မြန်မာနိုင်ငံတွင်း ခရီးသွားလာမှု သတိပေးချက် အမေရိကန် ထုတ်ပြန်

VOA သတင်းမှ....
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးမှာ သတိထားကြဖို့အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အမေရိကန် နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် အများပြည်သူနေရာတွေ သွားလာရာမှာ မသင်္ကာဖွယ် ပစ္စည်းတွေ၊ ပိုင်ရှင်မဲ့ အထုပ်ပစ္စည်းတွေ တွေ့ရင် သတိတကြီးနဲ့နေဖို့ သတိပေးလိုက်ပါတယ်။

ဒါ့အပြင် လူစုလူဝေးရှိတဲ့နေရာ၊ ဆန္ဒပြပွဲတွေ ဖြစ်တဲ့နေရာ၊ အစိုးရ လုံခြုံရေးတပ်တွေ ပိတ်ဆို့ထားတဲ့ နေရာတွေကို ရှောင်ဖို့လည်း သတိပေးထားပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေး အာဏာပိုင်တွေကို ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်တာမျိုးတွေကိုလည်း မလုပ်ဖို့ သတိပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ရှိနေစဉ်အတွင်း အများပြည်သူအတွက် သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကိုလည်း စောင့်ကြည့် နားထောင်နေဖို့ မှာကြားထားပါတယ်။

ဒါ့အပြင် ရန်ကုန်လေဆိပ်နဲ့ တခြား နိုင်ငံတကာကနေ ၀င်ရောက်နိုင်တဲ့ နေရာတွေမှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကိုလည်း လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်းထားတယ်လို့ မြန်မာစစ်အစိုးရက ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ အမေရိကန် နိုင်ငံသားတွေရော၊ ခရီးသွားလာ လည်ပတ်ကြမယ့် အမေရိကန် နိုင်ငံသားတွေ အတွက်ပါ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကို မိမိ ဘယ်နေရာမှာရှိတယ် ဆိုတာကို အကြောင်းကြား ဆက်သွယ်ထားဖို့ကိုလည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန်နိုင်ငံသား တချို့ဟာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အရေးအသား စာစောင်တွေ ဖြန့်ဝေတာ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ၊ ရုံးတွေကို သွားရောက် လည်ပတ်တာကြောင့် ဖမ်းဆီးခံရတာ၊ တရားရုံးတင် စွဲချက်တင်ခံရတာတွေ ရှိခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေရိကန်နိုင်ငံသား တချို့ဟာ မန္တလေးနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ သင်တန်းတချို့နဲ့ ပတ်သက်လို့ ပြည်နှင်ဒဏ် ပေးခံရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းအတွင်း လုံခြုံရေးတပ်တွေရဲ့ နှိမ်နင်းမှုကြောင့် ဂျပန်သတင်းထောက်တဦး ပစ်သတ်ခံရတာကိုလည်း ပြန်လည် ဖော်ပြထားပါတယ်။

0 comments:

Post a Comment