၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း

ရဲရင့် (ခေတ်ပြိုင် မှ)

နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲအပါအ၀င် တိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားနေပြီဖြစ်သောကြောင့် လူထုတရပ်လုံး ပါဝင်ဆန့်ကျင်ကြရန် နယ်စပ်တွင် ဖွဲ့စည်းလိုက်သည့် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ က ယနေ့ပြောကြားသည်။

အဆိုပါအဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ကိုမိုးသီးဇွန်က “ဒီမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ စုစည်းပြီးတော့ လှုပ်ရှားမှုတွေ လုပ်မှာဖြစ်တယ်။ ပြည်တွင်းထဲမှာ လူထုအစိုးရတရပ် ပေါ်ပေါက်အောင် ကျနော်တို့ ၀ိုင်းဝန်းကြိုးပမ်းပေးမယ်၊ လူထုတိုက်ပွဲတွေ ဖော်ထုတ်ပေးဖို့လည်း ဒီအဖွဲ့ကို ဖွဲ့တာဖြစ်တယ်။ အဓိက လုပ်ငန်းစဉ်တွေကတော့ နိုင်ငံရေးအရ တပြည်လုံးမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သံဃာတော်တွေ၊ အကုန်လုံးကို ဖြန့်ကြက်စည်းရုံးပြီး လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

ယခုလှုပ်ရှားမှုကော်မတီသည် အခြားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများနှင့် ပုံစံတူမည်မဟုတ်ဘဲ ပြည်တွင်းလူထု လှုပ်ရှားမှုကြီးကိုသာ အဓိကထား၍ လုပ်ရှားသွားမည်ဟုလည်း ကိုမိုးသီးဇွန်က ပြောသည်။

၎င်းက “အဓိက လူထုလုပ်ရှားမှုကြီးကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်သွားမယ်။ ပြည်တွင်းမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်မယ်။ ရက် (၆၀) အတွင်းမှာ လူထုလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်။ အတွင်းမှာရှိတဲ့ အင်အားစုတွေက အခုဆိုရင် ရွေးကောက်ပွဲကို လက်မခံတဲ့စာတွေ ထုတ်တယ်။ ဓာတ်ပုံ ပိုစတာ ဝေတာတွေကို ဆက်တိုက်လုပ်နေတယ်။ တအိမ်တက်ဆင်း ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဆိုတဲ့ လှုပ်ရှားမှုတွေ စလုပ်နေပြီဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေ လိုအပ်ချက်အရ ယခုကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု လူထုတိုက်ပွဲကော်မတီ-၂၀၁၀ ၏ အဖွဲ့ဝင်တဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယဉ်ထွေးက ပြောသည်။

၎င်းက “ပါတီတွေမှတ်ပုံတင်ရမယ့် သတ်မှတ်ရက်မတိုင်ခင်မှာ နအဖကို အမြန်ဆုံးပြန်လည်တွန်းလှန်ဖို့နဲ့ လူထုနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်သွားမယ့် လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်နေပါတယ်” ဟု ပြောသည်။

လူထုတိုက်ပွဲကော်မတီ-၂၀၁၀ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ နယ်စပ်ဒေသအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် ၀ါရင့်အဖွဲ့အစည်းများ၏ အမြင်သဘောထားများကို မေးမြန်းရာတွင် ယခုကိစ္စနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်မပေးလိုကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါကော်မတီကို ပြီးခဲ့သည့်စနေနေ့၌ ထိုင်း-မြန်မာနယ်စပ်တွင် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ လုပ်ငန်းကော်မတီ (၂၁) ဦး၊ အဖွဲ့ဝင် (၄၂) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

လူထုတိုက်ပွဲ ၂၀၁၀ ကော်မတီအဖွဲ့တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိသည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

0 comments:

Post a Comment