ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုတွင် သားကောင် ဖြစ်ခဲ့ရသူများအတွက် အမေရိကန် ကရုဏာသက်

ကြာသပတေးနေ့က ဖြစ်ပွါးခဲ့သည့် အနည်းဆုံး လူ ၈ယောက် သေဆုံးခဲ့ပြီး ၆ဝ ကျော် ဒဏ်ရာရခဲ့သော ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုအတွက် အမေရိကန် ပြည်ထောင်စုမှ စိုးရိမ်သောကနှင့် ကရုဏာသက်မှုကို ဖော်ပြခဲ့ပြီး ဖောက်ခွဲမှု ကျူးလွန်သူများ၏ လူမဆန်သော လုပ်ရပ် အပေါ် ပြစ်တင် ရှုတ်ချ ခဲ့ပါသည်။

“ဗုံးပေါက်ကွဲမှုရဲ့  သားကောင်ဖြစ်ခဲ့ရသူ အားလုံးအတွက် အထူးစိတ်မကောင်း ဖြစ်မိပြီး ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဌာန လက်ထောက် အတွင်းရေးမှူး ဖိလစ်ဂျေခရိုးလီး မှ ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

မြန်မာ နှစ်ဆန်း မတိုင်မီ ပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် ရိုးရာ သင်္ကြန်ပွဲတော်ရက်အတွင်း မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ဖြစ်သည့် ရန်ကုန်မြို့ တွင် ကြာသပတေးနေ့မွန်းလွဲပိုင်း၌ ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး လူ ၉ဝ ကျော် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါသည်။

ဗုံးပေါက်ကွဲမှုသည် မင်္ဂလာတောင်ညွန့် မြို့ နယ်အတွင်းရှိ သင်္ကြန်မဏ္ဍပ် တခုတွင် ဖြစ်ပွါးခဲ့ဖြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်မြို့ တွင် ဗုံးပေါက်ကွဲခြင်းသည် ထူးခြားသည့် ကိစ္စရပ် တခု မဟုတ်သော်လည်း အတိတ်က ဗုံးပေါက်ကွဲမှုများတွင် သေဆုံးသူ အနည်းငယ် ရှိသော်လည်း ဒဏ်ရာရသူ ဦးရေ ယခုလောက် မများခဲ့ပေ။ ကြာသပတေးနေ့ က ဖြစ်ပွါးခဲ့သည့် ထို ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူများထဲတွင် စည်ပင်သာယာ အရာရှိ တဦးလည်း ပါဝင်ခဲ့ပြီးမင်္ဂလာတောင်ညွန့် မြို့ နယ် မယက ဥက္ကဌ တဦးလည်း ဒဏ်ရာ ရရှိခဲ့သည်။

“အပြစ်ကင်းမဲ့တဲ့ အရပ်သားတွေကို ထိခိုက် ဒဏ်ရာရ သေဆုံးစေမည့် ဘယ်လို အကြမ်းဖက်မှုမျိုးကို မဆို ကျနော်တို့ ရှုတ်ချပါတယ်” ဟု ခရိုးလီးက ပြောကြားခဲ့သည်။

ယခုအချိန်အထိ မည်သည့် အုပ်စုကမှ ဗုံးပေါက်ကွဲမှုသည် ၄င်းတို့ လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ဗုံးပေါက်ကွဲမှုများအတွက် ရန်ကုန်မြို့ မှ ရဲတပ်ဖွဲ့ ဝင်များသည် စုံစမ်း စစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေကြောင်း ၄င်းတို့ က ပြောကြားခဲ့သည်။

ယခင်က ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွါးလျှင် သတင်း အမှောင်ချထားလေ့ ရှိသည့် စစ်အစိုးရသည် ကြာသပတေးက ဗုံးပေါက်ကွဲမှုကိုတော့ ချက်ခြင်း ကြေညာ ခဲ့သည်။

မြန်မာနှစ်သစ် မကူးမီ ကျင်းပလေ့ ရှိသော ရိုးရာ သင်္ကြန်ပွဲသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော ပွဲတော် တခုဖြစ်ပြီး ထောင်ပေါင်းများစွာသော သူများ (အထူးသဖြင့် လူငယ်လူရွယ်များ)သည် ရေကစားခြင်းဖြင့် ပါဝင်ဆင်နွှဲလေ့ ရှိကြသည်။

အမေရိကန် ပြည်ထောင်စုသည် အိုဗားမား အစိုးရ အဖွဲ့ မှ ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် မူဝါဒ အပြောင်းအလဲ ကြေညာပြီးသည့် အချိန် မှစ၍ ရှားရှားပါးပါး စည်းဝေးမှုများနှင့် တွေ့ ဆုံ ဆွေးနွေးမှုများ ပါဝင်သည့် သံတမန် နည်းလမ်းများဖြင့် ဆွေးနွေးညှိုနှိုင်းမှုများကို ပြတ်တောင်းပြတ်တောင်း ပြုလုပ်ခဲ့သည်။

မဇ္ဈိမ သတင်းမှ

0 comments:

Post a Comment