင်ငံရေး၊ စစ်ရေးနည်းများဖြင့် ဖိအားပေးအကြပ်ကိုင်ကာ နအဖရဲ့ အသွင်ပြောင်းရေးစီမံချက်ကို ထပ်မံအကောင်အထည်ဖော်နေပါတယ်။ ဒီတကြိမ် အကောင်အထည်ဖော်မှုကို ကြည့်လိုက်ရင် ကုန်လွန်ခဲ့တဲ့ တနှစ်ကလိုမျိုး လက်နက်အင်အား၊ လူအင်အားတောင့်တဲ့ အဖွဲ့ကြီးတွေနဲ့ ထိတွေ့တာမျိုး မလုပ်သေးဘဲ နားထားလိုက်တယ်။ အတော်အတန် အင်အားရှိပြီး အဖွဲ့အတွင်း တွယ်ဆက်မှု အားနည်းမယ်ထင်ရတဲ့ အဖွဲ့တွေဆီကို ပစ်မှတ်ရွေ့ လှုပ်ရှားနေတာ တွေ့ရတယ်။ မေလအတွင်း နအဖနှင့် အပစ်ရပ်များ ထိတွေ့ဆက်ဆံရေးကို လေ့လာ ကြည့်တဲ့အခါ…
မေလ တတိယအပတ်ထိ နအဖက အထိတွေ့အများဆုံး အဖွဲ့ကတော့ SSA-N (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) အဖွဲ့ဖြစ်ပါတယ်။ အထိအတွေ့များရတဲ့ အကြောင်းမှာ SSA-N အဖွဲ့အစည်းထဲက အတွင်းပိုင်းညီညွတ်ရေး အားနည်းချက်ကို ချက်ကောင်းယူပြီး နအဖဟာ သူရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြံစည်နေလို့ပါပဲ။
SSA-N အတွင်း ဧပြီ (၂၈) နောက်ပိုင်း နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် အုပ်စု (၂) ခု သိသိသာသာပေါ်ပေါက်ခဲ့တယ်။ နအဖရဲ့ နယ်မြေစောင့်ပြည်သူ့စစ် (HGF) အသွင်ပြောင်းရေးစီမံချက်ကို လက်ခံသည့်အုပ်စုနှင့် လက်မခံသည့်အုပ်စုအဖြစ် ကွဲထွက်လာခဲ့ခြင်းဖြစ်တယ်။ HGF အသွင်ပြောင်းရေးကို လက်ခံတဲ့အုပ်စုကတော့ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ နဲ့ တပ်မဟာ (၃) တပ်မဟာ (၇) တို့ဖြစ်တယ်။ လက်မခံသည့်အဖွဲ့ကတော့ တပ်မဟာ (၁) မှ ဗိုလ်ချုပ်ပန်ဖတို့ဖြစ်တယ်။
ဒီနေရာမှာ ထူးခြားတာတခုက HGF ကို လက်ခံသည့် အုပ်စုအား ချက်ချင်း အသွင်ပြောင်းတပ်ဖွဲ့ ဖွဲ့တာမျိုး မလုပ်သေးဘဲ သဘောမတူတဲ့ အုပ်စုအား စည်းရုံးသိမ်းသွင်းရန် နအဖက တာဝန်ပေးလုပ်ခိုင်းနေတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကျော်တဲ့ နည်းပါ။ ဒါဟာ အချင်းချင်း ပဋိပက္ခဖြစ်စေဖို့ ဖန်တီးထားတာမျိုးအဖြစ် ယူဆနိုင်တယ်။ ဒီပဋိပက္ခကို အသုံးချပြီး နအဖ လုပ်နေကျ ကြက်လည်းမောစေ၊ ယာလည်း ညက်စေ ပေါ်လစီအတိုင်း၊ ကိုးကန့်ပြဿနာမျိုး ဖန်တီးနိုင်တယ်လို့ တွက်ဆ သူတွေလည်း ရှိနေကြပါတယ်။
တဖက်ကလည်း HGF ကို လက်မခံသည့်အဖွဲ့ကို စစ်ရေးအရ ခြိမ်းခြောက် ဖိအားပေးတာမျိုးတွေရှိနေတယ်။ ဖိအားပေးတာကလည်း ရွေးကောက်ပွဲမတိုင်ခင် သေနတ်သံပြန်မပေါက်စေဖို့ ဟန့်တားချင်တဲ့ သဘောမျိုးလည်း တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နအဖဟာ ၂၀၁၀ နိုင်ငံရေးလိုအပ်ချက် (စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး) ပြည့်မီဖို့ လိုနေတယ်။ ဒါကြောင့် အပစ်ရပ် နိုင်ငံရေးအင်အားစုတွေကို သူရေးဆွဲထားတဲ့ ပုံစံခွက်ထဲရောက်အောင် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လုံးပန်းအားထုတ်နေမယ်ဆိုတာ ယုံမှားဖွယ်မရှိ။
အသွင်ကူးပြောင်းစီမံကိန်းက ရှေ့တိုးမရ ဖြစ်နေတဲ့အချိန်မှာ နအဖဟာ နိုင်ငံတကာနဲ့ ပြည်တွင်းကို လှည့်စားဖို့ ခြံထဲက ကြက် ထုတ်ပြီး ရိုက်ပြရတဲ့အဖြစ်မျိုး ပေါ်လာခဲ့တယ်။ မဆလခေတ်ကတည်းက နအဖခေတ်အထိ တော်လှန်ရေးတွေကို ဆန့်ကျင်ဖို့ လူအုပ်စုများကို စုဝေးစေပြီး ပြည်သူစစ်အမည်နဲ့ စုဖွဲ့ပေးခဲ့တယ်။ နိုင်ငံရေးအရ လိုအပ်လာရင် အဲဒီလူအုပ်စုကို လူမျိုးစု နာမည်တခုတတ်ပြီး အသုံးချလာတတ်တယ်။
ဥပမာတခုအနေနဲ့ပြောရရင် ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က နအဖအား ဝေဖန်သည့် ထုတ်ပြန်ကြေညာချက်တစောင်ကို စင်ကာပူနိုင်ငံမှနေပြီး ထုတ်ပြန်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေး ထုတ်ပြန်ကြေညာချက်ကို ဆန့်ကျင် ကြောင်း နအဖဟာ အဖွဲ့အစည်းပေါင်း (၇၀) ကျော်ကို ဇွတ်အတင်း ဆွဲထုတ်ပြီး နအဖပိုင် သတင်းစာများမှာ ဖော်ပြခဲ့တယ်။ အဖွဲ့ (၇၀) ထဲမှာ နအဖ မွေးမြူထားတဲ့ ပြည်သူစစ်တွေက (၁၀) ဖွဲ့ ပါရှိပါတယ်။ အခုလည်း အမှတ် (၁၀၀၇), (၁၀၀၈), (၁၀၀၉), (၁၀၁၀) နယ်ခြားစောင့်တပ်ဖွဲ့ဆိုတဲ့ အမည်ဖြင့် မတ်လ (၃၀) ရက်၊ မေ (၁၈၊ ၂၀) ရက်များက ပွဲထုတ်လာတယ်။ အသွင်ကူးပြောင်းရေးစီမံချက်ကို လူကြိုက်များလာအောင် မီဒီယာအားကိုးနဲ့ နိုင်ငံရေးကြော်ငြာအဖြစ် ရှိုးပြလိုက်ခြင်းသာ ဖြစ်ပါတယ်။ မျက်စိလည်စရာမရှိပါ။
ဒါပေမယ့် အဲဒါတွေရဲ့ ဆိုးကျိုးဂယက်ကတော့ သက်ဆိုင်ရာဒေသတွေမှာ လူမျိုးရေးအမြင် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်။ ရေရှည်မှာ လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ ပြဿနာတွေအထိ တိုးပွားမလာရင်ဘဲ တော်လှပြီ။ နအဖဟာ ရှင်းနေတာကို ရှုပ်အောင်လုပ်တတ်တယ်။ ရှုပ်နေတာကို ရှင်းမရအောင်လုပ်တတ်တဲ့ အကျင့်အတိုင်း