ကျော်ဗလ (သုံးသပ်ချက်) ခေတ်ပြိုင် မှ
အခုအခါမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/မ၀င်ရေးဆိုတဲ့ ပြဿနာကို မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး စဉ်းစားကြရမှာ ဖြစ်သလို အန်အယ်လ်ဒီအနေနဲ့လည်း အဆုံးအဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အဓိကရွေးချယ်ရမှာက ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်ခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ချထားနိုင်ဖို့ပါပဲ။ ဒါ နိုင်ငံရေးပါတီတိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ကြုံရတတ်တဲ့ ပါတီတွင်း အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲသာဖြစ်ပါတယ်။
ဒီအတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲအတွင်းမှာ အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ကြရင်း ပါတီအတွက် လမ်းစဉ် လုပ်ငန်းစဉ်တွေ ပီပြင်စွာချမှတ်နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ပါတီတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲကို ဒီမိုကရေစီနည်းကျစွာ စည်းလုံးမှုရှိစွာ ဆင်နွှဲနိုင်မှ ပါတီတွင်းညီညွတ်ရေးကို တဆင့်တိုး တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ပါတီစည်းလုံးညီညွတ်မှုရှိမှလည်း ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
အန်အယ်လ်ဒီပါတီထဲမှာ အခုလို လမ်းစဉ်ဆိုင်ရာ အမြင်ကွဲလွဲမှုတွေ ဘာကြောင့်ရှိလာတာလဲ၊ ဘယ်လိုသဘောထားနဲ့ ကျော်လွှားကြမှာလဲ။ ခြုံပြောရရင် အမြင်ကွဲလွဲမှုတွေ ရှိလာတာဟာ နအဖက သွေးခွဲသပ်လျှိုရေးသဘောထားကို ကျင့်သုံးပြီး နိုင်ငံရေးအရ ထိုးနှက်မှုနဲ့ စည်းရုံးရေးအရ ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာကြောင့်လို့ အဓိက ကောက်ချက်ချကြရမှာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နအဖရဲ့လုပ်ရပ်တွေကြောင့် ပါတီတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ နိုင်ငံရေးအရ တွေဝေယိမ်းယိုင်မှုတွေ၊ စိတ်ကူးယဉ်မှုတွေကိုတော့ ပြတ်ပြတ်သားသား တွေးခေါ်မှုတိုက်ပွဲ ဆင်နွှဲသွားကြရပါလိမ့်မယ်။
အန်အယ်လ်ဒီပါတီထဲမှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အတွေးအခေါ်တိုက်ပွဲကတော့ ပါတီရပ်တည်ရေးဆိုတာအတွက် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးဆိုတဲ့ အမြင်နဲ့ ဒီမိုကရေစီလည်းမကျ တရားမျှတမှုလည်းမရှိတဲ့ ရွေးကောက်ပွဲကို မ၀င်ရောက်ရေးဆိုတဲ့ အမြင် (၂) ရပ်တိုက်ပွဲပါပဲ။ ဒီအမြင် (၂) ရပ်ရဲ့ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ဖို့ နအဖက ထုတ်ပြန်တဲ့ အမိန့်ဥပဒေ ပြဋ္ဌာန်းချက်တွေကို သုံးသပ်စိတ်ဖြာပြရုံနဲ့တော့ မလုံလောက်ပါဘူး။ အန်အယ်လ်ဒီပါတီ ဖြတ်သန်းခဲ့တဲ့ အနှစ် (၂၀) ခရီးကိုပါ ပြန်ပြောင်းသုံးသပ် အကဲဖြတ်ဖို့ လိုပါလိမ့်မယ်။
