ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သူ များ၏ မိသားစုဝင် များ၏ ခံစားမှုများ

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးခင်မောင်လေး ၆၁ နှစ် ၏ မိသားစုဝင် တစ်ဦး
'အဖေက ရပ်ကွက်ထဲက ရာအိမ်မှူးပါ၊ သင်္ကြန် အကြတ် နေ့က ဆရာဝန် အသင်း မဏ္ဍပ်မှာ တာဝန်ကျ ပါတယ်။ မနက် ၇ နာရီက သွားပြီး မွန်းလွဲ ၁၂ နာရီ ခွဲမှာ ခဏ လာနားတယ်။ ပြီးတော့ ၂ နာရီ လောက်မှာ ပြန်သွားတယ်။ ၃ နာရီ ၀န်းကျင် လောက်မှာ အိမ်ကနေ အသံ ကျယ်ကြီး နှစ်သံ ကြားလိုက်ရပါတယ်။ နောက် သိပ်မကြာခင်မှာ တစ်သံ ထပ်ကြား ရတယ်။ ကျွန်မရဲ့ အဖေ ဗုံးမှန်လို့ ဒဏ်ရာ ရသွားတယ် ဆိုတာကို မိတ်ဆွေ တစ်ယောက် လာပြော တယ်။ ဖြစ်တဲ့ အခါမှာ အဖေက ခွေကနဲ လဲကျ သွားတယ်။ အဲဒီ အချိန် တုန်းက နှလုံးခုန်နေ သေးတယ်။ ဒါပေမယ့် မျက်လုံး ကတော့ မပွင့် တော့ဘူး။ တူလေးက အလုပ်သမား ဆေးရုံကြီးကို ခေါ်သွားတယ်။ ဆေးရုံ အရောက်မှာတော့ အသက် မရှိတော့ ပါဘူးလို့ တူလေးက ပြန်ပြောပြ ပါတယ်။ သင်္ကြန် အတက် နေ့မှာ သက်ဆိုင်ရာ တာဝန် ရှိသူ တွေက မနက် ၆ နာရီကနေ ၈ နာရီအတွင်း အလောင်း ထုတ်ပေးမယ် ဆိုလို့ အရောက် သွားတယ်။ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေး သုသာန်မှာပဲ ကျွန်မတို့ အစ္စလာမ် ဘာသာဝင်ရဲ့ ထုံးစံ အတိုင်း သဂြုင်္ိဟ်ခဲ့ ပါတယ်' ဟု ဗုံးပေါက်ကွဲ မှုဖြင့် ကွယ်လွန် သွားခဲ့သူ မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဦးခင်မောင်လေး ၏ သမီးဖြစ်သူ မတင်မာလတ်က ပြောပြ ပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ကိုစိုးဝင်း ၂၄ နှစ်၏ မိသားစုဝင် တစ်ဦး
'ကျွန်တော် တို့က မော်လမြိုင်က ပြောင်းလာ တာပါ။ သားက မွန်းလွဲ ၂ နာရီခွဲ အချိန်လောက် မှာ ကန်တော်ကြီး ပတ်လမ်း မဏ္ဍပ် တွေမှာ သီချင်း နားထောင်မယ် ဆိုပြီး ကျွန်တော့်သားနဲ့ အတူ ညီ တစ်ယောက်ရယ်၊ သူငယ်ချင်း တစ်ယောက်ရယ် သွားပါတယ်။ ညနေ ၃ နာရီ ၀န်းကျင် လောက်မှာ လမ်းထဲကို ဆိုက်ကား တွေနဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ဒဏ်ရာတွေနဲ့ ပြန်လာတာ တွေ့တော့ အိမ်ပေါ်က ဆင်းပြီး စုံစမ်း လိုက်တော့ ကန်တော်ကြီး ပတ်လမ်း မှာ ဗုံးပေါက် တယ်လို့ သိလိုက် ရတယ်။ ကျွန်တော့် သားကလည်း အဲဒီကို သွားတော့ အရမ်း စိတ်ပူ သွားတယ်။ သားနဲ့ အတူ ပါသွားတဲ့သူ့ရဲ့ ညီလေး တစ်ယောက်က လမ်းကွဲ သွားပြီး ပြန်ရှာလို့ မတွေ့တော့ဘူး ပြောတယ်။ ညနေ ၆ နာရီလောက်မှာ ဆေးရုံကြီးကို လိုက်သွားပြီး ဒဏ်ရာရ လူနာ စာရင်းကိုကြည့်တော့ သားရဲ့ နာမည် မပါဘူး။ အတူပါ သွားတဲ့ သူငယ်ချင်း ကတော့ ခြေထောက်နဲ့ ဗိုက်မှာ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရထား တယ်လို့ သိရတယ်။ နောက် ပွဲချင်းပြီး သေဆုံးတဲ့ သူတွေကို ရန်ကုန် ပြည်သူ့ဆေးရုံကြီး ရေခဲ တိုက်မှာ ထားတယ် ဆိုလို့ သင်္ကြန် အတက်နေ့ မနက် ပိုင်းမှာ ဓာတ်ပုံ ယူသွားပြီး သွားကြည့်တော့ အဲဒီမှာ တွေ့လိုက် ရတယ်။ မွန်းလွဲ ၁ နာရီမှာ ရေဝေး သုသာန်မှာ သဂြုင်္ိဟ် လိုက်ပါတယ်' ဟု ဗုံးပေါက်ကွဲမှုဖြင့် ကွယ်လွန် သွားသူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ကိုစိုးဝင်း ၏ ဖခင်ဖြစ်သူ ဦးတင်စိုးက ဆိုပါသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးကြင်အောင် ၃၇ နှစ်၏ မိသားစုဝင် တစ်ဦး

