ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မနက်ဖြန် နောက်ဆုံးရက်အဖြစ် စစ်အစိုးရက ရာဇသံပေးခဲ့သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ကမူ အသွင်ပြောင်းမည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောဆိုလိုက်ကြသည်။

နယ်ခြားစောင့်တပ် (Border Guard Force - BGF) အဖြစ် အသွင်ပြောင်းရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးနောက် စစ်အစိုးရဘက်က စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ ထပ်မံဖြေကြားရန် တောင်းဆိုခဲ့ခြင်းကို ၎င်းတို့နှစ်ဖွဲ့က ထပ်မံငြင်းဆန်လိုက်ကြသည်။

“ပြောင်းဖို့က အစကတည်းက လက်မခံဘူး။ အစိုးရကလည်း ဒီအစီအစဉ်ကို ရပ်ဆိုင်းပြီး ဖြစ်ပါတယ်။ နောက်တခုက ပင်လုံစာချုပ်အတိုင်းဆိုတာထက် ပင်လုံစိတ်ဓာတ်ပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုကို ၀ိုင်းဝန်းတည်ထောင်ရေးကနေ မပြောင်းလဲတာ KIO ရဲ့ နိုင်ငံရေးပန်းတိုင်ဖြစ်တယ်။ ဒါကြောင့် နယ်ခြားစောင့်တပ် ပြောင်းရေးကို လုံးဝ လက်မခံဘူး” ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါးက မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်တွင် ပါရှိသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုတွင် တန်းတူညီမျှမူဖြင့် အတူတကွ နေထိုင်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရအဆက်ဆက်နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည့်နည်းတူ ဆက်လက်ညှိနှိုင်းခြင်းဖြင့် ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဟု KIO က ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

UWSA နှင့် နီးစပ်သော ပြည်သူ့ဒီမိုကရေစီတပ်ဦး PDF မှ တာဝန်ရှိသူတဦးလည်း “တခုရှိတာက ၁ ရက်နေ့လို့ ပြောတာက အကြိမ်ပေါင်းများနေပြီ။ အဲတော့ သိပ်မထူးခြားဘူး။ ဘယ်လောက်ပဲ ရွေးကောက်ပွဲတွေ ပြင်နေပြင်နေ၊ တပ်ထဲမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိတဲ့အချိန်မှာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ နောင်တက်တဲ့ အစိုးရနဲ့ပဲ စကားပြောမယ်။ နောင်တက်တဲ့ အစိုးရလည်း သူတို့ပါပဲဗျာ။ ဒါပေမဲ့ နောင်ခါလာ နောင်ခါဈေးပေါ့” ဟု မဇ္ဈိမကို ပြောသည်။

BGF ကိစ္စ ဖြေကြားရန် နောက်ဆုံးရက် သတ်မှတ်ချက်နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ကို သိရှိလို၍ မွန်ပြည်သစ်ပါတီ NMSP ဌာနချုပ်နှင့် ဆက်ဆံရေးရုံးကို ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူများနှင့် ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်များ မရှိသဖြင့် ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

BGF ကို လက်မခံသဖြင့် နှစ်ဦးနှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားလာဖွယ်မရှိကြောင်း သုံးသပ်သည်။

“တိုက်ပွဲတွေ ဖြစ်လာဖို့က အစိုးရပေါ် မူတည်တယ်။ ကျနော်တို့ အမြင်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ တိုက်ပွဲဖြစ်ရင် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းသာမက ပြည်သူလူထု ထိခိုက်နစ်နာမယ့် ကိစ္စဖြစ်တော့ အစိုးရက အလေးအနက် စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ငြိမ်းချင်းရေး မပျက်ဘဲ ဆက်သွားနိုင်ဖို့ ညှိအုံးမယ်” ဟု KIO မှ ဗိုလ်မှူးကြီးဆင်ဝါးက ပြောသည်။

KIO ထိန်းချုပ်သည့် ကချင်ပြည်နယ် ဒေသအချို့တွင် စစ်အစိုးရက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ မရှိကြောင်းလည်း ဗိုလ်မှူးကြီးဆင်ဝါးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်၍ BGF အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရဘက်က စတင်ခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများဖြစ်သည့် UWSA ၊ KIO နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ကို အဓိက ဖိအားပေးခဲ့သည်။

ယခုအချိန်တွင် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ) စသည့် အဖွဲ့များ အပါအ၀င် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည့် အဖွဲ့ ၈ ဖွဲ့ထက်မနည်း ရှိကြောင်း သိရသည်။

0 comments:

Post a Comment