တကယ်တော့ အန်အယ်လ်ဒီပါတီဟာ အနှစ် (၂၀) ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် ပါတီတရပ်အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရခဲ့တာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ ပတ်ဝန်းကျင်လေးလောက်ပဲ ရှိခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးချိန်ကတည်းက န၀တဟာ ဥပဒေအမိန့်အမျိုးမျိုးထုတ်ပြီး အန်အယ်လ်ဒီပါတီကို ဖျက်ဆီးချေမှုန်းဖို့ တလျှောက်လုံး လုံးပန်းတိုက်ခိုက်ခဲ့တာပါ။ န၀တရဲ့ အဓိက ဦးတည်ချက်က အန်အယ်လ်ဒီခေါင်းဆောင်မှုကို ဖြိုခွဲဖို့ပါ။ အဓိက ပစ်ကွင်းကတော့ တတ်သိပညာရှင်များအင်အားစု ဖြစ်ပါတယ်။
ဒါကြောင့်လည်း တတ်သိပညာရှင်များအဖွဲ့ထဲက ဒေါ်အောင်ဆန်းစုကြည်ကအစ ဦးဝင်းတင်တို့အထိ ပုဒ်ထီးပုဒ်မတပ်ပြီး နှစ်ရှည်ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြတယ်။ ဆရာမောင်သော်ကတို့လို ညှဉ်းပန်းနှိပ်စက်ခံရပြီး အာဇာနည်ဖြစ်သွားသူတွေလည်း မနည်းလှဘူး။ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် ကိုယ်ကျိုးစွန့်ဖို့ ဆုံးဖြတ်ထားခဲ့တဲ့ ဦးတင်ဦး၊ ဦးကြည်မောင်တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း တတ်သိအင်အားစုတွေလိုပဲ ဖမ်းဆီးနှိပ်စက် ကာလရှည်ထောင်ချခဲ့ကြတာပါပဲ။ အန်အယ်လ်ဒီ အဖွဲ့ထဲမှာ န၀တအပေါ် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသဖွယ် ရိုကျိုးမယ်ဆိုတဲ့ ယူနီဖောင်းချွတ်တချို့နဲ့ နိုင်ငံရေးဇာတ်ပျက်တချို့ပဲ ခေါင်းဆောင်အဖြစ် ကျန်ရစ်ခဲ့ပါတော့တယ်။
ဒါကြောင့် ခြုံပြောရရင် အန်အယ်လ်ဒီပါတီမှာ ဆိုင်းဘုတ်သာရှိပြီး နိုင်ငံရေးမရှိတော့တာ ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ကာလ တလျှောက်လုံး အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ နအဖရဲ့ ဥပဒေ၊ အမိန့် ညွှန်ကြားချက်တွေကို အကောင်အထည် ဖော်ပေးခဲ့ရတာပဲ များပါတယ်။ နအဖ အလိုမကျ မျက်မာန်တော်ရှပြီဆိုရင် ဆုတောင်းပွဲလုပ်နေတဲ့ နော်အုံးလှတို့လို ပါတီဝင်တွေကအစ အန်အယ်လ်ဒီခေါင်းဆောင်များက သိမ်းကျုံးထုတ်ပစ်တတ်ကြပါတယ်။ ဒါလည်း သိပ်တော့မဆန်းလှပါဘူး။ နအဖ ကျင်းပတဲ့ အမျိုးသားညီလာခံ တက်ခွင့်ရချင်တော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေကိုတောင် ပါတီက ထုတ်ပစ်တဲ့ ခေါင်းဆောင်ကြီးတွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။
ပိုဆိုးတာကတော့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီပဲယင်းအရေးအခင်းနဲ့ လုပ်ကြံဖို့ ကြိုးစားပြီးနောက်ပိုင်းမှာ နအဖက ပါတီဆိုင်းဘုတ်တွေဖြုတ်ဖို့ ညွှန်ကြားတာကို တစုံတရာ မဆန့်ကျင် မတွန်းလှန်ဘဲ အလွယ်တကူ လက်ခံလိုက်ကြတာပါပဲ။ အဲဒီအချိန်မှာ နအဖက ဆိုင်းဘုတ်ပဲ ဖြုတ်ခိုင်းတာပါ။ အန်အယ်လ်ဒီခေါင်းဆောင်တွေက တပြည်လုံးမှာရှိတဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားခဲ့တာ ၂၀၀၉ ခုနှစ် ရွှေဂုံတိုင်အစည်းအဝေးအထိပါပဲ။ ဒီတော့လည်း အန်အယ်လ်ဒီပါတီရဲ့ လှုပ်ရှားမှုဆိုတာ အခါကြီး ရက်ကြီးတွေရောက်ရင် အုတ်လမ်းမှတ်တိုင်က ရုံးမှာ လူလေးငါးဆယ်လောက် အခမ်းအနား ပြင်ဆင်ကြ၊ မိန့်ခွန်းပြောကြ၊ ကြေညာချက်ထုတ်ကြတာလောက်ပဲ ရှိပါတော့တယ်။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက သူ့ရဲ့မိန့်ခွန်းတခုမှာ “အန်အယ်လ်ဒီပါတီကို ကြောက်စရာမရှိသလို ဂရုစိုက်စရာလည်း မလိုပါဘူး။ ဒါပေမယ့် သူ့နောက်မှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂရှိနေလို့သာ သတိထားနေရတာ” လို့ မှတ်ချက်ချထားတာ ဖြစ်ပါလိမ့်မယ်။ နအဖအနေနဲ့ကတော့ အန်အယ်လ်ဒီကို အဆိပ်မရှိတော့တဲ့ ရေမြွေလို သဘောထားနေခဲ့ပုံရပါတယ်။
တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အန်အယ်လ်ဒီပါတီအပေါ် မျှော်လင့်ချက်ထားနေကြတာ အုတ်လမ်းမှတ်တိုင်မှာ ရုံးထိုင်နေကြတဲ့ နိုင်ငံရေး ခေါင်းဖြူစွယ်ကျိုး ခေါင်းဆောင်တွေအပေါ် ယုံကြည်အားထားနေကြလို့ မဟုတ်ပါဘူး။ အန်အယ်လ်ဒီပါတီအတွက် သဏ္ဌာန်အမျိုးမျိုးနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ အောက်ခြေက အပယ်ခံတွေ ပါတီဝင်တွေ၊ ထောင်ထဲမှာ စွန့်လွှတ်ပေးဆပ်နေကြတဲ့ ရဲဘော်တွေ၊ ပြည်ပက အသွင်အမျိုးမျိုးနဲ့ ထောက်ခံအားပေးနေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကြောင့်သာ မြွေဟာ ခေါင်းကျိုးနေပေမယ့် ခန္ဓကိုယ်က လူးလွန့်လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းကျိုးနေမှတော့ နိုင်ငံရေးခန္ဓာအိမ်ဟာ တွန့်လိမ်နေတာကလွဲလို့ လိုရာကို မရောက်နိုင်တော့ပါဘူး။
၂၀၀၇ ခုနှစ် သံဃာအရေးအခင်းမှာဆို ပွဲကြည့်ပရိသတ်လုပ်နေကြတဲ့ နိုင်ငံရေးခေါက်ရိုးကျိုး သက်ကြားအိုကြီးတွေကို ‘ခေတ်သစ်နီရိုး’ တွေလို့တောင် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြသူများက စိတ်နာနာနဲ့ နာမည်ပေးခဲ့ကြပါသေးတယ်။ ဒါကြောင့်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အန်အယ်လ်ဒီခေါင်းဆောင်မှု ဖြုတ်ချရေး၊ ကွဲအက်ရေး၊ ခွဲထွက်ရေးလေသံတွေ ပါတီတွင်းမှာ ဆူညံစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ သဘာဝကျစွာ ထွက်ပေါ်တဲ့ ဒီအသံတွေကို ဆူညံတယ်ဆိုပြီး အဓမ္မဖိအားသုံး ပိတ်ပင်ထားမယ်ဆိုရင် ပေါက်ကွဲလွင့်စင်သွားနိုင်ပါတယ်။ ဒီမိုကရေစီ နည်းကျစွာ စည်းရုံးရေးဘောင်အတွင်းမှာ အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ်တိုက်ပွဲကို စနစ်တကျ ဆင်နွှဲသွားဖို့သာ လိုပါလိမ့်မယ်။
တကယ်တော့ ယက်တောအမှုဆိုတာ ဒီပဲယင်းအရေးအခင်းလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် စီမံထားတဲ့ နိုင်ငံရေးလုပ်ကြံမှုတခုပါပဲ။ ဒါပေမယ့် ဒီကိစ္စဆိုးထဲကပဲ အကျိုးရှိတဲ့ ကိစ္စကောင်းတချို့ ထွက်ပေါ်လာခဲ့ပါတယ်။ အနည်းဆုံး ဒီအမှုကိစ္စကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအရ တစုံတရာ ဆက်သွယ်ညှိနှိုင်းခွင့်တွေ ရလာခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ နိုင်ငံတကာဖိအားတွေကို လျှော့ချနိုင်ဖို့ ဦးဝင်းတင်နဲ့ အန်အယ်လ်ဒီပါတီဝင်အချို့ကို ထောင်က လွှတ်ပေးလိုက်ရတယ်။ နောက်ပိုင်းမှာ အချုပ်ရက်စေ့နေတဲ့ ဦးတင်ဦးကိုလည်း လွှတ်ပေးရပြန်တယ်။ ဒီလိုအကြောင်းအချက်တွေအောက်မှာ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေး ပြန်လည်ရှင်သန်ထမြောက်ရေးလှုပ်ရှားမှုတွေ နိုးကြားအားကောင်းလာခဲ့တယ်။ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပါဝင်တဲ့ အစည်းအဝေးတရပ် ကျင်းပပြီး ‘ရွှေဂုံတိုင်ကြေညာစာတမ်းကြီး’ ကို ထုတ်ပြန်နိုင်ခဲ့တယ်။
ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန်ထမြောက်လာမှုနဲ့အတူ ပါတီစည်းရုံးရေးဘ၀ကိုလည်း ပြန်လည်စုစည်း တည်ဆောက်လာနိုင်ခဲ့တယ်။ အန်အယ်လ်ဒီပါတီရဲ့ စီအီးစီကို ပြန်လည်တိုးချဲ့ဖွဲ့စည်းနိုင်ရုံမျှမက တိုင်းအသီးသီး ကိုယ်စားလှယ် (၁၂၀) ပါဝင်တဲ့ ဗဟိုဦးစီးကော်မတီကိုပင်လျှင် အသစ်ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီလို နိုင်ငံရေးအရ ပြန်လည်ရှင်သန် ထမြောက်လာခြင်းဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ မှန်ကန်တဲ့ နိုင်ငံရေးသဘောထားတွေအောက်မှာ အသက်ဝင် ရှင်သန်လာခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ‘နိုင်ငံရေးသေနေရင် ပါတီလည်း သေလိမ့်မယ်’၊ ‘နိုင်ငံရေးရှင်သန်ရင် ပါတီလည်း ရှင်သန်လှုပ်ရှားနေလိမ့်မယ်’ လို့ ကောက်ချက်ဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီလို အန်အယ်လ်ဒီပါတီ နိုင်ငံရေးအရ ပြန်လည်နိုးကြား အားကောင်းလာမှုကို ထိုးဖောက်ဖြိုခွဲဖို့ နအဖကလည်း ရွေးကောက်ပွဲဥပဒေဆိုတဲ့ ချိန်ကိုက်ဗုံးတလုံးကို ဖောက်ခွဲလိုက်ပုံရပါတယ်။ နအဖရဲ့ ရည်ရွယ်ချက်ဟာ တစုံတရာ ထိရောက်တယ်လို့ ဆိုရမလိုပါပဲ။ ‘ရွေးကောက်ပွဲ’ ဆိုတဲ့ အသံကြားလိုက်တာနဲ့ စင်ထိုးပေးရင် ကွေးနေအောင် တက်ပြီး ကချင်တဲ့ နိုင်ငံရေး ကျားအို ကျားသေတွေ၊ အပေါက်ကောင်းကို ချောင်းနေတဲ့ အခွင့်အရေးသမားတွေ အုံကျင်းဖွဲ့ပြီး ထွက်လာခဲ့ကြပါပြီ။ ဒီလို စည်သံ၊ ဗျောသံတွေကြားမှာ ခေါင်းပေါင်းစ တလူလူနဲ့ ညီလာခံဝင်ဖို့ တောင်ရှည်ပုဆိုးပြင်နေတုန်း၊ ဗြုန်းဆို အင်းစိန်တောရထဲ ၀င်သွားခဲ့ကြရတဲ့ ပုဂ္ဂိုလ်တချို့လည်း အမတ်ဖြစ်ချင်စိတ်တွေ တလိပ်လိပ် တက်လာနေကြမှာ အသေအချာပါပဲ။ တကယ်တော့ ဒီစိတ်ကူးတွေဟာ ‘မသာကုတင်ကို ရာဇပလ္လင်’ ထင်နေကြတဲ့ နိုင်ငံရေး နလပိန်းတုံးတွေရဲ့ အရူးအိပ်မက်တွေပါ။
၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ရွေးကောက်ပွဲလို ဖြစ်မယ်လို့ ထင်နေကြတာ အရူးချီးပန်း စိတ်ကူးယဉ်နေကြတာပါ။ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်တော့မှ ၁၉၉၀ လို အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း စစ်အာဏာရှင်စနစ် အဓွန့်ရှည်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံကို (၁၅) နှစ်ကြာအောင် အသေးစိတ် အချိန်ယူ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်နဲ့ ဖိနပ်ကိုင်တွေ သေချာပေါက် အနိုင်ရအောင် အာဏာ၊ အသပြာ၊ စည်းရုံးရေးနဲ့ မက်လုံးမျိုးစုံပေးပြီး ပြင်ဆင်လာခဲ့တာ (၃) နှစ်လောက် ရှိခဲ့ပါပြီ။ ‘နိုင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်’ ဆိုတဲ့ ၁၉၆၁ ခုနှစ်က တည်မြဲဖဆပလရဲ့ ကြွေးကြော်သံဟာ လေလုံးထွားရုံလောက်ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နအဖက ‘မနိုင်လည်း နိုင်အောင်’ လုပ်မှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါကြောင့် အမတ်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ပုဂ္ဂိုလ်မှန်သမျှ ၂၀၁၀ နိုင်ငံရေးသတ်ကွင်းထဲမှာ ကားစင်တင် တံကျင်လျှိုခံရပါလိမ့်မယ်။ စိတ်ကူးယဉ်စရာ ဘာမှမရှိပါဘူး။ တပြည်လုံး ‘ဘွိုင်းကောက်ဋီကာ’ ရွတ်ပြီး No ဟစ်ကာ ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်ကြဖို့ပဲလိုပါတယ်။ ။
0 comments:
Post a Comment