ဖာပွန်ဗုံးပေါက်ခွဲမှုသည် နအဖ ၏လက်ချက်ဖြစ်ကြောင်း နအဖစစ်ပြေးမှပြောကြား

ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင့်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်မှုကို နယ်မြေခံ နအဖစစ်တပ်၏ လက်ချက်ဖြစ်သည်ဟု မကြာသေးမှီက ထွက်ပြေးရောက်ရှိလာသည့် နအဖစစ်ပြေးများက ပြောဆိုသည်။
၎င်းတို့ပြောဆိုချက်အရ အဆိုပါ ဗုံးခွဲရန်အတွက် နေပြည်တော်မှ စေခိုင်းခြင်း ဖြစ်ပြီး ဖာပွန်အခြေစိုက် အမှတ် ၁စစ်ဗျူဟာမှူးကိုင်တိုင် ကြီးကြပ်ကာ နယ်မြေခံနအဖစစ်ထောက်လှန်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဆောင်ရွက်ခြင်း ဖြစ်သည်။

မကြာသေးမှီက ထွက်ပြေးရောက်ရှိလာသည့် ဖာပွန်အခြေစိုက် အမှတ်၁စစ်ဗျူဟာ လက်အောက်ခံတပ်ရင်း၊ တပ်ခွဲ ၂မှ တပ်သားမောင်စိုး(အမည်ရင်းမဟုတ်)၏ ပြောဆိုချက်အရ ကေအဲန်ယူအပေါ် အများပြည်သူများ အထင်အမြင်လွဲလာစေရန်အတွက် အထက်မှ ညွန်ကြားထားခြင်းဖြစ်ကြောင်း၊ ၄င်း၏တပ်ခွဲမှူးလည်း အသေးစိတ်လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်ရသဖြင့် ထိုကဲ့သို့ အသေးစိတ်ကို သိရှိရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့်ညတွင် မိမိတို့ တပ်ခွဲအပါအ၀င် အခြားတပ်ခွဲများနှင့်အတူ လုံခြုံရေး ထူထပ်စွာ ချထားကြောင်း ပြောဆိုသည်။
ထို့သို့ လုံခြုံရေး ထူထူထပ်ထပ် ချထားမှုများကြောင့် ကေအဲန်ယူ ဘယ်လိုမှ ၀င်ရောက်နိုင်သည့် နေရာမဟုတ်ကြောင်း၊ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ပေါက်ကွဲသည့် ဗုံးအစအနကို ပြန်စစ်ပါက ၄င်းတို့စစ်တပ်၏ ဗုံးဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အဖြေထွက်နိုင်ကြောင်း ပြောဆိုသွားသည်။
အဆိုပါထွက်ပြေးရောက်ရှိလာသည့် နအဖစစ်ပြေးသည် စစ်သက်တမ်း ၂နှစ်ရှိပြီး ဖြစ်သည်ဟု သိရှိရသည်။
ထို့အပြင် အဆိုပါဗုံးဖောက်မှု အသေးစိတ်လုပ်ငန်းစဉ်အတွက် ၄င်းတို့၏ မဟာမိတ်ဖြစ်သည့် ဖာပွန်အခြေစိုက် ဒီကေဘီအေ ၃၃၃တပ်မဟာ ကဆောဝါးတပ်ရင်းထံ သတင်းမပေါက်ကြားစေရန် လျှို့ဝှက်စွာ ကိုင်တွယ် လုပ်ဆောင်ထားကြောင်း၊ ဒီကေဘီအေကို နယ်မြေခံနအဖတပ်ဗိုလ်တွေက ယုံကြည်မှုနည်း ကြောင်းကိုလည်း ထပ်မံပြောဆိုသွားပါသည်။

ကဲ အားလုံးဖတ်ရတဲ့အတိုင်းပဲ....အမှန်တရားဆိုတာ တနေ့ပေါ်လာတာပဲ။ ဆင်သေကိုဆိတ်သရေနဲ့တသက်လုံးဖုံးထားလို့မရဘူးဆိုတာ မင်းတို့နအဖ နှင့် နအဖနောက်လိုက်ကောင်တွေသိထားပါ။ ဘာပြောချင်သေးလဲ.. အရှက်တရားရှိကြစမ်းပါဗျာ။။။။။
သတင်း-ဖာပွန်သား
အီးမေလ်မှ ပို့ပေးသော ကိုအောင်ကျော်ကို အထူးကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment