ရာဇ၀တ်ကောင် စစ်ခေါင်းဆောင်

အောင်ကျော်ခင်(ခေတ်ပြိုင်)

စစ်တပ်မှာ တာဝန်အရှိဆုံးဟာ စစ်ခေါင်းဆောင်ပိုင်းသာဖြစ်တယ်။ စစ်ခေါင်းဆောင်ပိုင်းက သူခိုးဓားပြဖြစ်နေရင် စစ်တပ် ပျက်စီးတာပဲ။ ဗမာစစ်တပ်ကို သူခိုးဓားပြဘ၀ရောက်အောင် ပို့ပေးရာမှာ တာဝန်အရှိဆုံးဟာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေ ဖြစ်တယ်။ ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတွေကတော့ သေကုန်ပါပြီ။ ဗိုလ်သန်းရွှေနဲ့ အပေါင်းအသင်းကတော့ ရမ်းလို့ကြမ်းလို့ ကောင်းတုန်း။ သူတို့ကို အရေးယူမယ့်သူတွေ မရှိတဲ့အတွက် ရွေးကောက်ပွဲလုပ်ဖို့ ဇာတ်တိုက်နေပြန်ပြီ။ နောက်ဆုံးမှာ ဒီသူခိုးဓားပြအစိုးရကိုပဲ ကမ္ဘာက အသိအမှတ်ပြုရမလိုဖြစ်နေတယ်။ အာဏာရှိတုန်း အားရပါးရခိုးပြီး အနားယူတဲ့အခါမှာ တရားစွဲမခံရအောင် ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမ္မ ပြဋ္ဌာန်းလိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေကို သူခိုးဓားပြ ကာကွယ်ရေးဥပဒေလို့ ခေါ်နိုင်တယ်။

အကြောင်းကတော့ ၂၀၀၈ အခြေခံဥပဒေ အခန်း (၁၄) ပုဒ်မ (၄၄၅) မှာ န၀တ၊ နအဖအစိုးရတွေ လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေကို ဘယ်သူကမှ အရေးယူခွင့်မရှိဘူးလို့ ရေးထားလို့ပဲ။ အတိအကျပြောရင် “…….ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ” လို့ ရေးထားတာမို့ တာဝန်ထမ်းဆောင်ရင်း ခိုးဝှက်သူ၊ မုဒိမ်းကျင့်သူနဲ့ အာဏာအလွဲသုံးစားလုပ်သူတွေကို နောက်တက်မယ့် အစိုးရက အရေးယူပိုင်ခွင့် မရှိဘူးလို့ ကာကွယ်လိုက်တာပဲ။

ဒါပေမယ့် အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ ဗမာစစ်ခေါင်းဆောင်မျိုးကို ပြည်တွင်းဥပဒေက အကာအကွယ်မပေးနိုင်ဘူးလို့ အပြည်ပြည်ဆိုင်ရာ ဥပဒေကဆိုကြောင်း နယူးရောက်အခြေစိုက် Transitional Justice အဖွဲ့က ၂၀၀၉ စက်တင်ဘာမှာ ထုတ်ဝေတဲ့ Impunity Prolonged: Burma and its 2008 Constitution ဆိုတဲ့ (၄၅) စာမျက်နှာ စာတမ်းမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဗမာစစ်ခေါင်းဆောင်ပိုင်းကို နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ စုံစမ်းစစ်ဆေးအပြစ်ပေးဖို့ ဒီမိုကရေစီသမားတွေက လိုလားကြတယ်။ ဆူဒန်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းပြီး အရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတကာရာဇ၀တ်ခုံရုံး International Criminal Court (ICC) ကို ၂၀၀၅ မတ်လမှာ ညွှန်းလိုက်တဲ့အခါမှာ (၄) နှစ် စုံစမ်းစစ်ဆေးပြီး ၂၀၀၉ မတ်လမှာ ဆူဒန်သမ္မတ အိုမာဘတ်ရှားကို ဖမ်းဆီးဖို့ ၀ရမ်းထုတ်လိုက်တယ်။ လက်ရှိ အစိုးရအကြီးအကဲကို ဖမ်းဝရမ်းထုတ်တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။