အပစ်ရပ်နိုင်ငံရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာဖြစ်တယ်။ ဒါကိုလည်း နအဖနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့ အပစ်ရပ် အဖွဲ့တိုင်းက သတိပြုမိကြလိမ့်မယ်ထင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် (၂၀) က န၀တရဲ့ နိုင်ငံရေးလိုအပ်ချက်အရ အပစ်ရပ်အဖွဲ့တွေ ဖြစ်ပေါ်လာစေခဲ့တယ်။ အခုတော့ နအဖရဲ့ နိုင်ငံရေး လိုအပ်ချက်အရ အပစ်ရပ်အဖွဲ့တွေ ပျောက်ကွယ်ဖို့ လိုအပ်နေပြီ။ ဒါပေမယ့် ထင်သလိုဖြစ်မလာဘူး။ မထွေးနိုင်၊ မ အန်နိုင် အလုံးကြီးတခုကို မျိုဆို့ထားရသလိုဖြစ်နေပြီ။ နအဖ ဖြေရှင်းနေရတဲ့ လတ်တလောပြဿနာတွေထဲက တခုအဖြစ် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
ဒီပြဿနာပြေလည်ချင်ရင်တော့ နအဖဟာ ရူးမိုက်စွာ စဉ်းစားရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေး စီမံချက်ကို ဖျက်သိမ်း ပစ်ရပါလိမ့်မယ်။ အပစ်ရပ်အဖွဲ့များရဲ့ နိုင်ငံရေးတောင်းဆိုချက်တွေကို လေးစားလိုက်နာရလိမ့်မယ်။ မပြေမလည်ဖြစ်နေတဲ့ အပစ်ရပ်နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရဲတဲ့ သတ္တိတော့ မွေးမြူထားရလိမ့်မယ်။
ဒီလိုမဟုတ်ဘဲ အပစ်ရပ်နိုင်ငံရေးပြဿနာများကို လက်စမသတ်နိုင်တော့တဲ့ နအဖစစ်အစိုးရဟာ အရေခွံလဲပြီး ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်မယ်။ ပြီးတော့ နိုင်ငံရေးအာဏာချုပ်ကိုင်ထားမယ့် အသွင်ပြောင်းစစ်အစိုးရအဖြစ်နဲ့ ဆက်လက်ဖြေရှင်းဖို့ ကြံစည်နေတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါကတော့ ဘယ်လက်ကနေ၊ ညာလက်ပြောင်းကိုင်တဲ့ နည်းပါ။ ဘယ်လိုအခြေအနေပဲဖြစ်ပါစေ တက်လာမယ့်အစိုးရနဲ့ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ နိုင်ငံရေးပြဿနာကတော့ ဆက်လက်တည်ရှိကာ ကြီးထွားလာနေဦးမှာပါ။
သို့သော် ထိုပြဿနာအား အခုပဲရှင်းရှင်း၊ နောက်မှပဲရှင်းရှင်း ဖြေရှင်းဖို့တာဝန်ရှိသူတိုင်းဟာ “တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ အတူတကွ စည်ပင်ဝပြောရေး” ဆိုတဲ့ အခြေခံမူကို ဘေးဖယ်ထားမယ်။ ပြီးတော့ ယခင်အစိုးရ အဆက်ဆက်တွေလို နည်းလမ်းဟောင်းဖြင့် ဖြေရှင်းကြမယ်ဆိုရင်တော့ ဒီတိုင်းပြည်ဟာ အပြင်းစားနိုင်ငံရေးပဋိပက္ခတွေရဲ့ ပေါက်ကွဲသံတွေနဲ့ ညံစီနေမယ်ဆိုတာ တွေးကြည့်ရင်း စိတ်မောမိပါတော့တယ်။
0 comments:
Post a Comment