'အဲဒီ နေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူ ကျိုတယ်၊ မုန့်လုံး ရေပေါ် လုံးပြီး အလှူ ဒါန လုပ်တယ်။ ၂ နာရီခွဲ လောက်မှာ အလှူက ပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူလေးရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုးကို ကြည့်မယ် ဆိုပြီးတော့ ကန်တော်ကြီး ပတ်လမ်းကို သွားတယ်။ ၄ နာရီ လောက်မှာ အိမ်ကို သူ့ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက် လာတယ်။ ကျွန်မရဲ့ အမျိုးသား က ပါမလာ တော့ဘူး။ အဲဒီတော့ ကျွန်မ တို့က ချက်ချင်းပဲ ဆေးရုံတွေမှာ လိုက်ရှာ ကြတယ်။ သင်္ကြန် အတက်နေ့ နံနက် ပိုင်းမှာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ရေခဲ တိုက်ကို သွားရှာတော့ တွေ့ရတယ်။ သူဆုံး သွားတော့ ကျွန်မနဲ့အတူ အသက် ၁၀ နှစ် အရွယ် ရှိတဲ့ သမီးလေး တစ်ယောက်ပဲ ရှိတော့တယ်' ဟု ဗုံးပေါက် ကွဲမှုဖြင့် ကွယ်လွန် သွားခဲ့သူ ဗဟန်းမြို့နယ်နေ ဦးကြင်အောင် ၏ ဇနီးဖြစ်သူက ပြောပြခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဒေါ်နီနီသိန်း ၆၇ နှစ်၏ မိသားစုဝင် တစ်ဦး

'အမေက နေ့လယ်မှာ အိပ်နေတာ။ တူမလေးက သွားလည် ရအောင် ဆိုပြီး နှိုးလို့ ၂ နာရီ ကျော်ကျော် လောက်မှာ အမေရယ်၊ ညီမရယ်၊ တူမလေးရယ် သုံးယောက် ထွက်သွား ကြတယ်။ မဏ္ဍပ်ရဲ့ ဒီဘက်က ၁၂၅ လမ်း ထိပ်မှာပဲ ရပ်ကြည့် နေတုန်း ပေါက်ကွဲမှု ဖြစ်တယ်။ အမေက တူမလေး အပေါ် အုပ်ပြီး လဲကျ သွားတယ်။ ပြီးတော့ အလုပ် သမား ဆေးရုံကြီးကို ခေါ်သွားကြတယ်။ အဲဒီကမှ တစ်ဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့လိုက်တယ်။ အမေက ဖြစ်တဲ့ နေရာမှာပဲ အသက် မရှိတော့ဘူးလို့ ညီမက ပြန် ပြောပြ တယ်။ အမေကိုတော့ သင်္ကြန် အတက် နေ့မှာ ရေဝေး သုသာန်မှာ ၃ နာရီခွဲက သဂြုင်္ိဟ် လိုက်ပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရဲ့ ကံကြမ္မာက ဒီလောက်ပဲ လို့ပဲ တရားနဲ့ ဖြေနေရ တော့တယ်။ ညီမက ခြေထောက် နဲ့ တင်ပါးကို ထိသွားတယ်။ အခု ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ် ဌာန ၅-၆ မှာ ကျောက်ပတ်တီးစည်း ထားရတယ်။ တူမလေး ကတော့ ဆီးခုံရိုး ကျိုးသွားပြီး အူနဲ့ ခါးမှာလည်း ထိသွားတယ်။ အခု ကလေး ဆေးရုံကြီး အရေးပေါ် ဌာနမှာ အူဖြတ်ပြီး ပြန်ဆက်ထား ရတယ်။ နှလုံးခုန်သံ ကတော့ ပုံမှန်ပြန် မဖြစ်သေးဘူး။ တူမလေးက နှစ်နှစ်ခွဲပဲ ရှိသေးတော့ ကလေး အတွက် လူနဲ့ ဒဏ်ရာနဲ့က မမျဘူး ဖြစ်နေတယ်'ဟု ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဒေါ်နီနီသိန်း နှင့် ဒဏ်ရာရရှိသူ မသဇင်မြင့် နှင့် မရတီစိုး တို့၏ မိသားစုဝင် တစ်ဦးက ပြောပါသည်။

ဟံသာဝတီ သတင်းမှ

0 comments:

Post a Comment