နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ခေတ်ပြိုင် မှ...

နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ရာဇသံပေးသည်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်းပြန်ကြားလိုက်သည်ဟု အဖွဲ့၏တပ်မှူးတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ်ဖြစ်စေ (၇) ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံးသတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ်အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်းပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကော့ကရိတ်မှာရှိတဲ့ဌာနချုပ် ထော့ကိုကိုးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းဝေးခေါ်တယ်။ အဖိုးဌေးမောင်က စည်းဝေးပွဲမှာ ငါတို့ပြန်လာတာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့ ပြန်လာတာမဟုတ်ဘူး၊ ပြန်လာတုန်းက ပြောတာတမျိုး၊ အခု ပြောတာကတမျိုး ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စ နောက်တက်မယ့်အဖွဲ့နဲ့ပဲ စကားပြောမယ်။ ကျနော်တို့ကိုလည်း အားလုံး အရင်လိုပဲ နေကြပါလို့ ပြောတယ်” ဟု ဆိုသည်။

ယခင်လ (၂၄) ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်ကို အရှေ့တောင်တိုင်းတိုင်းမှူးက တပ်အသွင်ပြောင်းရေးကိစ္စအတွက် မော်လမြိုင်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း စောဌေးမောင်က လက်မခံဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းမှူးက အသွင်ပြောင်းရန် (၇) ရက် အချိန်ပေးကြောင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက တရားမ၀င် လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ကာ အရေးယူခြင်းခံရမည်ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။

နောက်ဆုံးရက်အဖြစ် နအဖဘက်မှ သတ်မှတ်ပေးထားသည့်ရက်မှာ ယနေ့ပြီးဆုံးသွားသော်လည်း နအဖဘက်မှ တစုံတရာ လာရောက်ဆွေးနွေးခြင်း၊ စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ခြင်းတို့ မရှိသေးကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တပ်မှူးက ပြောသည်။

၎င်းက “သူတို့ဘက်က စစ်ရေးအရ အင်အားသုံးလာရင်တော့ ကျနော်တို့ဘက်က ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ အထက်အမိန့်အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်နှင့် အဆင့်မြင့်ခေါင်းဆောင် (၂) ဦးတို့အား ခေတ်ပြိုင်က ဖုန်းအဆက်အသွယ် လုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်လာပါက ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို မိမိတို့ နယ်မြေအတွင်း အခြေချခွင့်ပေးပြီး ပြန်လည်ဝင်ရောက်လာမည့် စစ်သည်များကိုလည်း လက်ခံကြိုဆိုသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု၊ ဖေဖော်ဝါရီ (၁၁) ရက်တွင် ကေအန်ယူမှခွဲထွက်၍ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၅၀၀) ခန့်ရှိသည်ဟု သိရသည်။

၁၉၈၉ ခုနှစ်မှစ၍ နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ရှိပြီး အဆိုပါတပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် နအဖစစ်အစိုးရက ယမန်နှစ် ဧပြီလမှ စတင်ကာ ဖိအားပေးလျက်ရှိသည်။

0 comments:

Post a Comment