နိုင်ငံတကာရာဇ၀တ်ခုံရုံးရဲ့ အားနည်းချက်တခုက ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့မတိုင်မီက ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကို အရေးမယူနိုင်တာပါပဲ။ ၂၀၀၂ ဇူလိုင်လ (၁) ရက်နေ့က စတင်ကျင့်သုံးတာမို့ အဲဒီနောက်ပိုင်းက အမှုတွေကိုသာ စစ်ဆေးပိုင်ခွင့်ရှိတယ်။ နောက်တချက်က တရားခံကိုဖမ်းမယ့် ရဲအဖွဲ့မရှိတာပါပဲ။ နိုင်ငံတကာရာဇ၀တ်ခုံရုံးကို တည်ထောင်တဲ့ ရောမစာချုပ်ဝင်နိုင်ငံတွေက ဖမ်းပေးမှပဲ ရုံးတင်နိုင်ပါတယ်။ ဖမ်းဝရမ်းထုတ်လိုက်လို့ ဘယ်လ်ဂျီယံနိုင်ငံမှာ ဇိမ်ယူနေတဲ့ ကွန်ဂိုသမ္မတဟောင်း ဘန်းဘား ၂၀၀၈ မေလမှာ အဖမ်းခံလိုက်ရတယ်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက အရေးယူခံရသူတွေဟာ နိုင်ငံခြားမှာ လွတ်လွတ်လပ်လပ်မသွားနိုင်တော့ဘူး။ တနည်းဆိုရင်တော့ ဒီလိုလူမျိုးတွေကို လူဆိုးအဖြစ် နိုင်ငံတကာရာဇ၀တ်ခုံရုံးက သတ်မှတ်လိုက်တာမို့ အပြည်ပြည်ဆိုင်ရာအသိုင်းအ၀ိုင်းမှာ ၀င်ဆံ့ဖို့ မလွယ်တော့ဘူးပေါ့။ သူခိုးက လူလူဟစ်လို့မရအောင် လုပ်လိုက်တဲ့သဘောပါပဲ။
တောင်အာဖရိက၊ အမေရိကန်၊ အင်္ဂလန်၊ မွန်ဂိုးလရားနဲ့ ဗင်နီဇွဲလား နိုင်ငံက တရားသူကြီးဟောင်း (၅) ယောက်ဟာ ကုလသမဂ္ဂထုတ်ပြန်တဲ့ စာရွက်စာတမ်းကိုချည်း လေ့လာပြီး ၂၀၀၉ မေလမှာ (၁၁၄) မျက်နှာ Crimes in Burma ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်တယ်။ ဟားဗတ်တက္ကသိုလ်ဥပဒေမဟာဌာနက ထုတ်ပြန်တာမို့ ဟားဗတ်အစီရင်ခံစာလို့ လူသိများတယ်။ မြန်မာပြည်မှာ ဗမာစစ်တပ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုမျိုးစုံအကြောင်း ကုလသမဂ္ဂဟာ အသိဆုံးဖြစ်တယ်။ ဒီရာဇ၀တ်မှုတွေဟာ ရောမစာချုပ်မှာ ဖော်ပြထားတဲ့ အရပ်သားထုအပေါ်မှာ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်။ ဒီလောက် ဆိုးဝါးတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာတောင် ကုလသမဂ္ဂဟာ ဘာမှ မလုပ်နိုင်ဘူးလို့ ဆိုတယ်။ ဒါကြောင့် မြန်မာ့ကိစ္စကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို အရေးယူခိုင်းဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားတယ်။ နိုင်ငံတကာခုံရုံးကို ရည်ညွှန်းဖို့ ခက်နေရင်လည်း မြန်မာပြည်ဆိုင်ရာ အထူးခုံရုံး Special Tribunal ကို ဖွဲ့စည်းဖို့ အကြံပေးထားတယ်။ မြန်မာ့ကိစ္စမှာ ကုလသမဂ္ဂဟာ ဘာမှမလုပ်နိုင်ဘဲဖြစ်နေတာကို ရပ်ဆိုင်းဖို့ ကောင်းပြီလို့ တရားသူကြီးဟောင်း (၅) ဦးက ပြောလိုက်တာပါပဲ။

နအဖစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပြီး နအဖကို လက်နက်မရောင်းဖို့ ပိတ်ပင်တားမြစ်ပါရန် နိုင်ငံပေါင်း (၂၉) နိုင်ငံမှ လွှတ်တော်အမတ် (၄၄၂) ဦး ကိုယ်စား ဂျပန်လွှတ်တော်အမတ် (၂) ဦးက ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီကို စာရေးတင်ပြလိုက်တယ်။ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကြီးတွေ ဖြစ်ပွားနေတာကို ကုလသမဂ္ဂအေဂျင်စီတွေက မှတ်တမ်းတင်ထားပေမယ့် အရေးယူတာမျိုးမရှိခဲ့ကြောင်း၊ နအဖစစ်အစိုးရကို ရာဇ၀တ်ကြောင်းအရ အရေးယူသင့်တာ ကြာပြီဖြစ်ကြောင်း ဂျပန်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ အာဇူးမားကိုနိုနဲ့ တာဒါရှိအီနုဇူကာတို့က တင်ပြထားတာပါပဲ။ ၁၉၉၆ ကစပြီး မြန်မာပြည်အရှေ့ပိုင်းဒေသမှာ တိုင်းရင်းသားကျေးရွာ (၃,၅၀၀) ကျော်ကို နအဖစစ်တပ်က ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ အနည်းဆုံး (၈၀,၀၀၀) ကျော်ရှိကြောင်းကိုလည်း ဖော်ပြထားတယ်။

နှစ်ပေါင်းများစွာ ဗမာစစ်အစိုးရဟာ လူ့အခွင့်အရေးအားလုံး ချိုးဖျက်နေတာမို့ ရာဇ၀တ်မှု ကျူးလွန်တာဟာ မူဝါဒလမ်းစဉ်လို့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်ကင်တားနားက လွန်ခဲ့တဲ့ မတ်လအစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဗမာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (သို့မဟုတ်) နိုင်ငံတကာရာဇ၀တ်ခုံရုံးက စစ်ဆေးနိုင်တဲ့ စစ်ရာဇ၀တ်မှုတွေလည်း ဖြစ်နိုင်တယ်လို့ အပိုဒ် (၁၂၁) မှာ ကင်တားနားက ဖော်ပြတယ်။ အနှစ် (၂၀) ကျော် လူ့အခွင့်အရေးချိုးဖျက်နေတာကို စုံစမ်းစစ်ဆေးအရေးယူဖို့ အစိုးရမှာ တာဝန်ရှိပေမယ့် အစိုးရကိုယ်တိုင်က လူ့အခွင့်အရေး ချိုးဖျက်နေတာကြောင့် တာဝန်ယူမယ့်သူမရှိဖြစ်နေကြောင်း၊ ဒီလို တာဝန်မဲ့နေတာကို ထောက်ပြီး မြန်မာပြည်က စစ်ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂက ကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေးနိုင်တယ်လို့ အစီရင်ခံစာအပိုဒ် (၁၂၂) မှာ မစ္စတာကင်တားနားက ဖော်ပြထားတယ်။

အမေရိကန်နိုင်ငံရေးပါတီကြီး (၂) ခုမှ ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင်ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ဆီကို လွန်ခဲ့တဲ့ ဇူလိုင်လက စာရေးတိုက်တွန်းပါတယ်။ အခုတခါ အိုဘားမားအစိုးရက ဗမာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုကြီးတွေကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းအရေးယူဖို့ သဘောတူတယ်လို့ လွန်ခဲ့တဲ့အပတ်က ပြောလာပြန်တဲ့အတွက် ရွေးကောက်ပွဲလုပ်ပြီး မျက်လှည့်ပြဖို့ ကြံစည်နေတဲ့ ဗမာစစ်သူခိုးကို မီးမောင်းထိုးပြသလို ဖြစ်သွားပါတယ်။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ အပေါင်းပါတွေကို ရာဇ၀တ်ကောင်ဖြစ်ကြောင်း စီရင်ချက်ချဖို့ လိုတယ်။ ဗမာစစ်ခေါင်းဆောင်တွေဟာ ရာဇ၀တ်ကောင်ပါလား ဆိုတာကို ကမ္ဘာက လက်ခံလာဖို့လိုတယ်။ ရာဇ၀တ်ကောင်အဖြစ် ကမ္ဘာ့တရားရုံးက သတ်မှတ်ထားတာကြောင့် ဒီလူတွေ အာဏာလက်လွတ်ဖြစ်သွားမှာ မဟုတ်ပေမယ့် နောက်တက်လာမယ့် စစ်ဗိုလ်တွေ ထင်သလိုမလုပ်ရဲအောင် ဟန့်တားနိုင်လိမ့်မယ်လို့ ယူဆရတယ်။

0 comments:

Post a Comment